ကျွန်ုပ်သည် လုပ်စရာရှိသည်များကို ပြက္ခဒိန်ပေါ်၌ တစ်လစာ၊ တစ်လစာစီ ရေးမှတ်ထားလေ့ရှိ၏။
တမြန်မနေ့က ဇွန်လအတွက် လုပ်စရာရှိသည်များကို ပြက္ခဒိန်ပေါ်၌ မှတ်လျက် သားကို ခေါ်ပြ၏။
“သား၊ ဟောဒီမှာကြည့်၊ ဖေရီးက တစ်လစာ လုပ်စရာတွေကို ပြက္ခဒိန်ပေါ်မှာ မှတ်ထားတော့ မေ့တယ်၊ မှားတယ်ဆိုတာ မရှိတော့ဘူးလကွ၊ ဟာဟ”
အမှန်က ကျွန်ုပ်က သူ့ကို ဟောသလိုလုပ်ကွဟု ဆရာလုပ်ဘို့ ဖြစ်၏။
သို့သော် . . . သို့စ်သော် . . .
‘အာ ဖေရီးကလည်း၊ Apply the technology’ ဆိုကာ Google calendar ပေါ်၌ သူမှတ်ထားသည်များကို ပြလေ၏။
“ဟောဒီမှာကြည့် Google calendar ပေါ်မှာ ဘာလုပ်ရမယ်ဆိုတာကို နေရာ၊ အချိန်တွေပါ မှတ်လို့ရတယ်၊ သွားဘို့ ကြာချိန်ကို ထည့်ထားရင် သွားရမယ့်အချိန်မတိုင်မီ ၅ မိနစ် အလိုမှာ alarm ပေးလိမ့်မယ်။ တစ်ရက်ကြိုပြီး alarm ချိန်ထားလို့လည်းရတယ်။ နောက်ပြီး ဖေရီးရဲ့ ဖုန်းနဲ့လည်း ချိတ်ထားလို့ရတယ်။”
ဟိုက်ရော -
အဖေထက် တစ်နှစ်ကြီးသော သားပါပေတကား။
ကျုပ်က သူ့သင်ပေးဘို့ဟာ အခုတော့ ကျွန်ုပ်က သူ့ဆီက ပြန်ပြီး သင်ယူနေရပါပကော။
သူ ကျောင်းမှာ ဘော်လီဘောပုတ်တော့ ဘောလုံးကို ခုန်ပြီး အရိုက်၊ ပြန်အကျမှာ ခြေထောက်ခွေကျသဖြင့် ဆေးရုံသွားပြရ၏။ ပထမတစ်ခေါက် ကျွန်ုပ်လိုက်သွား၏။ နောက်အခေါက်များတွင် သူ့ဘာသူ သွား၏။
ကျောင်းအားကစားပွဲမှာ ဒဏ်ရာရတာဖြစ်၍ ကျောင်း insurance claim လုပ်လို့ရ၏။ Insurance claim ဘို့ ဆေးရုံကရသည့် ဘောက်ချာစာရွက် မူရင်းများကို တင်ပြရ၏။
ပြီးခဲ့သည့်အခေါက်က သူ ဆေးရုံသွားပြတော့ ပိုက်ဆံပေးအပြီး Bill ကို ယူမလာ။ ပိုက်ဆံပေးပြီး စက်ထဲက ထွက်လာသည့် ငွေရကြောင်း slip လေးသာပါလာ၍ ကျွန်ုပ်လည်း အကျိုးအကြောင်း ပြောပြကာ ထိုစာရွက်လေးကို တင်လိုက်၏။ မရ။ Hospital bill မူရင်း ပြပါဆို၏။ Oh my goat.
အဲသဟာနှင့် ကျွန်ုပ်လည်း စက်ထဲကထွက်လာသည့် စာရွက်ကလေးကို ပြန်ဖတ်ကြည့်တော့ စာရွက်အောက်ဆုံး၌ Hospital bill ကို NUHS App ၌ download လုပ်နိုင်သည် တွေ့သဖြင့် သားကို download လုပ်ခိုင်းတော့ အလွယ်တကူပင် ရလေ၏။ ဝှူး တော်ဘာဒေးရက်စ်၊ အဲ့စာရွက်က စင်းဒေါ်လှ ၁၈၀ တန်သယ် ခညာ။
အဲသည် NUHS App မှာ ကျွန်ုပ်တို့ ဆေးကုထားသည့် မှတ်တမ်းများ အားလုံးရှိ၏။
မလေးရှားသွားတုံးက ယူရမည့်ပစ္စည်းများကို ကျွန်ုပ်က အားလုံး checklist လုပ်ထား၏။ သို့သော် ရေခဲသေတ္တာထဲက အင်ဆူလင်ကိုတော့ ယူခါနီးမှ ထုတ်သွားမည်ဟု တေးထားလိုက်၏။ တကယ့်တကယ်ကျတော့ မယူဖြစ်ခဲ့ပဲ မေ့ကျန်ခဲ့ လေ၏။
ဂျိုဟိုးရောက်တော့ အင်ဆူလင်ဝယ်ဘို့ရာ သားက အတင်း ဆေးခန်းကိုသွားခိုင်းလေ၏။ ကျွန်ုပ်လည်း ၎င်း၏ အမိန့်ကို မလွန်ဆန်နိုင်သည် ဖြစ်ရကား ဆေးခန်းသို့ သွားရလေ၏။
ဆရာဝန်က ဆေးနာမည်မေးတော့ ကျွန်ုပ်လည်း Health Hub apps ကို ဖွင့်ကာ Prescription Records မှ ထိုးဆေးများ ကို ပြလိုက်၏။ ဆရာဝန်လည်း ထိုဆေးအတိုင်းရေးကာ ဝယ်ရမည့် ဆေးဆိုင်နာမည်ပါ ပြောပြလိုက်၏။ (ထိုအကြောင်းများကို ကျွန်ုပ်၏ မလေးရှားခရီးစဉ်၌ ရေးခဲ့ပြီးဖြစ်၏။)
ကျွန်ုပ်တို့၏ ဆေးရုံရက်ချိန်းများအားလုံးကိုလည်း ဤ Health Hub apps မှာပင် ကြည့်လို့ရ၏။ ဘယ်နေ့မှာ ဘယ်ဆေးခန်းပြရမည်။ ဘာတွေယူသွားရမည်။ Fasting lab test ဖြစ်ပါက ၈ နာရီကြိုပြီး အငတ်ခံပါ စသဖြင့် အားလုံး အပြည့်အစုံ ဖော်ပြထား၏။
အသင်တို့ ဆေးခန်းပြပြီးပြီ ဆိုပါစို့။ ဆေးခန်းမှာ ပိုက်ဆံမပေးဘဲ သည်အတိုင်း ပြန်ခဲ့လို့ရ၏။ (ကျွန်ုပ်သည်လည်း မည်သည့်အခါမှ ဆေးခန်းမှာ စောင့်ပြီး ပိုက်ဆံမပေးပါ။ သည်အတိုင်း ပြန်ခဲ့သည်သာ ဖြစ်၏။ ဤကား စကားချပ်) အသင်တို့ ပေးစရာပိုက်ဆံ မည်မျှကျန်သေးကြောင်း ထို Apps မှာပင် ကြည့်နိုင်၏။ ထို Apps မှာပင် ပိုက်ဆံပေးနိုင်၏။
မလွယ်ပါသလော။ လွယ်ပါ၏။ အလွန်အင်မတန့်ကို လွယ်ပါ၏။
ကျွန်ုပ်ဆိုလိုသည်မှာ အစိုးရက ဤကဲ့သို့ mobile apps များ လုပ်ပေးထားသဖြင့် ကျွန်ုပ်တို့ဘဝကို လွယ်ကူ ရိုးရှင်းစွာ ဖြတ်သန်းနိုင်ကြောင်း ဖြစ်၏။
စင်ကာပူမှာ နေရာတကာ Mobile Apps များဖြင့် အလုပ်လုပ်ကြောင်း တစ်ခါက ကျွန်ုပ် ရေးခဲ့ဖူးပါပြီ။
Banking ကိုလည်း သက်ဆိုင်ရာ ဘဏ်၏ apps ဖြင့် လုပ်၏။
အစိုးရကိစ္စများဖြစ်သည့် လ.ဝ.က ကိစ္စ၊ MOM ကိစ္စ၊ CPF ကိစ္စများကိုလည်း Apps များဖြင့်ပင် လုပ်၏။
အစိုးရကိစ္စများလုပ်ရာ၌ လွယ်ကူစေရန် SingPass Apps လုပ်ပေးထားကြောင်း ကျွန်ုပ် တစ်ခါက ရေးခဲ့ဖူး၏။
SingPass ရှိခြင်းဖြင့် အသင်တို့သည် login ID နှင့် password များ မေ့ကုန်မှာကို မစိုးရိမ်ရတော့ပြီ။
လက်မလေးတင်ကာ လက်ဗွေနှိပ်လိုက်ရုံဖြင့် ကိစ္စပြီးတော့၏။
Scissor Lift/Boomlift/ Vertical Personal Platform များအတွက် ယခင်က စစ်ဆေးပြီးကြောင်း လက်မှတ် sticker များ ထုတ်ပေးကာ စက်ပေါ်၌ ကပ်ထားရ၏။ ထိုစာရွက်ပေါ်၌ သက်တမ်းကုန်မည့်ရက် ပါ၏။
အခုတော့ ထို sticker များ ထုတ်မပေးတော့ပြီ။ ထို sticker များအစား QR code များ ထုတ်ပေး၏။ ဘာများ ကွာခြားပါ သနည်း။ Sticker ကျတော့ စာရွက်ပေါ်မှာ သက်တမ်းကို ပုံနှိပ်ထားတာဖြစ်၍ သက်တမ်းကုန်သည့်အခါတိုင်း sticker အသစ်တစ်ခု ထုတ်ပေးရ၏။ ထို sticker ကို စက်ပေါ်သွား ကပ်ရ၏။
ဟော၊ အခု QR code ကျတော့ ဘာစာရွက်အသစ်မှ ထပ်ကပ်နေစရာမလို။ သူတို့က သက်တမ်းကုန်မည့်ရက်ကို system ထဲမှာ ပြောင်းပေးလိုက်ရုံဖြစ်၏။ QR code အသစ် ထပ်ထုတ်နေစရာမလို။ တူနယ်တဲ့နယ်
အလုပ်သမားများ၏ Work Permit သက်တမ်းသည် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းနိုင်၏။ အသင်တို့ ပတ်စ်ပို့ သက်တမ်းကုန်လျှင် ဝပ်ပါမစ်သက်တမ်းလည်း ကုန်မည်။
ယခင်က ဝပ်ပါမစ်သက်တမ်းကို ဝပ်ပါမစ်ကပ်ပေါ်၌ ပုံနှိပ်ထား၏။ ယခု ပုံမနှိပ်တော့ပြီ။
သက်တမ်းအစား ဝပ်ပါမစ်နောက်၌ QR code လေး ပုံနှိပ်ထား၏။ အသင်တို့ ဝပ်ပါမစ်သက်တမ်းကုန်မည့်ရက်၊ မိမိ၏ occupation စသည်တို့ကို သိလိုပါက ထို QR code ကို SGWorkPass apps ဖြင့် scan လုပ်ကာ ကြည့်နိုင်၏။
အသင်တို့ အလုပ်ပြောင်းသည် ဖြစ်စေ၊ ဝပ်ပါမစ် သက်တမ်းကုန်သည့်ရက် ပြောင်းသွားသည်ဖြစ်စေ။ ဝပ်ပါမစ်အသစ် ထပ်ထုတ်ပေးစရာမလို၊ သူတို့ system ထဲ update လုပ်လိုက်ရုံသာဖြစ်၏။
နောက်ပြီးတော့ စင်ကာပူနိုင်ငံသား၊ PR များအတွက် သင်တန်းတက်သည့်အခါ အစိုးရက သင်တန်းကြေးတချို့ ကျခံ၏။ သို့သော် အနှီငနဲသားများ အမှန်တကယ် သင်တန်းတက်ကြောင်း TPGateWay က QR Code ကို SingPass ဖြင့် scan လုပ်ကာ attendance ယူရ၏။ ထို attendance မရှိလျှင် ထိုပိုက်ဆံကို မပေး။ တူနယ်တဲ့နယ်လဗျောင်
ဆေးကုသခြင်းဆိုသည်မှာ အလွန်ပိုက်ဆံကုန်သည့် အလုပ်ဖြစ်ရကား စင်ကာပူအစိုးရက သူရို့နိုင်ငံသားများ ကျန်းမာ သန်စွမ်းနေစေရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားနေ၏။ ထိုအထဲတွင် လေ့ကျင့်ခန်းလုပ်ရန် ဆွဲဆောင်မှုများလည်း ပါ၏။ 10,000 steps challange စသဖြင့်။ ၎င်းတို့ကိုလည်း သက်ဆိုင်ရာ Apps များဖြင့် လုပ်ရ၏။
ကျွန်ုပ်တို့အိမ်အောက်မှ သာလာယံဇရပ်ကလေးတွင် အပတ်စဉ် အင်္ဂါနှင့် သောကြာနေ့တိုင်း ကိုယ်လက်လှုပ်ရှား အားကစား အေရိုးဗစ်လေ့ကျင့်ခန်း ရှိ၏။ အခမဲ့ဖြစ်၏။ အခမဲ့ဟူသည် ပိုက်ဆံတစ်ပြားမှ မပေးရဟု ဆိုလို၏။ သို့သော် သည်အတိုင်းဝင်လုပ်လို့မရ။ Healthy 365 apps ၌ booking လုပ်ရ၏။ လေ့ကျင့်ခန်းလုပ်ဖို့ ဆင်းသွားလျင် သူတို့ဆီမှာ scan လုပ်ရ၏။
ထိုလေ့ကျင့်ခန်းများ၌ Line Dance, Resistance Bands Exercises, Zumba Gold, Stretch & Recovery, Power Yoga, Gentle ICE, Pilates Foundation, Hip Hop Fitness စသဖြင့် မျိုးစုံရှိ၏။ ကျွန်ုပ်တို့ (ကျွန်ုပ်တို့ဟူသည်မှာ ကျွန်ုပ်နှင့် ကျွန်ုပ်၏မဟေသီကို ဆိုလို၏။) လည်း အားတိုင်းယားတိုင်း လေ့ကျင့်ခန်းလုပ်ကြ၏။ အနို့ ဆေးရုံကို ပိုက်ဆံတွေပေးရမှာ နှမြောစရာ မဟုတ်ပါလားခင်ဗျာ။
ဤသည်မှာ Use the technology. ၏ ၀.၅% မျှသော အကြောင်းကလေး ဖြစ်ပါ၏။ သည့်ထက်မက များစွာ ရှိပါသေး၏။
ကိုရွှေသယမ်းရေ့ - ခင်ဗျား ဒါတွေ လာလာ မဖတ်ပါနှင့်ဗျာ။ တော်ကြာ ခင်ဗျား ၂လုံးရောဂါရနေရင် ကျုပ် တာဝန်မကင်းဘူး ဖစ်နေပါ့မယ်။ အဟိ
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
No comments:
Post a Comment