Saturday, May 3, 2025

ငထွား ခါးနာရပြန်ခြင်း အကြောင်း

ဘယ့်နဲ့ကွယ်၊ ရုပ်ကလေး သနားကမားနဲ့ လည်လိုက်တာကလည်း ၉+ ကျော်နေပါ့လား။ ရှောက်ခယိုးနဲစ်

 

မနေ့က နှစ်တန်းဆက်တိုက်သင်ရတော့ မဆိုစလောက် ပင်ပန်းတာနှင့် ခြေလေးချိုးပေးစမ်းပါဟယ်၊ ညောင်းလွန်းလို့ ဟု ခြေအချိုးခံကာ ခဏနှပ်။ ငယ်ငယ်တုံးကဆို ဘာအကြောင်းလဲဗျာ။ အခုက ၆၄ ထဲဝင်လာပြီဆိုတော့ စိတ်ကသာ ကွကိုယ် ၃၅ နှစ် လောက်အောက်မေ့နေတာ။ ကိုယ်က သိပ်မလိုက်နိုင်တော့။

 

ထလာတော့ Whatsapp ၌ မတ်စိဝင်နေတာတွေ့။

 

မိတ်ဆွေတစ်ဦးက စင်ကာပူမှာ ကျောင်းတက်နေသည့် ကန်မကလေးတစ်ယောက်၊ part time အလုပ်သွားလုပ်တာ အဖမ်းခံရလို့ (လက်ထိပ်တွေတောင် ခပ် ခေါ်သွား ဆိုပါလား၊ အောင်မငီးစ်) အဲသဟာ စင်းဒေါ်လှ တစ်သောင်း လေးထောင် ဒဏ်ရိုက်ခံရတယ် ဆိုကာ ရဲဖမ်းသည့်စာ၊ ငွေလွှဲထားသည့် screen shot များပြလာကာ ဟုတ်မဟုတ် စစ်ပေးပါရန် အပူကပ်လာလေ၏။

 

ဘယ့်နဲ့ကွယ် - 

ရဲကို ဒဏ်ငွေဆောင်တာများ bank account transfer နဲ့ ပေးရတယ်လို့။

အဲသဟာနဲ့ ကျွန်ုပ်လည်း မနေနိုင်လို့ သူပေးထားသည့် account ကို စစ်ကြည့်တော့ -

ငင့်စ်

ကုမ္ပဏီတစ်ခု ဖြစ်နေ၏။ Whole sale trading ဆို၏။

အဲသဟာ ရဲမှ မဟုတ်တာ။

 

နောက်ပြီး သူပေးထားသည့် ရဲစာရွက်ကလည်း အတုကြီးမှန်း သိသာလှ၏။

Report No., ဖမ်းသည့်ရဲနာမည် ဘာအသေးစိတ်မှမပါ။

ကျွန်ုပ်က ပိုသေချာအောင် ကျွန်ုပ်မိတ်ဆွေ ပလော်ဖက်ဆာ ဒေါက်တာအေအိုင် ကို မေးရ၏။

 

သူကတော့ ကျွန်ုပ်ထက်ပိုတိကျ၏။ 

ဤစာရွက် အတုဖြစ်ကြောင်း အချက်နှင့်အလက်နှင့် ရှင်းပြ၏။ မိတ်ဆွေတို့ ဖတ်ရမှာ ပျင်းမှာစိုး၍ screen shot နှင့် ပြထားပါ၏။

 

ကျွန်ုပ်လည်း မျက်ဆံပြူးသွားကာ “ဟဲ့ မဟိုနင်း၊ အဲဒါ အလိမ်ခံရတာ။ S$14,000 ဆိုတာ နည်းတဲ့ပိုက်ဆံမဟုတ်ဘူး။ အခုချက်ချင်း ရဲကိုသွားတိုင်ခိုင်းချေ။” ဟု စိုးရိမ်တကြီး မှာရ၏။

 

နောက်ပြီးတော့ (ကိုယ့်ပိုက်ဆံလည်းမဟုတ်ပါဘဲလျက်) ရင်တထိတ်ထိတ်နှင့် စောင့်နေရလေ၏။

မမလေးက တော်တော်နှင့် အကြောင်းမပြန်။

ည ၁၁ ခွဲတော့ ဪစ်၊ ကိစ္စပြီးသွားပြီထင်ပါရဲ့ ဟု အိပ်မည်ကြံ၏။ အနို့် ES ကလည်း စွဲတလောက်ခင်ဗျာ။ မနက်ဖြန် အတန်းကို Little India မှာ ချပေးထားတာ။ Little India ကို ၁ နာရီကျော်သွားရမည်။ ဆိုတော့ အစောကြီး ထရမည် ဖြစ်၍ စောစောအိပ်မှ ဖြစ်မည်။ 

 

အိပ်မပျော်သေးမီ တီ တီ ဟု အချက်ပေးလာ၏။ အင်း - သူ့ဆီက အကြောင်းပြန်တာပဲ ဟု ထကြည့်။

 

သူက ဗီဒီယိုများ ပို့လာ၏။ ‘အဲဒါသာ ကြည့်တော့’ ဟုလည်း ရေးလိုက်သေး၏။

 

သို့နှင့် သူပို့ထားသည့် ဗီဒီယိုနှစ်ခုကို ဖွင့်ကြည့်၊ အောင်မငီးစ်

 

ကောင်မလေးက ခုမှ ၂၁ နှစ်ပဲ ရှိသေးသည်။

သူ့မိဘတွေက စလုံးပို့ပြီး ကျောင်းထား၏။

သူက သူနှင့်အတူနေသည့် (သူ့ကိုစောင့်ရှောက်ဖို့ အပ်ထားသူလည်း ဖြစ်နိုင်ပါသည်။) သူထံမှ ပိုက်ဆံများ ချေးကာ တန်ဘိုးကြီး အသုံးအဆောင်များကို ဝယ်၏။ ဗီဒီယိုထဲမှာပြောထားတာ ပိုက်ဆံအိတ်က ၂၀၀ - ၃၀၀ လောက် တန်မယ် ဆို၏။ အဲသလို ပိုက်ဆံအိတ် ၃ - ၄ လုံးလောက် တွေ့လိုက်၏။ တခြားဟာတွေလည်း ဝယ်ထားသေးတယ်။ သူချေးထားတာ ၈၀၀၀ ကျော်ပြီဆိုတော့ ပိုက်ဆံပြန်တောင်း၏။ 

 

ဘယ့်နှာ ပိုက်ဆံ ၈၀၀၀၊ တစ်သောင်းလောက်ကို လွယ်လွယ်နဲ့ ရပါမတုံး။

သည်တော့ အကြံအဖန်လုပ်လေ၏။

ရဲအဖမ်းခံရကြောင်း စာရွက်ကို ကွကိုယ်ပြင်၊ ကိုယ့်ဘာသာ ပရင့်ထုတ်။

နောက်ပြီးတော့ ရဲကိုဒဏ်ကြေးဆောင်ရပါသည် ဆိုပြီး တစ်နေရာကို ပိုက်ဆံလွှဲပြ။

အဲဒီအထောက်အထားတွေကို မွေးသမိခင် ကျေးဇူးရှင်နှင့် ဖခင်တို့အား ရငြားပါစေ၊ အမျှဝေ ဝေ . . . အဲဗျ၊ အမျှဝေတာတွေနဲ့ ရောကုန်ပြီ။ ယခွမ်း

 

အဖေနဲ့အမေဆီပို့ပြီး ပိုက်ဆံတောင်း။

ကျွန်တော့်မိတ်ဆွေ မမလေးက အဲသည်ကောင်မလေးအဖေနဲ့ ကျောင်းနေဘက်ဆိုလား (နင်တို့လည်း သူငယ်ချင်းတွေ အရမ်းမများပါနဲ့လားဟယ်၊ ငါ ခေါင်းကိုက်လွန်းလို့)။

အဲဒါနဲ့ သူ့အဖေက မမလေးကို လှမ်းပြီး ရဲဖမ်းတာဟုတ်မဟုတ် လှမ်းမေး။

မမလေးက ကျွန်ုပ်ဆီ မတ်စိပို့။

 

သူ့အဖေနဲ့ အမေက ဒီလိုလုပ်ရပါမလား ငိုကြီးချက်မ ဖြစ်။ (ငိုတာနဲ့ ချက်ကိုမ,တာ ဘာဆိုင်တုံး လာမမေးပါနှင့်။ ကျွန်ုပ်လည်း မသိပါ။ ဤကား စကားချပ်)

 

အဲဒီကိစ္စတွေ အားလုံးပြီးတော့ သန်းခေါင်ကျော် ၁၂ ခွဲ နေပြီ။ နာ့အိပ်ချိန်တွေတော့ ပဲ့စ်ကုန်ပါပြီ။ ယခွမ်းဒဲ့မှ

 

ကျွန်ုပ်ကတော့ အဲဒီဟာမလေးနဲ့ညားမဲ့ယောက်ျားကိုပဲ သနားနေမိ။

ဟိုနားခဏလောက် လိုက်ခဲ့စမ်းပါဟယ်ဆိုပြီး ၃၅၀ လောက်နဲ့ ရောင်းစားထားခဲ့မှ ဒွတ်ခ။

 

အဲဒီပစ္စည်းလေးနဲ့ ဝေါင်ဝေါင်ရှေးလိုတဲ့ သားရှင်များ ကျွန်ုပ်ကို ဆက်သွယ်နိုင်ပါ၏။

 

ဝှူးစ် မောထှာ၊ ယခွမ်း

 

 

လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

 

အေးငြိမ်း (မဆီမဆိုင် ကြားထဲက ငထွား ခါးနာ ဖြစ်ရသူ)

၃ မေလ၊ ၂၀၂၅

No comments: