Monday, August 13, 2012

ကျွန်တော် အပြေးသမား


(၁)

            ငယ်စဉ်ကတည်းက ကျွန်တော် အားကစားနှင့်ပတ်သက်၍ အားကစားနည်း တော်တော်များများကို ၀ါသနာမပါပါ။ ယောက်ျားလေးအများစုမှာ ဘောလုံးပွဲကို သည်းသည်းမည်းမည်း ၀ါသနာပါကြသော်လည်း ထိုဘောလုံးပွဲများကို ကျွန်တော် နည်းနည်းလေးမှ စိတ်ဝင်စားလို့ မရပါ။

            မူလတန်းကျောင်းသားဘ၀က ကျွန်တော်တို့မောင်နှမတတွေ ညဘက်လသာသာမှာ ရွာလယ်လမ်းမကြီးပေါ်၌ ဒီထိုးတန်းကစားခြင်း၊ ထုပ်ဆီးတိုးခြင်း စသည်တို့ကို ညဥ့်နက်သန်းခေါင် ကစားဖူးခဲ့သော်လည်း အနည်းငယ် ကြီးပြင်းလာ သည့်အခါ အခြားယောက်ျားလေးများကဲ့သို့ ကျောက်ဒိုးရိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ ဘော်လီဘောပုတ်ခြင်း စသည်တို့ကိုမူ အခြားသူများကစားသည်ကို ခဏတစ်ဖြုတ် ငေးမောဖူးသည်ကလွဲ၍ စွဲစွဲလန်းလန်းကြည့်ခြင်း၊ ကိုယ်တိုင်ပါဝင်ကစားခြင်း စသည်တို့ တစ်ခါမှ မလုပ်ခဲ့ဖူးပါ။ မမ ကမူ ကျွန်တော့်ကို သည်လိုကစားပွဲများတွင် ပါဝင်ကစားစေချင်သည်။ ကိုယ့်မောင် ကစားနေတာကြည့်ပြီး အော်ဟစ်အားပေးလိုလှသည်။ သို့သော် ကျွန်တော်က နည်းနည်းကလေးမှ ၀ါသနာမပါ။

            သို့သော် ကြံကြံဖန်ဖန် သိုင်းကစားတာကျတော့ ၀ါသနာပါပြန်သည်။ ကျွန်တော် အလယ်တန်းကျောင်းသားဘ၀က အစ်ကိုဖြစ်သူ ကိုတင်ထူး နှင့် ရှမ်းကြီးသိုင်း၊ သိုင်းပြောင်းပြန် (ခူးကာချန့်)၊ မြန်မာ့ရိုးရာ နန်းတွင်းသိုင်း၊ ကရာတေး၊ ဗန်တို၊ ဗန်ရှည်၊ ရှောင်လင်သိုင်း စသည်တို့ တိုစိတိုစိ ကစားဖူးပါသည်။ သို့သော် တော ဆိုတော့ ဘယ်မှာသင်တန်းကျောင်းတွေ၊ ဆရာတွေ ရှိပါမည်နည်း။ အနည်းငယ် တတ်သူတို့ထံမှ ပြန်လည် သင်ယူရခြင်း ဖြစ်ပါသည်။ သို့အတွက် သိုင်းမျိုးအတော်စုံစုံ ပင် ကစားဖူးသော်လည်း တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မတတ်ခဲ့ပါ။ တချို့ဆရာများမှာ လူမဟုတ်ပါ။ သိုင်းဦးချစ်သန်း၊ ဦးပြေသိမ်း စသည့် သိုင်းဆရာကြီးများ ရေးသောစာအုပ်ကို ရှေ့ချပြီး ညီအစ်ကိုနှစ်ယောက် ကစားကြတာ ဖြစ်ပါသည်။ တုတ်သိုင်း၊ ဒါးသိုင်း၊ လှံသိုင်း အတော်စုံလှ၏။

            လူငယ်၊ လူလတ်အရွယ်များတွင်လည်း ဘာအားကစားမှ မကစားဖူးပါ။ ဘောလုံးပွဲတစ်ခုတွင် လူဘယ်နှယောက် ပါဝင်ကစားသည်။ ဘောလုံးစည်းမျဉ်းများ ဘယ်သို့ရှိသည် ဘာမှမသိ။ သူများတွေပြောသံကြားလို့ မဲနောက်ဆိုလား၊ ပယ်နယ်ဒီဆိုလား။ တိုက်စစ်မှုးဆိုလား ကြားဖူးသည်။ ဘာကိုဆိုလိုမှန်းမသိ။ သည်လိုပင် ဘော်လီဘောပွဲ၊ တေဘယ်တင်းနစ် စသည်တို့ကိုလည်း ဘယ်လိုကစားကြမှန်း နားမလည်ပါ။

            သို့သော် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုတော့ အခါအားလျော်စွာ လုပ်ဖြစ်ပါသည်။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က ဘာတဲ့၊ ဖွံ့ဖြိုးရေးချိန်လား၊ ဘာလား မမှတ်မိတော့ပါ။ တစ်ချိန်ရှိသည်။ ထိုအချိန်တွင် ကျောင်းမှ အားကစားဆရာက ကျွန်တော်တို့ကို ကိုယ်လက်လှုပ်ရှား၊ ကစားစေသည်။ ထိုအချိန်က ကျွန်တော်တို့ အားကစားဆရာမှာ ဆရာဦးသစ္စာ ဖြစ်၏။ သူက အင်္ဂလိပ်စာဆရာဖြစ်သည်။ စာသင်ကောင်း၏။ ကျွန်တော်တို့ မူလတန်း ကျောင်းသားဘ၀က သင်ခဲ့ရသော ဆရာဦးမြစိုး၏ အစ်ကိုအရင်းဖြစ်သည်။ ကျွန်တော်တို့မြို့နယ်ထဲမှ ရွာတစ်ရွာဖြစ်သော လှော်ကထားရွာသား လူပျိုကြီးဖြစ်၏။

            ထို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုတော့ ကျွန်တော် စိတ်ဝင်စားပါသည်။ ဆရာပြသော နည်းများကို စာဖြင့် ရေးလျှက်မှတ်ထားကာ ကိုယ့်ဟာကိုယ်လည်းလုပ်သည်။ ထို့ပြင် ကျွန်တော်တို့ငယ်စဉ်က ကိရိယာလွတ် ကာယဗလ လေ့ကျင့်ခန်း ဆိုသော စာအုပ်တစ်အုပ်ရှိသည်။ ထိုစာအုပ်ကို လက်ရေးနှင့်ကူးယူကာ ထိုလေ့ကျင့်ခန်းများအတိုင်း လေ့ကျင့် ဖြစ်သည်။ စာအုပ်ထဲတွင် ပြထားသော ဗလကြီးများကို အားကျကာ သုံးလေးရက်လောက် လုပ်ကြည့်လိုက်။ လက်မောင်း ကြွက်သားတွေကို ပေကြိုးနှင့် တိုင်းကြည့်လိုက်။ သတင်းစာထဲ၊ မဂ္ဂဇင်းထဲပါလာသည့် မောင်ဗမာပုံများ၊ ကိုယ်ဟန်ပြပုံများကို ဖြတ်ညှပ်ကာ ဗလာစာအုပ်များထဲတွင် သေသေချာချာ သိမ်းဆည်းစုဆောင်းခဲ့၏။

သည်လိုလုပ်ခဲ့တာ ဆယ်တန်းကျောင်းသားဘ၀မှသည် စက်မှုတက္ကသိုလ်ရောက်သည်အထိ နှစ်အတန်ကြာ ဖြစ်၏။ ကျွန်တော်တို့တုံးက ဆယ်တန်းအောင်ပြီးနောက် ဒေသကောလိပ် ၂ နှစ်တက်ရသည်။ ဒေသကောလိပ်ကို ဟင်္သာတတွင် တက်ရခြင်း ဖြစ်၏။ ထိုစဉ်က ဘုန်းကြီးကျောင်းတွင် တည်းပြီးတက်တာဖြစ်သဖြင့် လေ့ကျင့်ခန်းလုပ်စရာ နေရာမရှား။ ကျောင်းဝင်းအတွင်း လွတ်လွတ်လပ်လပ်လုပ်နိုင်သည်။ ကျောင်းမှာ ဟင်္သာတမြို့မှ မိုးကောင်းကျောင်းတိုက် ဖြစ်၏။ ဘုန်းကြီး တွေ အနှောက်အယှက်ဖြစ်မည် စိုးသဖြင့် အခြားမည့်သည့် ကျောင်းသားကိုမှ မထား။ ကျွန်တော်ကတော့ ဘယ်မှနေစရာ မရှိသောကြောင့်သာ သနားသဖြင့် ထားပေးခြင်းဖြစ်သည်။

(၂)
            ကျွန်တော်စင်ကာပူရောက်လာတော့ ရောက်စနှစ်များက အများနှင့်နေရတာက တစ်ကြောင်း၊ အလုပ်ချိန်များသည်က တစ်ကြောင်းတို့ကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်ပါ။ သို့သော် ယူနီယမ်အလွိုင်းသို့ရောက်သော် ကိုယ့်အခန်းနှင့်ကိုယ် လွတ်လွတ်လပ်လပ်နေရသည့်အတွက် အလုပ်အားချိန်များတွင် လေ့ကျင့်ခန်းလုပ်ဖြစ်ပါသည်။ (၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ) တစ်ခါလုပ်လျှင် အနည်းဆုံး နာရီဝက်လောက်ကြာသည်။ သို့သော် ပုံမှန်မဟုတ်ပါ။ ပရောဂျက်ရ၍ အလုပ်များသည့်အခါ အိုဗာတိုင်များဆင်းရပြီဆိုလျှင် ပင်ပန်းသည်နှင့် မလုပ်ဖြစ်တော့ပါ။

            သို့နှင့် လုပ်ဖြစ်လိုက် မလုပ်ဖြစ်လိုက်၊ နှစ်အတော်ကြာပါသည်။ ၂၀၀၉ ခုနှစ် အီးစီစီ ပရောဂျက်တွင် လုပ်ရသောအခါ အလုပ်ချိန်က ပုံမှန်ဖြစ်သွားသည်။ ထို့ကြောင့် ညနေပိုင်း အလုပ်မှပြန်ရောက်သည့်အခါ လေ့ကျင့်ခန်းလုပ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော် ပြေးသည့်အခါပြေး၊ အိမ်မှာပင် လေ့ကျင့်ခန်း လုပ်သည့်အခါလုပ်။ ထို့ကြောင့် ပုံမှန် မပြေးဖြစ်ပါ။ ၂၀၁၀ ခုနှစ် နှစ်လယ်လောက်တွင်မှစကာ ညနေတိုင်းလိုလို ပြေးဖြစ်သည်။ တနင်္ဂနွေပိတ်ရက်များတွင် မနက်စောစော အိပ်ရာမှ နိုးနိုးချင်း ပြေးသည်။ ထိုစဉ်ကပြေးသည်မှာ Jurong Lake Park ၌ ဖြစ်၏။


၂၀၁၁ သြဂုတ်လဆန်းတွင် ဘွန်လေးဘူတာနားသို့ပြောင်းလာသည်။ သို့အတွက် ပြေးသည့်ပန်းခြံလည်း ပြောင်းသွား ၏။ ယခု Jurong Lake Park သို့သွားလို့ မဖြစ်တော့ပြီ။ သို့နှင့် အိမ်နှင့်နီးသော Jurong Central Park သို့ ရောက်လာ၏။
လူဆိုတာ အစွဲအလမ်းကြီးတတ်သည်မို့ ပြောကြစတမ်းဆို ၂ နှစ်ကျော် ပြေးခဲ့သော Jurong Lake Park ကိုသာ နှစ်ခြိုက်ပါသည်။ သူက ပန်းခြံနှင့် ပိုတူသည်။ သစ်ပင်များ ပိုများသည်။ ရေကန်ကြီးရှိသည်။ တောပိုဆန်သည်။ နေရာကျယ် သည်။ ကိုယ်ခြေဆန့်ချင်လျှင် ဆန့်ချင်သလောက် ရသည်။

သို့သော် Jurong Central Park ကျတော့ ဘူတာနားက ကွက်လပ်ကလေးကို ကြံဖန် ပန်းခြံလုပ်ထားရသည်မို့ ကျဉ်းကျဉ်းကလေး ဖြစ်ပါသည်။ ဘာသစ်ပင်ကြီးမှ မရှိ။ ရေကန်ဆိုတာ ဝေလာဝေး။ ရေနှင့်တူတာဆိုလို့ ရေမြောင်းကြီးပဲ ရှိသည်။ သည်ရေမြောင်းကလည်း မိုးရွာမှ ရေစီးတာမျိုးဖြစ်၏။

            အလုပ်က မနက် ၈ နာရီမှ ညနေ ၅ နာရီထိ။ မနက် ၈ နာရီဆိုပေမဲ့ ၇ နာရီခွဲအရောက်သွားရသည်။ နာရီဝက် ကို အလကားမတ်တင်း နေ့တိုင်း လုပ်ပေးနေရသည်။ သို့သော် ကိုယ့်တာဝန်မို့ ငြင်းလို့ကလည်း မဖြစ်။ အလုပ်ကနေ အိမ်ထိ တစ်နာရီတိတိ ကြာသည်။ ထို့ကြောင့် ညနေ ၆ နာရီဆိုလျှင် အိမ်ပြန်ရောက်သည်။ မသကာ လေးငါးမိနစ်လောက် စွန်းချင် စွန်းမည်ပေါ့။

ညနေဘက် အလုပ်ကအိမ်ပြန်ရောက်ပြီဆိုလျှင် ရောက်ရောက်ချင်း အိတ်ကို ဘုတ်ကနဲချ။ ဘောင်းဘီတို ချက်ချင်း ကောက်လဲပြီး ကျွန်တော် နေ့တိုင်း ပြေးလေ့ရှိ၏။ ပြေးရာတွင် စိတ်ထဲက ၁၊ ၂၊ ၃၊ ၄ စသဖြင့် ခြေလှမ်းကိုရေပြီး ပြေးခြင်း ဖြစ်သည်။ တောင်တောင်အီအီ ဘာမှ သိပ်မတွေး။ သို့သော်လည်းပေါ့လေ၊ စာရေးစရာရှိလျှင်တော့ ရေးရမည့်အကြောင်းများ ခေါင်းထဲဝင်လာတတ်သည်။ ဒါတော့ အတင်းငြင်းလွှတ်လို့မရ။ အိမ်ပြန်ရောက်ရောက်ချင်း မေ့မသွားခင် စာရွက်ပေါ်မှာ တို့ထားလိုက်ရသည်။  

            သာမန်ယောက်ျား (ပေမီဒေါက်မီ) တစ်ယောက်၏ ခြေလှမ်းမှာ ၅၅၀ မီလီမီတာမှ ၆၀၀ မီလီမီတာ ရှိသည်။ ကျွန်တော်က လူပုစာရင်းဝင်ဖြစ်၏။ အရပ်မှာ ၁.၆၂ မီတာပဲရှိသည်။ ထို့ကြောင့် ပြေးလျှင် ခြေတစ်လှမ်းကို ၀.၉ မီတာ လောက်ပဲရှိသည်။ ပေမီဒေါက်မီ ယောက်ျားတစ်ယောက်ဆိုလျှင်မူ ခြေတစ်လှမ်းကို ကုဋေတစ်သန်း (ဟုတ်ပေါင်) တစ်မီတာ ရှိသည်။ ထို့ကြောင့် အကြမ်းဖျဉ်းအားဖြင့် ကျွန်တော်ပြေးသည့်ခြေလှမ်းနှင့် ခြေလှမ်းပေါင်း ၁၁၀၀ လောက်မှ တစ်ကီလိုမီတာ ရှိသည်။ သည့်အတွက် ကျွန်တော်ပြေးခဲ့တာ ဘယ်လောက်ခရီးရောက်ခဲ့ပြီးလည်း သိချင်လျှင် ခြေလှမ်းကို ရေထားလိုက်ရုံသာ ဖြစ်၏။ သို့မို့ကြောင့် ကျွန်တော် တစ်နေ့ကို ၃ ကီလိုမီတာ ပြေးတယ် ဟု ပြောနိုင်ခြင်းဖြစ်ပါသည်။ သို့သော်လည်းပေါ့လေ ၃ ကီလိုမီတာ မပြည့်ပါ။ နည်းနည်းလိုသည်။

            ယခုလ (သြဂုတ်လ) ၈ ရက်နေ့ ညနေက ကျွန်တော်ပြေးပြီး ခရီးတစ်ဝက်၌ လေ့ကျင့်ခန်းလုပ်နေစဉ် လူတစ်ယောက် မှတ်စုစာအုပ်ကလေးနှင့် အနားသို့ ချဉ်းကပ်လာ၏။

            ဟဲလို၊ မစ္စတာ။

            ဟုတ်၊ အမိန့်ရှိပါခင်ဗျ။

            ကျွန်တော်တို့က စထရိတ်တိုင်းကပါ -

အစချီလျှက် သူတို့က ယခုကဲ့သို့ ပြေးသူများကို မြို့နယ်အလိုက် လိုက်ပြီး အင်တာဗျူးကြောင်း၊ ဒီတစ်ပတ် ဤပန်းခြံသို့ ရောက်လာကြောင်း။ ကျွန်ုပ်နာမည် မည်သူဖြစ်သည်။ ဘာလုပ်သည်။ ပြေးတာဘယ်လောက်ကြာပြီ။ ဘာလို့ပြေးသည်။ ပြေးသဖြင့် ဘာအကျိုးကျေးဇူးတွေ ခံစားရသည်။ စသဖြင့် မေးခွန်းများ မေး၏။

            အတော်များများ မေးပြီးသော် ဖုံးနံပါတ်နှင့် အိုင်စီနံပါတ်လည်း တောင်း၏။ တစ်ဦးတစ်ယောက် ဖုံးဆက်လာပါ လိမ့်မယ်။ အိုင်စီနံပါတ်တောင်းတာက သေချာအောင်လို့ပါ။ ဆုပေးဘို့ရှိပါတယ်။ သူဖုံးဆက်တဲ့နေရာကို သွားယူပါ ဆို၏။ ထို့နောက် ခပ်ဖြည်းဖြည်း ပြေးစေလျှက် အနေအထားအမျိုးမျိုးမှ ဓါတ်ပုံ ဆယ့်လေးငါးပုံခန့် ရိုက်ယူလေသည်။

            နောက်ဆုံးတွင် တနင်္လာနေ့ သတင်းစာ၌ ဆောင်းပါးပါမည်ဟု ပြောသွားလေ၏။

(၃)

            ယနေ့ (၁၃၊ ၈၊ ၂၀၁၂) အလုပ်သို့ရောက်သော် ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူ Lim က ဟ၊ နင့်ပုံ သတင်းစာထဲပါလာပါလား ဟု ဆိုကာ သတင်းစာ ထုတ်ပြ၏။ မနေ့က ဒီနေ့ထုတ် သတင်းစာကို ၀ယ်ကြည့်ရန် ဖြစ်သော်လည်း ကျွန်တော်အလုပ်သွားချိန်တွင် သတင်းစာရောင်းသည့်နေရာများမှာ မဖွင့်သေးသဖြင့် မ၀ယ်ခဲ့ရ။ သူကတော့ နေ့တိုင်း ၀ယ်နေ ကျဆိုတော့ သူအရင် သိတာဖြစ်သည်။

            သို့နှင့် သတင်းစာကို ဓါတ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ပေါ်တင်၊ မိတ်ဆွေများကို “တက်ဂ်” လုပ်လေသတည်း။




သတင်းစာထဲမတော့ ၁၅၀ တန်ဆုပေးမည် ဆို၏။ ယခုထိတော့ ဖုံးမခေါ်သေးပါချေ။

            မိတ်ဆွေများခင်ဗျား။ ပြေးကြည့်စမ်းပါ။ ပြေးပြီး မောမောပန်းပန်း၊ ချွေးတစ်လုံးလုံး နှင့် ရေကောက်ကက်ချိုးအပြီး လူမှာ အလွန်လန်းလန်းဆန်းဆန်းဖြစ်သွားသည်ကို သိသိသာသာ ခံစားရပါလိမ့်မည်။ အိပ်မပျော်မှာ မပူပါနှင့်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရသည့်အတွက် ၆ နာရီလောက်အိပ်လျှင်ပင် ကောင်းကောင်း အိပ်ရေးဝပါသည်။

            ခုတော့ ၁၂ နာရီတီးခါနီးပြီ။ မနက် ၆ နာရီထိုးလျှင် ထ ရဦးမည်။ အိပ်ဦးမှ။

ကျေးဇူးတင်ပါသည် ခင်ဗျား။



အေးငြိမ်း

၁၃ သြဂုတ်၊ ၂၀၁၂။ ည ၁၁ နာရီ ၅၅ မိနစ်။

2 comments:

Anonymous said...

Running is one of good exercise and it helps to improve inner power as well which I have totally agreed with you.When I started running since 5 months,facing many problems:one of biggest problem is kneel and almost gave it up.However I passed through all my pains and finally I have a sense of happiness gained from my running..And I am really addicted of running as well now..
I would like to recommend you to use "Runkeeper software" which it is using GPS system,running pace,distance,rate and heart beats.Thus,You will know your running distance and still can keep them as your personal records.Hope it is a useful tool for you

အေးငြိမ်း said...

Thank you for your suggession. I'll download the Rundeeper.