Saturday, August 11, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၁၁)

 
အခန်း (၂)



ပြက္ခဒိန် သမိုင်း



၂၊ ၁။ ပြက္ခဒိန် ၏ အဓိပ္ပါယ်



ပြက္ခဒိန်ဆိုသည်မှာ လက်ရှိကာလအဖြစ်အပျက်များ၊ အတိတ်ကာလ၊ အနာဂတ်ကာလမှ အဖြစ်အပျက်များ စသည်တို့ကို မှတ်သားရလွယ်ကူစေရန်အတွက် လည်းကောင်း၊ အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာတို့တွင် သုံးစွဲရန်အတွက် လည်းကောင်း၊ လူမှုဘ၀၌ လက်ထပ်ထိမ်းမြားခြင်း၊ သာရေးနာရေးကိစ္စများ ဆောင်ရွက်ခြင်း၊ ဘာသာရေး အခမ်းအနားများ ကျင်းပခြင်း၊ တစ်ဦးနှင့်တစ်ဦး အချိန်းအချက်ပြုခြင်း စသည်တို့တွင် ရည်ညွှန်းပြောဆိုရန်အတွက် လည်းကောင်း အချိန်ကာလကို ပိုင်းခြားသတ်မှတ်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ရက်အပိုင်းအခြား၊ လအပိုင်းအခြား၊ နှစ်အပိုင်းအခြား၊ ရာသီဥတု အပိုင်းအခြားတို့ကို သတ်မှတ်ခြင်းဖြစ်၏။ ဤသို့သတ်မှတ်ရာတွင် ပြက္ခဒိန်၌ အတိုဆုံးသော အချိန်ကာလမှာ ရက် ဖြစ်သည်။ ရက်များကို သီတင်းပတ်များအဖြစ်၊ သီတင်းပတ်များကို လများအဖြစ်၊ လများ၏ အစုအဝေးကို နှစ်များအဖြစ် စီစဉ်သည်။ ထို့ကြောင့် ပြက္ခဒိန်တစ်ခုတွင် အခြေခံအားဖြင့် ရက်၊ သီတင်းပတ်၊ လ၊ နှစ် တို့ ပါဝင်သည်။

လူမျိုးဘာသာ၊ နိုင်ငံအလိုက် ပြက္ခဒိန်စီစဉ်ပုံများ ကွဲပြားသည်။ အချို့ပြက္ခဒိန်များမှာ ရိုးရှင်းသည်။ ကောင်းကင်နက္ခတ် အသွားအလာတို့နှင့်မပတ်သက်။ အချိန်ကာလကို ရည်ညွှန်းနိုင်ရန် သက်သက်သာ စီစဉ်ထားသည်။ ထိုပြက္ခဒိန်မျိုးကို နှစ်ပေါင်း ရာထောင်ချီပြီး စီစဉ်နိုင်သည်။ Perpectual Calendar ဟု ခေါ်၏။ နှစ်စဉ်အပြောင်းအလဲ သိပ်မရှိလှ။ အခြေခံဂဏန်းသင်္ချာတတ်လျှင် သာမန်လူများပင် တွက်နိုင်သည်။

သို့သော် အချို့သော ပြက္ခဒိန်များမှာ ကောင်းကင် နေလ၊ နက္ခတ်တာရာများနှင့် ဆက်စပ်ပတ်သက်နေသည်။ တွက်ပုံ တွက်နည်း ကိန်းဂဏန်းများပြားသလောက် အခေါ်အဝေါ်များလည်း ရှုပ်ထွေးလှသည်။ ကောင်းကင်ရှိ နေလ၊ နက္ခတ်တာရာ များ၏ တည်နေရာမှာ အမြဲပြောင်းလျှက်ရှိရာ ဤပြက္ခဒိန်မျိုးကို နှစ်တိုင်းအတွက်အသေတွက်ထား၍ မရ။ နက္ခတ်အသွား အလာများနှင့် အမြဲချိန်ညှိနေရသည်။ သာမန်လူတို့ တွက်ချက်နိုင်ရန် မလွယ်ကူ။ ထိုပြက္ခဒိန်မျိုးကို စီစဉ်တွက်ချက်နိုင်ရန် နက္ခတ် ကိန်းခန်းများ၊ ဂြိုဟ်သွားဂြိုဟ်နေများကို နားလည်တတ်မြောက်ရသည်။ ထိုပြက္ခဒိန်မျိုးမှာ လူနှင့်ကောင်းကင်ရှိ ဂြိုဟ် များ၏ ပေါင်းကူးတံတားပင်ဖြစ်တော့၏။ 

အချို့နိုင်ငံများတွင် ပြက္ခဒိန်များကို တရားဥပဒေပြဌာန်းပြီး ဥပဒေကြောင်းအရ ထုတ်ပြန်သော်လည်း အချို့နိုင်ငံများ တွင်မူ ဥပဒေမရှိ။ ရိုးရာနှုတ်ပြောဖြင့်သာ တွက်ချက်ထုတ်ပြန်ကြသည်။

သို့သော်လည်း ပြက္ခဒိန်အားလုံးတွင် တူညီချက်မှာ ထိုပြက္ခဒိန်သုံးနေသည့် လူ့အဖွဲ့အစည်းအတွက် အထောက်အကူ ပြုနိုင်ရန်၊ တစ်နည်းအားဖြင့် ထိုလူ့အဖွဲ့အစည်း၏ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးကို အထောက်အကူပြုနိုင်ရန် စီစဉ်ထားခြင်း ပင်ဖြစ်သည်။ ပြက္ခဒိန်မှာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အလွန်အသုံးဝင်လှသည်။ လယ်သမားများသည် ပြက္ခဒိန်မှ သတ်မှတ်ပေးထားသော ရက်များအလိုက် ထွန်ယက်စိုက်ပျိုးကြသည်။ တံငါသည်များသည်လည်း သည်ရက်ဆိုလျှင် ငါးကျတတ်သည်၊ သည်ရက်သွားလျှင်တော့ ငါးမရနိုင် စသဖြင့် ပြက္ခဒိန်ရက်များကို အားကိုးကြသည်။ မြန်မာများအဖို့မူ အရေးကြီးသော ကိစ္စတစ်ရပ်ဆောင်ရွက်တော့မည်ဆိုလျှင် ပြက္ခဒိန်လှန်သည်။ ဟဲ့ - ဒီနေ့ နေ့မကောင်းဘူး။ ဘယ်နေ့မှလုပ် စသဖြင့် နေ့ကောင်းရက်သာ ရွေးကြသည်။

လူ့အဖွဲ့အစည်းတော်တော်များများတွင် ပြက္ခဒိန်များမှာ လူ့ကံကြမ္မာနှင့်လည်း ပတ်သက်နေသေးသည်။ ထိုသူ မည်သူ့နေ့တွင် မွေးဖွားသည်ဆိုခြင်းကို တွက်ချက်ကာ သူ့ဘ၀တွင် အကောင်းအဆိုးများကို မည်ကဲ့သို့ကြုံတွေ့ရမည် စသဖြင့် ဗေဒင်ဆရာများက ဟောပြောကြသည်။ တစ်သက်စာ ဟောစာတမ်းများ ရေးသားရောင်းချကြသည်။

မြန်မာပြက္ခဒိန်တွင် မြန်မာတို့၏ ရိုးရာယုံကြည်မှုဖြစ်သည့် ပြဿဒါး၊ ရက်ရာဇာ၊ ၀ါရမိတ္တု စသည် တို့ကို လည်းကောင်း၊ ဘာသာရေးအခမ်းအနားများ ကျင်းပနိုင်ရန် ကဆုန်လပြည့်၊ သီတင်းကျွတ်လပြည့် စသည်တို့ကိုလည်း ကောင်း၊ နိုင်ငံရေးအတွက် အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စသဖြင့်လည်းကောင်း ထည့်သွင်းစီရင်ထားပါ သည်။ ထို့အတူ တရုတ်ရိုးရာပြက္ခဒိန်၊ အိန္ဒိယပြက္ခဒိန်တို့တွင်လည်း ၎င်းတို့၏ အခါကြီးရက်ကြီးများကို ထည့်သွင်းစီရင် ထားသည်။

သို့ဆိုလျှင် ပြက္ခဒိန် ဟူသည် မည်သည့်အဓိပ္ပါယ်ရှိပါသနည်း။

ပြက္ခဒိန် ဆိုသည်မှာ ပါဠိစကားလုံး “ပက္ခဒိန” ကို မြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်။

ပက္ခ + ဒိန => ပက္ခဒိန => ပက္ခဒိန် => ပြက္ခဒိန်



ပက္ခ ဆိုသည်မှာ လဆန်း၍သွားခြင်း၊ ဆုတ်၍သွားခြင်းကို ခေါ်ခြင်းဖြစ်သည်။ လဆန်းပက္ခ၊ လဆုတ်ပက္ခ ဟု ဆိုသည်။ ဒိန ဟူသည်မှာ နေ့ဖြစ်၏။ ထို့ကြောင့် ပက္ခဒိန ဟူသည် လဆန်းခြင်း၊ ဆုတ်ခြင်းတို့ကို ရေတွက်ထားသော နေ့များ ဖြစ်သည် ဟု အဓိပ္ပါယ်ရသည်။ သည့်အတွက် ယခု ခရစ်ပြက္ခဒိန် (calendar) ကို ပြက္ခဒိန်ခေါ်ခြင်းမှာ မမှန်ပါ။ အဘယ်ကြောင့် နည်း။ ပြက္ခဒိန်ဟူသည် လသွားနှုံးကို အခြေခံကာ လဆန်း၊ လဆုတ်ရက်များကို ဖော်ပြသည်။ မြန်မာ ပြက္ခဒိန်က လဆန်း ဘယ်နှရက်၊ လပြည့်၊ လဆုတ် ဘယ်နှရက်၊ လကွယ် ဟု ဖော်ပြသဖြင့် ပြက္ခဒိန်ဟုခေါ်တာ မှန်သည်။ ခရစ်ပြက္ခဒိန်က နေသွားနှုံးကို အခြေခံသည်။ လဆန်း၊ လဆုတ်ရက်ကို မဖော်ပြနိုင်။ သည့်အတွက် ခရစ်ပြက္ခဒိန်ကို ဘာသာပြန်စရာ စာလုံးရှား၍သာ ပြက္ခဒိန်ခေါ်ရသော်လည်း မမှန်။ မှားသည်။ ဦးဟုတ်စိန်၏ ပါဠိ - မြန်မာအဘိဓါန် စာမျက်နှာ ၅၆၉ တွင် ပဉ္စင်္ဂ (ပဉ္စ+အင်္ဂ) အင်္ဂါငါးပါး၊ *ပျက်ခဒိန် ဟုဖော်ပြထားပါသည်။

ယခင်ကမူ ပက္ခဒိန် ရေးလိုရေး၊ ပြက္ခဒိန်ရေးလိုရေး၊ အမျိုးမျိုးရေးကြသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ပြက္ခဒိန်တော်ဆက်အဖွဲ့က ပြက္ခဒိန် ဟု စာလုံးပေါင်းရမည် ဟု ဆုံးဖြတ်သည်မှအစ ပြက္ခဒိန်ဟုသာ တစ်မျိုးထည်း သုံးစွဲကြလေတော့သည်။



၂၊ ၂။ ပြက္ခဒိန်သမိုင်း



            မြန်မာတို့သုံးနေသော ပြက္ခဒိန်မှာ အိန္ဒိယပြက္ခဒိန်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အိန္ဒိယပြက္ခဒိန်သမိုင်းမှာ အလွန် ဒဏ္ဍာရီဆန်လှသည်။ ယုတ္တိမတန်လှ။ သို့သော် သူတို့က သူတို့ပြက္ခဒိန်ကို ကြီးကျယ်မြင့်မြတ်ကြောင်း၊ အလွန်အခြေအမြစ် ရှိလှကြောင်း ပြဆိုလို၍ ဤကဲ့သို့ရေးသားထားခြင်း ဖြစ်တန်ရာ၏။ နှောင်းခေတ်လူတို့ သိရှိနိုင်စေရန် ထည့်သွင်းဖော်ပြ လိုက်ပါသည်။

            ကမ္ဘာဦးအစသမယတွင် လူတို့အလိုဆန္ဒအလျောက် နေလနှစ်ပါးထင်ရှားစွာထွက်ပေါ်လာပြီးနောက် ဂြိုဟ်နက္ခတ် တာရာတို့သည် အသီးသီးထွက်ပေါ်လာကြသည် ဆို၏။ ဤတွင်လောကီအဘိဉာဉ်ရ တာပသမုနိရသေ့ဆရာတို့က ကောင်းကင်နက္ခတ်တို့ လှည့်ပတ်သွားလာဖြစ်ပျက်ပုံတို့ကို မျက်မြင်ကိုယ်တွေ့အရလည်းကောင်း၊ စကြာဝဠာ မဟာတံတိုင်းမှ အက္ခရာသင်္ကေတများအရလည်းကောင်း၊ မဟာသမ္မတမင်းနှင့်တကွ လူတို့အားဟောကြား၏။ မဟာသမ္မတမင်း ကား ကမ္ဘာဦး အစ သမ္မတဖြစ်သည်။ နေ့ရက်များမှစ၍ လဖြစ်လာခြင်း၊ လပြည့်ခြင်း၊ လကွယ်ခြင်း၊ လတစ်ဖန် ပြန်လည်ဆန်းသစ်ခြင်း၊ တစ်ဆယ့်နှစ်လဖြင့် တစ်နှစ်ပိုင်းခြားခြင်း စသည်တို့နှင့်တကွ နှစ်၊ လ၊ နေ့၊ ရက်များဖြင့် ပြက္ခဒိန်ပြုလုပ်ပေးကာ လူတို့အား လည်း ဝေဒပညာကို သင်ကြားပေး၏။

လောကီသိဒ္ဓိပေါက်မြောက်ကြကုန်သော မဟာမုနိရသေ့၊ ၀ါလမိကိရသေ့၊ ၀ါသိဒ္ဓရသေ့၊ တာလရသေ့၊ ၀ိသွာသရ ရသေ့ စသော အရှင်သူမြတ်တို့ကလည်း နှစ်၊ လ၊ ရက်၊ နေ့ ဖြစ်ပေါ်ပုံ၊ ခေါ်ဝေါ်ပုံ၊ ဝေါဟာရပညတ်များနှင့်တကွ ဝေဒသိပ္ပခေါ် ဝေဒပညာရပ်နှင့် နက္ခတ်အသွားအလာတို့ကို အစင်အကြယ်သိမြင်နိုင်ရန် ပြက္ခဒိန်တွက်နည်းကို လူအပေါင်းတို့အား သင်ကြား တတ်မြောက်စေ၏။

ထိုမဟာသမ္မတမင်းမှ ဆင်းသက်လာသော ဥက္ကာမုခမင်းလက်ထက်တွင် ၀ရဟာမိရသေ့၊ သိဒ္ဓိသေနရသေ့၊  မဟာ ယ၀နရသေ့၊ သတြရသေ့၊ နာဂရရသေ့ ဤငါးဦးသော လောကီပညာရှင် ရသေ့ဆရာများက နေ၊ လအစရှိသော နက္ခတ်တာရာ ဂြိုဟ်သွားဂြိုဟ်လာ၊ အတက်အဆုတ်များ၊ ဗေဒင်ဟောနည်းများနှင့်တကွ သက္ကရာဇ်တည်နည်း၊ ဖြိုနည်း၊ နှစ်ဆန်းတွက် ပြက္ခဒိန်နည်းများကို စနစ်တကျစီရင်၍ ထားခဲ့ကြသည် ဟုဆိုပါသည်။

ပြက္ခဒိန်သမိုင်းအရ ပထမသက္ကရာဇ်ဖြိုကိန်း၌ အာကာရဌမင်းက မဟာသုဒ္ဓ၀ယကိန်း (နှစ်ပေါင်း ၁၁၄၉၇၈၅) ကို လည်းကောင်း၊ ကုသမင်း က နာတိမဇ္ဇလဒံ္ဓ၀ိယကိန်း (နှစ်ပေါင်း ၁၄၉၃၈၅၆၀) ကိုလည်းကောင်း ဘိုးတော် အဉ္ဇနမင်းက မာဃစန္ဒေကိန်း (၈၆၄၅ နှစ်) ကိုလည်းကောင်း ဖြိုသည် ဟု ပြဆိုပါသည်။ ဤကိန်းများအရဆိုလျှင် အိန္ဒိယပြက္ခဒိန် စတင်ခဲ့သည်မှာ နှစ်ပေါင်း ၁၆ သန်းကျော်နေပြီ ဖြစ်၏။

သိပ္ပံတွေ့ရှိချက်များအရ ကျောက်ခေတ်အစမှာ လွန်ခဲ့သော နှစ်ပေါင်း ၃.၄ သန်းခန့်က ဖြစ်ပြီး လွန်ခဲ့သော နှစ် ၁၅ သန်းလောက်၌ လူမှာ လူအစစ်ပင်မဖြစ်သေးချေ။ လူတစ်ပိုင်း၊ ချင်ပင်ဇီတစ်ပိုင်းဘ၀၌သာ ရှိသေးသည်။ ထို့ကြောင့် ထို အိန္ဒိယ ပြက္ခဒိန်သမိုင်းမှာ ယုံနိုင်လောက်စရာမရှိပါ။ အာကာရဌမင်းနှင့် ကုသမင်းကိုပယ်လျှက် ဘိုးတော်အဉ္ဇနမင်း ဖြိုခဲ့သည်ဆိုသော ၈၆၄၅ နှစ်အရပင် အိန္ဒိယပြက္ခဒိန်ပေါ်ခဲ့သည်မှာ ဘီစီ ၉၀၀၀ အကျော်က ဖြစ်၏။ လူများစာကို စတင်တီထွင်ရေးသားသည်မှာ ဘီစီ ၃၀၀၀ ကမှ ဖြစ်၏။ ဘီစီ ၅၀၀၀ ဟိုဘက်နှစ်များက သမိုင်းပင်မတင်သေးပါ။

ထိုမျှသာမကသေး။ ဤပြက္ခဒိန်တွက်ချက်သည့် နည်းလမ်းများကို ဖော်ပြထားသည့် သူရိယသိဒ္ဓန္တကျမ်းဆိုသည် မှာလည်း လူသာမန်တို့ရေးခြင်းမဟုတ်။ နေမင်းကိုယ်တိုင်ဟောကြားခဲ့သောကျမ်း ဖြစ်သည်ဆို၏။

စာရှုသူများ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်စဉ်းစားနိုင်ရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်။  

အိန္ဒိယနိုင်ငံသမိုင်းအရ သာကခေတ်နှစ်မျိုးရှိသည်။ သာကခေတ်ဟောင်းသည် ဘီစီ ၁၂၃ မှစသည်။ ဒုတိယသာက ခေတ်သည် အေဒီ ၇၈ မှစတင်ရေတွက်သည်။ ဤသည်ကိုကြည့်ခြင်းဖြင့် သက္ကရာဇ်နှစ်များကို ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၄၀၀ ကျော်မှ စတင်သုံးစွဲခဲ့ကြောင်း သိရသည်။ သို့သော်လည်း မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားကို  မဟာသက္ကရာဇ် ၆၈ နှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်ဟု မှတ်တမ်းမှတ်ရာရှိခဲ့ရာ မြတ်စွာဘုရားရှင် ပွင့်တော်မမူမီကာလကတည်းက အိန္ဒိယနိုင်ငံတွင် ပြက္ခဒိန်တစ်ခု အခိုင်အမာရှိနေပြီဖြစ်ကြောင်း သိနိုင်ပါသည်။ မြတ်စွာဘုရား ပွင့်တော်မမူမီက သုံးခဲ့သောနှစ်များမှာ ကလိယုဂ်နှစ်များ၊ မဟာသက္ကရာဇ်နှစ်များ ဖြစ်ပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးနောက် သာသနာနှစ်ကို သုံးသည်။ ဤသည့်နောက်တွင်မှ ယခုသုံးနေသော သက္ကရာဇ်နှစ်များ ဖြစ်ပါသည်။    


၂၊ ၃။ သူရိယသိဒ္ဓန္တ




မြန်မာပြက္ခဒိန် သို့မဟုတ် အိန္ဒိယပြက္ခဒိန်အကြောင်းများပြောလျှင် သူရိယသိဒ္ဓန္တအကြောင်း မပါလို့မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ဘိုးဘွားများသုံးခဲ့သော၊ ယခုကျွန်တော်တို့သုံးနေသော ပြက္ခဒိန်များကို       သူရိယသိဒ္ဓန္တကျမ်းလာ နည်းလမ်းများအရ တွက်ချက်ရသောကြောင့် ဖြစ်၏။ သည့်ထက်ရှင်းအောင်ပြောရလျှင် မြန်မာပြက္ခဒိန်ကို မည်ကဲ့သို့တွက်ပါသနည်း ဟုမေးလာခဲ့လျှင် သူရိယသိဒ္ဓန္တကျမ်းလာနည်းများအတိုင်း တွက်သည်ဟု ဖြေရမည်ဖြစ်ပါ၏။

သူရိယသိဒ္ဓန္တကျမ်းဟူသည်မှာ ကောင်းကင်ရှိ နေလ၊ နက္ခတ်တာရာများ၏ တည်နေရာကို အတိအကျတွက်ပြသော ကျမ်းဖြစ်၏။ သူရိယသိဒ္ဓန္တကျမ်းလာနည်းများသုံးလျှက် ဂြိုဟ်များ၏တည်နေရာကို တွက်ချက်ကာ ဗေဒင်ဆရာတို့ ဇာတာ ဖွဲ့ကြသည်။ ဗေဒင်ဟောစာတမ်းများ ထုတ်ကြသည်။

သူရိယသိဒ္ဓန္တကို မည်သူရေးသည်ပင်ဖြစ်စေ ကျွန်တော်အလွန်အံ့သြမိသည်မှာ အလွန်ရှုပ်ထွေးလှသော နက္ခတ္တဗေဒ သင်္ချာပညာ၊ ဟင်းလင်းပြင် ဂဲသြမေတြီ (Space Geometry) ပညာရပ်ကို အိန္ဒိယနက္ခတ္တဗေဒပညာရှင်ကြီးများက အေဒီ ၄၀၀ ခုနှစ်လောက်ကတည်းက အလွန်တိကျမှန်ကန်စွာ တွက်ချက်အဖြေထုတ်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ထိုခေတ်က ခေတ်မီ နက္ခတ်ကြည့်မှန်ပြောင်းများပင် ပေါ်သေးသည်မဟုတ်။ ကြယ်တာရာများကို သာမန်မျက်စိဖြင့် ကြည့်ရှုလေ့လာခဲ့ကြဖို့ များပါ သည်။ ဂယ်လီလီယို မှန်ပြောင်းကို တီထွင်ပြီး ကြယ်တာရာများကိုကြည့်ခဲ့တာ အေဒီ ၁၆၀၈ ခုနှစ်ကျမှ ဖြစ်၏။ သို့တိုင် သူရိယသိဒ္ဓန္တတွက်ကိန်းများမှာ ယနေ့ ခေတ်သိပ္ပံတွက်ကိန်းများနှင့် အလွန်နီးစပ်ပါသည်။

            သို့ဆိုလျှင် သူရိယသိဒ္ဓန္တကျမ်း အကြောင်းမှာ စိတ်ဝင်စားစရာ မကောင်းပါသလော။ အမှန်ပင်စိတ်ဝင်စားစရာ ကောင်းပါသည်။ ထို့ပြင် သူရိယသိဒ္ဓန္တကျမ်း မြန်မာပြည်သို့မည်ကဲ့သို့ ရောက်လာသည်။ မြန်မာတို့ မည်ကဲ့သို့ အသုံးချခဲ့သည် စသည်တို့မှာ မြန်မာ့ယဉ်ကျေးမှုရေးရာသမိုင်း ဖြစ်သည်။ ပျောက်ပျက်မသွားစကောင်း။ သို့သော် သူရိယသိဒ္ဓန္တအကြောင်း မြန်မာ့သမိုင်းမှတ်တမ်းများတွင် အကျယ်တ၀င့်ဖော်ပြခဲ့ဖူးပါသလား။ မဖော်ပြပါ။ မြန်မာအတော်များများမှာ ဗေဒင်ပညာကိုသာ မလိုက်စားဖူးပါက သူရိယသိဒ္ဓန္တနာမည်ကိုပင် ကြားဖူးမည်မဟုတ်ပါ။

            ထို့ကြောင့် စာမျက်နှာပင် များသည်ဖြစ်စေ  “၃၂ နှစ် ရှေ့ပြေး ဂြိုဟ်သွားပြက္ခဒိန်ကောက်နည်း” စာအုပ်မှ ပျဉ်းမနား ဦးသန်းမောင်ရေးသားခဲ့သော သူရိယသိဒ္ဓန္တသမိုင်းကြောင်းကို ထည့်သွင်းဖော်ပြချင်ပါသည်။



သီရိသူရိယသိဒ္ဓန္တ



            အိန္ဒိယပြည်တွင် နက္ခတ္တဗေဒတွက်ရိုး ကျမ်းပေါင်းများစွာရှိခဲ့သည်။ ၎င်းကျမ်းများအနက် သိဒ္ဓန္တကျမ်း ၁၈ မျိုးသည် အခြေခံဖြစ်သည်။



သိဒ္ဓန္တ ၁၈ မျိုး



၁။
သူရိယသိဒ္ဓန္တ
၁၀။
မစိ ၦသိဒၶႏ ၱ
၂။
ပိတမဟာသိဒၶႏ ၱ
၁၁။
မနုသိဒ္ဓန္တ
၃။
ဗျာသသိဒ္ဓန္တ
၁၂။
အင်္ဂီရသိဒ္ဓန္တ
၎။
ဝသိထသိဒ္ဓန္တ
၁၃။
လောမသသိဒ္ဓန္တ
(ရောမကသိဒ္ဓန္တ)
၅။
အတ္ထိသိဒ္ဓန္တ
၁၄။
ပေါလိသသိဒ္ဓန္တ
၆။
ပရာသရသိဒ္ဓန္တ
၁၅။
စယ၀နသိဒ္ဓန္တ
၇။
ကဿဖသိဒ္ဓန္တ
၁၆။
ယ၀နသိဒ္ဓန္တ
၈။
နာရဒသိဒ္ဓန္တ
၁၇။
ဘရဂုသိဒ္ဓန္တ
၉။
ဂဂ္ဂသိဒ္ဓန္တ
၁၈။
သောနကသိဒ္ဓန္တ



၎င်းသိဒ္ဓန္တကျမ်း ၁၈ မျိုးတွင် သူရိယသိဒ္ဓန္တသည် ထိပ်ဆုံးကပါဝင်သည်။ အချို့သိဒ္ဓန္တကျမ်းများမှာ နာမည်သာရှိတော့ ပြီး မူရင်းကျမ်းများမှာ ကွယ်ပျောက်ကုန်ပြီဟု ဆိုပါသည်။ ဗြို့ဟဇ်ဇာတက၊ ဗြို့ဟဇ်သံဟိတ၊ အပ္ပဇာတက၊ ယောဂယတြာ စသော ဗေဒင်အဟောကျမ်းများကို ရေးခဲ့သော ၀ရဟာမိဟိရလက်ထက်ကမူ ပဉ္စသိဒ္ဓန္တိကခေါ် သိဒ္ဓန္တကျမ်း ၅ မျိုးသာ ရှိခဲ့သည်။



ပဉ္စသိဒ္ဓန္တိက ၅ မျိုး
၁။
ပေါလိသသိဒ္ဓန္တ
၂။
ရောမကသိဒ္ဓန္တ
၃။
ဝသိထသိဒ္ဓန္တ
၎။
သူရိယသိဒ္ဓန္တ
၅။
ပိတမဟာသိဒ္ဓန္တ



သူရိယသိဒ္ဓန္တမှတစ်ပါး အောက်ပါ သိဒ္ဓန္တကျမ်းများနှင့် အခြားသော နက္ခတ္တဗေဒ တွက်ရိုးကျမ်းများသည် အိန္ဒိယ ပြည်တွင် ယခုထက်တိုင် ထင်ရှားလျှက် ရှိကြသေး၏။



ကျမ်းအမည်
ကျမ်းပြုဆရာ
ခုနှစ် (အေဒီ)
မှတ်ချက်
၁။
အရိယဘတ္တိယ
အရိယဘတ္တ (၁)
၄၉၉
အရိယသိဒ္ဓန္တဟုလည်း ခေါ်သည်။
၂။
ရောမကသိဒ္ဓန္တ
လာဍဒေဝ
၅၀၅
၃။
ပေါလိသသိဒ္ဓန္တ
လာဍဒေဝ
၅၀၅
၎။
ပဉ္စသိဒ္ဓန္တိက
ဝရဟမိဟိရ
၅၅၀
၅။
ဗြဟ္မဖုဋသိဒ္ဓန္တ
ဗြဟ္မဂုတ္တ
၆၂၈
ဗြဟ္မသိဒ္ဓန္တဟုလည်း ခေါ်သည်။
၆။
ဗြဟ္မဖုဋသိဒ္ဓန္တ
ခဏ္ဍခါဒယက
၆၂၈
၇။
သစ္စယဓိဗ္ဗဓိဒ
လာလ
၇၄၈
၈။
လဃုမာသန
မဉ္ဇူလ
၉၃၂
၉။
ဗြဟမာနသ
မဉ္ဇူလ
၉၃၂
၁၀။
သိဒ္ဓန္တသေခရ
သီရိပတိ
၁၀၂၈
၁၁။
သိဒ္ဓန္တသိရောမဏိ
ဘာသကြ (၂)
၁၁၅၀



အခြားသော သိဒ္ဓန္တကျမ်းများ



၁။
သောမသိဒ္ဓန္တ
၇။
သဗ္ဗဘောမသိဒ္ဓန္တ
၂။
ဗြို့ဟဇ်ပတိသိဒ္ဓန္တ
၈။
လဃုအရိယသိဒ္ဓန္တ
၃။
ဘောဇသိဒ္ဓန္တ
၉။
ဗြို့ဟဇ်အရိယသိဒ္ဓန္တ
၎။
ဝရာဟသိဒ္ဓန္တ
၁၀။
သိဒ္ဓန္တသုန္ဒရ
၅။
သုန္ဒရသိဒ္ဓန္တ
၁၁။
ဂြဟလာဂ၀သိဒ္ဓန္တ
၆။
တတ္တ၀ါဝိဝေကသိဒ္ဓန္တ
၁၂။
သိဒ္ဓန္တဒပ္ပန



            ဆိုင်ရာတွက်ရိုးတို့၏ ဋီကာကျမ်းများလည်း ရှိကြသည်။ ထိုထို သိဒ္ဓန္တကျမ်းများကို အမှီပြုပြီး ခေတ်အဆက်ဆက် ရေးသားလာခဲ့ကြသော ကျမ်းများလည်းရှိသည်။ ဤတွင် မြန်မာ သံဒိဋ္ဌကျမ်း၏ မှီခိုရာဖြစ်သော သူရိယသိဒ္ဓနှင့် ဋီကာများ အကြောင်း ဖော်ပြပါမည်။

            သူရိယသိဒ္ဓန္တအမည်ကို Established Truth ဟု ဘာသာပြန်ချက်ရှိသည်။ တည်မြဲသော မှန်ကန်ခြင်း သို့မဟုတ် တိတိကျကျ မှန်ကန်ခြင်းဟု မြန်မာလိုနားလည်နိုင်၏။ ရမည်းသင်းသိမ်ကုန်းဆရာတော် ဦးစာရိတ္တ၏ ဘာမိဿကတွက်ရိုး ဋီကာတွင် -

‘သူရိယဿ ဂမနံ သိဇ္ဈတိ ဧတ္တ ဧတေနာတိ သူရိယသိဒ္ဓန္တော’ ဟု ၀ိဂြိုဟ်ဖွင့်ပြ၏။

            ဧတ္တ ဧတသ္မိံ ဂန္ဓေ၊ ဤကျမ်း၌။ ၀ါ ဧတေန၊ ထိုကျမ်းဖြင့်။ သူရိယဿ၊ နေ၏။ ဂမနံ၊ သွားခြင်းကို။ သိဇ္ဈတိ၊ ကြံစည် တိုင်းထွာ အစိပ်ဖြာ၍ ပြီးစီး၏။ ဣတိတသ္မာ၊ ထိုသို့ပြီးစီးရာ ပြီးစီးကြောင်းဖြစ်သော သတ္တိကြောင့်။ သောဂန္ဓော၊ ထိုကျမ်းသည်။ သူရိယသိဒ္ဓန္တော၊ သူရိယသိဒ္ဓန္တ မည်၏။  

            နေမင်း၏သွားခြင်းကို ကြံစည်တိုင်းထွာ၍ ပြီးစီးသောကြောင့် သူရိယသိဒ္ဓန္တ ခေါ်သည်ဟု ဆိုလို၏။

သူရိယ = နေမင်း၊ သိဒ္ဓန္တ= သိဒ္ဓ+အန္တ = ပြီးဆုံးခြင်း

သူရိယသိဒ္ဓန္တ = နေလ၊ ဂြိုဟ်နက္ခတ်တို့ သွားလာပုံကို အစအဆုံးတွက်ချက်ပြီးသော နက္ခတ္တဗေဒတွက်ရိုးကျမ်း

            သူရိယသိဒ္ဓန္တကျမ်းအရ ကမ္ဘာကြီး၏ သက်တမ်းကို စတုယုဂ် လေးပါး (ကတယုဂ်၊ တေတြယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ်) ဖြင့်တိုင်းတာသည်။ နေမင်းသည် ကတယုဂ်တစ်ခုကုန်ဆုံးတိုင်း သူရိယသိဒ္ဓန္တကျမ်းကို ဟောမြဲဖြစ်သည်ဟု ဆိုသည်။ မယ ဟု အမည်ရှိသော အသူရာက နက္ခတ္တဗေဒကျမ်းကို သိလိုတတ်လိုသဖြင့် နေမင်းက ဟောပြခြင်းဖြစ်သည်။ သို့သော် နေမင်းကိုယ်တိုင် ဟောခြင်းမဟုတ်ချေ။ သူ၏ကိုယ်စား ကာလပူရိသယောက်ျားမြတ်က ဟောသည်ဟု ဆိုသည်။  

            သို့ဆိုလျှင် နေမင်းကိုယ်စားဟောသည်ဆိုသော ကာလပူရိသဟူသည် အဘယ်သူနည်း။ ဘယ်မှာရှိသနည်း။ ယခုခေတ် အသိပညာအားဖြင့် တနင်္ဂနွေဂြိုဟ်၊ နေမင်းဆိုသည်မှာ ကောင်းကင်ရှိ ကြယ်တစ်လုံးသာဖြစ်သည်။ အချင်းမိုင် ပေါင်း ၈၆၅၃၇၀ ရှိ၊ ကမ္ဘာဂြိုဟ်ထက် ၁၀၉ ဆ ကြီးသော မီးတဟုန်းဟုန်းတောက်လောင်နေသည့် ဟိုက်ဒြိုဂျင်ဓါတ်ငွေ့လုံးကြီး သာဖြစ်သည်။ ရှေးယခင်က ယုံကြည်ခဲ့ကြသော နေနတ်သား၊ နေဗိမာန်ဟူသည်မှာ ယခုခေတ်လူများအဖို့တော့ ဒဏ္ဍာရီ သက်သက်မျှဖြစ်သည်။ ယခုခေတ်တွင်သာ သည်ကျမ်းကို နေမင်းကဟောပါသည်ဟု ဆိုလျှင် မည်သူယုံပါမည်နည်း။ (သို့တိုင် ဂျပန်လူမျိုးတို့က သူတို့ကိုယ်သူတို့ နေနတ်မျိုးနွယ်ဟု ယုံကြည်ယူဆနေကြသည်။ သို့အတွက် သူတို့အလံတွင် နေလုံးကြီးကို တင်ထားခြင်း ဖြစ်၏။)

            သို့သော်ရှေးဟောင်း အိန္ဒိပြည်၏ သူတို့ခေတ်နှင့်သူတို့ တွေးခေါ်သော အတွေးအခေါ်အရ တွေးကြ၊ ရေးကြခြင်းသာ ဖြစ်သည်။ သူရိယသိဒ္ဓန္တကျမ်းကို မည်သူမှ တွက်ချက်ပြီး တီထွင်ရေးသားခြင်းမဟုတ်။ ကျမ်းပြုဆရာမရှိ၊ နေမင်းကသာ ဟောခြင်းဖြစ်သည်ဟု ဆိုလို၏။ ဤသို့ဆိုခြင်းမှာလည်း ဤကျမ်းကို အထင်ကြီးစေရန်၊ ယုံကြည်အားထားစေရန် ဖန်တီးထား ခြင်းဖြစ်တန်ရာသည်။ ကျမ်း၏ ဂုဏ်ပုဒ်ပင်တည်း။

            သူတို့ယုံကြည်ချက်နှင့် သူတို့ရှိခြင်းအားဖြင့် တွက်ရိုး၏ ကိန်းဂဏန်းသင်္ချာများကို ထိခိုက်စရာ အကြောင်းမရှိပေ။ အရေးကြီးသည်မှာ တွက်ရိုးအတိုင်းတွက်၍ နေ, လ, ဂြိုဟ်ရပ် ဂြိုဟ်နေကို သိဘို့သာဖြစ်သည်။ ခေတ်ပညာတတ် ဘာသာပြန် ကျမ်းဆရာများနှင့် နက္ခတ်ပညာရှင်များက ဤကျမ်းကို မယအမည်ရှိ အသူရာကပင်ရေးခဲ့လိမ့်မည်။ ထို မယအသူရာမှာလည်း အခြားသူမဟုတ်။ အဆီးရီးယားပြည်သား သို့မဟုတ် ဘေဘီလိုးနီးယားပြည်သားသာ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် အဆီးရီးယားနှင့် ဘေဘီလိုးနီးယားတိုင်းပြည်များကား ဂရိ နှင့် ရောမပြည်များ မထွန်းကားမီကပင် တိုးတက်ထွန်းကားနေပြီ ဖြစ်သောကြောင့်တည်း။  

            မည်သို့ပင်ဖြစ်စေ၊ ဤအချက်သည်အကြောင်းမဟုတ်။ နေမင်းကပင် ဟောဟော၊ နက္ခတ်ဆရာ တစ်ဦးတစ်ယောက် ကပင်ရေးသား ရေးသား။ လိုရင်းအချက်မှာ ၎င်းကျမ်းလာ နက္ခတ္တဗေဒပညာ၏ အဆီအနှစ်ပင်ဖြစ်လေ၏။ အစဉ်အလာ မှတ်တမ်းများအရ နေမင်းကပင်ဟောသည်ဟု ယူဆပါကလည်း ဘာမှဖြစ်မသွားချေ။ ဤတွက်ရိုးကျမ်းသည် သာမန်မဟုတ်။ နေမင်းကဟောခဲ့သော ကျမ်းဖြစ်သည်ဟု မှတ်တမ်းထားရခြင်းသည်ပင်လျှင် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ။ အလွန်ဂုဏ်ရှိ လှပေသည်။

            ခေတ်သုတေသီများနှင့် နက္ခတ်ပညာရှင်တို့ကမူ သူရိယသိဒ္ဓန္တကျမ်းကို အစောဆုံး အေဒီ ၄၀၀ နှင့် နောက်အကျဆုံး အေဒီ ၁၁၀၀ အတွင်းက ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသည်။ သို့သော် အိန္ဒိယနက္ခတ်ပညာရှိတို့ကမူ သူရိယသိဒ္ဓန္တကျမ်းကို ခရစ်တော်မဖွားမြင်မီ ဘီစီခေတ်ကတည်းက ရှိခဲ့ကြသည်ဟု ယူဆကြပါသည်။

No comments: