Thursday, September 4, 2014

ရိုးသားခြင်းသာ အမြတ်ဆုံး

            သာမန်အားဖြင့် ရုပ်ရှင်မင်းသားမင်းသမီးများ၏ လင်ကွာမယားကွာကိစ္စ၊ တဆိတ်ကိုတအိတ်လုပ်ကာ သားသမီး မွေးနေ့ပွဲ အကြီးအကျယ်ကျင်းပသည့်ကိစ္စ၊ ဘယ်မင်းသမီးကတော့ ဘာစားလိုက်တာ ဘယ်နေ့က ဗိုက်အောင့်သွားလို့၊ ညက ဖဲရိုက်နေတာ အိပ်ချိန်နောက်ကျလို့ ခေါင်းကိုက်နေတဲ့အတွက် ကားရိုက်နားထားရတယ် ဆိုသည့်သတင်း စသည်များကို ကျွန်တော် စိတ်မ၀င်စားသလို ဖတ်လေ့လည်း မရှိပါ။ စာရေးဆရာကြီးများ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်ကြီးများ၏ နာရေးသတင်းများကိုမူ မှတ်သားထားမိပါသည်။

            (ဟုတ်သလေ၊ ကျွန်ုပ်တို့မှာသာ အိမ်ထောင်ပြု၊ ဘုရားတည် ဘာညာကွိကွနဲ့ ခဲယဉ်းနေတာ။ သူတို့ကျတော့ ဟော၊ သည်ကနေ့ သည်မင်းသမီးနဲ့ ဟိုမင်းသား လင်မယားဖြစ်နေတာကနေ ဟော တော်ကြာမဟုတ်ပြန်ဘူး။ ဟိုမင်းသမီးနဲ့ ဒီမင်းသား ညားနေတာ တွေ့ရပြန်။ တယ်လဲလွယ်ပါ့။ အဲဒါကို ကျွန်တော် safety officer သင်တန်းတက်တုံးက သင်တန်း ဆရာတစ်ယောက်က ဘာပြောသလဲဆိုတော့ ဟကောင်၊ အဲဒါ အလကား အားနေလို့ လင်မယားလုပ်တမ်း ကစားနေတာ မဟုတ်ဘူး။ ရုပ်ကလေးပြပြီး ဟိုကောင်နဲ့ပေါင်းလိုက်၊ တော်ကြာ အကြောင်းအမျိုးမျိုးပြပြီး ကွာလိုက်၊ ကွာလိုက်တော့ ကွာရှင်းစရိတ်၊ မယားစရိတ်၊ ကလေးစရိတ်တွေ တနင့်တပိုးရ နဲ့။ အဲဒါ လောကမှာ အလွယ်ကူဆုံး ပိုက်ဆံရှာနည်း တစ်မျိုးပဲကွ ဟု ဆိုလေ၏။ ဟိုက်ရှားပါး၊ သူပြောတာလည်း ဟုတ်သလိုလို။)

            နာရေးသတင်းများမှအပ အဆိုတော်၊ ရုပ်ရှင်မင်းသားမင်းသမီးများနှင့် ပတ်သက်၍ ကျွန်တော်စိတ်ဝင်စားခဲ့သော သတင်းများမှာ လက်ချိုးရေ၍ ရပါသည်။ ပထမတစ်ဦးမှာ မိုက်ကယ်ဂျက်ဆင်ဖြစ်ပြီး နောက်တစ်ဦးမှာ ၁၀၀၀ တန် ပါးရိုက်မှု (ဟုတ်ပေါင်) ထက်ထက်မိုးဦးနှင့် ဟိုသတင်းထောက်မကလေးတို့ သတင်းဖြစ်၏။
            မိုက်ကယ်ဂျက်ဆင် သေဆုံးသည့်သတင်းကို အဘယ်ကြောင့် စိတ်ဝင်စားသနည်း။ ကျွန်တော်က မိုက်ကယ်ဂျက်ဆင် ကို အလွန်ကြိုက်၏။ ၎င်းကဲ့သို့ ဖန်တီးနိုင်သူ အတော်ရှား၏။ ထို့ကြောင့် သူသေဆုံးခြင်းကို နှမြောတသသည့်အတွက် ဘာကြောင့်များ သေရတာပါလိမ့်ဟု သိလိုစိတ်ဖြင့် စပ်စုမိခြင်းဖြစ်ပါသည်။ အခင်းဖြစ်ခါစက ထိုအကြောင်း သတင်းပေါင်းစုံကို ရှာဖွေမွှေနှောက်ကာ စုဆောင်းထားမိ၏။ ခုတော့လည်း ဒါတွေဒါတွေ၊ ပြီးခဲ့ပါပြီ၊ ပြီးခဲ့ပါပြီ။ (လွှမ်းမိုး)

ထက်ထက်မိုးဦးသတင်းကို ဖတ်မိခါစက သည်မျှ စိတ်မ၀င်စားပါ။ နောက်တော့ သည်ကိစ္စနှင့်ပတ်သက်ပြီး အနုပညာရှင်များဂိုဏ်းနှင့် စာရေးဆရာ၊ သတင်းစာဆရာများဂိုဏ်းတို့ အပြန်အလှန်အားပြိုင်ကာ တိုက်ကြခိုက်ကြ၊ နပမ်းလုံးကြ နှင့်၊ ဆရာ့ဆရာကြီးများပါ ပါဝင်ပတ်သက်လာတော့ စိတ်မ၀င်စားချင်လို့မရ။ ဟိုက်ရှာလပတ်ရည်၊ အကျွန်ုပ်တို့ တိုင်းပြည်ကြီး ဘယ့်နှာကြောင့် သည်မျှ ဗွက်ပေါက်နေရပါလိမ့်ဟု သိချင်စိတ်နှင့် စပ်စုမိ၊ ထိုသတင်းများအောက်မှ ကွန်မင့်များကို လိုက်ဖတ်မိနှင့်၊ သည်သတင်းရေစီးကြောင်းတွင် အတန်ကြာ မျောပါမိလေ၏။

သည်နှစ်ထဲတွင် အလှမယ်များထံမှ မကြာခဏ သရဖူများပြန်ရုပ်သိမ်းနေသည့် သတင်းများကို တွေ့နေရသည်ဖြစ်ရာ မေမြတ်နိုးကိစ္စကိုလည်း ဒီပုပ်ထဲက ဒီပဲ ပါဘဲကွာ ဟု သိပ်စိတ်မ၀င်စားမိ။ ဒါပေသိ၊ မသိချင်ယောင် ဆောင်နေလို့မရ။ သတင်း စာမျက်နှာများဖွင့်လိုက်သည်နှင့် မေမြတ်နိုးသတင်းက မျက်လုံးကို လာ လာ ခလုတ်တိုက်လေရာ ဘာတွေပါလိမ့်ဟု စပ်စုမိ။ စပ်စုရုံမျှမက ဘယ်သူ့အလွန်လဲဆိုတာ သိချင်သဖြင့် သတင်းများကို ကော်ပီအင်ပေ့စ်လုပ်ကာ သိမ်းထားမိလေသော ဟူသတတ်။
            သို့သော် သတင်းများမှာ ဒီလူကရေးလိုက်၊ ဟိုလူက ကူးချလိုက်ဆိုတော့ သတင်းတစ်ပုဒ်ထွက်လာလျှင် ဘီဘီစီ ဖြစ်စေ၊ ဗီအိုအေဖြစ်စေ၊ အေးရှားဝမ်းဖြစ်စေ၊ စထလိတ်တိုင်း (အယ်မယ်လေး လျှာခလုတ်တိုက်လိုက်တာ) မည်သည့်သတင်းဖတ်ဖတ် ထူးမခြားနားသာ ဖြစ်ပါ၏။ အောင်မယ်၊ ဖြတ်ညှပ်ကပ်ရုံမက ကိုယ့်အာဘော်လေးတွေပါ ထည့်လိုက်သေး။ သတင်းများ အောက်မှ အချို့မှတ်ချက်များမှာလည်း စိတ်ဝင်စားစရာ၊ မှတ်သားစရာ ကောင်းပါသည်။
           
            အလှမယ်များထဲမှ မေမြတ်နိုးကိစ္စ အဘယ်ကြောင့်စိတ်ဝင်စားသနည်းဆိုသော် မြန်မာပြည်၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် ဖြစ်ပါသည်။ မြန်မာဆိုသည့် စကားလုံးပါလာသည်နှင့် ကျွန်တော် မျက်ခုံးပင့် ဖတ်မိ၏။ ဘာလဲပေါ့။ ထိုအကြောင်းများတော့ မရေးတော့ပါ။ အားလုံးသိပြီး ဖြစ်ပါသည်။
            ယခုသည်ကိစ္စမှာလည်း မြန်မာဖြစ်၍ အလှမယ်ဘက်က နိုင်စေချင်သည်ဆိုသည့် ဆန္ဒ ကျွန်တော့်မှာ စိုးစဉ်းမှ မရှိပါ။ ကျွန်တော်ကတော့ တရားသည့်၊ မှန်သည့်ဘက်ကိုသာ နိုင်စေချင်ပါသည်။ သို့သော် ကိုးရီးယားအဖွဲ့ဘက်ကပြောတာ ရိုင်းလွန်းလှသည်။ စိတ်ထဲ အတော် စနိုးစနောင့်ဖြစ်မိ၏။ ကာယကံရှင်မသိဘဲ သူ့ (လျှို့ဝှက်) ဓာတ်ပုံတွေ အင်တာနက်ပေါ် တင်ခွင့်ရှိပါသလား။ သူတို့နှင့်စာချုပ်တာ ချုပ်တာ တစ်ပိုင်းဖြစ်ပြီး ပုဂ္ဂလိက အခွင့်အရေးနှင့်မဆိုင်ပါ။ ဤတစ်ချက်တည်းနှင့်ပင် သူတို့ကို တရားစွဲလို့ရသည်။ ကျွန်တော် သူတို့လုပ်ပုံကြည့်ပြီး ကိုးရီးယားလူမျိုးများအပေါ် ယခင်က ပေးထားခဲ့သော အမှတ်များကို ပြန်လျှော့ချလိုက်မိပြီ။ သူတို့အဆင့်အတန်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ ဒါလား နိုင်ငံကြီးသား။
           
            မိတ်ဆွေများခင်ဗျား။
            ခင်ဗျားတို့ ကိုယ့်တိုင်းပြည်ထဲမှာကိုယ် နေချင်သလိုနေပါ။ ထိုင်ချင်သလိုထိုင်ပါ။ သို့သော် တိုင်းတပါးရောက်ပြီဆိုလျင် တော့ ကိုယ်က နိုင်ငံခြားသားဖြစ်သွားပြီဆိုသည်ကို မမေ့ပါနှင့်။ သူတို့တိုင်းပြည်ရောက်လျှင် သူတို့စည်းကမ်းအတိုင်းနေရမည်။ သူတို့ ဓလေ့ထုံးစံကို လေးစားရမည်။ သူတို့လုပ်ပုံကိုင်ပုံ မကြိုက်ဘူးလား။ ပြောတာဆိုတာ နေတာထိုင်တာ မကြိုက်ဘူးလား။ အချိန်မရွေး မြန်မာပြည် ပြန်သွားလို့ရပါသည်။ ဘယ်သူမှသင့်ကိုတားမထားပါ။ သို့သော် ပြန်သည်ဆိုရာတွင် (ဦးနေ၀င်းလို) ထွက်ကန် မကန်ပါနှင့်။ ရိုးရိုးသားသား အသာလေးပြန်သွားပါ။ သူ့ဘက်က လွန်လျှင် တရားဥပဒေအရ ဖြေရှင်းပါ။
            အားလုံးကြားဖူးကြပါလိမ့်မည်။ ငယ်စဉ်အခါက လူကြီးမိဘများ ဆုံးမစကား။ ကိုယ့်ကြောင့် ကိုယ့်မိဘ ဂုဏ်သိက္ခာ မထိခိုက်ပါစေနဲ့။ ကိုယ့်ကြောင့် ကိုယ့်မိဘ ဂုဏ်တက်ပါစေ - ဆိုတာ။

ဖြစ်မှာပေါ့။ ဘယ်သူ့သားကိုး။ သူ့အဖေကြည့်ပါလား။ (ဟော - အဖေ့ကို ခိုက်လာပြီ။)
ဟယ်၊ လိမ္မာလိုက်တဲ့ကလေးဟယ်။ သင်ပေးစရာကို မလိုဘူး၊ တော်လိုက်တာ။ အဲဒါ ဘယ်သူ့သားပေါ့။ (ကိုယ်ကောင်းတော့လည်း မိဘပဲ ဂုဏ်တက်တာပဲ။) ခုလည်း သည်လိုပါပဲ။

            ကိုယ့်အပြုအမူကြောင့် ကိုယ့်တိုင်းပြည် ဂုဏ်သိက္ခာကို မထိခိုက်ပါစေနှင့်။ မင်းတို့မြန်မာတွေကကွာ . . ဆိုသည့် နှိမ့်ချဆက်ဆံသည့် လေသံမျိုး မကြားပါရစေနှင့်။ ကြည့်စမ်း၊ သူတို့မြန်မာတွေ ဘယ်လောက်စည်းကမ်းရှိသလဲ၊ ဘယ်လောက် တော်သလဲ ဆိုတာမျိုးသာ ကြားချင်ပါသည်။ သင်တစ်ယောက်ကောင်းရုံနှင့် နိုင်ငံဂုဏ်မတက်သာ ရှိရမည်။ သင်ဆိုးလျှင်မူ နိုင်ငံနှင့်ချီ၍ သိက္ခာချမည့်သူများ ကတွတ်ပေါက်က ဗျိုင်းချောင်းသလို ချောင်းနေပါသည်။
           
            အထွေအထူး လုပ်စရာမလိုပါခင်ဗျား။
  •             ရိုးရိုးသားသား နေပါ။
  •             ရိုးရိုးသားသား ပြောပါ။
  •             ရိုးရိုးသားသား လုပ်ပါ။
  •             ရိုးရိုးသားသား ကျင့်ကြံကြိုးကုတ် အားထုတ်ပါ။ 

ဒါဆို ပြည့်စုံလုံလောက်ပါပြီ။
တစ်နည်းအားဖြင့် -
  • မညာပါနဲ့။ မလိမ်ပါနဲ့။
  • မညစ်ပတ်ပါနဲ့။ မစဉ်းလဲပါနဲ့။
  • မယုတ်မာပါနဲ့။ မကောက်ကျစ်ပါနဲ့။

ကျွန်တော်တို့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ရိုးသားဖြောင့်မတ်သူများ ဖြစ်လျှင် မြန်မာတိုင်း၊ မြန်မာတိုင်း ရိုးသားဖြောင့်မတ်သူများ ဖြစ်လာပါလိမ့်မည်။ ထိုအခါ ကြေငြာစရာမလိုဘဲ မြန်မာ့ကောင်းသတင်း ကမ္ဘာတွင် ပျံ့သင်း လာပါလိမ့်မည်။
            အနိုင်နှင့်အရှုံး နှစ်မျိုးရှိ၏။ နိုင်လျှင်နိုင်မည်။ မနိုင်လျှင်ရှုံးမည်။
            ရှုံးလျှင်လည်း ရိုးရိုးသားသား ရှုံးပါ။
နိုင်လျှင်လည်း ရိုးရိုးသားသား နိုင်ပါ။
ထိုအခါ လူရော၊ နတ်ရော၊ နဂါးရော (ဟုတ်ပေါင်၊ ရောကုန်ပြီ) ဗြဟ္မာရော သင့်ကို ချီးမွမ်းပါလိမ့်မည်။
ထို့ကြောင့် ရိုးသားသူများ ဖြစ်ကြပါ ဟု အလေးအနက် တိုက်တွန်းလိုက်ရပါ၏။

(သြော် နေဦး၊ မေ့တော့မလို့။ စင်ကာပူရောက်ခါစက ကျွန်ုပ်က ၀ပ်ပါမစ်နှင့်၊ အလုပ်သမား သာသာ။ သည်တော့ နှိမ်သပေါ့။ မင်းတို့ ဗမာတွေကကွာ လို့ ပြောတော့ ကျွန်ုပ်က သူ့ကို မျက်ထောင့်နီကြီးနှင့် စိမ်းစိမ်းကြည့်လျှက် ဒီမယ်ကိုယ့်လူ၊ ကျုပ်ကို မကြိုက်ရင် ကျုပ်နာမည်တပ်ပြောပါ။ ပါးရိုက်ချင်တောင် ရိုက်သွားလို့ရတယ်။ ဒါပေမဲ့ ဗမာတွေကလို့ သိမ်းကြုံးမပြောပါနဲ့။ နောက်တစ်ခါပြောရင် သည်းခံမှာမဟုတ်ဘူး ဟု Keppel Shipyard တွင် ပြဿနာ တက်ခဲ့ဖူးပြီ။ ကျွန်တော်လည်း ဗမာတွေ သောက်ကျင့်ကို သိပ်ကြိုက်လှသည်မဟုတ်ပါ။ သို့သော် ကျွန်တော်ကိုယ်တိုင် ဗမာဖြစ်သည့်အတွက် ဗမာလူမျိုးထိလျှင်တော့ မချိအောင် နာတတ်ပါသည်။ ဟင်း ဟင်း ဟင်း။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃ စက်တင်ဘာ၊ ၂၀၁၄။ ည ၁၀း၁၆ မိနစ်


No comments: