Wednesday, December 24, 2008

A Diary at Orchard Road

သြချတ်(Orchard) လမ်းမပေါ်မှ နေ့စဉ်မှတ်တမ်း တစ်ပုဒ်

(၂၂-၁၂-၂၀၀၈)

၁။ ၀ဋ်ကြီးသူများ

အိပ်ယာမှ ထခါစ သရက်ပင်ကြီးမှာ ကျွန်တော်တို့တတွေကို အိပ်မှုံစုံမွှား ကြည့်ပြီး အလွန်ရင်မောလှဟန်ဖြင့် မသက်မသာ ခေါင်းကို ခါယမ်းလိုက်ပါသည်။ ညစ်ပတ်ပေရေနေပြီး အိုမင်းလှပြီဖြစ်သော အဆောက်အဦး ခေါင်းမိုး ရေတံလျှောက်ပေါ်မှ စာလေးနှစ်ကောင်ကမူ ဒုက္ခကြီးလှသော သကောင့်သားများကို သနားလှသဖြင့် ကျွတ်ကျွတ်၊ ကျွတ်ကျွတ် ဖြင့် စုတ်ထိုးလိုက်ပါ၏။ မိုးလင်းလုပြီဖြစ်သဖြင့် အနီးရှိ ဆောက်လက်စ တိုက်သို့ လုပ်ငန်းခွင် ၀င်ရန် လာသော ပြည်ကြီးတရုပ်များမှာ ကျွန်တော်တို့အုပ်စုကို ဘာတွေများ လုပ်နေကြပါလိမ့်ဟု စူးစမ်းသော အကြည့်ဖြင့် ကွက်ကြည့် ကွက်ကြည့် လုပ်သွားပါသည်။

ထိုအခါမှ ကျွန်တော်လည်း ကျွန်တော်တို့ အုပ်စုကို အနည်းငယ် ခေါင်းမော့ကာ စပ်စု လိုက်မိပါသည်။ သံတံခါး ကြီးနံဘေး အုတ်ခုံပေါ်တွင်ထိုင်ကာ လူငယ်တစ်ဦးသည် စာရွက်တစ်ရွက်ဖြင့် လာသမျှ လူများကို စာရင်းကောက်လျှက် ရှိပါ၏။ ထိုလူငယ်နှင့် မလှမ်းမကမ်း လူသွားလမ်း ပလက်ဖောင်းပေါ်တွင်ထိုင်ပြီး အုတ်နံရံကို မှီလျှက် ကောင်မလေး နှစ်ယောက် မှာ ကျောပိုးအိတ်ကလေးများကို ကိုယ်စီပိုက်ကာ ခေါင်းမော့ပြီး အိပ်ငိုက်နေကြပါသည်။ အုတ်ခုံ၏ ဟိုမှာ ဘက် ပလက်ဖောင်းတွင်မတော့ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးကလေးများမှာ အစီအရီထိုင်လျှက် တချို့သည် လည်း အချင်းချင်း စကားပြောလျှက်၊ တချို့သည်လည်း အနာဂါတ်ကို မျှော်မှန်းကြည့်လျှက်။
ကျွန်တော်နှင့် မလှမ်းမကမ်း ဘယ်ဘက်ရှိ စုံတွဲတစ်တွဲမှာမူ တွတ်ထိုးလျှက် ရှိပါ၏။ သူတို့ဘာတွေပြောနေမှန်း သဲသဲ ကွဲကွဲ မကြားရပါ။ ထိုစုံတွဲနှင့် ကျွန်တော့်အကြားတွင်မူ ခပ်မိုက်မိုက် ၀တ်စားထားသော ရှမ်းလိုလို၊ ကချင်လိုလို မိန်းကလေးတစ်ဦးမှာမူ ဖုံးကို message များပို့နေသည်လားမသိ၊ ကလိနေပါသည်။ ထိုကလေးမ၏ နောက်ဖက်ခပ် ကျကျတွင် ကျောင်းသားနှင့်တူသည့် ကောင်ကလေးတစ်ဦးမှာ ဒူးခေါင်းပေါ် လက်တင်၊ လက်ပေါ်နဖူးတင်ကာ လှပသော အိပ်မက်များမက်နိုင်ရန် ကြိုးစားနေပါသည်။

၂။ အလွန်အရေးကြီးလှသော အလုပ်တစ်ခု

ကျွန်တော့်မှာ လောလောဆယ် အနာဂါတ်တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း ဟူသည့်ခေါင်းစဉ်ဖြင့် ဒုတိယပိုင်း ကို ဆက်လက်ရေးသားလျှက်ရှိရာ အချိန်ရှိသမျှ ထိုအကြောင်းသာ ခေါင်းထဲဝင်နေပြီး တချို့ကိစ္စများကို အမေ့မေ့ အလျော့လျော့ ဖြစ်နေမိပါ၏။ တနင်္ဂနွေနေ့ည သန်းခေါင်ကျော် စာရေး၍ ဇက်များ ခေါင်းများ အလွန်ညောင်းညာ လာသောအချိန်တွင်မှ အိမ်သာထဲဝင်ရင်း ညနေက ညီတစ်ယောက်နှင့်ပြောခဲ့သည့် booking လုပ်ထားသည့် လေယာဉ်လက်မှတ် ကိစ္စ သွားသတိရပါသည်။ တဆက်တည်းမှာပင် ဟိုက်- ငါ အခွန်မဆောင်ရသေးပါလား ဟု အလွန် အရေးကြီးသည့် ကိစ္စကို အထိတ်တလန့် သွားသတိရလိုက်ပါ၏။ ထိုအခါမှ အိမ်သာထဲက ကမန်းကတန်း ထွက်လာရင်း လိုအပ်သည့် စာရွက်စာတမ်းများကို လွယ်အိတ်အတွင်း ထိုးထည့်ကာ ၅ နာရီခွဲ နှိုးစက်ပေးပြီး အိပ်ယာထဲ ကမန်း ကတန်း ၀င်လိုက်ရပါတော့၏။ တော်ပါသေးသည်။ လက်မတင်ကလေး သတိရလိုက်ပေလို့။

နှိုးစက်၏ ပယောဂကြောင့် ငါးနာရီခွဲတွင်နိုး၊ လုပ်စရာရှိသည်များ ခပ်သုတ်သုတ်လုပ်ကာ ထွက်ခဲ့ပါသည်။ Lake Side MRT ရောက်တော့ ၅း၄၀။ ကျွန်တော်လည်း ဘူတာရောက်၊ ရထားလည်းဆိုက်။ ထိုရထားမှာ မနက်အစောဆုံး ထွက်သည့် ဒုတိယ ရထား ဖြစ်ဟန် တူပါသည်။ ကျွန်တော်လည်း ရထားပေါ်ရှိ အခြားသူများကဲ့သို့ပင် အိပ်ငိုက်ရင်း လိုက်ပါလာခဲ့ရာ Orchard ဘူတာသို့ ၆ နာရီခွဲတွင် ရောက်ရှိ။ ထိုမှ ဟိုငေး၊ သည်ငေး နှင့် နံနက်ခင်းလေကို တ၀ကြီး ရှူရှိုက်ရင်း ခပ်သုတ်သုတ်လျှောက်။ ၁၅ မိနစ်လျှောက်မိသည်ဆိုလျှင်ပင် စင်ကာပူရောက် မြန်မာများအားလုံး မရောက် မဖြစ် ရောက်ရသည့် St. Martin Drive လမ်းပေါ်မှ တစ်ခုသော ရှေးဟောင်းပြတိုက်ရှေ့သို့ ရောက်ရှိပါတော့၏။


၃။ ကြွက်ခိုးစားသည့် ကြောင်သူတော်များ

ဘာလုပ်ရမှန်း မသိသေးသဖြင့် အရင်ရောက်နှင့်နေသော သူများကို မေးကြည့်ရပါသည်။ ထိုအခါ တစ်ဦးက ရေညှိတက်ပြီး အရောင်မရှိတော့ပြီဖြစ်သော ကနုတ်ပန်းများနှင့် ရေးချယ်ထားသည့် ဆိုင်းဘုတ်ကြီးအနီး၊ ဖွင့်လိုက်လျှင် သူရဲရုပ်ရှင်ကားများထဲမှ တံခါးကြီးအလား ကျွီ၊ ဂျွိ ဂျွိ ဂျွိ ဟု အသံပေးတတ်သည့် သံတံခါးကြီးဘေး အုတ်ခုံပေါ်တွင် ထိုင်နေသည့် မောင်ရင်ကလေးတစ်ဦးကို ညွှန်ပြကာ စာရင်းသွားပေးရန် ပြောပါသည်။ ကျွန်တော်လည်း ထို သူငယ်ကို မြင်ဖူးပါသည် ဟု ကြည့်ရင်း နာမည် စာရင်း ပေးလိုက်၏။ နံနက် ၆ နာရီ ၄၅ မိနစ်၊ ကျွန်တော့်နံပါတ်မှာ ၃၅ ဖြစ်ပါ၏။
စာရင်းပေးအပြီး လွတ်သော ပလက်ဖောင်းတစ်နေရာတွင် ၀င်ထိုင်ကာ အလင်းရောင်သမ်းလာပြီ ဖြစ်၍ ကြာလိမ့်မည်ဟု ကြိုသိနေသဖြင့် ယူလာခဲ့သော စာအုပ်ကို ထုတ်ကာ ဖတ်နေလိုက်ပါ၏။ တခဏမျှ အကြာတွင် ခြေသံ လျှပ်လျှပ် လျှပ်လျှပ်ကို ကြားလိုက်ရပြီး ဦးလေးကြီး ဟု ခေါ်သံနှင့်အတူ ကျွန်တော်နှင့် အရွယ်ချင်း သိပ်ကွာလှဟန် မတူသော အမျိုးသမီးတစ်ဦး နံဘေးနား လာထိုင်ပါ၏။ (ထိုအခါမှ ကျွန်ုပ်လည်း အလုပ်ရှုပ်လှသဖြင့် ခေါင်းကို ဆေးမဆိုး မိခြင်းအပေါ် နောင်တ ရမိသလိုလို ရှိပါတော့သည်။)
တစ်ခုလောက် မေးပြစေ ဟု စကားပလ္လင်ခံကာ သူက S Pass ကို ကိုင်ထားကြောင်း၊ ယခင်က တစ်ခါမှ အခွန် မဆောင်ဖူးသေးပဲ ယခု ပထမဆုံးအကြိမ် ဆောင်မှာ ဖြစ်ကြောင်း၊ ဘာတွေလိုပြီး ဘာတွေလုပ်ရမည် ဆိုသည်ကို မေးလာပါသည်။ ထိုအခါ ကျွန်တော်လည်း ကိုယ်သိသမျှ ပြောပြလိုက်ပါသည်။ ပထမဦးဆုံးအကြိမ် အခွန်ဆောင်သူ များမှာ မိမိကိုင်ဆောင်ထားသော ကဒ်၊ မူရင်း + မိတ္တူ။ ပတ်စ်ပို့ မူရင်း + မိတ္တူ။ လစာဝင်ငွေ ဖော်ပြထားသော အလုပ်ခန့်စာ မူရင်း တို့ကို အခွန်ဆောင်လိုကြောင်းစာတွင် ပူးတွဲ တင်ပြရမည် ဟု ပြောလိုက်ပါ၏။ ထိုအခါ သူမက သူ ရုံးမှ စာတောင်းလာကြောင်း၊ S Pass ဖြစ်သဖြင့် လစာကို ရုံးမှ ၁၈၀၀ ဟု ရေးပေးလိုက်ကြောင်း ပြောရင်း စာထုတ်ပြပါ ၏။ ကျွန်တော်လည်း မနေသာသဖြင့် မိန်းကလေးဖြစ်သဖြင့် လစာကို ၈၀၀ သို့မဟုတ် အများဆုံး ၁၀၀၀ သာပြသင့် ကြောင်း၊ တစ်လလျှင် ၁၈၀ ဆောင်ဘို့ဆိုတာ အလွန်များကြောင်း၊ ထို့ကြောင့် စာပါ လစာကိုပြင်သင့်ကြောင်း ပြောလိုက် ရာ သူက ဒါဆို နောက်နေ့မှ လာဆောင်မှပဲ ဟု ငြီးငြီးငြူငြူ ပြောပါ၏။ ကျွန်တော်က အိမ်နှင့်နီးလျှင် အိမ်တွင် ပြန်ပြီး ပြင်ကာ ပြန်လာလို့ အချိန်မီနိုင်သေးကြောင်း၊ အိမ်တွင်မရှိလျှင်လည်း ဆိုင်ဖွင့်ချိန်ကိုစောင့်ပြီး ဆိုင်တစ်ဆိုင်ဆိုင်တွင် ပြင်ရန် အကြံပေးလိုက်ပါ၏။
ရိုးသားလှသော မမကလေးက သူ့တွင် ကုမ္ပဏီ Letter head နှင့်စာရွက် မရှိကြောင်း၊ ထို့ပြင် မန်နေဂျာ လက်မှတ်ထိုးရန်လည်း လိုသေးကြောင်း ပြောပါ၏။ ထိုအခါတွင်မတော့ ကျွန်ုပ်လည်း မနေသာတော့ပဲ အောင်မယ်လေး ဗျာ၊ ကိုယ့်ဟာကိုယ် ရိုက်ပြီး မန်နေဂျာ နာမည် တစ်ခုရိုက်ထည့်လိုက်၊ ကိုယ့်ဟာကိုယ် ဆိုင်းထိုးလိုက် ပြီးတဲ့ကိစ္စ ခက် နေပြန်ပါပြီ။ သို့တိုင် သူ့မှာ တွေဝေနေပြန်ပါသဖြင့် ဒီမှာ သူတို့ခုလို အခွန် ၁၀ ရာခိုင်နှုံးကောက်နေတာ ဘယ်ဥပဒေ အရ ကောက်တာရယ်လို့ အတိအကျ ရှိလို့လား။ ကျုပ်တို့ ကိုယ့်ဝင်ငွေအတိုင်း အမှန်ပြောဆောင်လို့ကတော့ သေဖွယ်ရာသာ ရှိတော့ မပေါ့ဗျာ။ လူတိုင်း ဒီအတိုင်းလုပ်နေတာပါ။ ဘာမှ ပူမနေပါနဲ့။ အချိန်ရှိတုံး အမြန်သွားလိုက် ဟု အတင်းတွန်း လွှတ်လိုက် မှ တွန့်ဆုတ် တွန့်ဆုတ် နှင့် မလုံမလဲ ထွက်ခွါသွားပါ၏။ ချစ်စရာကောင်းသော မြန်မာ့ရိုးသားမှုများ ပါပေတည်း။
ကျွန်ုပ်လည်း စာအုပ်ကို ပြန်လှန်လိုက်၏။ ခဏကြာသော် တံခါးပေါက်ဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ဘာများပါလိမ့်ဟု သွားရောက် စပ်စု၊ ဘာမှ မဟုတ်မှန်းသိသော် နေရာ ပြန်လာထိုင်။ တစ်ယောက်က ၈ နာရီခွဲမှ ဖွင့်မှာ တဲ့ ဟု ခပ်ကျယ်ကျယ် ကြေငြာလိုက်မှ ကျွန်ုပ်လည်း စာအုပ်ကို စိတ်ချလက်ချ ပြန်ဖတ်။ တက္ကစီနှင့် တစ်မျိုး၊ ခြေလျင် လျှောက်၍ တဖုံ၊ အလုပ်သွားသည့် ကားကြီးနှင့်တနည်း အလှူဒါန ပြုကြသူငါ လုပ်လိုသူများ တဖွဲဖွဲနှင့် ရောက်လာပါ၏။
သို့နှင့် ၈ နာရီခွဲလတ်သော် အပေါက်ဝတွင် ရုတ်ရုတ် ရုတ်ရုတ်နှင့် ဖြစ်သွားပြီး ဖွင့်လိုက်သော လူဝင်ပေါက်မှ အတွင်းသို့ အလုအယက် တိုးဝှေ့ဝင်သွားကြသည်ကို တွေ့လိုက်ရပါသည်။ အို၊ ငါ စာရင်းပေးပြီးသားပေကပဲ ဟု စိတ်ချ လက်ချနှင့် အများနောက်မှ ခပ်အေးအေးပင် လိုက်ဝင်သွားပါ၏။ သံရုံးအတွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည် ကို တွေ့ရ၍ ဘာများပါလိမ့်ဟု အနားသွားကြည့်။ တစ်ဦးက မနက်ကယူထားတဲ့ စာရင်းအတိုင်းပဲ သွင်းလိုက်ပါ့မယ် ဟု ဆိုမှ အားလုံး ရှဲလာကာ ထိုင်ခုံများတွင် နေရာယူကြ၏။ ခဏအကြာတွင် ကိုအေးငြိမ်း ဟု လာနှုတ်ဆက်မှ မနက်က ကျွန်တော် စာရင်းပေးခဲ့သော ကိုရင်ကလေးကို သေသေချာချာ တွေ့ရပါသည်။ သူ့ကို ကျွန်တော် အတော်လေး ရင်းရင်း နှီးနှီး သိပါသည်။ သို့သော် နာမည်ကိုသော်လည်းကောင်း၊ ဘယ်မှာတွေ့ဖူးသည်ကို လည်းကောင်း၊ ခေါင်းနောက်လာ သည့်တိုင် အပြေးအလွှား စဉ်းစားပါသော်လည်း ဘယ်လိုမှ အဖြေရှာမရနိုင်သည့် အဆုံး တည့်တိုးပင် မေးရပါ၏။
နေပါဦး၊ ကိုရင့်ကို ကိုယ် သေသေချာချာ သိပါတယ်။ ဘယ်မှာ သိပါလိမ့် ဟု မေးရာ သူက ကိုရောဘတ် မိတ်ဆက်ပေးလို့ ကနေဒါ ကိစ္စနဲ့ အစ်ကို့ဆီကို လာဖူးတယ်လေ ဟု တည့်တည့်ပြောမှ ရိပ်မိပါသည်။ အနီးတွင် ရှိသော လူ တစ်ယောက် အနားကပ်လာကာ အဲဒီလူက နောက်ဆုံးမှ ရောက်လာတာဗျ။ သူ့အရင် မနက်အစောကြီးကတဲက ရောက်နှင့်နေတဲ့ သူတွေကို အားနာဘို့ကောင်းတာပေါ့ဗျာ။ ဒီလိုလုပ်လို့ ဘယ်ကောင်းမလဲ ဟု ပြောလာပါ၏။ ထိုအခါမှ ကျွန်တော့်မိတ်ဆွေကလေးက အင်း၊ ကျွန်တော်လည်း ပြဿနာမဖြစ်ချင်လို့ ဘာမှမပြောပဲ နေလိုက်တာပါ ဟု ဆိုပါ၏။ ကျွန်ုပ်လည်း ထိုအခါမှ ကျွန်ုပ်လည်း ဘာ့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည် ကို နည်းနည်း ရိပ်မိလာကာ သေသေ ချာချာ မေးရပါ၏။
ဟို ကတုံးနဲ့လူပေါ့ အစ်ကိုရာ၊ ကျွန်တော်က ရောက်တဲ့လူတွေကို စာရင်းလုပ်ထားတာ။ အဲဒါ ၈ နာရီခွဲလို့ တံခါး ဖွင့်တော့ သံရုံးက စာရွက်တစ်ရွက် လာပေးတယ်။ အဲဒါ အဲဒီလူက စာရွက်ကို အတင်းဆွဲလုသွားပြီး သူ့နာမည်ကို အတင်းရေးလိုက်တယ်။ နောက်ပြီး သူနဲ့ပါလာတဲ့ သူတွေလည်း ရေးတယ်။ အဲဒီတော့ သူက (နောက်မှရောက်လာသူ ကို လက်ညှိုးထိုးပြလျှက်) စာရွက်ကို အတင်းလုပြီး ကျွန်တော်လုပ်ထားတဲ့ စာရင်းအတိုင်း ဖြည့်ရေးတာ။ ဒါတောင် ၄ ယောက် ရေးပြီးသွားပြီ။
ထိုအခါ ကျွန်တော်လည်း အတော်ခံပြင်းသွားလျှက် ကျွန်တော့်ကို ဘာလို့စောစောက မခေါ်လိုက်သလဲဗျာ၊ အဲလို လူပေါ်လူကျော်တဲ့ကိစ္စ ကိုယ်ကနည်းနည်းမှ သည်းခံတတ်တာ မဟုတ်ဘူး ဟု သူခိုးပြေးမှ ထိုးကွင်းထလိုက်ပါ၏။ သူ့တစ်ယောက်အတွက်နဲ့ ပြဿနာမတက်ချင်လို့ ကျွန်တော်တို့လည်း ငြိမ်နေလိုက်တာပါ ဟု ပြောပါသည်။ ထိုသူများ ကား ကျွန်တော့်ထက် ပိုလိမ္မာသူများ ဖြစ်ပါသည်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်စဉ်က ထိုနေရာတွင် ကျွန်တော်ရှိနေပါက ထိုသူ ရော ကျွန်တော်ပါ မလွယ်ပါ။ ကျွန်တော့်မှာ ထိုကိစ္စမျိုးကို အနည်းငယ်မှ ခွင့်လွှတ်တတ်သူမဟုတ်ရကား ကိစ္စများမှာ သေချာနေပါသည်။
ဘယ်လိုလူစားပါလိမ့် ဟု သိချင်သည်နှင့် ထို ကတုံးနှင့်လူ ဆိုသူကို လိုက်ရှာပါသည်။ သိပ်မရှာလိုက်ရပါ။ ကောင်တာရှေ့ဆုံးတွင် ရပ်လျှက်ရှိသည်ကို တွေ့ရပါသည်။ မျက်မှန်အနက် တပ်ထားလျှက် အရပ်ရှည်ရှည်၊ ရှပ်လက်ရှည် အစင်း၊ ဘောင်းဘီအနက်၊ ပြောင်လက်နေအောင် တိုက်ထားသော ရှူးဖိနပ် စသည်တို့ကို သေချာစွာ ၀တ်စားထား သည်ကို တွေ့ရပါသည်။ သူ့ပုံကိုကြည့်ခြင်းဖြင့် ထိုသူသည် သာမန် အလုပ်သမားတစ်ဦး မဟုတ်နိုင်မှန်း သေချာလှပါ သည်။ သူနှင့်အတူ ပါလာသော အမျိုးသမီးမှာလည်း အနံကြီး ကွင်းကျယ် ဒီဇိုင်းမျိုးဖြစ်လေရာ ကျွန်တော့်ခန့်မှန်းချက်မှာ မမှားနိုင်ပါ။
မိမိဝတ်စားထားသော အ၀တ်များကိုမှ အားမနာပဲ ခွေးဝဲစားအကျင့်မျိုး ကျင့်ခြင်းကိုမူ ကျွန်တော် အလွန် ရွံရှာမိ ပါသည်။ ဤကဲ့သို့သော လူစားမျိုးများ ကျွန်တော်တို့ မြန်မာလူမျိုးများအတွင်း ဘယ် နှရာခိုင်နှုံးလောက် ရှိပါသနည်း။ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ၁ ရာခိုင်နှုံးထက် မကျော်ပါစေနှင့် ဟု ဆုတောင်းမိပါသည်။ သို့သော် ကျွန်တော့် ဆုတောင်း ပြည့်ဘို့ မလွယ်လှပါ။ မိတ်ဆွေတို့ သိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ တနံတလျားတွင် ထို ဒေ၀ဒတ်၏ သားသမီး၊ မြေးမြစ်၊ အဆက်အနွယ်များ အမြောက်အများ ရှိပါပေသည်။ သို့မို့ကြောင့်ပင် ထိုသည်ကို မြင်ပြင်းကပ်လှသည့် အချုပ်တန်းဆရာဖေက ကျွန်တော်တို့အတွက် အောက်ပါကဗျာကို ရေးဖွဲ့ထားခဲ့ခြင်း ဖြစ်ပါသည်။

ဗမာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ
နည်းလမ်းမှောက် အသစ်ကို မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ ဘ ရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်း ကြွားကြချင်
ဓါးပြသွင် လူဆိုး
ကုလားမြင် သူ့အမေ ရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်၊
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်
ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်
စာသင် တောင် ဦးချလို့ (စာသင် = ဆာဂျင် = ရဲ သုံးပွင့် အဆင့်)
ပလူးရ ပြေးကြို့ခါခါ
ခွေးသို့ ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

ကျွန်တော်သည်လည်း အမျိုးကိုပါ ဆဲလိုက်ချင်ပါသည်။ ဤသည်ကို အတွင်းသိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဒီကနေ့ကစပြီး ခင်ဗျားတို့ေ-ာက်ကျင့်တွေကို ပြင်ဘို့လိုပြီ ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။

၎။ အသက်တစ်ရာမနေရ၊ အမှု တစ်ရာတွေ့ရ

အနီးမှ အစ်မကြီးတစ်ဦးက အင်း အရင်က ၃၁။ ခု ၄ ယောက် ပေါင်းလိုက်တော့ ၃၅ ဖြစ်သွားပြီ ဟု စိတ်မောစွာ ရေရွှတ်လိုက်ပါသည်။ ခဏအကြာတွင် ( ၉နာရီ ၁၅မိနစ်) နံပါတ် ၁ ကနေ ၅ လာပါ ဟု မိုက်မှ ကြေငြာသံ ကြားလိုက် ရ၏။ ကိုယ့်အလှည့်ရောက်ဖို့ အဝေးကြီးလိုသေးသည်နှင့် အပြင်ထွက်ကာ ခြံစည်းရိုးနားတွင် တန်းစီချထားသည့် ထိုင်ခုံ များတွင် သွားရောက်ထိုင်ကာ စာအုပ်ကို ထုတ်လိုက်ပါ၏။ ထိုခဏ လူရိပ်မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လွန်ခဲ့ သည့် ၈ နှစ်ကျော်က Keppel Shipyard တွင် လုပ်စဉ် အတူလုပ်ကိုင်ခဲ့ရသည့် မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်ရ ပါ၏။ ရှေးဟောင်းနှောင်းဖြစ် အနည်းငယ်ပြောကြရင်းမှ သူနှင့် ပါလာသည့်ပုဂ္ဂိုလ်က အင်း၊ လွယ် လွယ်ပါ့မလား မသိဘူး ဟု ရေရွတ်လိုက်ပါ၏။ အကြောင်းကို စုံစမ်းသော် ဒီလို အစ်ကိုရဲ့ ဟု ဇာတ်စုံခင်းပြပါ၏။
သူ့သူငယ်ချင်းဖြစ်သူမှာ စင်ကာပူ PR တစ်ဦးဖြစ်ပြီး ထိုင်းသို့ ခေတ္တအလည်သွားစဉ် အလုခံရသဖြင့် ပတ်စ်ပို့ ပျောက်သွားကြောင်း၊ ထို့ကြောင့် အသစ်လုပ်ရန် လာစုံစမ်းကြောင်း ပြောပါ၏။ ကျွန်တော်ကလည်း အို၊ ဒါ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ၊ ဟိုမှာ လျှောက်လွှာသွားယူချေ။ ပြီးတော့ ပတ်စ်ပို့မိတ္တူ။ အခွန်ပြေစာ မိတ္တူတွေ ယူပြီး တင်လိုက်ပါ ဟု ပြောလိုက်ပါသည်။ ထိုအခါသူက သူ့သူငယ်ချင်းသည် ထိုင်းမှ မြန်မာသံရုံးသို့ သွားပြီးအကြောင်းကြားရာ သံရုံးက စင်ကာပူရှိသံရုံး အကြောင်းကြားစာ ယူရန် ပြောသဖြင့် သူလာရခြင်း ဖြစ်ကြောင်း၊ ထိုင်းမှ မြန်မာသံရုံးက စင်ကာပူ မြန်မာသံရုံးသို့ ဖုံးဆက်ပြီး ဖြစ်ကြောင်း ပြောပါ၏။ ထို့နောက် သူ လျှောက်လွှာသွားယူရင်း စုံစမ်းပြီးပြန်ထွက်လာပါသည်။ ယခင် အခွန်ဆောင်ထားသော နောက်ဆုံးလမှ ယခုထိ ထပ်မံ အခွန်ဆောင်ရန် လိုကြောင်း (ထို အခွန် ဆိုသည့် ကိစ္စကြီး မှာ ကျွန်တော်တို့ ဘာလုပ်လုပ် ငုတ်တုတ်မေ့အောင် ချည်နှောင်ထားသော သံကြိုးကြီးတစ်ချောင်း ဖြစ်ပါ၏)၊ ထို ပုဂ္ဂိုလ်မှာ PR ဖြစ်လာတာ မကြာသေးကြောင်း၊ ယခင်က work permit နှုံးနှင့် ဆောင်လာသဖြင့် ယခု ပြဿနာ တက်ရပါကြောင်းများ ထပ်မံ ကြားသိရပြန်ပါ၏။
ထို့နောက် ထိုသူလည်း ဟိုလူ့ ဖုံးဆက်လိုက်၊ သည်လူ့ ဖုံးဆက်လိုက်၊ သံရုံးအတွင်းဝင်သွားလိုက်၊ ပြန်ထွက်လာ လိုက်နှင့် အလွန် ဗျာများလျှက် ရှိသည်ကို တွေ့ရပါသည်။ သြော်၊ အသက်တစ်ရာသာ မနေရ ရှိမယ်၊ အမှု တစ်ရာ ကတော့ သေချာပေါက် တွေ့ကြသူချည်း။

၅။ အလှူဒါန ပြုကြသူငါ

ဗဟုသုတ အနေနှင့် မသိသေးသူများ သိစေရန် ပြန်လည် ဝေငှပါအံ့။ ကျွန်တော်တို့ ပေးဆောင်နေရသော (အခွန်ထမ်းတာ မဟုတ်ပါ။ အခွန်ပေးတာ ဖြစ်ပါ၏။ အခွန်ထမ်းလျှင် ထို အခွန်ငွေများမှာ နိုင်ငံတော်ဘဏ္ဍာ အတွင်း ရောက်သွားမည်ဖြစ်ပြီး ယခု ကျွန်တော်တို့ ပေးလိုက်ရသော အခွန်ဟု နာမည်ခံထားသည့် ပိုက်ဆံများမှာတော့ မည်သည့်နေရာသို့ စီးမျောသွားမည် ဖြစ်ကြောင်း ခင်ဗျားတို့ ကျွန်တော်တို့ မသိနိုင်ပါ၊ သိခွင့်လည်း မရှိပါ။) အခွန်များကို အကြမ်းဖျဉ်း အောက်ပါအတိုင်း သတ်မှတ်နိုင်ပါ၏။ (တစ်လချင်း နှုံးထားများ ဖြစ်ပါသည်)

v ကျောင်းသား (ကျောင်းသားကဒ်ပြနိုင်လျှင်)(ကျောင်းထောက်ခံစာ လိုကောင်းလိုပါမည်) – S$ 20.00
v Maid – S$ 30.00
v Work Permit – S$ 40.00
v S Pass – S$ 80.00
v Permanent Resident (PR) – S$ 120.00
v (ယခင်က) EP - S$ 150.00

ယခုအခါ ကျွန်ုပ်တို့ စင်ကာပူ မြန်မာသံရုံးမှာလည်း အတော်အတန် (ခေတ်နှင့်အမီ) ဖွံ့ဖြိုးတိုးတက်လာပါပြီ ဟု ဆိုနိုင်ပါသည်။ ယခင်က သံရုံးကိစ္စရှိလျှင် အိမ်မှ လျှောက်လွှာစာရွက် ယူသွားရပြီး ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် နမူနာပုံစံအတိုင်း လက်ရေးဖြင့် -
သို့

သံအမတ်ကြီး
မြန်မာသံရုံး
.......
ဘာညာကွိကွ ----- ကူးရေးရပါသည်။ အိမ်မှ လျှောက်လွှာစာရွက် မပါလာသည့် အနှီသကောင့်သား၊ သကောင့် သမီးများအတွက် ကျွန်တော် သံရုံးသွားတိုင်း စာရွက်အပိုများ ထည့်ယူသွားလေ့ရှိပါ၏။ ယခုမူ ထို လျှောက်လွှာပုံစံများ (အခွန်ပေးဆောင်ရန်ကိစ္စ၊ ပတ်စ်ပို့ သက်တမ်းတိုးရန် ကိစ္စ၊ ပတ်စ်ပို့ပျောက်ဆုံးသဖြင့် အသစ် လုပ်ရန် ကိစ္စ၊ ကျောင်းသား ထောက်ခံစာ၊ အလုပ်မလုပ်ကြောင်းထောက်ခံစာ စသည်) ကို စားပွဲတစ်လုံးပေါ်တွင် ထားပေးထားပါ၏။ မိမိနှင့် သက်ဆိုင်သော လျှောက်လွှာကိုယူ၊ ဖြည့်ပြီး တင်လိုက်ရုံသာ ဖြစ်ပါ၏။ ထို့ပြင် သံရုံးတည်ရှိရာ နေရာမှာလည်း ဟို့....လူမနီး သူမနီး (အဲလေ) လူကုံထံများနေသော ပိုက်ဆံဝါလားများသာ လာနိုင်သည့် ဆိုင်ကြီး ကနားကြီးများ တည်ရှိရာနေရာ ဖြစ်ရကား စာရွက်ကလေးတစ်ခု မိတ္တူကူးချင်လျှင် အင်မတန် ဒုက္ခရောက်ပါသည်။ ထို အနီးတ၀ိုက်တွင် မိတ္တူကူးစက်သော်လည်းကောင်း၊ ATM စက်သည်လည်းကောင်း၊ စားသောက်ဆိုင်သည် လည်းကောင်း ဘာကမှ မရှိသော နေရာ ဖြစ်ပါ၏။ ယခုမူ သံရုံးအတွင်းတွင် ပိုက်ဆံထည့်ပြီး ကူးနိုင်သော (လွန်ခဲ့သော အနှစ်၃၀ က ဒီဇိုင်း) မိတ္တူကူးစက် တစ်လုံး ရှိနေပြီ ဖြစ်ပါ၏။ ( Customer များအား take care လုပ်သည့် သံရုံးအား ကျွန်ုပ်မှ customer များကိုယ်စား အလွန်အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ် ပါ၏။)
စက်ကလည်း အလွန် လူလည်ကျ(အဲလေ) စက်လည်ကျသော စက်ဖြစ်ပါ၏။ ကျွန်တော့မှာ မိတ္တူကူးစက် နံဘေး ထိုင်နေရင်း သူတို့လုပ်ပုံကိုင်ပုံများကို တစေ့တစောင်း အကဲခတ်မိပါ၏။ လာကူးလိုက်။ လေးငါးရွက်လောက် ကူးပြီး စာရွက် ဂျမ်းဖြစ်သည်ဆိုကာ ဟိုဖွင့်၊ သည်ဖွင့် လုပ်လိုက်။ သို့နှင့် မနေနိုင်သူပီပီ စပ်စုမိပြန်ပါသည်။ စက်ကို ဂလုံး ဂလွမ်းနှင့် ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီးသကာလ စက်က ပိုက်ဆံတောင်းပါသည်။ ကဒ် ထည့်ပြီး ပြန်နှိပ်ပါ ဟူ၏။ သို့နှင့် ကူးလက်စ အစ်မကြီးကို ပိုက်ဆံ အပြား ၂၀ ထပ်ထည့်ရန် ပြောလိုက်ပါသည်။ (သူတို့အကြွေကုန်သွားတိုင်း ကျွန်တော် ကူညီလိုက်ရရာ ပါသမျှ အကြွေစေ့အားလုံး ချောသွားပါသည်)။ အဖုံးဖွင့်ကြည့်သော အခါ စာရွက်တစ်ရွက်မှ ငြပ်မနေ သော စက်က စက္ကူ ဂျမ်းဖြစ်နေပါသည် ဟု သတင်းပေးလျှက် အဖုံး ပိတ်လိုက်ပြီး ပိုက်ဆံထည့်လိုက်သောအခါ ပြန်ကောင်း၊ ပြန်ကူးလို့ ရသွားပြန်ပါ၏။ ဗိုက်ကလေးလိုသာ ထူးဆန်းပါပေ့ ဆတွတ်ရယ် ဟု အာမေဋိတ် ပြုလိုက်ချင် ပါတော့သည်။ နောက်လူများကိုလည်း ဤအတိုင်းဆက်လုပ်ရန် သတင်းပေးလိုက်ရပါ၏။
နောက်တစ်ခုက အဲယားကွန်း အလုပ်လုပ်လာခြင်း ဖြစ်ပါ၏။ ယခင်က အဲယားကွန်းရှိသော်လည်း အလုပ်မလုပ် သဖြင့် အခန်းကျဉ်းအတွင်း လူပေါင်းများစွာဖြင့် အလွန် ပူအိုက်လှပါသည်။ ယခုမူ အနည်းငယ် နေသာထိုင်သာ ရှိလာပါပြီ။ ထို့ပြင် water cooler လည်း ရှိပါသည်။ (ဒါပေသိ ခံသောက်ဖို့ ခွက်တော့ လိုပါလိမ့်မည်။ ရေဗူးပါလာသူများ ကတော့ ရေဗူးနှင့် ထည့်သောက်ပါသည်။ ကျွန်တော့်မှာ ဘာကမှ ပါမလာသလို တောမှာလို လက်ခုပ်နှင့် ခံသောက်ဖို့ရာ လည်း လူမြင်မတော်လှသဖြင့် မြင်သာမြင် မကြင်ရ ဖြစ်နေရပါ၏။)
နံပတ် ၁ ကနေ ၂၀ စသဖြင့် နံပါတ်စဉ်အလိုက်ခေါ် နေပါသည်။ ကိုယ့်အလှည့်ရောက်ရန် လိုသေးမှန်း သိနေ သော်လည်း ကျွန်တော့်မှာ စိတ်အေးလက်အေး စာဖတ်မနေနိုင်ပါ။ ဂဏှာမငြိမ် ဖြစ်နေပြီး စာမျက်နှာ တစ်ခုပြီး တစ်ခုသာ ကုန်သွားသည် ဘာဖတ်လိုက်မှန်းမသိ။ သို့နှင့် စာအုပ်ကို လွယ်အိတ်ထဲ ထည့်ထားလိုက်ပြီး ဟိုငေး သည်ငေး ဖြင့် စောင့်ဆိုင်းနေလိုက်ပါသည်။ နံပတ် ၃၀ ကနေ ၄၀ ဟု ခေါ်လိုက်သောအခါတွင်မူ ထီပေါက်စဉ်ကြေငြာသံတွင် မိမိ နံပါတ်ကို ကြားလိုက်ဘိသည့်အလား ၀မ်းသာသွားလျှက် ကောင်တာရှေ့သို့ သွားတန်းစီလိုက်ပါ၏။
ကျွန်တော့် အလှည့်တွင် အစ်မကြီးက ဟော၊ ဟိုတစ်ခါ ကလေးကိစ္စ အဆင်ပြေသွားပြီလား ဟု ပဋိသန္တာရ ပြုပါ၏။ နေ့စဉ် လူပေါင်း သောင်းခြောက်ထောင်နှင့် ဆက်ဆံနေရသည့်တိုင် လွန်ခဲ့သည့် ၁၀ လကျော်က ကျွန်တော့် သား နာမည်ပြောင်းဘို့ကိစ္စကို မှတ်မိနေသေးသော ထို အစ်မကြီး၏ မှတ်ဉာဏ်ကို အတော် လေးစားသွားရပါသည်။ ဟုတ်ကဲ့၊ အစ်မကြီး မှတ်မိသေးတယ်နော်၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ ဟု ပြောပြီးချိန်တွင် ဦးအေးငြိမ်းက PR မဟုတ် လား။ အရင်လို ၁၀၀ နဲ့ဆောင်လို့မရတော့ဘူး၊ ခု PR တွေကို ၁၂၀ နဲ့ဆောင်ဘို့ မူပြောင်းထားတယ် ဟု ယဉ်ကျေးချိုသာ စွာ ပြောပြပါသည်။ သြော် ဟုတ်လား၊ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျွန်တော် ထမင်းစားသွားရင်းနဲ့ လိုတာ ထပ်ထုတ်ထားလိုက် ပါမယ် ဟု ပြောရာ သူက တစ်နှစ်စာကို ၁၂ x ၁၂၀ = ၁၄၄၀ ကျပါမယ် ဟု တွက်ပေးပါသည်။
ထို့နောက် နေ့လည်စာစားရန် Orchard လမ်းမကြီးပေါ်ရှိ Mc Donald သို့ သွားပါသည်။ ကိုယ့်နာမည် လွတ်သွားမှာ စိုးသဖြင့် အေးအေးဆေးဆေး စားမနေနိုင်။ ပါဆယ်ထုပ်ကာ ပြန်လာပါသည်။ ရေသောက်ရန် သတိရ သော်လည်း ရေပုလင်းမေးကြည့်ရာ ၃၅၀ စီစီပါ ရေပုလင်းအသေးတစ်လုံးကို ၂ ကျပ်ခွဲ ဟု ဆိုသဖြင့် ညီမလေးရယ်၊ NTUC မှာ တစ်ပုလင်းမှ ငါးမူးပဲ ရှိပါတယ်ကွာ ဟု မ၀ယ်ပဲ ပြန်ခဲ့ပါ၏။ ဒါက Orchard လေ အန်ကယ်ရဲ့ ဟု ပြန်ပြော ပါသည်။ ထိုကလေးမကလေးများမှာ အသက်ငယ်ငယ် ကုလားမကလေးများ ဖြစ်၍ အတူပါလာသူ သူငယ်ချင်းကို မေးကြည့်ရာ သူက Mc Donald နှင့် KFC များတွင် ကျောင်းများပိတ်သောအခါ ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေး ခန့်ထားကြောင်း၊ သူတို့လည်း ကျောင်းသူများ ဖြစ်နိုင်ကြောင်း၊ ကျောင်းပိတ်ထားသဖြင့် ထိုဆိုင်များတွင် ၀င်လုပ်နေတာ ဖြစ်မည်ထင်ကြောင်း ရှင်းပြပါ၏။ ကောင်းလေစွ တကား။
တိုတို ပြောရလျှင် သံရုံးပြန်ရောက်၊ အထဲ ခဏ၀င် အခြေအနေကို အကဲခတ်။ ကိုယ့်အလှည့်နှင့် အတန်ငယ် ဝေးသေးမှန်း သိရသဖြင့် အပြင်ထွက် ဘာဂါကို နေ့လည်စာအဖြစ်စား။ သံရုံးထဲဝင်။ ပြန်စောင့်။
ဦးအေးငြိမ်း ဟု ခေါ်သံကြားသော် ချွေးနှဲစာကလေးများကို နိုင်ငံတော်သို့ ပေးလှူ။
အားလုံး ကိစ္စ၊ ၀ိစ္စပြီး၍ သံရုံးအတွင်းမှ ပြန်ထွက်လာသော် နေ့လည် ၁၂ နာရီ ၃၅ မိနစ်။

အခွန်ဆောင်လို၍ ဖြစ်စေ၊ အကြောင်းတစုံတရာကြောင့် သံရုံးသို့ သွားလိုလျှင် မနက်စောစော ၈ နာရီ မတိုင်မီ၊ ဖြစ်နိုင်လျှင် ၇ နာရီလောက် အရောက်သွားကြပါဟု သတင်းပေးလိုက်ရပါ၏။
(ပြောစရာများ အတော်များများ ရှိသေးသော်လည်း စာမျက်နှာ အတော်စားသွားပြီဖြစ်ရာ နောက် အလျဉ်းသင့်မှ ထပ်ပြောပါမည်။ သည်းခံ ခွင့်လွှတ် နားဆင်တော်မူကြပါခင်ဗျား)။

No comments: