Thursday, December 11, 2008

Working in Singapore Part VI

အကယ်၍ မိမိကိုယ်ကိုယ် စိတ်ချသဖြင့် သင်တန်းမတက်ပဲ တိုက်ရိုက် စာမေးပွဲပဲ ၀င်ဖြေမည်ဆိုလျှင် သင်တန်း ကြေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ စာမေးပွဲကတော့ တစ်ရက်သာ ဖြစ်ပါသည်။ သို့သော် ၂ လ၊ ၃ လ ခန့် ကြိုတင် စာရင်းပေးထားမှ ကိုယ်လိုချင်သော အချိန်ကို ရနိုင်ပါမည်။



၂။ အထွေထွေ သိစရာ မှတ်စရာများ

စင်ကာပူတွင် အလုပ်လုပ်နေသည့်အတွက် စင်ကာပူမှ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များကို အများကြီးမဟုတ်တောင် သိသင့် သိထိုက်သည်များကို သိထားမှ ရသင့်ရထိုက်သည်များကို ရမည် ဖြစ်ပါ၏။ မဟုတ် ပါက သူများပြောတိုင်း အဟုတ်မှတ်၍ ယုံနေရသည်နှင့် သူများဖြတ်တိုင်း ညာတိုင်း ခံနေရမည် ဖြစ်သည်။ သို့အတွက် work permit သမားများသာမက အခြားသူများပါ သိနိုင်စေရန် Employment Act မှ ထုတ်နှုတ်ပြီး ဖော်ပြလိုက်ပါ သည်။
သို့သော် Employment Act တွင် လခ ၁၆၀၀ အောက်ရသူ ကာယလုပ်သားများ (နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ) သာ ပါဝင်ပြီး အောက်ဖော်ပြပါ သူတို့ အကြုံးမ၀င်ပါ။
၁။ မန်နေဂျာ၊ ဒါရိုက်တာ စသည့် ရာထူးကြီးများတွင် တာဝန်ထမ်းဆောင်နေသူများ
၂။ သင်္ဘောသားများ
၃။ အိမ်ဖော်များ
၎။ အစိုးရ၀န်ထမ်းများ

၂၊ ၁။ အလုပ်ချိန်၊ အချိန်ပို

တစ်ပတ်လျှင် ၃၅ နာရီထက် နည်းပြီး လုပ်ရသောသူများကို အချိန်ပိုင်း လုပ်သားအဖြစ် သတ်မှတ်သည်။
Employment Act အပိုင်း ၄ တွင် အလုပ်သမားတစ်ဦး၏ သာမန်လုပ်ချိန်ကို တစ်ရက်လျှင် ၈ နာရီ။ (တနင်္လာမှ တနင်္ဂနွေ ထိ) ခုနစ်ရက် တစ်ပတ်လျှင် ၄၄ နာရီ အဖြစ် သတ်မှတ်သည်။ သို့သော် shift အဆိုင်းလိုက် လုပ်ရသူ များ မှာမူ တစ်ရက်လျှင် ၁၂ နာရီထိ လုပ်နိုင်သည်။ ရည်ညွှန်း - Employment Act အပိုဒ် ၃၈ (၄)
ထိုသာမန်လုပ်ချိန်ထက် ပိုပြီးလုပ်ရသမျှ အလုပ်ချိန်နာရီအားလုံးကို အချိန်ပို လုပ်အားခဖြင့်တွက်ပေးရမည် ဖြစ်သည်။ အချိန်ပိုလုပ်ခမှာ တနင်္လာနေ့မှ စနေနေ့ထိ သာမန်လုပ်ခ၏ တစ်ဆခွဲ (1.5 times the normal wages) ဖြစ်ပြီး တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်များအတွက် နှစ်ဆ (double the normal wages) ဖြစ်ပါသည်။

ရည်ညွှန်း - http://www.mom.gov.sg/publish/momportal/en/general/changes_to_employment_act/Public_Consultation_on_Proposed_Amendments_to_Employment_Act.html

၂၊ ၂။ အများပြည်သူ ရုံးပိတ်ရက်များ (Public Holiday)

ဤတွင် မည်သည့်ရက်များသည် အများပြည်သူ ရုံးပိတ်ရက် (Public Holiday) များဖြစ်သည်ကို သိထားရန်လည်း လိုပါ၏။ စင်ကာပူမှ အများပြည်သူ ရုံးပိတ်ရက်များမှာ (၂၀၀၉ ခုနှစ်အတွက်) –

၁။ New Year's Day - နှစ်သစ်ကူးနေ့ - (Thursday) 1 January 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် ဇန္န၀ါရီလ ၁ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
၂။ Chinese New Year - တရုပ်နှစ်သစ်ကူးနေ့ - 26 January 2009 နှင့် 27 January 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၃။ Good Friday – (Friday) 10 April 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၎။ Labour Day - အလုပ်သမားနေ့ - (Friday) 1 May 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် မေလ ၁ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
၅။ Vesak Day - ကဆုန်လပြည့် ဗုဒ္ဓနေ့ - (Saturday) 9 May 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၆။ National Day - အမျိုးသားနေ့ - (Sunday) 9 August 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် သြဂုတ်လ ၉ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
၇။ Hari Raya Puasa - အစ္စလာမ် ဥပုသ်နေ့ - (Sunday) 20 September 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၈။ Deepavali - ဒီပါဝလီနေ့ - (Sunday) 15 November 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၉။ Hari Raya Haji - ဟာ့ဂ်ျနေ့ - (Friday) 27 November 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၁၀။ Christmas Day - ခရစ်စမတ်နေ့ - (Friday) 25 December 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
မှတ်ချက်။ ။ အကယ်၍ ရုံးပိတ်ရက်သည် တနင်္ဂနွေနေ့ (အမှတ်စဉ် ၆၊ ၇၊ ၈) တွင် ကျရောက်ပါက ထိုနေ့၏ နောက်တစ်ရက် တနင်္လာနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးပါသည်။
ရည်ညွှန်း - http://www.mom.gov.sg/publish/momportal/en/general/2009_Public_Holidays.html

သို့သော် မည်သည့်အကြောင်းနှင့်မျှ အလုပ်သမားတစ်ဦးသည် တစ်ရက်လျှင် ၁၂ နာရီထက် ပိုပြီး မလုပ်ရ။ တစ်လလျှင် အချိန်ပို လုပ်ချိန် ၇၂ နာရီထက် မပိုစေရပါ။ ရည်ညွှန်း - Employment Act အပိုဒ် ၃၈ (၅)။

၂၊ ၃။ ခွင့်၊ ဆေးခွင့်၊ ဆေးရုံတက်ခွင့် နှင့် မီးဖွားခွင့် များ
အများပြည်သူရုံးပိတ်ရက်များတွင် အလုပ်မလုပ်ရပါက သာမန်လုပ်ခ(တစ်ရက်လျှင် ၈ နာရီလုပ်အားခ) ရရမည်ဖြစ်ပြီး အကယ်၍ အလုပ်လုပ်ရသည် ဆိုပါက သာမန်လုပ်ခ၏ နှစ်ဆရရမည် ဖြစ်ပါ၏။ သို့သော် ကျွန်တော်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေများ လုပ်နေသော အချို့သော ကုမ္ပဏီများသည် ထိုရုံးပိတ်ရက်များတွင် နှစ်ဆ မပေးပဲ သာမန်လုပ်ခသာ ရသည်ဟု သိရ ပါ၏။ ထို့အတွက် ၎င်းတို့ ပြန်ခါနီး MOM တွင် တိုင်ပြီး ထိုလုပ်ခများကို ပြန်တောင်းပါဟု အကြံပေးရပါသည်။ ရည်ညွှန်း - Employment Act အပိုဒ် ၄၂။

ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် လုပ်သက် သုံးလ ပြည့်ပြီးသည်မှ စ၍ အောက်ပါ လုပ်သက်ခွင့် (Annual Leave) ကို ခံစားခွင့် ရှိပါသည်။ ရည်ညွှန်း - Employment Act အပိုဒ် ၄၃။

အလုပ်စတင်ဝင်သည်မှ စ၍ ခံစားခွင့်ရှိသော လုပ်သက်ခွင့်
ပထမ နှစ် ၇ ရက်
ဒုတိယ နှစ် ၈ ရက်
တတိယ နှစ် ၉ ရက်
စတုတ္ထ နှစ် ၁၀ ရက်
ပဉ္စမ နှစ် ၁၁ ရက်
ဆဌမ နှစ် ၁၂ ရက်
သတ္တမ နှစ် ၁၃ ရက်
အဌမ နှစ် နှင့် အထက် ၁၄ ရက်

ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် လုပ်သက် ခြောက်လ ပြည့်ပြီးသည်မှ စ၍ အောက်ပါ ဆေးခွင့် (Sick Leave) ကို ခံစားခွင့် ရှိပါသည်။ ရည်ညွှန်း - Employment Act အပိုဒ် ၄၄။
က။ ဆေးရုံမတက်ရပါက တစ်နှစ်ခံစားခွင့်ရှိသည့် ဆေးခွင့် - ၁၄ ရက်
ခ။ ဆေးရုံတက်ရပါက တစ်နှစ်ခံစားခွင့်ရှိသည့် ဆေးရုံတက်ခွင့် - ၆၀ ရက်
ဂ။ အကယ်၍ ဆေးရုံတက်ရသည့်ရက်ပေါင်းသည် ထိုနှစ်တွင် ၄၆ ရက်ထက်နည်းပါက ထိုနှစ်အတွက်
ခံစားခွင့် ရှိသည့် အများဆုံးဆေးခွင့် ရက်မှာ သာမန် ဆေးခွင့်ရက် ၁၄ ရက် + ဆေးရုံတက်ရက်
ဝန်ထမ်းသည် ထိုဆေးခွင့်ယူထားသည့်ရက်များအတွက် သာမန်အလုပ်လုပ်ခ (၈နာရီခ)(allowance များမပါ) ကို ရရှိရမည် ဖြစ်ပါသည်။
(ပိတ်ရက်နှင့် အများပြည်သူရုံးပိတ်ရက်များတွင် ဆေးခွင့်ယူလို့ မရပါ။)
မီးဖွားခွင့် (Maternity Leave) အမျိုးအစားများမှာကား များပြားလှပါဘိတောင်း။ သို့သော် အကျဉ်းချုပ်၍ ပြောရပါမူ -
၁။ မွေးဖွားလာသော ကလေးသည် စင်ကာပူနိုင်ငံသား ဖြစ်သူ
၂။ ကလေး၏ မိဘနှစ်ပါးသည် တရားဝင် လက်ထပ်ထိမ်းမြား ထားသူ
၃။ ကလေးအမေသည် လက်ရှိအလုပ်ရှင်ထံ၌ ကလေးမီးမဖွားမီ ရက် ၉၀ အနည်းဆုံး
တာဝန်ထမ်းဆောင်ခဲ့သူ - ဖြစ်ပါက ကလေး၏ မိခင် သည် မီးမဖွားမီ ၄ ပတ်၊ မီးဖွားပြီး ၁၂ ပတ်။ စုစုပေါင်း
၁၆ ပတ် မီးဖွားခွင့် ခံစားခွင့် ရှိပါ၏။

ယေဘူယျအားဖြင့် ထို မီးဖွားခွင့် ၁၆ ပတ်ထဲမှ ပထမ ၈ ပတ်စာအတွက် လစာ အပြည့် ခံစားခွင့်ရှိပါသည်။ ကျွန်တော့် ရေးလိုရင်း ရည်ရွယ်ချက်မှ ဘေးချော် သွားမည် စိုးပါသဖြင့် အပြည့်အစုံ သိလိုသူများ အောက်ပါ web page တွင် ဖတ်ရှုကြပါရန် မေတ္တာ ရပ်ခံပါ၏။
http://www.mom.gov.sg/publish/momportal/en/communities/workplace_standards/employment_standards/the_employment_act/Maternity_Leave.html#eli

No comments: