Thursday, October 5, 2017

MLM (မလမ)

(၁)

ကျွန်ုပ်လက်ကား ယားလာပြန်ချေပြီ။
ယနေ့ အလုပ်ကအပြန် ဘတ်စ်ကားပေါ်တွင် ဖေ့စ်ဘုတ် ဖွင့်လိုက်တော့ မလမအကြောင်း စကားစစ်ထိုးပွဲကို တစ်ယောက်က ရှယ်ထားတာတွေ့၍ ကြည့်မိ။ အလို ကိုဇင်ဇေပြောသွားတာ မဆိုးဘူးဟဲ့။
လွန်ခဲ့သည့် ၈ နှစ်ခန့်က အနှီမလမအကြောင်း ကျွန်ုပ် ရေးခဲ့ဖူးပါသေး၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင် မလမ၏သားကောင် ဖြစ်ခဲ့ဖူးသောကြောင့်တည်း။
၂၀၀၅ ခုနှစ် နှစ်လယ်လောက်တွင် ကျွန်ုပ်ကိုယ်၌ ရောဂါများ တစ်ခုပြီးတစ်ခု စွဲကပ်ခဲ့၏။
ပထမတစ်ခုမှာ စိတ်အလွန်တိုသော ရောဂါဖြစ်၏။ ထစ်ခနဲရှိ ၀ုန်းဒိုင်းကြဲတတ်သည်။
တစ်နေ့ ပင်နင်ဆူလာသွားတော့ မပြုံးက အလို၊ ကိုအေးငြိမ်း မျက်လုံးကြီးကလည်း ပြူးပြူးလှချည့်။ စိတ်တွေ မတိုဘူးလား ဟု မေး၏။
ဘာပြောကောင်းမတုံး၊ မချော စလောင်းဖုံးပေါ့ခင်ဗျာ။ သူဌေးနဲ့ နေ့တိုင်းနောင်ဂျိန် ချနေရတယ်။
ကိုင်း - ဒါဆို သေချာပြီ။ ကိုအေးငြိမ်းမှာ ဂွိုက်တာဖြစ်နေတာ။ ဆေးခန်းသွားပြီး ဆေးစစ်ချေ - ဆို၏။
ဟုတ်၏။ ကျွန်ုပ်၌ အိုင်အိုဒင်းဓာတ်များသော လည်ပင်းကြီးရောဂါဖြစ်နေလေ၏။
(ထိုရောဂါပျောက်ရန် ၅ နှစ်လောက် ဆေးသောက်လိုက်ရသည်။ ယခုတော့ အမြစ်ပြတ်သွားပါပြီ။ ဤကား စကားချပ်။)
ထို့နောက် - ကျွန်ုပ်မှာ ဘောကြီးသည့်ရောဂါဖြစ်၏။ အင်္ဂလိပ်လို hydrocele ဟုခေါ်ပြီး မြန်မာဘိန္ဓောဆရာများက မုတ် ဟုခေါ်၏။ သူတို့အလို မုတ်သုံးမျိုးရှိ၏။ လေမုတ်၊ ရေမုတ်၊ သွေးမုတ် တို့ဖြစ်၏။ ကျွန်ုပ်ဖြစ်သောမုတ်မှာ ရေမုတ်ဖြစ်၏။ သည်အကြောင်း ခရစ္စတိုဖာပေါက်ကျိုင်း၌ အသေးစိတ်ဖော်ပြထားသော်လည်း ယခုတော့ ပြောလိုသည့်အကြောင်းအရာမှ ဘေးရောက်သွားမည်ဖြစ်၍ ချန်ခဲ့ပါမည်။
တတိယတစ်ခုမှာမူ ကုမရသော အဆိုးဆုံးရောဂါ ဖြစ်၏။ ဆီးချိုဖြစ်ခြင်းတည်း။
ကျွန်ုပ်အစ်မကြီးမှာ တစ်ဦးတည်းသော မောင်ကလေးဖြစ်၍ ကျွန်ုပ်ကို အလွန်ချစ်သတည်း။
(ကျွန်ုပ်တို့မှာ မောင်နှမခြောက်ယောက်ရှိရာ အမငါးယောက် အထီးတစ်ယောက်ဖြစ်၏။ ဤကား စကားချပ်)
သို့အတွက် ကျွန်ုပ်တွင် ရောဂါများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လေသော် သူ့မှာ မအိပ်နိုင်မစားနိုင် ဖြစ်လေ၏။
ထိုစဉ်က သူလည်း အနှီ မလမတစ်ဦးဖြစ်၏။
သူတို့မလမမှာ ရှိုင်းဟုတ် (Shine Hope) ဖြစ်၏။
ကျွန်ုပ်ဆီမှာ သူတို့ ပရိုပဂန်ဒါလုပ်ထားသော စာအုပ်များ၊ ဗီဒီယိုစီဒီများ ယခုတိုင် အတော်များများရှိသေး၏။
သူက မလမဆိုတော့ ကျွန်တော့်ရောဂါများကို ပျောက်စေလိုသောဇောဖြင့် လင်ဇီးများကို ဘူးအတော်များများ ၀ယ်ပို့၏။
အနို့ သူတို့လင်ဇီးက ကင်ဆာတောင်ပျောက်တယ်ဆိုပါလား။ လူတွေအများကြီးရှေ့မှာ (ဟောဒီ မီး အဖေကြီးမှာ ကင်ဆာဖြစ်တာလေ၊ အဲဒါ လင်ဇီးသောက်လိုက်တာ ဟောသလို ဟောသလို ကင်ဆာရောဂါကို ယူပစ်သလို ပျောက်သွားတာပေါ့ဆင်) ဆိုပြီး ဗီဒီယိုတွေ ဘာတွေရိုက်ပြတော့ ဟုတ်လိုဟုတ်ငြားပေါ့။ သူကိုယ်တိုင်ကလည်း မလမ ဆိုတော့ လင်ဇီးများကို ယုံကြည်စိတ်ချစွာ ၀ယ်သပေါ့။
ကျွန်တော်လား။ ကျွန်တော့်ကိုတော့ မမေးပါနှင့်။ အလွန်ဂွကျသူ ကျွန်ုပ်မှာ ထိုအရာများကို နည်းနည်းကလေးမှ အယုံ အကြည်ရှိသူမဟုတ်။
ဟဲ့၊ သူတို့ဆေး အဲသလောက်စွမ်းနေရင် ဆေးရုံဖွင့်ပြီး ဘာလို့မကုသလဲဟဲ့။ ဆေးရုံဖွင့်ပြီး သူတို့ ၉၆ ပါးရောဂါပျောက်တဲ့ ဆေးနဲ့ကုလိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံဆေးခန်းတွေ အကုန် ဒေ၀ါလီ ခံမကုန်ဘူးလားဟဲ့။ သူတို့ဆေးနဲ့ကုနေတဲ့ ဆေးရုံတစ်ခုလောက် ငါ့ကို ပြစမ်းပါလားဟဲ့၊ သူတို့ဆေးကို ဘယ်မှာ မှတ်ပုံတင်ထားသလဲဟဲ့၊ သူတို့ဆေးနဲ့ကုလို့ ပျောက်တယ်ဆိုတဲ့အကြောင်း လုပ်ထားတဲ့ သုတေသနမှတ်တမ်းတွေ၊ စမ်းသပ်ချက်တွေ ကမ္ဘာကသိအောင် ထုတ်ပြန် ပါလားဟဲ့ - ဟု ကျွန်တော်မေးသည်ကိုမူ ဘာမှ ပြန်မဖြေနိုင်ပါ။
ဟို မလမကို နင်းကန်ထောက်ခံနေတဲ့သူတွေ အခု ကျွန်ုပ်မေးထားတာလေးကို ပြန်ဖြေကြည့်စမ်းပါ။ အဲသဟာ ကျွန်ုပ်က ခုမှမေးတာမဟုတ်။ ဟို့ - ၂၀၀၅ ခုနှစ်ကတည်းက မေးတာ ဖြစ်၏။
ထိုစဉ်က လင်ဇီးတစ်တောင့်မှာ စင်ကာပူဒေါ်လာ ၁.၂၅ လောက်ရှိပါသည်။
ပထမ မမက ကျွန်တော့်ကို လင်ဇီးသုံးတောင့်သောက်ခိုင်းသည်။
ဘာမှ မထူးခြား။
နောက် ဆေးဘူးအများအပြားဝယ်ကာ ထပ်ပို့ပြီး မနက် ၅ လုံး၊ ည ၅ လုံးသောက်ခိုင်းသည်။
ဘယ်လိုမှမနေ။
သို့နှင့် ကျွန်ုပ် နဖူးကချွေး ခြေမကျအောင် ရှာဖွေထားသော ဖွတ်ကလိ ဒင်္ဂါးကလေးများ အတော်များများပဲ့သွားလေ၏။
လင်ဇီးချည်း မြန်မာငွေ ၁၀ သိန်းဘိုး ကုန်လေသည်။ (ယခုခေတ်ဈေးနှင့်ဆို သိန်း ၂၀ လောက်ရှိမည်ပေါ့။)
နောက်တော့ ကျွန်တော် အတင်းရောအဓမ္မပါ ပိတ်ပင်တားဆီး၍ အ၀ယ်ရပ်သွားတာ ဖြစ်၏။
ဒါတောင် လက်မလျှော့ချင်။ နောက်ပိုင်း ပန်းဝတ်မှုံဆိုတာတွေ၊ ဆေးလက်ဖက်ခြောက်ဆိုတာတွေ အတော်များများ ၀ယ်ပို့ပါသေးသည်။
သို့သော် ကျွန်တော့်မှာမူ ယခုထိ မနက်တိုင်း အင်ဆူလင် ယူနစ် ၃၀ ကို ဗိုက်ထဲ ထိုးထည့်နေရချေလေသေး၏။
အခြားသူများ ပျောက်မပျောက်တော့ မပြောတတ်။
ကျွန်တော့်အတွက်မူ သူတို့ပြောသည့် လင်ဇီးသော၊ မယားဇီးသော ဘာဇီးမှ မတိုးပါလေ။
မင်းက ဒီဆေးအကြောင်း ဘယ်လောက်သိလို့ ပြောရတာတုံး ဟု မေးလာမည့်သူများအတွက် ကျွန်တော် ပိုက်ဆံအတော် များများ အကုန်ခံ စမ်းသပ်ပြီးဖြစ်ကြောင်း ကြိုပြောထားရခြင်း ဖြစ်သတည်း။

(၂)

လွန်ခဲ့သော ၂ နှစ် ၃ နှစ်ခန့်ကလည်း ကျွန်တော့်မိတ်ဆွေတစ်ယောက်က လာဆွယ်ပြန်ပါ၏။ ဒီတစ်ခါ နာမည် ပြောင်းသွားသည်။ ကြိုးကြာနှစ်ကောင်။
ဟေ့လူ ခင်ဗျား ကြိုးကြာဖြစ်ဖြစ်၊ တင်ကျီးဖြစ်ဖြစ် ဘာတစ်ကောင်မှ အယုံအကြည်မရှိဘူး ဟု အပြတ် ကောလွှတ်လိုက်၍ ပက်လက်လန်ကာ နောက်ဆုတ်သွားပါသည်။
နောက်တစ်ယောက် -
ကျွန်တော် ပညာဒါနသင်တန်းတွေ ဖွင့်တုန်းက လာတက်သည့် သင်တန်းသူ တစ်ယောက်ဖြစ်၏။
စိတ်မ၀င်စားဘူး၊ အဲဒီအကြောင်းတွေ စောဖေတို့က နောကျေအောင် သိထားပြီးပြီ ဆိုတာလဲ မရ။
ခဏလေးပါဆရာရယ် ဆို၏။ အင်း - အားနာလို့ ၁၅ မိနစ်အချိန်ပေး နားထောင်မယ်။ ၁၅ မိနစ်ပြည့်ရင် ပြန်တော့ - ဆိုတော့ ၁၅ မိနစ်ကြာအောင် ဗလွတ်ဗလွတ်နှင့် ပြောသွားသေး၏။ သူဆို မလေးရှားမှာ ဘယ်နှစ်ယောက်။ ဟောင်ကောင် ကိုလည်း တစ်လ ဘယ်နှစ်ခေါက် သွားရတယ်။ အခုက အစမို့ တစ်လကို ဘယ်လောက်ပဲ ရသေးတယ်။ ဘာမန်နေဂျာဖြစ်ရင် ဘယ်လောက်တောင်ရမှာ . . .
နောက်တစ်ယောက် -
သူကလည်း ပညာဒါနမှ ရေစက်ဆုံခဲ့သူဖြစ်၏။
ကံကဆိုးချင်တော့ သူက ကျွန်တော်တို့တိုက်၏ (၇) လွှာမှာ နေပါသတဲ့။ သေဟဲ့ နန္ဒိယ။
စိတ်မ၀င်စားပါဘူးဆိုတာတောင် ဘေးကနေ အတင်းလိုက်တွန်းနေသေး၏။
နောက်တစ်ယောက် -
သည်လောက်တန်ဘိုးကြီးလှသည့် လေယာဉ်ကြီးများ မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းပေးနေတာ အားနာလှသောကြောင့် ကျွန်တော်လည်း လတိုင်းလိုလို တစ်လတစ်ခေါက် လေယာဉ်စီး၏။
ကျွန်ုပ်ရန်ကုန်မှပြန်လာတိုင်းလိုလို သူနှင့်ဆုံတတ်၏။
ဘယ်လိုတုန်းကိုယ့်လူရဲ့၊ ရန်ကုန်ပြန်လှချည်လား ဆိုတော့ သူ့ကဒ်ကိုထုတ်ပေး၏။ လိုဂိုလေးမြင်လိုက်သည်နှင့် ကြိုးကြာ နှစ်ကောင်မှန်း သိလိုက်၏။ သြ - သူလည်း မလမ ပေကိုး။

(၃)

ကျွန်ုပ်က အင်ဂျင်နှစ်ရာဖြစ်၏။ သို့အတွက် ပရောဒတ်ကိုသာ စိတ်ဝင်စားသည်။
ဘာထုတ်ကုန်မှမထွက်ပဲ ပိုက်ဆံရှာသည့်အလုပ်ကို စိတ်မ၀င်စားပါချေ။
မြန်မာနိုင်ငံတွင် ဘာထုတ်ကုန်မှမထုတ်လုပ်ပဲ ရှိသမျှ မြေပေါ်မြေအောက် သယံဇာတများရောင်းစားကာ ပိုက်ဆံရှာခဲ့ ကြစဉ်က ကျွန်ုပ်မှာ ကျွုန်ုပ်အဖိုးအေ ထားပစ်ခဲ့သည့် အမွေများကို ရောင်းတုတ်နေသကဲ့သို့ ရင်နှင့်မဆန့်အောင် ခံစားခဲ့ရပါသည်။
ထို့အတူ ကိုယ့်ကာယအား၊ ဉာဏအား ဘာတစ်ခုမှမစိုက်ထုတ်ရဘဲ အချောင်ရမည့်ပိုက်ဆံမျိုးကို မွေးကတည်းက ယခုထိ အနည်းငယ်မျှ မနှစ်သက်ခဲ့။ ထို့ကြောင့် အများယောင်လို့ တစ်ခါတစ်လေ လိုက်ယောင်သည့်အခါများမှလွဲ၍ ထီကိုပင် ယုံယုံကြည်ကြည်နှင့် ထိုးခဲ့သည့်အခါဟူ၍ တစ်ခါဖူးမှ မရှိခဲ့ပါ။ ထီထိုးပြီးမပေါက်သည့်အခါတိုင်း ထီထိုးသည့်ပိုက်ဆံကို အလဟဿကုန်ဆုံးသွားသည့်ငွေများဟု ခံစားမိပါသည်။
အစိုးရက တရားဝင်ဖွင့်ပေးသည့်ထီကိုပင် မယုံလို့မထိုးသည့် ကျွန်ုပ်က အသင်တို့ မလမကိုယုံစားဘို့ဆိုတာ ရေဝေးထက်ဝေးသည့် ဝေလာဝေးထဲက ဖြစ်ပါသည်။
မလမလုပ်သူများက လူများ၏ အားနည်းချက်ကို သိသည်။ ထိုအားနည်းချက်ကို ကိုင်ကာ လုပ်စားကြခြင်းဖြစ်၏။
လူတို့၏အားနည်းချက်ကား အဘယ်နည်း။
ပိုက်ဆံလိုချင်သော လောဘ ဖြစ်၏။
ပိုက်ဆံဆိုတာတောင် ကာယအား၊ ဉာဏအား မစိုက်ရလေလေ ကောင်းလေ။
အလကားရလေ ပိုကောင်းလေ။
သည်တော့ သည်အားနည်းချက်ကို အခွင့်ကောင်းယူကာ မလမတို့ လုပ်စားကြသည်။
အနို့၊ လူတကာကို လိုက်လေလုံးပစ်ရုံနှင့် တစ်လ သိန်း ၇၀၀ ရဘို့ဆိုတာ လွယ် မှတ်လို့။ ဒဂယ့်ကို စက်စက် စက်စက်ကျအောင် သွားရေ ယိုစရာကြီး။
ဆိုတော့ -
ကိုင်း -
ကိုမလမ၊ မမလမ၊ ဦးမလမ၊ ဒေါ်မလမ တို့။
အသင်တို့ဆေး တကယ်စွမ်းပါသည်ဆိုလျှင် -
အဘယ်ကြောင့် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အင်္ဂလန်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုးရီးယား၊ စင်ကာပူတို့တွင် ဆေးရုံထောင်ကာ ဆေးမကုဘဲ -
လူအများကို အာဘောင်အားရင်းသန်သန်နှင့် လိုက် လိမ်ခိုင်းနေရသနည်း ဆိုတာ -
ဖြေကြည့်ကြစမ်းပါဟုပဲ -
ကျွန်ုပ်က ပြောလိုပါကြောင်း။
အသင်တို့သည် ပညာတတ်များဖြစ်ပါလျက် -
မသိနားမလည်သူများကို လိုက်လိမ်ညာနေခြင်း -
လူလိမ်များအား ပံ့ပိုးအားပေး ကူညီနေခြင်းများကို
ကျွန်ုပ်ပို့စ်ဖတ်ပြီးသည့် ယခုအချိန်မှစကာ -
ရပ်တန်းက ရပ်ပါမည့်အကြောင်း -
(ငါ ပညာတတ်ကွ၊ မင်းတို့ညာခိုင်းတိုင်း ညာရမှာလား ဟူသော မာနထားလျှက်)
ပိုက်ဆံကို အသင်တို့လက်ဝယ် ပိုင်ပိုင်ရရှိထားသော အတတ်ပညာဖြင့်သာ
တရားသဖြင့် ရှာဖွေ အသက်မွေးကြပါမည့်အကြောင်း -
အလေးအနက်ထား -
တိုက်တွန်းလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၅ စက်တင်ဘာ၊ ၂၀၁၇ ည ၁၀း၂၅ နာရီ

No comments: