တစ်နေ့သ၌ ကျွန်ုပ်သည် ဇော်မဲလုံး၏ လိမ်လည်မှုပေါင်း ၅၈၉ မှုအနက် ၂၃၈ ခုမြောက် လိမ်လည်မှုအတွက် စာရွက်စာတမ်းများ စစ်ဆေးရန်သွားရာ လမ်းကြုံသဖြင့် ကျွန်ုပ်မိတ်ဆွေကြီး ကိုစံရှားရှိရာသို့ ကော်ဖီလေးဘာလေး သောက်ရင်း၊ စကားစနေပြောရန် ဝင်ခဲ့လေ၏။
၎င်းအခန်းသို့ရောက်ရှိ၊ တံခါးကို ခေါက်လိုက်လျင်ပင် -
မောင်စံရှား။ ။ ကိုနှင်းမောင်၊ ဝင်ခဲ့ဗျို့၊ တံခါးကို စေ့ရုံစေ့ထားတာ။
ကိုနှင်းမောင်။ ။ အဲဒါကြောင့် ကျွန်တော်က ကိုစံရှားကို ချစ်နေရတာ။ နေစမ်းပါအုံးဗျာ။ ကျွန်တော်က အောက်ဘလောက်က လာခဲ့တာ။ ခင်ဗျားမမြင်နိုင်ဘူး။ ကျွန်တော်မှန်း ဘယ်လိုသိသလဲ။
ရှား။ ။ ကိုနှင်းမောင်က တံခါးခေါက်ရင် ဖြည်းဖြည်းနဲ့မှန်မှန် အသံကျယ်ကျယ်ခေါက်တယ်။ နောက်ပြီး တံခါးကို ၃ ချက်ထက် ပိုမခေါက်ဘူးလေဗျာ။ ဒါထက် ခင်ဗျား ဇော်မဲလုံး အခြေအနေ ဘယ်နှယ်လဲဗျို့။
နှင်း။ ။ မဟန်ပါဘူးဗျာ။ ကျုပ်က တစ်မှုဖော်မယ်လုပ်လိုက်၊ သူက နောက်တစ်ခါ ထပ်လိမ်လိုက်နဲ့။ အဲဒါနဲ့ကျုပ်လည်း မသင်္ကာလို့ ဂျင်မခါနာသွားစုံစမ်းတော့ ဒီကောင်က မွေးကတည်းက ချက်ကြိုးက လည်ပင်းကို လိမ်ပြီး မွေးလာတာတဲ့ဗျ။ ခင်ဗျားပဲ စဉ်းစားကြည့်ပါဗျာ။ အမကကျောင်းပေါ် ဗုံးကျဲတာ ဒီလောက်ထင်ရှားနေတဲ့ကိစ္စ အတင်းလိမ်နေတယ်။ ကျွန်တော်တော့ ဒီကောင့်ဇက်ကို လိမ်ချိုးလိုက်တော့မလား အောက်မေ့တယ်။
ရှား။ ။ အာ မလုပ်နဲ့ဦးဗျို့။ မြန်မာ့အသံကလည်း ဟာဒယရွှင်ဆေးမလွှင့်တာကြာပြီဆိုတော့ ကျုပ်တို့မှာ ဇော်မဲလုံးနဲ့ အပန်းဖြေနေရတာ။
နှင်း။ ။ ဒါနဲ့ ကိုစံရှားရယ် ဘောက်ချာတွေ၊ ပြေစာတွေ၊ အလှူခံဖြတ်ပိုင်းတွေကလည်း မနည်းလှပါကလားဗျာ။
ရှား။ ။ အင်း - ခင်ဗျားမလည်း ဇော်မဲလုံးနဲ့တိုင်ပတ်။ ကျုပ်လည်း မီးကင်တဲ့ကိစ္စ လိုက်ရှင်းနေရသဗျို့။
နှင်း။ ။ ဘာလဲဗျ။ မီးကင်တယ်ဆိုတာ။ ကင်ဆာဖြစ်လို့ ဓာတ်ကင်တာကို ပြောတာလား။
ရှား။ ။ ဘယ်ကလာဗျာ။ ဟိုအမျိုးသမီးတစ်ယောက်က ဘာတဲ့ သူ့ပိုက်ဆံ သိန်း ၃၀ ကို မှားလွှဲမိလို့တဲ့။ မှားမဲ့မှား ကျုပ် အကောင့်ထဲပဲ မှားလွှဲပါတော့ဗျာ။ အခုတော့ ဟို ပလဟိတမီးကင်ကြီးဆိုလား။ အဲဒီဆီရောက်သွားလို့တဲ့။ သူ့ဆီ ငွေ အပေးအယူလုပ်တဲ့မှတ်တမ်းတွေ လိုက်စစ်နေတာ။
နှင်း။ ။ ခင်ဗျားတို့ဟာကလည်း အမျိုးမျိုးပါလားဗျာ။ တော်ကြာ မြန်မာပြည်ရဲ့ ပထမခွဲမီးကင်လိုက်၊ ဒုတိယ မီးကင်လိုက်။ တော်ကြာ ငင် - သူက ခေါင်းဆောင်မင်းသမီးလည်း မဟုတ်၊ သရုပ်ဆောင်ကြေးက ဘယ်လောက် သူရိုက်တဲ့ကားနဲ့ ဒီလောက် ပိုက်ဆံတွေ ချမ်းသာရပါမလား အတင်းတုတ်လိုက်။
ဟိုကလည်း ဘယ်ကိုဖြင့် သိန်းသုံးသောင်းလောက် (အောင်မငီး) လှူပြီးပြီ။ အဲဒါ နောက်ထပ် သိန်းတစ်သောင်းလှူဘို့ ဘယ်သွားမလို့ လုပ်လိုက်။
ဒါနဲ့ နေပါအုံး ကိုသိန်းမောင်တစ်ယောက်လည်း မတွေ့ပါလားဗျ။
ရှား။ ။ အာ ကိုသိန်းမောင် စစ်ကိုင်းကို ပြန်သွားသဗျို့။ အနို့ သူက နေ့တိုင်း လွယ်တဲ့ စည်သွပ်ဘူးချည်း ဝယ်ချက်နေတာကိုးဗျ။ အဲဒါ ဟိုတစ်နေ့က ဖေ့စ်ဘုတ်မှာ စည်သွပ်ဘူးပေါ်က သက်တမ်းကုန်တဲ့ရက်စွဲတွေကို မယုံရဘူးလို့ ဖတ်လိုက်ရတာနဲ့ စိတ်လေပြီး ပြန်သွားချည်ရဲ့။
နှင်း။ ။ ကိုင်းကိုင်း စကားလည်းကောင်းရဲ့၊ ကျွန်တော် သွားလိုက်အုံးမယ်။ ဟို အေဘေးမဲလုံး၊ ဘာတွေ လျှောက်လိမ်နေပြန်ပြီမသိဘူး။
ရှား။ ။ ဟားဟား၊ ကျုပ်လည်းမီးဆက်ကင်လိုက်အုံးမဗျို့။
မီလာလည်းပျော်၊ ရေလာလည်းပျော်၊ ကမ္ဘာ့အပျော်ဆုံးနိုင်ငံ၌နေသော အသင်သူတော်ကောင်း အပေါင်းတို့သည် အသားကုန် ပျော်နိုင်ကြပါစေကုန်သတည်း။
တူနယ်တဲ့နယ်
အေးငြိမ်း
No comments:
Post a Comment