အချို့လူများသည် အလွန်ထူးဆန်းလှ၏။ ၎င်းတို့သည် စာလည်းမဖတ်၊ ကဗျာလည်းမဖတ်။ အဲလေ၊ ကဗျာဆိုတာ ချိုနဲ့လား ဟုတောင် မေးမည့်သူများ ဖြစ်၏။
နေပါအုံးဗျာ။ ခင်ဗျား ကဗျာ မဖတ်တော့ ဘာဖြစ်သွားမှာ မို့လို့တုံး။
အဲဗျ။
ကျုပ် စာမဖတ်တော့ အသက်ရှင်မနေရတော့ဘူးတဲ့လား။
အာ့ဗျဲ။
ဟဲဟဲ၊ အဲလိုတော့လဲ ဟုတ်ဘူးပေါ့လဗျာ။
သို့သော် ကျွန်ုပ်အဖို့မူ တစ်နေ့ကို ကဗျာလေးတစ်ပုဒ်လောက်တော့ ဖတ်လိုက်ရမှ နေသာထိုင်သာ ရှိလေ၏။
ကဗျာသည် နှလုံးသား၏ အာဟာရဖြစ်၏။ ကျွန်ုပ်နှလုံးသားလေး နုပျိုနေစေဘို့ရာ ကျွန်ုပ်သည် ကဗျာဖတ်လေ၏။
((ဟေ့ယောင်၊ ငါ ဘာကဗျာမှ မဖတ်ပါဘူးကွာ။ ဒါပေမယ့် ငါ့နှလုံးသားက မင်းထက်ပိုနုသေးတယ်။))
< အသာနေစမ်းပါဗျာ၊ ခညားကလဲစ် >
အမှန်ဆို ကျွန်ုပ်တို့သည် ကျောင်းစတက်ပါပြီဆိုကတည်းက ကဗျာနှင့် စခဲ့ကြတာ ဖြစ်၏။
က ကညစ်၊ ပေမှာခြစ်
ခ ခရာ၊ အသံသာ
ဂ ဂဏန်း၊ ရေမှာဖမ်း
င ငရုပ်စိမ်း၊ စပ်ရှိန်းရှိန်း။
အိမ်လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း
စုပေါင်း အမှိုက်သိမ်း။
ပါပီကလေး ပုတုတု
သူ့စကားက ဝုဝုဝု၊ . . .
ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်၊ . . .
ကဗျာသည် အသံသာ၏။ ဆိုလို့ကောင်း၏။ မှတ်ရလွယ်၏။ ကလေးတိုင်း ကဗျာလေးများကို ချစ်သည်သာ ဖြစ်၏။ သည်အတိုင်း စာကို အတုံးလိုက် သင်သွားလျှင် တတ်ဖို့မလွယ်။ ဟော - ကဗျာလေးနှင့် တွဲလိုက်တော့ တတ်ဘို့ အင်မတန် လွယ်သွားလေသည်။
နည်းနည်းလေး အတန်းကြီးလာတော့ -
မြသားငယ်တဲ့ ရေယမုန်
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြ ဒိုက်ပုံ။
အလို . . .
ကျွန်ုပ်တို့ ငယ်ဘဝတလျှောက်လုံး ကဗျာတွေနဲ့ချည်း ထိတွေ့လာခဲ့ရပါကလား။
ကျွန်ုပ်ငယ်ငယ်က အတော်ချစ်ခဲ့ရသော ကဗျာစာအုပ်ကလေးနှစ်အုပ်သည် ရှိ၏။
တစ်အုပ်မှာ ကျွန်ုပ်တို့ အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ရသည့် အဖုံးစိမ်းစိမ်းနှင့် အလယ်တန်း မြန်မာကဗျာ လက်ရွေးစင် စာအုပ်ကလေးဖြစ်ပြီး နောက်တစ်အုပ်မှာ ကျွန်ုပ်အစ်ကို ကိုတင်ထူး အထက်တန်း ကျောင်းသားဘဝ၌ သင်ခဲ့ရသော အထက်တန်း ကဗျာလက်ရွေးစင် စာအုပ်တို့ ဖြစ်၏။ အနို့ တောဆိုတော့ ဘယ်မှာလျင် ကဗျာစာအုပ် ကောင်းကောင်းကန်းကန်း ရပါမည်နည်း။ ကွင်းကောက် မြောက်ဘက်ကမ်း ဈေးထဲမှ တစ်ခုတည်းသော စာအုပ်ဆိုင်ကလေး၌ ရွှေသွေး၊ တေဇ စသည့် ဂျာနယ်၊ စာစောင်ကလေးများသာ အရောင်းများပြီး တူတူတန်တန် စာအုပ်ဆိုလို့ တစ်အုပ်ကမှ မရှိပါ။
ကျွန်ုပ်တို့ သင်ခဲ့ရသည့် အလယ်တန်းကဗျာစာအုပ်မှာ အလယ်တန်းဆိုပေမင့် မဖြစ်ညစ်ကျယ်လေးမဟုတ်။
ကဗျာပုဒ်ရေ စုစုပေါင်း ၁၁၂ ပုဒ်ပါ၏။
ကဗျာများကို အပိုင်း - ၁၊ ရှေးခေတ်။ အပိုင်း - ၂၊ ကိုလိုနီခေတ်။ အပိုင်း - ၃၊ ခေတ်သစ် ဟု သုံးပိုင်းခွဲထား၏။
တကယ့်အနှစ်တွေချည်း ရွေးထားသမို့ ကျွန်ုပ် အလွန်နှစ်သက်သော ကဗျာများချည်း ဖြစ်၏။
အချို့ကဗျာများမှာ ရင်တွင်း၌ တသသ စွဲကျန်ရစ်သော ကဗျာများ ဖြစ်၏။ ဥပမာပြရလျှင် မင်းသုဝဏ်၏ ဖိုးမောင်လာပြီ ကဗျာမှာ ရင်ထဲကို ထိခိုက်လှ၏။ ဖိုးမောင်သည် သာမန်တံငါကလေး တစ်ဦးသာ ဖြစ်၏။ ဖိုးမောင်သည် အလွန် ဆင်းရဲပါလိမ့်မည်။ သို့သော် ဖိုးမောင်၏ စိတ်ဓာတ်ကား မြင့်မြတ်လှ၏တကား။ ဤကဲ့သို့သော ဖိုးမောင်များ ကျွန်ုပ်တို့တိုင်းပြည်၏ ချောင်ကြိုမြောင်ကြား၌ အများအပြားရှိပါလိမ့်မည်။
နောက်တစ်ပုဒ်မှာ ဇော်ဂျီ၏ တို့တိုင်းပြည် ဖြစ်၏။
ဆရာဇော်ဂျီ၏ ကဗျာကိုဖတ်ပြီး အားမာန်တို့ဖြစ်ရ၏။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
ဆရာဇော်ဂျီကား မြန်မာပြည်တိုးတက်ကြီးပွားရေးအတွက် နှိုးဆော်ခဲ့၏။ တိုက်တွန်းခဲ့၏။ အားမပျော့ကြနှင့်။ လုံ့လ မလျှော့ကြနှင့် ဟု အားပေးခဲ့၏။ သို့သော် . . .
သည်ကနေ့ မြန်မာပြည်ကြီး၏ အခြေအနေကို အသင်တို့အသိ ဖြစ်၏။
သူများတကာတွေ အင်္ဂါဂြိုဟ်သွားပြီး ဟန်းနီးမွန်း ထွက်ဘို့ လုပ်နေချိန်မှာ ကျွန်ုပ်တို့မှာတော့ မိုင်၃၀၀၀ရှည်တဲ့ နဂါးတွေ ဂဠုန်တွေနှင့် ခုထိ တိုင်ပတ်နေတုံးရှိသေး၏။ ဝမ်းနည်းဖွယ် ကောင်းလေစွ။ ကျွန်ုပ်မှာ လွန်ခဲ့သော အနှစ် ၅၀ လောက်က တိုက်တွန်းခဲ့သော ဆရာကြီးကို အားနာလှပါ ဘိတော့သည်။ (အရေးထဲ ဟိုဟာမကလည်း သူ ဒေါသထွက်လို့ပဲ ငလျင်လှုပ်ရသလိုလို။ ရှောက်ခယိုးနဲ၊ ဆေး မှန်မှန် တိုက်လိုက်ကြပါအုံး ဗျာတို့။)
သည်ကဲ့သို့သော ကဗျာများ အလယ်တန်း မြန်မာကဗျာလက်ရွေးစင်စာအုပ်မှာ အများအပြား ပါ၏။
ကျွန်ုပ်သည် ဆီးဘန်နီဆရာတော်၏ ‘သေသော်မှတည့် ဪကောင်း၏’၊ ဦးကျော်လှ၏ ဝံသာနုအထည် သံချိုလေးချိုး၊ ဇော်ဂျီ၏ တို့တိုင်းပြည်၊ ဇော်ဂျီ၏ လှိုင်းကလေးသင်၊ မင်းသုဝဏ်၏ ဝါတွင်းချိန်၊ ငွေတာရီ၏ အလှရှိရာ တို့ကို ရင်ထဲ၌ အစဉ်အမြဲ သိမ်းဆည်းထားမိ၏။
ထို့ပြင်တဝ ထွဏ်းနေနွယ်က . . .
‘ပန်းပွင့်မှဖွား၊ ပန်းဖြစ်ငြားလည်း
သူ့အားသူ့မာန်၊ သူ့ဟန်ပန်ဖြင့်
တာဝန်သူကျေ၊ ထမ်းဆောင်လေခဲ့
ချစ်ဆွေလူသား၊ မြေမှာဖွားငဲ့
သင်ကားသင့်မြေ၊ တာဝန်ကျေဖို့
ဘာတွေဆောင်ရွက်ပြီးပြီနည်း။ ။ . . . မေးခဲ့၏။
မိတ်ဆွေ - စာဖတ်နေတာ ခဏနားပြီး ထွဏ်းနေနွယ်၏ မေးခွန်းလေးကို တဆိတ် ဖြေကြည့်စမ်းပါဘိ။
ကျွန်ုပ် အလယ်တန်းကျောင်းသားဘဝကပင် အထက်တန်း ကဗျာ လက်ရွေးစင်စာအုပ် တစ်အုပ်လုံးကို ဖတ်ပြီးနေပါပြီ။ အနို့ တခြားလည်း ဘာကဗျာစာအုပ်မှ ဖတ်စရာမရှိတော့ ကျောင်းပြဋ္ဌာန်းစာအုပ်တွေပဲ ဖတ်ရ၏။ သို့သော် ကျောင်း၌ သင်ရသော ကဗျာများကိုလည်း ကျွန်ုပ် ချစ်ခင်နှစ်သက်ပါ၏။
ထိုစဉ်က အထက်တန်း ကဗျာ လက်ရွေးစင်မှာ ခမောက်ကလေးများ ကြားညှပ်ပြီး စာအုပ်ကလေးများ စီထားသည့် အဖုံးနှင့် ဖြစ်၏။ အလယ်တန်း ကဗျာစာအုပ်က အဝါရောင်၊ အထက်တန်း ကဗျာစာအုပ်က အုတ်ခဲရောင် ဖြစ်၏။
အထက်တန်းကဗျာများကို ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံပြည် နှင့် ဖွင့်ထား၏။
ကျွန်ုပ်သည် ရှေးခေတ်ပုဂံပြည်ကို အလွန်ကြိုက်နှစ်သက်လှ၏။ ရှေးခေတ်ပုဂံပြည်ကို ဘယ်နှစ်ခါဖတ်ဖတ် ရိုးမသွား။ သည်ကဗျာကိုဖတ်ပြီး ကျွန်ုပ်၌ ဇာတိသွေး၊ ဇာတိမာန် ဆိုတာကြီးတို့သည် မွေးဖွားလာခဲ့၏။ မြန်မာ့မြေကို ကျူးကျော် လာသူများအားလည်း ဓားနှင့်တက်ပိုင်းချင်စိတ်များ ပေါ်လာခဲ့၏။
ဤ အလွန်ကောင်းလှသည့် ရှေးခေတ်ပုဂံပြည်ကို ပထမနှစ်မြန်မာစာ စာအုပ်၌ ဖျက်လိုဖျက်ဆီးလုပ် ရေးထားသည်ကို တွေ့ရသည့်အခါ ကျွန်ုပ်သည် အလွန်ဒေါသထွက်မိ၏။ ဤကဗျာကို ဖျက်ရေးသည့် ABay အားလည်း ကျွန်ုပ်သည် နရင်းကို နာနာလေး အုပ်ချင်မိလှ၏။ ဤကဗျာပျက်ကို စာအုပ်ထဲ၌ ပုံနှိပ်ရန် တာဝန်ပေးသည့် ဂမြင်းမသားအားလည်း အီးပန်းသေပါစေဟု ကျိန်စာတိုက်မိလေ၏။
အထက်တန်း ကဗျာ လက်ရွေးစင်ပါ ကဗျာများမှာလည်း တကယ့် လက်ရွေးစင်ချည်း ဖြစ်၏။
ဗန်းမော်ညိုနွဲ့၏ လက်ဖက်ရည်ကြမ်းဝိုင်းနှင့် မင်းသုဝဏ်၏ ဗြောသံသည် ကျွန်ုပ်အား ရွာလွမ်းသည့် ဝေဒနာကို ဖြစ်ပေါ်စေ၏။
ငွေတာရီ၏ သူရဲကောင်းသုံးယောက်နှင့် ခရီးသည် သည် ယောက်ျားကောင်းတို့၏ စွမ်းရည်သတ္တိကို လှစ်ဟပြ၏။
တင်မိုး ၏ အလှကိုယ်စီ သည် အရာမှန်သမျှ၊ လူမှန်သမျှ သူ့အစွမ်းနှင့်သူ ရှိကြောင်း သိမြင်စေ၏။ ရာထူးကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘာရာထူးမှ မရှိသည်ဖြစ်စေ၊ အမှိုက်လှည်းသူဖြစ်စေ၊ လယ်သမား၊ ယာသမားဖြစ်စေ၊ လယ်ကူလီဖြစ်စေ၊ အိမ်ထောင်ရှင်မ ဖြစ်စေ၊ မည်သူဖြစ်ဖြစ် သူ့တန်ဘိုးနှင့်သူ ရှိကြသူချည်း ဖြစ်၏။ ဘာမှ နှိမ်ချ ဆက်ဆံ စရာမလို။ ဘာမှ နှာခေါင်းရှုံ့စရာ၊ အထင်သေး အမြင်သေးဖြစ်စရာ အကြောင်းမရှိ။
အကယ်၍သာ ထိုကဗျာစာအုပ်ပါ ကဗျာများကို တစ်ပုဒ်ချင်းလိုက် ဝေဖန်ရပါလျင် စာအုပ်ကြီးတစ်အုပ် ဖြစ်သွားလောက်စရာ ရှိ၏။ ဆိုတော့ သည်မျှနှင့် ရပ်ပါရစေ။
ဆက်ပါဦးမည်။
အေးငြိမ်း
၇ မေလ၊ ၂၀၂၅
No comments:
Post a Comment