Saturday, August 25, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၁၄)

 
၂၊ ၇၊ ၄။ ဂရေဂေါရီယန် ပြက္ခဒိန် (Gregorian Calendar) ၂၈
 

ဂရေဂေါရီယန်ပြက္ခဒိန်ကို အနောက်တိုင်းပြက္ခဒိန် သို့မဟုတ် ခရစ်ယန်ပြက္ခဒိန်ဟုလည်း ခေါ်ပါသည်။

ဂျူလီယန်ပြက္ခဒိန်ကို ဥရောပနှင့် အာဖရိကမြောက်ပိုင်းတို့တွင် ၁၅၈၂ ခုနှစ်ထိသုံးစွဲခဲ့ကြသည်။ သို့သော် ဂျူလီယန် ပြက္ခဒိန်၏ အားနည်းချက်မှာ တစ်နှစ်တာကာလကို ၃၆၅.၂၅ ဟု ယူထားသဖြင့် အမှန်ရှိရမည့်ကာလထက် တစ်နှစ်လျှင် ၁၁ မိနစ်ခန့်ပိုနေကာ ရက်ထပ်ခြင်းများ မလိုလားအပ်ဘဲ ပိုနေလေသည်။

            ဤသို့ပြက္ခဒိန်ရက်များ အလွဲလွဲ အမှားမှားဖြစ်နေသည်ကို ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီ ၁၃ (Pope Gregory XIII: 7 January 1502 ~ 10 April 1585) ကပြန်လည်ပြင်ဆင်ခဲ့သည်။ ဂရေဂေါရီက ဦးဆောင်လုပ်ကိုင် ပြဌာန်းပေးခဲ့သောကြောင့် ထိုပြက္ခဒိန်ကို ဂရေဂေါရီယန်ပြက္ခဒိန်ဟု ခေါ်ခဲ့ကြ၏။ ထိုပြက္ခဒိန်ကို ကမ္ဘာတစ်ဝှမ်းမှနိုင်ငံများ ယခုထိ လက်ခံသုံးစွဲခဲ့ကြသည်။


ဂျူလီယန်ပြက္ခဒိန်ကို ပြန်လည်ပြင်ဆင်ရန် ပုပ်ရဟန်းမင်းကြီးအား တွန်းအားပေးခဲ့သော အချက်မှာ ဂျူလီယန် ပြက္ခဒိန်တွင် တစ်နှစ်လျှင် ၁၁ မိနစ်ဖြင့် အနှစ် ၄၀၀ ကြာတိုင်း ၃ ရက် လွဲနေလေရာ ရောမပြက္ခဒိန်ကို စတင်သုံးစဉ် ကတည်းက ပုပ်ရဟန်းမင်းကြီးလက်ထက်ထိဆိုလျှင် ၁၀ ရက်ခန့်လွဲနေလေသည်။ ထိုအခါ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း ပွဲတော်ဖြစ်သည့် အီစတာ (Easter) ပွဲတော်ကျင်းပသည့်ရက်များမှာ အမှားမှားအယွင်းယွင်း ဖြစ်နေလေ၏။ အီစတာပွဲတော် ရက်များကို နေသည်အီကွေတာကိုဖြတ်သည့်ရက် (Spring Equinox) နှင့် ချိန်ညှိထားသည်။ နက္ခတ္တဗေဒအရ ထိုရက်မှာ နှစ်စဉ် မတ် ၂၁ ရက်ဖြစ်၏။ ထို့ကြောင့် အီစတာပွဲတော်ရက်မှာ မတ်လ ၂၂ ရက်မှ ဧပြီလ ၂၅ ရက်အတွင်း ဖြစ်လေသည်။ ၂၉

ဤကဲ့သို့ ပွဲတော်ရက်များ အမှားမှားအယွင်းယွင်းဖြစ်နေမှုကို ရိုမန်ကက်သလစ်ကျောင်းတော်က လက်မခံနိုင်။

            ဂရေဂေါရီယန်ပြက္ခဒိန်ပြင်ဆင်ခြင်း၌ နှစ်ပိုင်းပါ၏။ တစ်ပိုင်းမှာ ယခင်ရှိပြီးသား ဂျူလီယန်ပြက္ခဒိန်အတိုင်း နေသွားချိန် ကို မူတည်သည့် ပြက္ခဒိန်အား ပြင်ဆင်ပြီး ဆက်လက်သုံးစွဲခြင်းနှင့် နောက်တစ်ပိုင်းမှာ ခရစ်ယန်ကျောင်းတော်များအတွက် အီစတာပွဲတော်များတွက်ချက်ရန် လ,သွားချိန်ကိုမူတည်တွက်ချက်သော ပြက္ခဒိန် ဟု ဖြစ်၏။

            ပြက္ခဒိန်တွက်နည်းသစ်ကို အီတလီနိုင်ငံ၊ ကယ်လဘရီယန်နယ်သား အလွိုင်ဆိယုစ် လိလိယုစ် (Aloysius Lilius) ဟု အမည်ရသည့် ဆရာဝန်တစ်ဦးက ရေးဆွဲခဲ့သည်။ လိလိယုစ်၏ အစ်ကိုဖြစ်သူ အန်တိုနီယို (Antonio) က ပြက္ခဒိန် ပြန်လည် ပြင်ဆင်ရေးဆွဲရေးကော်မရှင်သို့ ၁၅၇၅ ခုနှစ်တွင် တင်ပြခဲ့သည်။ ကော်မရှင်က စာတမ်းအကျဉ်းချုပ်ကို Compendium novae rationis restituendi kalendarium (Compendium of a New Plan for the Restitution of the Calendar) ဟု အမည် တပ်ကာ ၁၅၇၇ ခုနှစ်တွင် ပုံနှိပ်လျှက် ရိုမန်ကက်သလစ်ကျောင်းတော်များသို့ ၁၅၇၈ အစောပိုင်းတွင် အကြံဉာဏ်များ ရယူနိုင်ရန် ဖြန့်ဝေခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ထို ပုံနှိပ်စာတမ်းသာ မှတ်တမ်းအဖြစ်ကျန်ခဲ့လျှက် လိလိယုစ်၏ မူရင်း စာတမ်းကို ရှာမရတော့သောကြောင့် သမိုင်းတန်ဖိုးအားဖြင့် ကြီးစွာသော ဆုံးရှုံးမှုဖြစ်လေသည်။

            ပြက္ခဒိန်ပြင်ဆင်မှု အတည်ပြုခြင်းမှာမူ လိလိယုစ် သေဆုံးပြီး ၆ နှစ်အကြာ ၁၅၈၂ ခုနှစ်မှ အောင်မြင်ခဲ့သည်။ ပြက္ခဒိန် ပြန်လည် ပြင်ဆင်ရေးဆွဲရေးကော်မရှင် ဥက္ကဌ ကလာဗီယုစ် (Clavius) က ပြက္ခဒိန်အသစ်နှင့်ပတ်သက်၍ ခုခံချေပမှုများ နှင့် အသေးစိတ်ရှင်းလင်းတင်ပြချက်များ ရေးသားခဲ့သည်။ ဤသို့ရေးသားရာတွင် ဤပြက္ခဒိန်ပြောင်းလဲရာတွင် အဓိက ပံ့ပိုးပေးသူ လိလိယုစ်၏ ကျေးဇူးကို အလေးအနက်ထား ဖော်ပြခဲ့သည်။ သို့သော် လိလိယုစ်မှာ သူတွက်ချက်တင်ပြခဲ့သည့် အသီးအပွင့် ကို မြင်ခွင့်ရမသွားရှာခဲ့။            
            နောက်ဆုံး အတည်ပြုပြီးသောအခါ ပြက္ခဒိန်အသစ်ကို ပုပ်ရဟန်းမင်းကြီးက အမိန့်စာချွန် (Papal Bull) လက်မှတ် ရေးထိုး၍ ၁၅၈၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အတည်ပြုပြဌာန်းပေးခဲ့၏။ ဤအမိန့်အရ လိုနေသော ၁၀ ရက်ကိုထပ်ဆောင်း ကာ ၁၅၈၂ အောက်တိုဘာလ ၅ ရက် သောကြာနေ့ကို၊ ၁၅၈၂ အောက်တိုဘာလ ၁၅ ရက် သောကြာနေ့အဖြစ် ပြင်ဆင် သတ်မှတ်လိုက်၏။ ထို့ကြောင့် ဂျူလီယန်ပြက္ခဒိန်၏ နောက်ဆုံးနေ့မှာ ၁၅၈၂ အောက်တိုဘာ ၄ ရက်၊ ကြာသပတေးနေ့ဖြစ်ပြီး ဂရေဂေါရီယန်ပြက္ခဒိန်အစမှာ ၁၅၈၂ အောက်တိုဘာလ ၁၅ ရက် သောကြာနေ့ဖြစ်လေသည်။


လိလိယုစ် တင်ပြခဲ့သောနည်းမှာ -

၁။ သက္ကရာဇ်များကို ၄ နှင့်စား။ ၁၊ ၂၊ ၃ ကြွင်းလျှင် သာမန်နှစ်ဖြစ်၏။ ဖေဖော်ဝါရီလတွင် ၂၈ ရက်ရှိမည်။ တစ်နှစ်တွင် ၃၆၅   ရက်ရှိမည်။

စားကြွင်းမရှိသော၊ ပြတ်သောနှစ်တွင် ရက်ငင်ပြီး ဖေဖော်ဝါရီလမှာ ၂၉ ရက်ရှိမည်။ တစ်နှစ်တွင် ၃၆၆ ရက်ရှိမည်။

၂။ သို့သော် ရာစုနှစ်များ (၁၆၀၀၊ ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ စသည်) ကိုမူ ၄၀၀ နှင့်စားပြီး စားကြွင်းမရှိမှ ရက်ငင်မည်။ ၄ နှင့်စား၍ ပြတ်သော်လည်း ရက်ငင်နှစ်မဟုတ်။ ထို့ကြောင့် ၁၆၀၀ နှင့် ၂၀၀၀ ပြည့်နှစ်များသည်သာ ရက်ငင်နှစ် (ဖေဖော်ဝါရီ ၂၉) ဖြစ်ပြီး ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ နှစ်များမှာ ရက်ငင်နှစ်မဟုတ်ဘဲ သာမန်နှစ် (ဖေဖော်ဝါရီ ၂၈) များသာဖြစ်သည်။

            ထိုအချိန်မှစကာ တစ်နှစ်တာကာလကို ယခင်က ၃၆၅.၂၅ (၃၆၅ ရက် ၆ နာရီ) ဟု လက်ခံထားသည်ကို ၃၆၅.၂၄၂၅ (၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၁၂ စက္ကန့်) ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။ ၎င်းမှာ ပျမ်းမျှမဟာဝိသုဝ (Vernal Equinox) နှစ် ဖြစ်သော ၃၆၅.၂၄၂၄ နှင့် အနီးစပ်ဆုံးတူညီလေသည်။  ပျမ်းမျှနေသွားချိန်မှာမူ ၃၆၅.၂၄၂၁၉ (၃၆၅ ရက်၊ ၅ နာရီ၊ ၄၈ မိနစ်၊ ၄၅.၂၁၆ စက္ကန့် ဖြစ်၏။

            သို့တိုင် ဂရေဂေါရီယန် ပြက္ခဒိန်မှာ နှစ်ပေါင်း ၃၃၀၀ ကြာလျှင် ၁ ရက် လွဲမှားနေဦးမည်ဖြစ်၏။ ထိုအမှားကိုပြင်ရန် ၁၉ ရာစုအတွင်းက ဆာဂျွန်ဟာရှယ် ဆိုသူက အနှစ် ၄၀၀၀ အတွင်း အကြိမ် ၉၇၀ ရက်ထပ်မည့်အစား ၉၆၉ ကြိမ်သာထပ်ရန်၊ ၄၀၀၀ ပြည့်နှစ်ကို ရပ်ထပ်နှစ်မလုပ်ဘဲ သာမန်ရက်အဖြစ်သာထားရန် တင်ပြခဲ့၏။ သို့သော် အနှစ် ၄၀၀၀ မှာ သိပ်ဝေးလွန်း သေးသဖြင့် မည်သူမျှ စိတ်ဝင်စားဟန်မတူ။ ယခုထိတိုင် ထိုအဆိုကို အတည်မပြုပါ။


၂၊ ၇၊ ၅။ ဂရေဂေါရီယန်ပြက္ခဒိန်ကို ဥရောပတိုင်းပြည်များမှ လက်ခံသုံးစွဲကြခြင်း (Adoption in Europe) ၂၈


            ဂရေဂေါရီယန်ပြက္ခဒိန်ကို အတည်ပြုပေးသော ပုပ်ရဟန်းမင်းကြီး၏ အမိန့်စာချွန်တော်မှာ ကက်သလစ်ကျောင်းတော် အာဏာသက်ရောက်ရာနယ်မြေ (Papal States) မှ အပြင်သို့ သြဇာသက်ရောက်နိုင်စွမ်းမရှိပါ။ သို့သော် နှစ်ကာလကြာလာ သည့်အခါ ဂရေဂေါရီယန်ပြက္ခဒိန်ကို ကမ္ဘာ့နိုင်ငံအတော်များများက လက်ခံသုံးစွဲလာခဲ့ကြပါသည်။

            ဂရေဂေါရီယန်ပြက္ခဒိန်ကို မသုံးသည့်နိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ အီသီယိုးပီးယား၊ နီပေါ၊ အီရန်၊ အာဖဂန် နစ္စတန် တို့ဖြစ်သည်။ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ အစ္စရေးနိုင်ငံများမှာ မိမိတို့ကိုယ်ပိုင် ပြက္ခဒိန်ရော ဂရေဂေါရီယန်ပြက္ခဒိန်ကိုပါ တွဲသုံးကြပါသည်။ ဂရေဂေါရီယန်ပြက္ခဒိန်ကိုပြန်လည် ပြင်ဆင်သုံးစွဲသောနိုင်ငံများလည်းရှိ၍ ထိုနိုင်ငံများမှာ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဂျပန်၊ မြောက်ကိုးရီးယားနှင့် ထိုင်ဝမ်တို့ဖြစ်ပါသည်။

            ကက်သလစ်ဘာသာဝင်တိုင်းပြည်များအနေဖြင့် ပုပ်ရဟန်းမင်းကြီး၏ ပြက္ခဒိန်အမိန့်ကို ချက်ချင်း လိုက်နာလက်ခံ ကျင့်သုံးခဲ့သော်လည်း ကက်သလစ်မဟုတ်သည့် တိုင်းပြည်များနှင့် အခြား များစွာသောတိုင်းပြည်များမှာ ချက်ချင်းလိုက်နာရန် လက်တွံ့နေခဲ့ကြသည်။ ပြက္ခဒိန်အဟောင်းကိုသာ ဆက်လက်သုံးစွဲနေခဲ့ကြ၏။

            ပုပ်ရဟန်းမင်းကြီး၏ အမိန့်အရ ၁၅၈၂ ခုနှစ်တွင် အောက်တိုဘာလ၌ ၄ ရက်နေ့မှ ၁၅ ရက်နေ့သို့ ခုန်ကျော်သွား သည်ဖြစ်ရာ ၁၅၈၂ အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၁၄ ထိ နေ့ရက်များမှာ မရှိပါ။ သို့တိုင် အထက်တွင် ဆိုခဲ့သည့် အတိုင်း ထိုအမိန့်စာကို မလိုက်နာသော တိုင်းပြည်များတွင် ဤနေ့ရက်များ ရှိနေသေးသည်သာ ဖြစ်ပါသည်။

            စပိန်၊ ပေါ်တူဂီ နှင့် အီတလီနိုင်ငံအတော်များများသည် ဂရေဂေါရီယန်ပြက္ခဒိန်ကို ၁၅၈၂၊ အောက်တိုဘာ ၁၅ ရက်နေ့ မှာပင် စတင်ကျင့်သုံးခဲ့ကြသည်။ သို့သော် ထိုအချိန်က လမ်းပမ်းအဆက်အသွယ် နှောင့်နှေးကြန့်ကြာမှုများကြောင့် စပိန် နှင့် ပေါ်တူဂီကိုလိုနီနယ်များတွင်မူ အတော်နောက်ကျပြီးမှ ကျင့်သုံးနိုင်သည်။ အခြားတိုင်းပြည်များအနေနှင့် -

v  ပြင်သစ်က ၁၅၈၂ ဒီဇင်ဘာလ ၉ ရက်၊ တနင်္ဂနွေ ၏ နောက်တစ်ရက်ကို ၁၅၈၂ ဒီဇင်ဘာလ ၂၀ ရက် တနင်္လာနေ့အဖြစ် သတ်မှတ်၍ လည်းကောင်း။

v  ဘယ်လ်ဂျီယံ၌ ၁၅၈၃၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင်လည်းကောင်း။

v  ဟော်လန်၌ ၁၅၈၃၊ ဇန္န၀ါရီလ ၁၂ ရက်နေ့တွင်လည်းကောင်း။

v  ဒိန်းမတ်၊ နော်ဝေ၊ ပရပ်ရှား၊ ဂျာမဏီ၏ပရိုတက်စတင့်နယ်မြေများသည် ၁၇၀၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်၊ တနင်္ဂနွေ ၏ နောက်တစ်ရက်ကို ၁၇၀၀ပြည့်နှစ် မတ်လ ၁ ရက် တနင်္လာနေ့အဖြစ် သတ်မှတ်၍လည်းကောင်း။

v  ဗြိတိန် နှင့် ဗြိတိန်အင်ပါယာ (အမေရိကန်အရှေ့ပိုင်းအပါအ၀င်) သည် ၁၇၅၂ ခုနှစ် စက်တင်ဘာလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ ၏ နောက်တစ်ရက်ကို ၁၇၅၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်၊ ကြာသပတေးနေ့အဖြစ် သတ်မှတ်၍လည်းကောင်း။

v  အမေရိကန်သည် အလာစကားပြည်နယ်ကို ရုရှားတို့ထံမှဝယ်ယူပြီးနောက် ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၆ ရက်၊ သောကြာနေ့ ၏ နောက်တစ်ရက်ကို ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်၊ သောကြာနေ့အဖြစ် သတ်မှတ်၍လည်းကောင်း။

- ဂရေဂေါရီယန်ပြက္ခဒိန်ကို စတင်လက်ခံ ကျင့်သုံးခဲ့ကြသည်။

 
ရုရှားပြည်သည် ဂရေဂေါရီယန်ပြက္ခဒိန်ကို အောက်တိုဘာတော်လှန်ရေးအပြီးမှ လက်ခံကျင့်သုံးခဲ့သည်။ ရုရှား ပြည်သူ့ ကော်မရှင်နာကောင်စီက ၁၉၁၈ ခုနှစ်၊ ဇန္န၀ါရီ ၃၁၊ ဗုဒ္ဓဟူးနေ့ ၏ နောက်တစ်ရက်ကို ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်၊ ကြာသပတေးနေ့အဖြစ် မှတ်ယူကျင့်သုံးကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။ (မူလပြက္ခဒိန်မှ ၁၃ ရက်ခွာထားသည်။)

ဂရိနိုင်ငံတွင် ၁၉၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ ၏ နောက်တစ်ရက်ကို ၁၉၂၃ ခုနှစ် မတ်လ ၁ ရက်၊ ကြာသပတေးနေ့အဖြစ် သတ်မှတ်၍ လက်ခံသုံးစွဲခဲ့သည်။ (မူလပြက္ခဒိန်မှ ၁၃ ရက်ခွာထားသည်။) ထို့ပြင် အယ်လ်ဘေးနီး ယားနိုင်ငံ၌ ၁၉၁၂ ခုနှစ်၊ ဘူးလ်ဂေးရီးယား၌ ၁၉၁၆၊ ရူမေးရီနီးယားနိုင်ငံတွင် ၁၉၂၄ နှင့် တူရကီနိုင်ငံတွင် ၁၉၂၇ ခုနှစ်များ၌ လက်ခံသုံးစွဲခဲ့ကြလေသည်။

သို့သော်လည်း ၂၀၁၂ ခုနှစ်၊ မေလက ဆော်ဒီအာရေဗျနိုင်ငံတွင် ဂရေဂေါရီယန်ပြက္ခဒိန်ကို လုံးဝမသုံးတော့ဟု ထုတ်ပြန်ကြေငြာခဲ့သည်။

 
၂၊ ၇၊ ၆။ ဂရေဂေါရီယန်ပြက္ခဒိန်ကို အရှေ့အာရှတိုင်းပြည်များမှ လက်ခံသုံးစွဲကြခြင်း (Adoption in Eastern Asia) ၂၈


            ဂျပန်နိုင်ငံက ဂရေဂေါရီယန်ပြက္ခဒိန်ကို စတင်လက်ခံကျင့်သုံးသည်မှာ ၁၈၇၃ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့ဖြစ်၏။ သို့သော်လည်း အရေးကြီးသော စာချုပ်စာတမ်းများတွင် ရိုးရာပြက္ခဒိန်နှစ်များကိုပါ သုံးပါသေးသည်။ ဥပမာ - မေဂျိ၁ = ၁၈၆၈၊ တိုင်ရှို၁ = ၁၉၁၂၊ ရှို၀၁ = ၁၉၂၆၊ ဟေဆေး၁ = ၁၉၈၉ စသဖြင့်ဖြစ်၏။ 

            ကိုးရီးယားနိုင်ငံက ဂရေဂေါရီယန်ပြက္ခဒိန်ကို စတင်လက်ခံကျင့်သုံးသည်မှာ ၁၈၉၅ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့ဖြစ်၏။

တရုတ်နိုင်ငံတွင် ဂရေဂေါရီယန်ပြက္ခဒိန်ကို စတင်သုံးစွဲသည်မှာ ၁၉၁၂ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့ဖြစ်၏။ သို့သော် လည်း တရုတ်ပြည်တွင် စစ်ဘုရင်များအုပ်ချုပ်သောခေတ် ဖြစ်ထွန်းခဲ့ရာ အုပ်ချုပ်သည့်စစ်ဘုရင်များသည် သူတို့စိတ်ကြိုက် ပြက္ခဒိန်များကို သူတို့ခေတ်တွင် အသုံးပြုခဲ့ကြသည်။ ၁၉၂၈ အောက်တိုဘာလတွင် တရုတ်အမျိုးသားပါတီဖြစ်သည့် ကူမင်တန် က ဂရေဂေါရီယန်ပြက္ခဒိန်ကိုသုံးရမည်ဟု ၁၉၂၉ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ သို့တိုင် တရုတ်ရိုးရာပြက္ခဒိန်နှစ်များကို ဆက်လက်သုံးစွဲနေဆဲ ဖြစ်၏။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ပြီး သည့်နောက်ပိုင်းတွင်မူ ရိုးရာပြက္ခဒိန်ကို မသုံးတော့ဘဲ ဂရေဂေါရီယန်ပြက္ခဒိန်နှစ်များကိုသာ သုံးစွဲတော့သည်။

            မြန်မာနိုင်ငံသမိုင်းတွင်မူ ဂရေဂေါရီယန်ပြက္ခဒိန်ကို စတင်သုံးခဲ့သည့် သမိုင်းမှတ်တမ်းများ မတွေ့ဖူးပါ။ မြန်မာတို့ သည် ကိုယ့်မင်းကိုယ့်ချင်းနှင့်နေခဲ့စဉ်က မိမိတို့တွင် တိကျမှန်ကန်သော ပြက္ခဒိန်ရှိပြီးဖြစ်၍ အနောက်တိုင်းပြက္ခဒိန်ကို လက်ခံ သုံးစွဲလိမ့်မည်မထင်ပါ။ ထိုအချိန်က ဂရေဂေါရီယန်ပြက္ခဒိန်မှာ မြန်မာနိုင်ငံသို့ ရောက်ချင်မှတောင် ရောက်ဦးမည် ဖြစ်ပါသည်။

            သို့သော် ၁၈၂၄ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၅၂ နှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင်တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်စစ်ပြု ကာ သိမ်းပိုက်ပြီးသည်နောက် အင်္ဂလိပ်တို့ မြန်မာနိုင်ငံအတွင်း ချဉ်းနင်းဝင်ရောက်လာကာ ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အစပြုခဲ့သည်။ ၎င်းတို့ဝင်ရောက်လာခြင်းနှင့်အတူ ၎င်းတို့လက်ခံကျင့်သုံးနေသော ဂရေဂေါရီယန်ပြက္ခဒိန်ကိုပါ သယ်လာမည် ကို ယုံမှားသံသယရှိစရာမလိုပါ။

            ထို့ကြောင့် ဂရေဂေါရီယန်ပြက္ခဒိန်သည် အင်္ဂလိပ်တို့နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ၁၈၂၄ မှစတင်ဝင်ရောက်လာ ကာ ၁၈၈၅ ခုနှစ်တွင်မူ မြန်မာ့ပြက္ခဒိန်ကို အလဲထိုးလျှက် အုပ်ချုပ်ရေးပိုင်း၊ အစိုးရရုံးဌာနပိုင်းများတွင် အခန့်သားနေရာယူ ထားပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ မြန်မာရိုးရာ ပြက္ခဒိန်မှာမူ မြို့ပြနှင့်ဝေးသော တောကျေးလက်များသို့ တစ်နေ့တခြား ရွေ့လျားသွားခဲ့သည်မှာ ယခုတိုင် ဖြစ်ပါသည်။
           

၂၊ ၇၊ ၇။ ကမ္ဘာ့ပြက္ခဒိန် (World Calendar) ၃၀
 

            နှစ်စဉ်နှစ်တိုင်း ပြက္ခဒိန်များကို တွက်ချက်နေရခြင်းဒုက္ခမှကင်းလွတ်စေရန် ဂရေဂေါရီယန်ပြက္ခဒိန်ကို ပြန်လည်ပြုပြင် ကာ ကမ္ဘာ့ပြက္ခဒိန်ပြုရေးအတွက် အီတလီဘုန်းတော်ကြီးတစ်ဦးဖြစ်သူ မာကို မက်စ်ထရိုဖိနိ (Marco Mastrofini) က ၁၈၃၄ ခုနှစ်တွင် တင်ပြခဲ့ပါသည်။ ၎င်းတင်ပြခဲ့သော ကမ္ဘာ့ပြက္ခဒိန်မှာ နှစ်အားလုံးအတွက် အတူတူပင်ဖြစ်၏။ ဘာမှ ပြုပြင် ပြောင်းလဲရန်မလို။

            ထိုပြက္ခဒိန်ကို နှစ်တိုင်း တနင်္ဂနွေနေ့ဖြင့်စပြီး စနေနေ့ဖြင့် ဆုံးသည်။ ပြက္ခဒိန်၌ တူညီသော အပိုင်းလေးပိုင်းပါသည်။ အပိုင်းတိုင်းကို တနင်္ဂနွေနေ့ဖြင့်စပြီး စနေနေ့ဖြင့်ဆုံးသည်။ တစ်ပိုင်းလျှင် ၉၁ ရက် (သို့မဟုတ်) ၁၃ ပတ် (သို့မဟုတ်) သုံးလစီ ပါသည်။ ထိုသုံးလတွင် ၃၁ ရက်ပါသောလ, တစ်လ၊ ရက် ၃၀ ပါသောလ, နှစ်လစီပါသည်။ ပထမပိုင်းကို ၃၁ ရက်ပါသည့် ဇန္န၀ါရီလဖြင့်လည်းကောင်း၊ ဒုတိယပိုင်းကို ၃၁ ရက်ပါသည့် ဧပြီလဖြင့်လည်းကောင်း၊ တတိယပိုင်းကို ၃၁ ရက်ပါသည့် ဇူလိုင်လဖြင့်လည်းကောင်း၊ စတုတ္ထပိုင်းကို ၃၁ ရက်ပါသည့် အောက်တိုဘာလဖြင့်လည်းကောင်း စသည်။

            တစ်ပိုင်းလျှင် ၉၁ ရက်ကျဖြင့် ၄ ပိုင်းတွင် စုစုပေါင်း ၃၆၄ ရက်ဖြစ်၏။ ထို့ကြောင့် ၃၆၅ ရက်ပြည့်ရန် ဒီဇင်ဘာလပြီး နောက်တစ်ရက်ထပ်ဖြည့်လိုက်သည်။ ဤရက်ကို ကမ္ဘာ့နေ့ (Worldsday) ဟုခေါ်ပြီး သင်္ကေတ “W” ဖြင့် သတ်မှတ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးသည့် အထိမ်းအမှတ်အဖြစ် တစ်ကမ္ဘာလုံး၏ အလုပ်ပိတ်ရက်ဟု သတ်မှတ်မည်။ ထိုရက်သည် ဒီဇင်ဘာလ ၃၀ ရက်၊ စနေနေ့၏ နောက်တစ်ရက်ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည်မပေးဘဲ ဖျောက်ထားလိုက်၏။ ထိုရက်၏ နောက် တစ်ရက်မှာ ဇန္န၀ါရီလ ၁ ရက်၊ တနင်္ဂနွေ၊ နှစ်ကူးရုံးပိတ်ရက်ဖြစ်သည်။

            အကယ်၍ ရက်ထပ်နှစ်ဖြစ်ပါက ဇွန်လနောက်ဆုံးရက်တွင် နောက်ထပ်တစ်ရက်ထပ်ထည့်ကာ သင်္ကေတ “W” ဖြင့် သတ်မှတ်ပြီး ‘ရက်ထပ်နှစ်ရက်’ (Leap Year Day) ဟု ခေါ်ဆိုမည်ဖြစ်သည်။ ထိုရက်သည် ဇွန်လ ၃၀ ရက်၊ စနေနေ့၏ နောက်တစ်ရက်ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည်မပေးဘဲ ဖျောက်ထားလိုက်သည်။ ထိုရက်၏ နောက်တစ်ရက်မှာ ဇူလိုင်လ ၁ ရက်၊ တနင်္ဂနွေနေ့ ဖြစ်သည်။

            ကမ္ဘာ့ပြက္ခဒိန်၏ အပိုင်းတစ်ပိုင်းစီ ဖွဲ့စည်းထားပုံမှာ အောက်ပါအတိုင်း ဖြစ်၏။
 

Jan, Apr, Jul, Oct
Feb, May, Aug, Nov
Mar, Jun, Sep, Dec
S
1
8
15
22
29
5
12
19
26
3
10
17
24
M
2
9
16
23
30
6
13
20
27
4
11
18
25
T
3
10
17
24
31
7
14
21
28
5
12
19
26
W
4
11
18
25
1
8
15
22
29
6
13
20
27
T
5
12
19
26
2
9
16
23
30
7
14
21
28
F
6
13
20
27
3
10
17
24
1
8
15
22
29
S
7
14
21
28
4
11
18
25
2
9
16
23
30
30th December, Worldsday follows
30th June, Leapyear day follows (only on leap years)

           ကမ္ဘာ့ပြက္ခဒိန်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


အဲလစ်ဇဘက် အခေလစ်ဇ် (Elisabeth Achelis) က ၁၉၃၀ ခုနှစ်တွင် ကမ္ဘာ့ပြက္ခဒိန်ကို နိုင်ငံတကာမှ လက်ခံ လာစေရန် ကမ္ဘာ့ပြက္ခဒိန်အဖွဲ့ (The World Calendar Association - TWCA) ကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ၎င်းတို့အဖွဲ့ သည် နှစ်ပေါင်းအစိတ်ကျော်ကြာသည်ထိ လှုပ်ရှားခဲ့ကြသည်။ ၁၉၃၀ ခုနှစ်များက (ယခု ကုလသမဂ္ဂဖြစ်လာမည့်) နိုင်ငံပေါင်းချုပ် အသင်းကြီးကပါ ကမ္ဘာ့ပြက္ခဒိန်ကို ထောက်ခံခဲ့သည်။ အခေလစ်ဇ်သည် ၁၉၃၁ ခုနှစ်မှစကာ ပြက္ခဒိန် ပြန်လည်ပြင်ဆင်ရေး ဂျာနယ် (Journal of Calendar Reform) ကို ထုတ်ဝေခဲ့သည့်ပြင် ပြက္ခဒိန်နှင့်ပတ်သက်၍လည်း စာအုပ် ၅ အုပ် ရေးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်တွင် အခေလစ်ဇ်သည် ကမ္ဘာ့ပြက္ခဒိန်ကို နိုင်ငံတကာမှ ထောက်ခံမှုများရရန် ကြိုးပမ်းခဲ့သည်။ သူ၏ကြိုးပမ်းမှုဖြင့် အမေရိကန် ကွန်ဂရက်တွင် ထည့်သွင်းဆွေးနွေးသည်ထိ ဖြစ်လာသည်။ သို့သော် ဤ ကမ္ဘာ့ပြက္ခဒိန်ကိစ္စကို ကိုင်တွယ်ရန် အသင့်တော်ဆုံးမှာ ကုလသမဂ္ဂ ဖြစ်သည်ကိုမူ သူမအနေနှင့် လက်မခံနိုင်စရာမရှိပါ။ 

            သို့သော်လည်း ဤကိစ္စမှာ တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအရေးဖြစ်၍ မလွယ်ကူလှ။ ၁၉၅၅ ထိတိုင် ကုလသမဂ္ဂတွင် လိပ်ခဲတည်းလည်းဖြစ်နေရသည်။ ကမ္ဘာ့ပြက္ခဒိန်ကို ၁၉၅၆ ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့မှ စတင်အသုံးပြုရန် ကုလသမဂ္ဂတွင် အမေရိကန်ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ရာ အိန္ဒိယက ထောက်ခံသဘောတူသည်။ မြန်မာပြည်အစိုးရထံသို့လည်း ထောက်ခံ၊ မထောက်ခံမေးမြန်းလေသည်။ မြန်မာအစိုးရက ပြက္ခဒိန်အကြံပေးအဖွဲ့သို့ အဆိုပါ ကမ္ဘာ့ပြက္ခဒိန် သဘောများနှင့် အကြံဉာဏ်များ တောင်းခံခဲ့သည်။

ထိုအခါ၌ မြန်မာပြက္ခဒိန်အဖွဲ့တွင် မြန်မာဗေဒင်ပညာရှိများနှင့်ပက္ခဒိန်ပညာရှိ ဘုန်းတော်ကြီးတစ်ပါးအပါအ၀င် ပုဂ္ဂိုလ် ၁၈ ဦးတို့ အစည်းဝေးပွဲကျင်းပသည်။ အနောက်နှင့်အရှေ့ နက္ခတ်ပညာရှိ နှစ်ဦးသာရှိသော်လည်း ကျန်တစ်ဦးမှာ အကြောင်း မညီညွတ်သဖြင့်  အစည်းအဝေးသို့ မတက်ရောက်နိုင်ချေ။ ပြက္ခဒိန်အစည်းအဝေးမှ ဤကမ္ဘာ့ပြက္ခဒိန်သည် နေ့ဖျောက်သော ပြက္ခဒိန်ဖြစ်သဖြင့် မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အသုံးမပြုထိုက်။ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေသဖြင့် ကမ္ဘာ့ပြက္ခဒိန် ကို မြန်မာအစိုးရက ထောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးတွင် အခေလစ်ဇ်သည် သူမ၏ TWCA အဖွဲ့ကြီးကို ၁၉၅၆ ၌ ဖျက်သိမ်းလိုက်တော့သည်။

            TWCA ကိုပင်ဖျက်သိမ်းလိုက်လင့်ကစား ယခုတိုင် လက်မလျှော့စတမ်း ကြိုးပမ်းနေသူများလည်း ရှိပါသည်။ ၎င်းတို့က ကမ္ဘာ့ပြက္ခဒိန်ကို ၂၀၁၂ တွင် အသက်ဝင်လာစေရန် ကြိုးစားကြသည်။ ယခု TWCA ၏ ဒါရိုက်တာမှာ ၀ိန်းအက်ဒွပ်ရစ်ချတ်ဆင် (Wayne Edward Richardson of Ellinwood, Kansas) ဖြစ်သည်။ ၎င်းတို့၏ အင်တာနက် စာမျက်နှာမှာ http://www.theworldcalendar.org/ ဖြစ်ပါသည်။

 
- - - - - x x x x x အခန်း (၂) ပြက္ခဒိန်သမိုင်း ဤတွင်ပြီးပါပြီ။ x x x x x - - - - -

ဆက်ပါဦးမည်။

 

အေးငြိမ်း
၂၅ သြဂုတ်၊ ၂၀၁၂ ည ၈း၀၅ နာရီ



No comments: