Thursday, December 11, 2008

Working in Singapore Part III

၁၊ ၂။ စင်ကာပူတွင် အလုပ်လုပ်သူနေသူ တစ်ဦး၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ

နိုင်ငံခြားသားများကို ၀န်ထမ်းခန့်အပ်ခြင်းအတွက် Employment of Foreign Manpower Act (Chapter 91A) ဟု ဥပဒေ ပြဌာန်းထားပါသည်။ အောက်ဖော်ပြပါ အချက်အလက် တော်တော် များများမှာ ထို ဥပဒေထဲမှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ အသေးစိတ် ဖတ်ရှုလိုသူများ အောက်ပါ link တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါ၏။
http://statutes.agc.gov.sg/non_version/cgi-bin/cgi_getdata.pl?actno=1968-REVED-91&doctitle=EMPLOYMENT%20ACT%0a&date=latest&method=part&segid=888373176-000783#888373176-000879

စင်ကာပူနိုင်ငံတွင် Industrial Sector လုပ်ငန်း ၅ မျိုးခွဲထားပါသည်။

1. Manufacturing Industry - ကုန်ထုတ်လုပ်ငန်း
2. Construction Industry - ဆောက်လုပ်ရေး လုပ်ငန်း
3. Marine Industry - သင်္ဘောကျင်းလုပ်ငန်း
4. Process Industry - ရေနံဓါတုကဲ့သို့ ကုန်ထုတ် လုပ်ငန်း
5. Services Industry - ၀န်ဆောင်မှု လုပ်ငန်း - စသည်တို့ဖြစ်ပါ၏။


Work permit (WP) ကိုင်ဆောင်သူ တစ်ဦး၏ လုပ်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ

မြန်မာပြည်မှ work permit နှင့် အလုပ်လုပ်ရန် လာမည့် သူများသည် စင်ကာပူမှ safety များအကြောင်း တင်ကြိုလေ့လာထားရန် လိုသည်။ စင်ကာပူသို့ အလုပ်လာလုပ်သူ မည်သူမဆိုအား လုပ်ငန်းခွင်တွင် အလုပ်လုပ်စဉ် ဘေးအန္တရာယ် ကင်းရှင်းရန် လိုက်နာရမည့် အခြေခံ စည်းမျဉ်းစည်းကမ်းများကို အစိုးရမှ တစ်ရက် သင်တန်း (Construction Safety Orientation Course – CSOC) ပေးကာ စာမေးပွဲ ဖြေဆိုစေသည်။ ယခင်ကတော့ ကိစ္စမရှိ။ တစ်ခါမအောင် နောက်တစ်ခါ ထပ်ဖြေ။ မအောင်မချင်းဖြေ။ ယခုတော့ ကိစ္စ ရှိလာပြီ။ ၂၀၀၇ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုစာမေးပွဲကို သုံးခါပဲ ဖြေခွင့်ရှိတော့သည်။ သုံးခါဖြေလို့ မှ မအောင်လျှင် တာ့တာ။ ဘိုင့်ဘိုင်။ စင်ကာပူတွင် အလုပ်လုပ်လို့ မရသေး။ ကိုယ့်တိုင်းပြည် ပြန်ကာ လေ့လာ လိုက်ဦး။ သေချာမှ ပြန်လာ။ အဲလေ၊ အေးဂျင့်ဖီးလေးတော့ ၃-၄ ထောင်လောက် ထပ်ကုန်မှာပေါ့။
စင်ကာပူမြေသို့ ခြေချမိသည်မှ နှစ်ပတ်အတွင်း ထိုသင်တန်းကို တက်ရောက် ဖြေဆိုရမည် ဖြစ်သည်။ ထို စာမေးပွဲအောင်လျှင် SOC pass ကဒ် ထုတ်ပေးမည် ဖြစ်၏။ ထိုကဒ်ရမှသာ Work Permit ကဒ်ကို ထုတ်ယူခွင့် ရှိမည် ဖြစ်သည်။ အကယ်၍ အလုပ်သမားသည် ထို သင်တန်းကို မအောင်မြင်။ ကျရှုံးသည်ဖြစ်အံ့။ ၎င်း၏ အလုပ်ရှင်သည် နောက်ထပ် သုံးလအတောအတွင်း နောက်ထပ် Work Permit အသစ်ထပ်မံလျှောက်ထားခြင်းမှ တားမြစ်ခံရမည် ဖြစ်၏။ သက်တမ်းတိုးမည့် အလုပ်သမားများအနေနှင့် မိမိတို့ သက်တမ်းတိုးမည့် ရက် ထက် CSOC ကဒ်၏ သက်တမ်းက အနည်းဆုံး တစ်လ ပိုနေရမည် ဖြစ်၏။
လုပ်ငန်းရှင်များအနေနှင့် မိမိခန့်ထားသော အလုပ်သမားများအတွက် အစိုးရသို့ levy ပေးဆောင်ရပါသည်။ မိမိလုပ်ငန်းအလိုက် levy မှာ အမျိုးမျိုးရှိ၏။ ကျွမ်းကျင်လုပ်သား လက်မှတ်ရ (low levy) များအတွက် တစ်ဦးလျှင် တစ်လ ၁၅၀ (ယခု ၅၀)၊ မကျွမ်းကျင်သူ (high levy) များအတွက် တစ်ဦးလျှင် တစ်လ ၂၄၀ မှ ၄၇၀ အထိ မိမိလုပ်ငန်း၊ ခန့်ထားသော လုပ်သားဦးရေကို လိုက်ကာ အစားစား ပေးဆောင် ရပါသည်။ (Ref: http://www.mom.gov.sg/publish/momportal/en/communities/work_pass/work_permit/application/requirements/foreign_worker_levy.html)
high levy တစ်ဦးသည် စင်ကာပူတွင် ကြာကြာ လုပ်၍မရ။ စင်ကာပူတွင် အလုပ်လုပ်ချိန် စုစုပေါင်း လေးနှစ် သာ ခွင့်ပြုသည်။ Low levy သမားဆိုလျှင်တော့ ၁၈ နှစ်ထိ(ယခင်က ၁၅ နှစ်သာ) လုပ်လို့ ရသည်။ သို့အတွက် WP တစ်ဦးအနေနှင့် Low levy ဖြစ်ရန်လည်း အရေးကြီးသေး၏။
ကျွန်တော်အသိ အချို့ WP များထဲတွင် သူတို့ အလုပ်ရှင်က သူတို့ကို levy ဆိုကာ ပိုက်ဆံ ဖြတ်သည် ဆို၏။ အမှန်မှာ levy သည် အလုပ်ရှင်က ပေးဆောင်ရမည်သာဖြစ်ပြီး အလုပ်သမားများထံမှ ဖြတ်ပိုင်ခွင့်မရှိ။ ဤသို့ဖြတ် သည်ဆိုပါက MOM (Ministry of Manpower) တွင် တိုင်ကာ ပြန်တောင်းလို့ရပါသည်။ (သို့သော် မိမိ Work permit သက်တမ်းကုန်ပြီး ဤကုမ္ပဏီမှ ထွက်တော့မည် ဆိုမှ တိုင်တာကောင်းသည်ပေါ့။ မဟုတ်လျှင် တစ်ဝက်တစ်ပျက် နှင့် သူတို့က Work permit ကို cancel လုပ်လိုက်လျှင် မခက်ပါလား။ နောက်ပြီး နားလည် တတ်ကျွမ်းသည့် သူများနှင့် တိုင်ပင်ပြီးမှ လုပ်သင့်သည် ဟု အကြံပေးလိုပါသည်။)
အလုပ်ရှင်သည် WP တစ်ဦးအတွက် ဆေးကုသစရိတ်များကို ကျခံရမည်ဖြစ်သည်။ ဤသို့ ဆေးကုသစရိတ် ကျခံနိုင်ရန် အလုပ်ခေါ်စဉ်ကတည်းက အလုပ်သမားတစ်ဦးလျှင် တစ်နှစ်အတွက် ကျန်းမာရေးအာမခံ S$5000.00 တင်ထားရပါ၏။ ၀န်ထမ်းအတွက် ဆေးကုသစရိတ်ကို အလုပ်ရှင်က ပေးစရာမလိုပဲ အာမခံ ကုမ္ပဏီက ပေးပါသည်။ သို့အတွက် မိမိတို့ မမာမကျန်းဖြစ်၍ ဆေးခန်းသွားသည့် စရိတ်စက အားလုံးကို ကုမ္ပဏီသို့ ပြန်တောင်းနိုင်ပါသည်။
Work permit လျှောက်ခြင်း၊ အသစ်ပြန်လုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ သက်တမ်းပြည့်၍ဖြစ်စေ သက်တမ်း မပြည့်သေးမီ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ မိမိတိုင်းပြည်သို့ ပြန်ပို့သည့် လေယာဉ်လက်မှတ်ခ၊ လုံခြုံရေး အာမခံကြေး၊ Safety Orientation Course, Safety Induction Course များအတွက် သင်တန်းကြေး စသည် အားလုံးကို အလုပ်ရှင် ကသာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ထို ကုန်ကျစရိတ်များကို အလုပ်သမား၏လုပ်ခထဲမှ ဖြတ်၍မရပါ။ (ရည်ညွှန်း ၊ http://www.mom.gov.sg/publish/etc/medialib/mom_library/work_pass/files.Par.8149.File.dat/WP_S_Pass_Conditions.pdf ) Second Schedule အပိုဒ် ၃၄။

အလုပ်ရှင်သည် အလုပ်သမားတစ်ဦး ရရှိရမည့် လခကို လခထုတ်ရက်မှ ၇ ရက်အတွင်း ထုတ်ပေးရမည် ဖြစ်ပါသည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၄။)
အလုပ်ရှင်သည် အလုပ်သမား၏ Work permit မူရင်းကို မည်သည့်အကြောင်းနှင့်မှ သိမ်းမထားရပါ။ အလုပ်သမားသည်သာ Work permit မူရင်းကို ကိုင်ထားပိုင်ခွင့် ရှိပါသည်။(အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၃။)
အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် နေစရာစီစဉ်ပေးရပါမည်။ ထို့ပြင် လုပ်ငန်းခွင်ထဲတွင် ထိခိုက် ဒါဏ်ရာ ရပါက လျော်ကြေး ရရပါမည်။ မည်သည့် ထိခိုက်ဒါဏ်ရာများအတွက် မည်မျှလျော်ကြေးရထိုက်သည်ကို နောက်ပိုင်းတွင် တတ်နိုင်သမျှ ပြည့်စုံအောင် ဖော်ပြပေးပါမည်။
အကယ်၍ မိမိအလုပ်သမားသည် စင်ကာပူနိုင်ငံ အတွင်း အကြောင်းတစုံတရာကြောင့် သေဆုံးခဲ့ပါက အလုပ်သမား၏ ရုပ်အလောင်းကို သဂြိုဟ်စရိတ်၊ ရုပ်အလောင်း ကို မိသားစုထံ ပြန်ပို့စရိတ်၊ ကျန်ရစ်ခဲ့သော ပစ္စည်း၊ ငွေ စသည်တို့ကို မိသားစုထံ ပြန်ပို့ စရိတ်အားလုံးကို အလုပ်ရှင် က ကျခံရမည် ဖြစ်ပါသည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၇။)

၁၊ ၃။ Work permit (WP) ကိုင်ဆောင်သူ တစ်ဦး လုပ်ပိုင်ခွင့်မရှိသော အချက်များ

WP ကိုင်ဆောင်ထားသူ တစ်ဦးသည် မိမိကိုင်ဆောင်ထားသည့် Work permit ထဲတွင် ဖော်ပြထားသော လုပ်ငန်းအမျိုးအစား တစ်ခုထဲတွင်သာ လုပ်ပိုင်ခွင့်ရှိပါသည်။ Construction Industry မှ လုပ်သားတစ်ဦးသည် Marine Industry တွင် သွားလုပ်လို့ မရ။ အပြန်အလှန် သင်္ဘောကျင်း မှ အလုပ်သမားတစ်ဦးကို ဆောက်လုပ်ရေး တွင်တွေ့ရှိပါက ဖမ်းလို့ ရသည်။ သည် အချက်ကို သေသေချာချာ သိထားရန် လိုပေသည်။
အကယ်၍ အလုပ်သမားသည် အိမ်ဖော် ဖြစ်ခဲ့ပါက မိမိအတွက် သတ်မှတ်ပေးထားသော အိမ်တွင်သာ လုပ် ကိုင်နိုင်ပြီး ထိုအိမ်နှင့် အိမ်ခြံဝင်းအတွင်းမှလွဲ၍ အခြားအိမ်တွင် လုပ်ခွင့်မရှိပါ။
မိမိ၏ Work Permit ကို ကိုယ်နှင့်မကွာ သွားလေရာအမြဲ ယူသွားရမည်ဖြစ်ပြီး သက်ဆိုင်ရာမှ လိုအပ်၍ တောင်းခံလာလျှင် ထုတ်ပြနိုင်ရမည် ဖြစ်ပါသည်။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်အတွင်း မည်သူနှင့်မျှ (လူမျိုးမရွေး၊ ဘာသာမရွေး) လက်ထပ်ခွင့်မရှိ။ WP ကိုင်ဆောင်သူသည် အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ဆောင်ခွင့်၊ သားဖွားခွင့် မရှိ။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် တရားဥပဒေနှင့် မလွတ်မကင်းသော ကိစ္စရပ်တို့တွင် မည်သည့် ပုံသဏ္ဍာန်နှင့်မျှ ပါဝင် ပတ်သက်ခွင့်မရှိ။

၁၊ ၄။ မည်သူများ Work Permit လျှောက်ထားနိုင်သနည်း

အသက် ၁၆ နှစ်မှ ၅၀ အတွင်း (မလေးရှားများကိုတော့ ချွင်းချက်အဖြစ် အသက် ၆၀ နှစ်ထိ လက်ခံသည်)၊ လခ S$၁၈၀၀ အောက် ရရှိသူများ စင်ကာပူတွင် လာရောက်အလုပ်လုပ်လိုလျှင် work permit လျှောက်ထားနိုင် သည်။ သူတို့လာရာ နိုင်ငံအလိုက် အမျိုးအစား လေးမျိုးခွဲထားရာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများမှာ NTS (Non-Traditional Sources) ထဲတွင် ပါဝင်ပါသည်။ ၎င်း အမျိုးအစား လေးမျိုးမှာ -
၁။ မလေးရှား
၂။ NAS (North Asian Sources) - ထိုအုပ်စုထဲတွင် ဟောင်ကောင်၊ မကာအို၊ တောင်ကိုးရီးယားနှင့် ထိုင်ဝမ် တို့
ပါဝင်ပါသည်။
၃။ NTS (Non-Traditional Sources) - ထိုအုပ်စုထဲတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊
ဖိလစ်ပိုင် နှင့် ပါကစ္စတန် တို့ပါဝင်ပါသည်။
၎။ PRC (People’s Republic of China) - တရုပ်ပြည်
Work permit ကိုင်ဆောင်ထားသူများအနေနှင့် ၎င်းတို့၏ ဇနီး၊ သားသမီးများကို ခေါ်ဆောင်ခွင့်မရှိပါ။ သို့သော် ၎င်းတို့၏ သားသမီးများကို စင်ကာပူတွင် ကျောင်းထားလိုပါက အရည်အချင်းစစ် စာမေးပွဲ QT (Qualifying Test) သို့မဟုတ် AEIS (Admissions Exercise for International Students) ဖြေဆိုအောင်မြင်လျှင်မူ တက်ခွင့် လျှောက်ထားနိုင်ပါသည်။
* Dependent pass ကိုင်ဆောင်ထားသူများ စင်ကာပူတွင် အလုပ်လုပ်လိုပါက Work pass division တွင် Letter of Consent လျှောက်ထားရပါမည်။

No comments: