Thursday, August 9, 2012
မဟီရာ
မဟီရာ
(ထီလာစိုးမြင့်ထယ်)
(ဇောတိသဝေဒ မဂ္ဂဇင်း အမှတ် (၃၃) - - - မှ)
အိန္ဒိယနိုင်ငံ၊ မာလ၀ါပြည်နယ်မြို့တော်၊ ဥဂျန်၏ အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် ‘ကပိသ’ အမည်ရှိသော အိမ်ခြေ ၃၀၀ ခန့်ရှိ ရွာကြီးတစ်ရွာ ရှိလေသည်။ ကပိသ ဟူသည် သစ်သီးတစ်မျိုးဟု အမည်ရ၏။ ထိုရွာမှ အလွန်ရိုးသားသော ရွာသားကြီးတစ်ဦးဖြစ်သူ အာဒိသဒသ နှင့် ဇနီးသည် အိန္ဒုမဒီ တို့မှာ ယခုအခါ အသက် ၅၀ ရှိပြီ။ သို့သော် သားသမီးတစ်ဦးမှ မရသေး။ သူတို့ဇနီးမောင်နှံမှာ ရိုးသားဖြောင့်မတ်၊ သစ္စာရှိပြီး ဘာသာတရားကိုင်းရှိုင်းသော ဗြဟ္မဏပုဏ္ဏားများ ဖြစ်ကြသည်။ နေမင်းကို ကိုးကွယ်ကြ၏။
             ၎င်းတို့ အသက် ၅၀ ပြည့်လတ်သော် သားသမီးတစ်ဦးမှ မထွန်းကားသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ မြစ်အတွင်း ဆင်းကာသေတော့အံ့ဟု ရွာမှ တစ်မိုင်ခန့်ဝေးသော မြစ်ဆီသို့ လာခဲ့ကြသည်။ မြစ်အတွင်း ဆင်းမသေမီ ၀င်လုဆဲ နေမင်းကြီးကို ဇနီးမောင်နှံနှစ်ဦး တိုင်တည်ကြ၏။
            “အို - အသင်နေမင်းကြီး၊ ကျွန်ုပ်တို့ သင့်ထံသားဆုပန်လာခဲ့သည်မှာ ၂၅ နှစ်တင်းတင်းပြည့်ပါပြီ။ သို့သော် သင်ကား မသိကျိုးကျွံပြုလျှက် နေဘိ၏။ သားမရှိသူသည် အချီးနှီးသာတည်း ဆိုစကားနှင့်အညီ ကျွန်ုပ်တို့ မြစ်တွင်း ဆင်း၍ သေတော့အံ့။”
            ထိုသို့ဆိုပြီး နှစ်ဦးသား လက်တွဲ၍ ရေထဲခုန်ဆင်းမည်ပြုစဉ် ရေထဲတွင် ဗြဟ္မာကြီးတစ်ယောက် သူတို့ကို ကြည့်နေသည်ကို တွေ့ရလေ၏။ ဗြဟ္မာကြီးက “ငါဟာ အာဒိစ္စ ဖြစ်တယ်။ အိန္ဒုမဒီ၊ သင်ဟာ ဟောဒီသစ်သီးကိုယူပြီး နက်ဖြန်မနက်မှာစား။ နေ့လည် ၁၂ နာရီကစပြီး ဥပုသ်စောင့်ပေတော့။ နောက်ဆယ်လပြည့်လို့ မွန်းတည့်ချိန်မှာ “မဟီရာ” ဆိုတဲ့ သားတစ်ဦးထွန်းကားလိမ့်မယ်။ သူသည်ကား တကယ့် နေမင်းကြီးပင် ဖြစ်တယ်။ လူအားလုံးရဲ့ မသိနားမလည်မှုတွေကို သူက နေမင်းကြီတောက်ပသလို ဖြေကြားပြသနိုင်လိမ့်မယ်။ သူ့မှာလည်း ‘ပရုသုရာဇာ’ မည်တဲ့ သားတစ်ယောက် ထွန်းကားလိမ့်မယ်။ မဟီရာဟာ ဉာဏ်ပညာမှာ အလွန့်အလွန်ထိုးထွင်းသိမယ့် ပညာရှိကြီးတစ်ဦး ဖြစ်မယ်။ ဝေဒကျမ်းများ၊ သျှတ္တရကျမ်းများ၊ ပူရာမ်ကျမ်းများ နဲ့ သိပ္ပံအတတ်ပညာတွေကို ကုန်စင်နှံ့စပ်အောင် တတ်ကျွမ်းသူဖြစ်လိမ့်မယ်။ ရေမြေ့သခင် ပြည့်ရှင်မင်းကြီး ‘၀ိက္ကရမ္မဒိတရ’ ရဲ့ လေးစားအပ်သော အတိုင်ပင်ခံချုပ်ကြီး ဖြစ်လာလိမ့်မယ်။
            နန်းတွင်းန၀ရတနာများလို့ခေါ်တဲ့ ကျောက်မျက်ရတနာကိုးပွင့်နဲ့တူတဲ့ ပညာရှိကြီး ၉ ပါးထဲမှာ မဟီရာဟာ အထွန်းတောက်ဆုံး ကျောက်မျက်ဖြစ်ပြီး အသက် ၈၀ ထိနေရလိမ့်မယ်။ အသင် ဖခင်ကတော့ သူ့ကိုမွေးပြီးနောက် သိပ်နေရလိမ့်မယ် မဟုတ်ဘူး။ သင် မိခင်ကတော့ နေရလိမ့်မယ်။ “အာဒိစ္စ၊ ဘန္တု၊ ရ၀ိ၊ သူရိယ၊ စ၀ိသူ၊ ဟမ်စ၊ ခဂ၊ ပူသျှ၊ ဂဘစတိ၊ ဒေ၀ကရ၊ သုဝဏ္ဏ၊ တာပန၊ ဟီရာနာရတ၊ ကာမစက်ရှိ၊ ဂျဂတ်ချရှု၊ အင်စုမလိ၊ တာပနီ၊ မာသဓ၊ မဟီရာ” ဆိုတဲ့ နာမည်တွေဟာ မြင့်မြတ်တဲ့ ကျွန်ုပ်နာမည်တွေ ဖြစ်တယ်”
            အာဒိသဒသ လင်မယားသည် နေနတ်မင်း၏ ခြေအစုံကို ၀ပ်စင်းရှိခိုး၊ ဦးညွတ်ထားကြလေ၏။ နေနတ်မင်းကြီးက သူတို့ကို ကိုင်ဆွဲမပြီး ကြည်လင်သော မျက်နှာဖြင့် ကွယ်ပျောက်သွားချိန်တွင် ရုတ်ချည်းနေ၀င်သွားပြီး အမှောင်ထုက လွမ်းခြုံလာသဖြင့် အာဒိသဒသတို့လင်မယားလည်း ၀မ်းသာအားရစွာ အိမ်သို့ ပြန်လာကြလေတော့သည်။
            အိန္ဒုမဒီသည် နောက်နေ့မနက်တွင် နေနတ်မင်းပေးသော သစ်သီးကိုစားပြီး ဥပုသ်၊ သီတင်းသီလ ခံယူ ဆောက်တည်ကာ နေထိုင်လေ၏။ ဆယ်လပြည့်သော် မဟီရာ ကိုဖွားမြင်လေသတည်း။
            မဟီရာသည် ဉာဏ်ပညာထက်မြက်၍ ထိုးထွင်းဉာဏ်ရှိသည်။ ကျန်းမာ၍ ကိုယ်လုံးကိုယ်ထည် တုတ်ခိုင်သည်။ သန်မာဖြတ်လတ်သည်။ ရုပ်ရည်တင့်တယ်ပြီး ကျက်သရေရှိသော ယောက်ျားကောင်း၊ ယောက်ျားမြတ်တစ်ယောက် ဖြစ်သည်။ ငယ်စဉ်ကပင် နန်းတွင်းနှင့်သာ ထိုက်တန်သော ကလေးငယ်တစ်ယောက် ဖြစ်လေသည်။
            ဖခင်က မဟီရာကို ဗြဟ္မဏအယူဝါဒဆိုင်ရာ နည်းလမ်းများဖြင့် ရွတ်ဖတ်စီရင်စရာများကို မင်္ဂလာယူ၍ ဆောင်ရွက်သည်။ သင်္သကရိုက်စာပေကို ဖခင်ကအသေးစိတ်သင်ပေး၍ တတ်မြောက်သည်။ ၈ နှစ်အရွယ်တွင် မဟီရာသည် ဝေဒကျမ်းများ သျှတ္တရကျမ်းများအပြင် နက္ခတ်ကျမ်းများ၊ သိပ္ပံပညာရပ်များကိုလေ့လာရာ အသက် ၂၀ အရွယ်တွင် ထူးခြားသော ရှေ့ဖြစ်ဖတ်နိုင်သည့် စွမ်းရည်ထူးကို ရရှိပိုင်ဆိုင်ထားပြီး ဖြစ်လေတော့သည်။
            ဖခင်ကြီးလည်း ကွယ်လွန်ခဲ့လေပြီ။ မဟီရာကို ချမ်းသာသူများ၊ မင်းမှုထမ်းများက လာရောက်မေးမြန်း၊ တိုင်ပင်နှီးနှော အကြံတောင်းသည်။ တစ်ခုတလေမှ မလွဲချော်၊ မတိမ်းပါးဘဲ တိကျမှန်ကန်လှသဖြင့် နက္ခတ္တဗေဒ၊ ဗေဒင်ပညာတွင် စာတွေ့ရော လက်တွေ့ပါ နှံ့စပ်ပိုင်နိုင်ကျွမ်းကျင်လှကြောင်း တစ်ပြည်လုံး ဂုဏ်သတင်းကျော်ကြားလာလေ၏။
            တစ်နေ့သော ညနေခင်း နေမ၀င်မီအချိန်တွင် မဟီရာသည် ရွာပြင်ထွက်၍ ခပ်လှမ်းလှမ်းရှိ မြစ်ကမ်းပါး၌ လမ်းလျှောက်နေစဉ် ၀ိက္ကရမ္မဒိတရ ဘုရင်သည် ကုန်သည်ယောင်ဆောင်၍ အမတ်ကြီး ဗာသီ နှင့်အတူ ရုပ်ဖျက်ပြီး ရောက်လာကြသည်။ ထိုအချိန်ထိ မဟီရာသည် ဘုရင်ကို တစ်ခါမှ မမြင်ဖူးသေးချေ။ ဘုရင်ကြီးသည် မဟီရာကို တွေ့သည်နှင့် “ကျွန်ုပ်သည် ကုန်သည်ဖြစ်ပါသည်။ သူကတော့ ကျွန်ုပ်၏ စာရေးဖြစ်သည်။ ကျွန်ုပ်တို့ ကုန်ရောင်းကုန်ဝယ်ခြင်းလုပ်ငန်း အောင်မြင်၊ မအောင်မြင် ဟောပေးပါ။ ရွှေဒင်္ဂါးတစ်ရာ ပေးပါမည်” ဟု ဆိုလေ၏။
            မဟီရာသည် ဘုရင်ကို သေသေချာချာကြည့်လျှက် “သင်သည် ကုန်သည်မဟုတ်၊ ဘုရင်ဖြစ်သည်။ သင့်လူသည်လည်း သင်၏ ညာလက်ရုံး အမတ်ကြီးပင်ဖြစ်သည်။ သင်တို့နှစ်ယောက် ညီအစ်ကိုတော်စပ်ကြသည်။ ဖအေတူ၊ မအေကွဲဖြစ်၏။ တစ်ယောက်သော အမေမှာ ခတ္တိယ အမျိုးသမီးဖြစ်ပြီး တစ်ယောက်သော အမေမှာမူ ၀ိစယ အမျိုးသမီး ဖြစ်ပေသည်။ သင်တို့ ၂ ယောက်အပြင် အခြား ညီအစ်ကို ၂ ယောက်လည်း ရှိသေးသည်။ တစ်ယောက်မှာ ဗြဟ္မဏအမျိုးသမီး ကမွေးဖွားပြီး နောက်တစ်ယောက်မှာမူ ကချေသည်က မွေးထားခြင်းဖြစ်သည်။ သင်တို့က ကျွန်ုပ်ကိုပညာစမ်းသည့်အနေနှင့် မဟုတ်မမှန် လိမ်ညာ၍ပြောဆိုစေကာမူ ကျွန်ုပ်၏ တိကျမှန်ကန်သော ဝေဒပညာရပ်က အမှန်တရားကို သစ္စာရှိစွာ ဖော်ထုတ် ပြသနေမည်သာ ဖြစ်သည်။” - ဟု ဝေဒပညာဘက်မှ ခိုင်မာပြတ်သားစွာ ရပ်တည်၍ ပြောလိုက်၏။
            ဘုရင်သည် မဟီရာကို နန်းတော်သို့ခေါ်သွားပြီး ပဏ္ဍိတ ဘွဲ့အပ်နှင်းသည်။ ထိုမှစ၍ နန်းတွင်းဝေဒပညာရှိကြီးအဖြစ် တစ်သက်လုံး နေထိုင်သွားလေတော့သည်။
            ဘုရင်ကြီးတွင် ထီးညွန့်နန်းလျာ သားတော်လေးတစ်ပါးသာ ရှိသည်။ သူ၏ရှေ့ရေးကို ဗေဒင်ဟောကြရာတွင် အခြား ဝေဒပညာရှင်ကြီးများက အသက် ၁၈ နှစ်ပြည့်လျှင် သေမည်ဟုသာ ဟောနိုင်ကြ၏။ နေ့ရက်၊ နာရီ အတိအကျ နှင့် မည်သို့သေမည် ဆိုသည်ကိုကား မဟောနိုင်ကြ။
            မဟီရာက နေ့ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် အတိအကျနှင့်တကွ ၀က်ဝံကိုက်၍သေမည်။ မည်သည့်သမားတော်မှ ကုသ၍ ရမည်မဟုတ်ကြောင်း ဟောလိုက်လေ၏။
            ထိုအခါ ဘုရင်ကြီးက ဗာသီနှင့်တိုင်ပင်ပြီး ပေ ၈၀ မြင့်သော နန်းမြင့်ဆောင်တစ်ခုဆောက်လုပ်၍ အထပ် ၇ ထပ် ပြုလုပ်ပြီး ကြွက်မျှ မ၀င်နိုင်စေရန် စီမံထားလေသည်။ မင်းသားကလေးကို အောက်သို့ လုံးဝဆင်းခွင့်မပေး။ သက်တူရွယ်တူ အခြားမင်းသားကလေးများကို အစောင့်ချထားသည်။ နန်းမြင့်ဆောင် ဘေးပတ်လည်တွင်လည်း ခြံစည်းရိုးအထပ်ထပ် ကာလျှက် ၀က်ဝံမ၀င်နိုင်ရန် စီမံထားလေ၏။
            မင်းသားကလေးကို ၇ ထပ်တွင်ထားပြီး အောက်ထပ်မျှကိုပင် ဆင်းခွင့်မပေးချေ။ သို့နှင့် မင်းသားကလေး အသက် ၁၈ နှစ်ပြည့်မည့်ရက်သို့ နီးလာချေပြီ။
            ရက်နီးကပ်လာလေလျှင် စစ်သွေးကြွ၍ ရဲရင့်ဖြတ်လတ်သော စစ်သားပေါင်း တစ်သောင်းကို စစ်လက်နက် အပြည့်အစုံဖြင့် နန်းမြင့်ဆောင် ပတ်ပတ်လည်တွင် အစောင့်ချထား၏။ နန်းမြင့်ဆောင်အနီးသို့မူ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမျှ မကပ်စေရ။
            နန်းတွင်းရှိ ပညာရှိ၊ မူးကြီးမတ်ရာ၊ သေနာပတိတို့သည်ကား သည်တစ်ခါတော့ မဟီရာဟောသလို လုံးဝ မှန်နိုင်တော့မည့် အခြေမဟုတ်သဖြင့် မဟီရာ၏ ပညာဂုဏ်သတင်း ပျက်ပြားတော့မည့်အရေး ဟိုနားစုစု၊ သည်နားစုစုနှင့် တီးတိုးပြောဆိုလျှက် ရှိကြလေကုန်၏။
            မဟီရာက မင်းသားကလေး ၀က်ဝံကိုက်ခံသေဆုံးရမည်ဟု ဟောသောနေ့သို့ ရောက်လတ်သော် ဘုရင်ကြီးသည် စစ်သည်ထောင်သောင်းမကခြံရံလျှက် ညီလာခံကြီးတစ်ရပ် ကျင်းပလျှက် ‘မဟီရာ ဟောသည့်အတိုင်းမှန်လျှင် ငါတို့မျိုးရိုး စဉ်ဆက် ဂုဏ်ယူအပ်သော ၀က်ဝံအထိမ်းအမှတ်၊ ရတနာစီခြယ် သရဖူတစ်ဆင့်ကို့ ပရိသတ်ရှေ့တွင် ဂုဏ်ပြုချီးကျူး ပူဇော်ပါအံ့’ ဟု ကြေငြာသည်။
            မဟီရာက ‘အရှင့်သား၊ ၀က်ဝံကိုက်ခံရ၍ ယနေ့ညနေ ၅ နာရီတိတိတွင် သွေးသံရဲရဲဖြင့်သေရမည်ဟု အကျွန်ုပ်က ပြောခြင်းမဟုတ်ပါ။ အရှင့်သား၏ ကံကြမ္မာက ပြောပြနေခြင်းသာ ဖြစ်ပါသည်။ အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့၏ အကုသိုလ် ကံကြမ္မာကြောင့်သာ ယခုကဲ့သို့ ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်သည်ကား သားတော်ကလေး မွေးဖွားစဉ် ကာလကပင် ဟောပြောခဲ့ပါသည်။ အကျွန်ုပ်၏ ဟောပြောချက်များကို ပြင်၍မရပါ။ မပြင်နိုင်ပါအရှင်။ သို့ဖြစ်ပါ၍ အရှင်မင်းကြီး အဆိုးကို ရင်ဆိုင်ရန် စီမံထားပါ။ အကယ်၍ ကျွန်ုပ်ဟောပြောချက် မမှန်ပါက အကျွန်ုပ်သည် တောသို့သွား၍ အကျွန်ုပ်ဘ၀ကို မြှုပ်နှံပါအံ့။ သို့မဟုတ် အရှင်မင်းကြီးပေးသမျှ အပြစ်ဒဏ်ကို ခံယူရန် အဆင်သင့်ရှိပါသည်။’
အခြားပညာရှိကြီးများက မဟီရာ၏ စကားကို ထောက်ခံကြ၏။ ကာလီဒါသ ပညာရှိကြီးကလည်း မဟီရာဟောသည့် အတိုင်း မှန်ကန်ပါလိမ့်မည်ဟု ရှည်လျားစွာ ထောက်ခံထွက်ဆိုသည်။
            ဘုရင့်အမိန့်ဖြင့် စစ်ဗိုလ် ၄ ယောက်သည် နာရီဝက်တစ်ကြိမ်ကျ သားတော်လေး၏ အခြေအနေကို အစီရင်ခံရသည်။ နန်းမြင့်ဆောင်တစ်ခုလုံးမှာ ပုံမှန်အနေအထားဖြင့် တိတ်ဆိတ်ငြိမ်သက်လျှက် ရှိလေ၏။ ညနေ ၅ နာရီထိုးခါနီးတွင် ဘုရင်ကြီး သည် စစ်တပ်ကို နောက်ထပ် တစ်ဆတိုး၍ ချထားလိုက်ပြန်သည်။
            ညနေ ၅ နာရီတိတိ ထိုးပေပြီ။
            ထိုအချိန်၌ စစ်အရာရှိသည် မြင်းစီး၍ ရောက်လာပြီး သားတော်ကလေးမှာ နန်းတော်ဆောင်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ စံပယ်တော်မူနေပါကြောင်း သတင်းပို့လှာသည်။
            ထိုအခါ မဟီရာက သူကြိုတင်ဟောထားသည့်အတိုင်း ‘မင်းသားကလေးသည် ၀က်ဝံကိုက်ခံရ၍ သွေးသံရဲရဲဖြင့် သေဆုံးနေပြီဖြစ်ကြောင်း’ ကြေငြာလိုက်သည်။
            ဘုရင်ကြီးသည် ရုတ်ချည်းမတ်တတ်ရပ်၍ သားတော်ရှိရာ နန်းမြင့်ဆောင်ဆီသို့ သွားသည်။ ဘုရင့်နန်းတော်ဆောင် နှင့် သားတော်လေး၏ နန်းမြင့်ဆောင်မှာ ၁ မိုင်ခန့်ဝေးသည်။ မလှမ်းမကမ်းမှ စစ်သည်နှစ်ဦးက သားတော်လေး၏ အဆောင် တော်သည် ဘေးအန္တရာယ်ကင်းရှင်းစွာရှိကြောင်း သံတော်ဦးတင်သည်။ နန်းမြင့်ဆောင်နှင့်နီးလာလေ ဘုရင်ကြီးနှင့် သူ့လူများ မှာ စိတ်လှုပ်ရှားလာလေ ဖြစ်တော့၏။
            နန်းမြင့်ဆောင်တစ်ခုလုံးကား အစစအရာရာ တိတ်ဆိတ်ငြိမ်သက်လျှက် ရှိပေသည်။ သည်တစ်ခါတော့ မဟီရာ၏ ဟောချက်လွဲလေပြီဟု ထင်ကြသည်။ ဘုရင်ကြီးက မဟီရာအား ဟောချက်လွဲပြီထင်သည်ဟု ပြောသည်။ မဟီရာကမူ တစ်စုံ တစ်ယောက်မှ မသိဘဲ သားတော်ကလေးသည် ၀က်ဝံကိုက်ခံရ၍ သွေးအိုင်ထဲတွင် သေဆုံးနေပြီဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပြောကြားလိုက်လေ၏။
            သို့နှင့် အစဉ်လိုက်တက်သွားကြလေရာ ပထမထပ်၊ ဒုတိယထပ် စသဖြင့် ၆ ထပ်ထိ ဘာမှထူးထူးခြားခြား မရှိချေ။ အားလုံးငြိမ်သက်လျှက် ရှိနေလေ၏။ ၇ ထပ်မြောက်မှ သံတံခါးကို ဆွဲဖွင့်လိုက်လေလျှင် မင်းသားကလေး၏ အဖော် ၁၂ ယောက်တို့မှာ ဖဲကစားနေကြသည်ကို တွေ့ရလေသည်။ ဘုရင်ကြီးက မင်းသားကလေးကို မေးရာ ယခုပင်မိမိတို့နှင့် ကစားနေကြောင်း၊ ကစား၍ ငြီးငွေ့လာသဖြင့် ဦးဏှောက်ရှင်းရအောင် ၇ ထပ် ခေါင်မိုး လဟာပြင်သို့ ထွက်ကာ နားနေကြောင်း ပြောဆိုကြလေ၏။
ထိုအခါ မဟီရာက ‘မင်းသားကလေးသည် ၀က်ဝံကိုက်ခံရသော ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံး နေသည်ကို ယခုပင်တွေ့ကြရတော့အံ့’ ဟု ပြောဆိုလျှက် ၇ ထပ်ခေါင်မိုးပေါ်သို့ အပြေးတက်သွားကြလေသည်။
            မင်းသားကလေးမှာ ဆိုဖာကုလားထိုင်ပေါ်တွင် သွေးသံရဲရဲဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ကြရလေသတည်း။
            နန်းမြင့်ဆောင်ထိပ်တွင် လွှင့်ထူထားသော အလံတိုင်သည် လဲကျနေပြီး တိုင်ထိပ်ရှိ သံနှင့်ပြုလုပ်ထားသော ၀က်ဝံရုပ်တုမှ သံလက်သည်းချွန်များနှင့် သံသွားစွယ်များက မင်းသားလေး၏ လည်ပင်းကိုဖောက်လျှက် ကိုက်မိလျှက်သား ဖြစ်နေသည်ကို တွေ့ကြရလေသည်။
            ထိတ်လန့်ခြောက်ချားဖွယ်မြင်ကွင်းကို တွေ့လိုက်ရသဖြင့် ဘုရင်ကြီးသည် တုန်လှုပ်ကြေကွဲ၊ ဆို့နင့်သွားရသည်။ သားအတွက် ပူဆွေးသောကရောက်ခြင်းကို ခေတ္တငံ့လင့်ပြီး မဟီရာဘက်သို့လှည့်၍ “ပညာရှိ ဝေဒအမတ်ကြီး မဟီရာ၊ သင့်ဟောကိန်း အတိအကျမှန်ကန်ပါပေတယ်။ ကျွန်ုပ်၏ကတိအတိုင်း ၀က်ဝံရတနာရုပ်ကို ယခုပင်ချီးမြင့်ပါအံ့” ဟု မြွက်ကြားကာ ပရိသတ်ရှေ့တွင် ခေါင်းမှ သရဖူကိုဖြုတ်၍ ရတနာစီခြယ်ထားသော ၀က်ဝံရုပ်ပါ အဆင့်တစ်ရစ်ကို မဟီရာ အား ချီးမြှင့် ပေးအပ်လေသည်။ မဟီရာ၏ အမည်ရှေ့တွင်လည်း ၀ါရဟ (၀က်ဝံဘွဲ့) ကို ထည့်သွင်းခေါ်ဝေါ်ရန် ဘွဲ့တံဆိပ် အပ်နှင်းတော်မူလေသည်။
            ဘုရင့်မျိုးနွယ်များသာ သုံးခွင့်ရှိသော ၀က်ဝံရုပ် အလံသစ်တစ်ခုကိုလည်း မဟီရာ၏အိမ်တွင် လွှင့်ထူခွင့် ပြုလိုက်သည်။
            နန်းရင်ပြင်တစ်ခုလုံး မင်းသားလေး၏ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကို ၀မ်းနည်းစွာ ကြည့်ကြသကဲ့သို့ မဟီရာ၏ ဂုဏ်သတင်းကိုလည်း အံ့သြချီးမွမ်းကြလေကုန်သည်။ ဘုရင်ကြီးကလည်း မဟီရာအား ဆုတော်ငွေများနှင့် လက်ဆောင် အများအပြားကို ထပ်မံချီးမြှင့်ပြန်လေသည်။  
ဖြစ်ရပုံမှာ လေပြင်းရုတ်တရက်တိုက်ခတ်ပြီး အလံတိုင်လဲကျ၍ မင်းသားကလေးအပေါ် ပိရခြင်းပင် ဖြစ်လေသည်။
(Ref: Varahamihira by ProfL B. Suryanarain Rao)
No comments: