Saturday, September 27, 2014

SCAV (Safety Compliance Assistance Visit)

ကိုဟိုဒင်းက SCAV ဆိုတာဘာလဲ ပြောပြစမ်းပါဆိုလို့ (အားတော့မအားဘူးပေါ့ဗျာ။ အခု ဂဟေဆော်နေတယ် (ဟုတ်ပေါင်) ဂဟေဆက်တဲ့စာအုပ်ကို မနေမနားရေးနေပါတယ်) အားလုံးသိရအောင် အကျဉ်းရေးပေးလိုက်ပါတယ်။ ခပ်သုတ်သုတ်ပေါ့ဗျာ။

အဓိကကတော့ ပြုတ်ကျပြီး မကြာခဏသေကြတဲ့အတွက် MOM က လူကြီးတွေ ခေါင်းကိုက်လွန်းလို့ ပရောဂျက်တွေ ကို လျှောက်သွား၊ လိုတာတွေ လုပ်ဖို့ပြောပြတာပေါ့ဗျာ။

သူတို့ရည်ရွယ်ချက် -

၁။ စူပါဗိုက်ဆာတွေနဲ့ အလုပ်သမားတွေကို ပညာပေးဘို့။
၂။ ပစ္စည်းကိရိယာတွေပြ၊ သရုပ်ပြခြင်းအားဖြင့် အမြင့်မှာအလုပ်လုပ်တဲ့အခါ ဘာတွေလိုက်နာဘို့ လိုမလဲဆိုတာ သတိပြုမိလာစေဘို့။
၃။ လုပ်ငန်းခွင်ထဲမှာ လိုအပ်နေတာတွေကို အကြံဉာဏ်တွေပေးခြင်းဖြင့် အမြင့်မှာ အလုပ်လုပ်တာနဲ့ပတ်သက်တဲ့ စံတွေကို ပိုပြီး တိုးမြှင့်ပေးဘို့။

ဘာတွေလုပ်မလဲတဲ့

၁။ လုပ်ငန်းခွင်တွေ လျှောက်စစ်မယ်။
၂။ Safety harness ကို ဘယ်လိုဝတ်ရမယ်။ ဘယ်နေရာမှာ ချိတ်ရင်တော့ ပြုတ်ကျတဲ့အခါ သေနိုင်တယ်။ အဲသဟာကြောင့် ဘယ်လိုနေရာတွေမှာ ချိတ်သင့်တယ် စတာတွေကို အာပေါက်အောင်လည်းပြော၊ သရုပ်လည်းပြ။ (ခုန်တော့လည်း  ချမပြလောက်ဘူး ပေါ့ဗျာ)
၃။ Safety harness ကို ဘယ်လိုဝတ်ရမယ်ဆိုတာ သင်ပေးမယ်။

၎။ နောက်ပြီး ပညာပေးစာအုပ်တွေလည်း အလကားပေးအုံးမယ်ဗျာ။


၅။ နောက်ပြီး အမြင့်မှာအလုပ်လုပ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ဗီဒီယိုလည်း ပြအုံးမတဲ့ဗျာ။ 


ဟောဒီလိုကားလေးလာရင် အမြန်ပြေးပေတော့ (ဟုတ်ပေါင်) လမ်းမကို ထွက်ကြိုနေပါတဲ့။ နောက်ပြီး ဗမာပြည်မှာလို လန်းဆန်းလေးလည်း ကမ်းလိုက်ပါအုံး။ ဘာလဲ၊ နားရှုပ်သွားသလား။

ဟိုတုံးက (ဘာတဲ့) အဲဒီ လန်းဆန်းကမ်းတယ် ဆိုလား။ မျက်နှာအဆီပြန်နေတဲ့ လူကြီးတွေလာတော့ မျက်နှာ လုပ်ရတာ။
ကျုပ်ကလည်း ဒူပ့ါ။ လန်းဆန်းကမ်းတယ် ဆိုတာ နားမလည်။ ဟဲ့၊ လန်းစန်းကမ်း ဆိုတော့ နင်တို့ဟာ ဘာလဲ။ တရုတ်စကားလား၊ ယိုးဒယားစကားလား၊ ကမ္ဘောဒီးယားစကားလား ပေါ့။

ဘယ်ဟုတ်လိမ့်မတုံး။

ဟိုဗျာ၊ ပင်နင်ဆူလာ ၄ ထပ်၊ ၅ ထပ်မှာ ၅ ကျပ်တန် ဆံပင်သွားညှပ်ရင် အဲဒီက မမကြီးက ခင်ဗျားတို့ကိုပေးတဲ့ စွပ်ကျယ်စုတ်ကိုရေဆွတ်၊ ကုလားရေမွှေးနည်းနည်းထည့်ပြီး ပလတ်စတစ်အိတ်ထဲသွပ်ထားတဲ့ဟာ စနိုးတောင်ဝယ် ဆိုလား။ အဲဒါမျိုး၊ တောမှာဆိုတော့ စနိုးတောင်ဝယ် ဘယ်ရမလဲဗျာ။ အဲဒီတော့ မျက်နှာသုတ်ပုဝါကို ရေဆွတ်၊ ရေမွှေးဆွတ်ပြီး၊ မေမြတ်နိုးတို့အရွယ်ကောင်မလေးတွေက ဗန်းလှလှလေးတွေနဲ့ လူကြီးတွေကို ကမ်းရတာ။ (သောက်ကျိုးနည်း၊ သူတို့မှ လူ။ ကျုပ်ပြန်တော့ဖြင့် ဘယ်သူမှ ကမ်းဖူးပေါင်။ ဟင်း ဟင်း၊ တွေ့မယ် နင်တို့လား။)

ညီမဖြစ်သူ မြင့် က နင်ကလည်းတုံးပါ။ ပင်ပန်းလာတဲ့လူကြီးတွေ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ကမ်းပေးတဲ့ ပုဝါကို ခေါ်တာဟဲ့ လို့ သုတ်လိုက်တော့မှ သိပါဘူးဟယ်၊ နင်တို့ အသုံးအနှုန်းတွေ၊ ငါ့ဖြင့် တရုတ်ဒစ်ရှင်နယ်ရီတောင် သွားဝယ်တော့မလို့ လုပ်နေတာလို့ ရှက်ပြုံးပြုံးလိုက်ရပါသေး။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇၊ ၉၊ ၂၀၁၄ ညနေ ၅ နာရီ မခွဲတခွဲ

No comments: