Friday, July 26, 2019

Scissor Lift အကြောင်း သိကောင်းစရာ (2)


၂၊ ၃။ ချောဆီထိုးခြင်း





Ø  ချောဆီထိုးရာတွင် စက်၏ ဘယ်ညာ နှစ်ဖက်စလုံးကို ထိုးပါ။
Ø  ချောဆီထိုးရမည့် အကြိမ်အရေအတွက်မှာ စက်မော်ဒယ်၊ အလုပ်အကိုင် နှင့် ပတ်ဝန်းကျင်ပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။
Ø  အဆိုင်းနှင့် အလုပ်ဆင်းသောကြောင့် စက်သုံးသည့်အကြိမ် များသည့်အခါများ နှင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုတွင် အသုံးပြုရပါက ချောဆီကို အကြိမ်ရေပိုထိုးရပါမည။

အပိုင်း (၃) အသုံးပြုသူ၏ တာဝန်ဝတ္တရားနှင့် စက်ကိုထိန်းချုပ်ခြင်း

            စက်အသုံးပြုသူအားလုံးကို စက်အသုံးပြုနည်းအား သေသေချာချာ လေ့ကျင့် သင်ကြားပေးထားရမည်။ လေ့ကျင့်ပေး မထားသူ၊ စက်ကို မမောင်းတတ်သူ၊ စက်ကိုမောင်းရန် တာဝန်ပေးမထားသူများအား စက်အသုံးပြုခြင်းမှ တင်းကြပ်စွာ တားမြစ် ထားရမည်။
            အရက်သေစာသောက်စားထားသူ၊ နေထိုင်မကောင်း၍ ဆေးသောက်ထားသူ၊ ခေါင်းမူး/ခေါင်းကိုက်နေသူ၊ မသန်စွမ်းသူ များအား စက်အသုံးပြုခြင်းကို တားမြစ်ရမည်။
            စက်ကိုအသုံးပြုသူသည် -
Ø  အမြင့်တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်နည်းကို ကောင်းစွာသိထားရမည်။
Ø  စက်၏ ပလက်ဖောင်းပေါ်မှ အထိန်းခလုတ်များ၊ မြေပြင်မှထိန်း၍ရသည့် အထိန်းခလုတ်များကို ကောင်းစွာ သိထားရမည်။
Ø  ကိုယ်သိုင်းကြိုးကို စနစ်တကျဝတ်ဆင်ပုံနှင့် ချိတ် ချိတ်ရမည့်နေရာတို့ကို ကောင်းစွာသိရှိရမည်။
Ø  စက်ပျက်လျှင်သော်လည်းကောင်း၊ အရေးပေါ်အခြေအနေတွင်သော် လည်းကောင်း မည်ကဲ့သို့လုပ်ရမည်ကို သိရမည်။
Ø  လျှပ်ကာမရှိသော ကောင်းကင်ဓာတ်ကြိုးများအနီးတွင် လုပ်ရပါက မည်ကဲ့သို့ရှောင်ရှားရမည်ကို ကောင်းစွာသိရမည်။
Ø  မျက်နှာကြက်၊ ထုပ်တန်း စသည့် ခေါင်းနှင့်တိုက်နိုင်သော အရာများရှိသည့်နေရာ၌ မည်ကဲ့သို့အန္တရာယ်ကင်းစွာ အလုပ်လုပ်ရမည် ကို ကောင်းစွာသိရမည်။

၃၊ ၁။ မြေပြင်မှထိန်းချုပ်နိုင်သည့် အထိန်းခလုတ်များ




၁။ Power Selector Switch - ဤခလုတ်ဖြင့် Scissor lift အလုပ်လုပ်ခြင်းကို မြေပြင်မှထိန်းချုပ်မည်လား၊ ပလက်ဖောင်းပေါ်မှ ထိန်းချုပ်မည်လား ရွေးချယ်နိုင်သည်။ ခလုတ်တွင် သုံးနေရာပါသည်။ အကယ်၍ မြေပြင်မှထိန်းချုပ်ခြင်းကို ရွေးချယ်လျှင် မြေပြင်မှ ထိန်းချုပ်နိုင်သည့် ခလုတ်များကို အသုံးပြု၍ရသည်။ အကယ်၍ ပလက်ဖောင်းမှထိန်းချုပ်ခြင်းကို ရွေးချယ်လျှင် ပလက်ဖောင်းပေါ်မှ ထိန်းချုပ်နိုင်သည့် ခလုတ်များကို အသုံးပြု၍ရသည်။ စက်ပိတ်လိုပါက အလယ်ရှိ Off နေရာတွင်ထားပါ။
၂။ Emergency Stop button (အရေးပေါ် ရပ် ခလုတ်) - ခလုတ်မှာ မှိုပွင့်သဏ္ဍာန် အနီရောင် အဝိုင်းပြားကြီး ဖြစ်၏။ စက်ကို အရေးပေါ်ရပ်တန့်လိုပါက ထိုခလုတ်ကြီးကို နှိပ်ချလိုက်ရသည်။ ခလုတ်ကို ဆွဲတင်လိုက်လျှင် ခလုတ်ဖွင့်သည့်အနေအထား (power on) ဖြစ်ပြီး စက်မောင်းလို့ရသည်။
၃။ Lift switch (ပလက်ဖောင်းကို တင်/ချလုပ်နိုင်သည့် ခလုတ်) - ဤခလုတ်ကိုသုံးပြီး ပလက်ဖောင်းကို အတင်/အချ လုပ်နိုင် သည်။
၎။ Hourmeter (စက်မောင်းချိန်နာရီပြမီတာ) - စက်ကိုစနှိုးလိုက်သည်နှင့် ထိုမီတာစတင်အလုပ်လုပ်ပြီး စက်မောင်းသည့် နာရီ များကို မှတ်တမ်းတင်ပေးထားသည်။

၃၊ ၂။ ပလက်ဖောင်းပေါ်မှ ထိန်းချုပ်နိုင်သည့် အထိန်းခလုတ်များ




၁။ Emergency Stop button (အရေးပေါ် ရပ် ခလုတ်) - ခလုတ်မှာ မှိုပွင့်သဏ္ဍာန် အနီရောင် အဝိုင်းပြားကြီး ဖြစ်၏။ စက်ကို အရေးပေါ်ရပ်တန့်လိုပါက ထိုခလုတ်ကြီးကို နှိပ်ချလိုက်ရသည်။ ခလုတ်ကို ဆွဲတင်လိုက်လျှင် ခလုတ်ဖွင့်သည့်အနေအထား (power on) ဖြစ်ပြီး စက်မောင်းလို့ရသည်။
၂။ Enable switch - စက်ကို အတင်အချလုပ်သည့်ခလုတ် (lift switch) နှင့် တွဲသုံးရသည်။
၃။ Lift switch - Enable switch ခလုတ်နှင့် တွဲသုံးပြီး ပလက်ဖောင်းကို အတင်/အချ လုပ်နိုင်သည်။
၎။ Drive (စက်ကိုမောင်းခြင်း) - Joystick ကိုသုံးပြီး စက်ကို ရှေ့တိုးနောက်ဆုတ် မောင်းနိုင်သည်။ ထိုလက်ကိုင်ပေါ်ရှိ အနီရောင် ခလုတ် (red trigger) ကိုနှိပ်ထားပြီး လက်ကိုင်ကို ရှေ့ကိုတွန်းလျှင် စက် ရှေ့ကိုသွားမည်။ လက်ကိုင်ကို နောက်သို့ဆွဲလျှင် စက် နောက်ပြန်ဆုတ်မည်။ စက်အနှေးအမြန်ကို လက်ကိုင်ဖြင့် ထိန်းထားသည်။ လက်ကိုင်ကို အနည်းငယ်သာ တွန်းလျှင် နှေးနှေးသွားမည်။ ရှေ့ဆုံးထိတွန်းထားလျှင် အမြန်ဆုံးသွားမည်။
     မှတ်ချက်။       ။ ပလက်ဖောင်းကို မြှောက်ထားပြီး တံခါးဖွင့်ထားလျှင် စက်ရွေ့မည်မဟုတ်ပါ။
၅။ Steer switch (ဘယ်ညာကွေ့နိုင်သော ခလုတ်) - အမောင်းလက်တံ (Joystick) ပေါ်တွင် စက်ကို ဘယ်ညာကွေ့နိုင်သည့် ခလုတ်ပါပြီး လက်မဖြင့် ဘယ်/ညာ လိုသည့်ဘက်ကို ကွေ့နိုင်သည်။
၆။ Speed Switch - လမ်းပေါ်တွင် အမြန်မောင်းလိုလျှင် ဤခလုတ်ကို သုံးနိုင်သည်။ သို့သော် ပလက်ဖောင်းမြှင့်ထားသည့် အချိန်တွင် အလုပ်လုပ်မည်မဟုတ်ပါ။ ပလက်ဖောင်းကို မြှင့်ထားသည့်အချိန်တွင် speed switch ကို နှိပ်သည့်တိုင် နှေးနှေးသာ သွားပါလိမ့်မည်။
၇။ Tilt light - စက်၏ကိုယ်ထည်သည် လိုသည်ထက် ပိုစောင်းသွားပါက (အထူးသဖြင့် ပလက်ဖောင်းကို မြှောက်ထားချိန်) ထို အချက်ပြမီး လင်းလာမည်။

၃၊ ၃။ စက်ကို မောင်းနှင်ခြင်း




Ø  Scissor lift များတွင် ပလက်ဖောင်းကို ၃ ပေ ဆန့်ထုတ်၍ရသော စက်များရှိပါသည်။ အကယ်၍ ပလက်ဖောင်းကို အတင် အချလုပ်လိုလျှင် ဆန့်ထုတ်ထားသောအပိုင်းကို အပြည့်ပြန်သွင်းရမည်။
Ø  ညီညာပြန့်ပြူးသော ကြမ်းပြင်များမှလွဲ၍ Scissor lift ကို ပလက်ဖောင်းမြှင့်ပြီး မောင်းသွားခြင်း မပြုရ။
Ø  လူအများအလုပ်လုပ်နေသည့်နေရာ၊ ရှုပ်ထွေးသောနေရာ၊ မြေပြင်မညီညာသည့်နေရာများတွင် စက်ကို အမြန်မမောင်းရ။
Ø  စက်ကို အထက်ပါပုံတွင်ပြထားသည့်အတိုင်း Sideslope အနေအထားတွင် ပလက်ဖောင်းကိုမြှောက်ပြီး အလုပ်မလုပ်ရ။
Ø  စက်ကိုရပ်သည့်အခါ လေဝင်လေထွက်ကောင်းသည့် အနှောက်အယှက်ကင်းသော နေရာတွင်သာ ရပ်ပါ။
Ø  ပလက်ဖောင်းကို အဆုံးထိ ချထားပါ။
Ø  အရေးပေါ်ရပ်ခလုတ်ကို OFF အနေအထားတွင်ထားပါ။
Ø  စက်ကိုကြာကြာရပ်ထားရန်လိုပါက ဘီးများကို ကြမ်းတုံးများဖြင့် ခုထားပါ။
Ø  ခလုတ်ပိတ်ပြီးလျှင် သော့ကို ဖြုတ်ယူခဲ့ပါ။ တန်းလန်းမထားခဲ့ပါနှင့်။

အပိုင်း (၄) အရေးပေါ်အစီအမံများ

၎၊ ၁။ စက်ကို ဆွဲယူခြင်း

            စက်ကို ဆွဲယူသွားခြင်းအား တားမြစ်ထားသည့်တိုင် စက်မှ အထိန်းခလုတ်များ ကောင်းကောင်း အလုပ်မလုပ်ခြင်း၊ စက်ပျက်ခြင်း၊ ထရပ်ကားပေါ်တင်ခြင်း စသည့်အခြေအနေများအတွက် စက်ကိုဆွဲယူနိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။
            အရေးပေါ်အခြေအနေ၌ စက်ကိုဆွဲရန် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ပါ။
၁။ ဘီးများကို ကြမ်းတုံးများဖြင့် သေချာစွာ ခုထားပါ။
၂။ ပင်မအထိန်းခလုတ် (main control valve) မှ အနက်ရောင်ခလုတ်ကို နာရီလက်တံပြောင်းပြန်အတိုင်း အဆုံးအထိ လှည့်ချ ခြင်းဖြင့် စက်မောင်းသည့်မော်တာများမှ ပါဝါကို အဆက်ဖြတ်ထားလိုက်ပါ။
၃။ လက်မသုံးမတ်ဂွဖြင့် brake cam များကို ရေပြင်ညီအတိုင်းရောက်အောင် လှည့်ခြင်းဖြင့် ပါကင်ဘရိတ်ကို လွှတ်ပါ။
၎။ ထို့နောက် ဘီးကိုခုထားသည့်ကြမ်းတုံးများကို ဖြုတ်လျက် သင့်တော်သော စက်တစ်ခုခုဖြင့် scissor lift ကို စက်ပြင်သည့် နေရာသို့သော်လည်းကောင်း၊ ထရပ်ကားပေါ်သို့သော်လည်းကောင်း ဆွဲယူသွားနိုင်ပါသည်။

            စက်ကိုဆွဲယူသွားပြီး ပြင်ဆင်မည့်နေရာရောက်လျှင် သို့မဟုတ် ထရပ်ကားပေါ်ရောက်လျှင် -
၁။ စက်ကို ညီညာပြန့်ပြူးတောင့်တင်းခိုင်မာသည့်နေရာတွင် ရပ်ပါ။
၂။ ဘီးများကို ကြမ်းတုံးများဖြင့် သေချာစွာ ခုပါ။
၃။ လက်မသုံးမတ်ဂွဖြင့် brake cam များကို ဒေါင်လိုက်ရောက်အောင် လှည့်ခြင်းဖြင့် ပါကင်ဘရိတ်ကို ဖမ်းပါ။
၎။ ပင်မအထိန်းခလုတ်မှ အနက်ရောင်ခလုတ်ကို နာရီလက်တံအတိုင်း အဆုံးအထိ လှည့်ခြင်းဖြင့် စက်မောင်းသည့်မော်တာများသို့ ပါဝါကို ပြန်ပေးပါ။
၅။ ဘီးများမှ ကြမ်းတုံးများကို ဖယ်ရှားပါ။

၎၊ ၂။ ပလက်ဖောင်းကို လူဖြင့်ချခြင်း

            စက်ပျက်လျှင် ပလက်ဖောင်းကို ပါဝါဖြင့်မဟုတ်ဘဲ မြေဆွဲအားကိုသုံးပြီး ချနိုင်ပါသည်။ လက်ဖြင့်ချသည့်ခလုတ်မှာ စက် အနောက်ဘက်ရှိ လှေခါးနောက်တွင်ရှိပါသည်။ ထိုလက်ကိုင်ကို ဆွဲချခြင်းဖြင့် ပလက်ဖောင်းကို သူ့အလေးချိန်ဖြင့် အလိုလိုကျလာ စေပါသည်။ အချို့စက်များတွင် လူဖြင့်မောင်းသည့်ပန့် manual descent pump ရှိပါသည်။ အကယ်၍ ထို manual pump ပါပါက အောက်ပါအတိုင်း ဆောင်ရွက်ပါ။
၁။ လက်ကိုင်ဘုကို ညာရစ်အတိုင်း လုံးဝပိတ်သွားသည်ထိ လှည့်ပါ။
၂။ ထို့နောက် လက်ကိုင်ကိုတပ်ပြီး ပန့်ကို ရိုက်ခြင်းဖြင့် holding valve ပွင့်ကာ ပလက်ဖောင်း အောက်သို့ကျလာပါလိမ့်မည်။
၃။ ပလက်ဖောင်း အောက်ဆုံးအထိကျပြီးနောက် လက်ကိုင်ဘုကို ဘယ်ရစ်အတိုင်းလှည်းပြီး ဗားကိုပြန်ဖွင့်ပါ။
၎။ လက်ကိုင်ကို ဆွဲ - အနေအထားအတိုင်းပြန်ထားပါ။

၎၊ ၃။ အကယ်၍ စက်မောင်းသူသည် ညပ်နေပြီး မမောင်းနိုင်တော့လျှင် . . .

၁။ မြေပြင်အထိန်းခလုတ်များကို အသုံးပြုပါ။ ကရိန်းကဲ့သို့သော အခြားစက်ကိရိယာတစ်ခုခု၏ အကူအညီဖြင့် စက်ကိုဆွဲထုတ်ပါ။
၂။ ပလက်ဖောင်းပေါ်တွင် အခြားတစ်ယောက်ယောက်ရှိနေပြီး စက်ကိုလည်း မောင်းတတ်မည်ဆိုလျှင် ကြိုးစားမောင်းနှင်ကြည့်ပါ။ သို့သော် စက်ခလုတ်များသည် ကောင်းကောင်းအလုပ်မလုပ်တော့လျှင် မောင်းရန် လုံးဝ မကြိုးစားပါနှင့်။
၃။ အကယ်၍ ကရိန်း၊ ဖောက်ကလစ်စသည့်အခြား စက်ကိရိယာတစ်ခုခုရနိုင်လျှင် ညပ်နေသူကို ဆွဲထုတ်ရန် ကြိုးစားကြည့်ပါ။ စက်ကို တည်တည်ငြိမ်ငြိမ်ရှိနေစေရန် ကြိုးစားထိန်းချုပ်ပါ။

၎၊ ၄။ အကယ်၍ ပလက်ဖောင်းသည် အပေါ်မှ ယက်မစသည့် တစ်ခုခုတွင် ညပ်နေခဲ့လျှင် . . .

၁။ Scissor lift ၏ ပလက်ဖောင်းသည် အပေါ်ဘက်ရှိ ထုပ်တန်း၊ ယက်မစသည်တို့အကြား ညပ်နေခဲ့ပါက ပလက်ဖောင်းအတွင်း ရှိနေသူတို့အား အန္တရာယ်ကင်းစွာ ကယ်မထုတ်ရသေးဘဲ ပလက်ဖောင်းပေါ်မှ အထိန်းခလုတ်များကိုဖြစ်စေ၊ မြေပြင်အထိန်း ခလုတ်များကိုဖြစ်စေ လုံးဝမတို့မထိပါနှင့်။ 
၂။ ပလက်ဖောင်းပေါ်မှ လူအားလုံးကို ကယ်ထုတ်ပြီးသည့်အခါကျမှ သင့်တော်သော လူအား၊ စက်ကိရိယာစသည်တို့ကိုသုံးပြီး ညပ်နေသော ပလက်ဖောင်းကို ဆွဲထုတ်ပါ။

၎၊ ၅။ တိမ်းစောင်းနေသည့် စက်ကို ဆယ်ယူခြင်း

၁။ Scissor lift ၏ အလေးချိန်ကို နိုင်နိုင်နင်းနင်းသယ်နိုင်မည့် ဖောက်ကလစ်စသော စက်ဖြင့် scissor lift ၏ အောက်မှ မ,ထားပါ။
၂။ ထို့နောက် ကရိန်းစသည့် သင့်တော်သော စက်တစ်ခုခုဖြင့် scissor lift ကို ဆွဲ မ,ပါ။
၃။ ကရိန်းဖြင့်မ,ထားစဉ် ဖောက်ကလစ်ဖြင့် scissor lift ကို ဖြည်းညင်းစွာ ချပါ။

၎၊ ၆။ မတော်တဆမှုဖြစ်အပြီး စုံစမ်းစစ်ဆေးခြင်း

၁။ မတော်တဆမှုတစ်ခုခုဖြစ်ပြီးသည့်အခါ စက်ကို ပြန်လည်အသုံးမပြုမီ သေချာစွာ စစ်ဆေးပါ။
၂။ ပထမ မြေပြင်အထိန်းခလုတ်အားလုံး အလုပ်ကောင်းကောင်းလုပ်မလုပ်စစ်ပါ။
၃။ ထို့နောက်မှ ပလက်ဖောင်းအထိန်းခလုတ်အားလုံး အလုပ်ကောင်းကောင်းလုပ်မလုပ်စစ်ပါ။
၎။ လိုအပ်လျှင် အထိန်းခလုတ်တစ်ခုချင်းကို ကောင်းမကောင်း သေချာစွာ စစ်ပါ။
၅။ အပျက်အစီးများကို သေချာစွာ မပြုပြင်ရသေးဘဲ စက်ကို ၃ မီတာထက်ပိုပြီးမြင့်အောင် မမြှင့်ရ။

အပိုင်း (၅) အထွေထွေ

ü  ပလက်ဖောင်းပေါ်တွင် တင်နိုင်သည့် ဝန်အားမှာ စက်တစ်ခုနှင့်တစ်ခု မတူပါ။ ၂၃၀ ကီလိုဂရမ်မှသည် ၃၅၀ ကီလိုဂရမ် စသည်ဖြင့် အစားစားရှိပါသည်။ ပလက်ဖောင်းပေါ်တွင် လူဘယ်နှစ်ယောက်လိုက်နိုင်သည်။ ပစ္စည်းအလေးချိန်မည်မျှ တင်နိုင်သည်ကို စက်ကိုယ်ထည်ပေါ်တွင် ရေးထားပါသည်။
ü  စက်ပေါ်တွင် ဝန်တင်သည့်အခါ တစ်ဘက်တည်း၌ စုပုံမထားပါနှင့်။ ညီညာစွာဖြန့်တင်ပါ။
ü  စက်ရပ်သည့်အခါ ညီညာပြန့်ပြူးသော မာကျောသော၊ အဖုအထစ်ကင်းသည့် မျက်နှာပြင်ပေါ်တွင် ရပ်ရမည်။
ü  ဘရိတ်များ ဖမ်းထားရမည်။
ü  အန္တရာယ်ကင်းဒေါက် (safety prop) - အန္တရာယ်ကင်းဒေါက်ကို အသုံးပြုလိုလျှင် ပထမဦးစွာ ပလက်ဖောင်းကို မြှင့်လိုက် ပါ။ ထို့နောက် အန္တရာယ်ကင်းဒေါက်ကို သေချာစွာ ထောင်ပါ။ ထို့နောက် ပလက်ဖောင်းကို အန္တရာယ်ကင်းဒေါက်ပေါ် ကျကျနန ထိုင်မိသည်ထိ ချပါ။
ü  အန္တရာယ်ကင်းဒေါက်ကို ဖြုတ်လိုလျှင် အန္တရာယ်ကင်းဒေါက်နှင့် လွတ်သွားသည်ထိ ပလက်ဖောင်းကို မြှင့်ပါ။ ထို့နောက် အန္တရာယ်ကင်းဒေါက်ကို ဖြုတ်ပြီး နေရာတကျပြန်ထားပါ။ ထို့နောက် ပလက်ဖောင်းကို ချပါ။
ü  စက်ကို တစ်နေရာမှ တစ်နေရာသို့ လော်ရီ သို့မဟုတ် ထရေလာဖြင့်သယ်တော့မည်ဆိုလျှင် ပလက်ဖောင်းကို အဆုံးထိ ချထားပါ။ ဆန့်ထုတ်၍ရသော extended platform ကို အဆုံးထိ ပြန်သွင်းထားပါ။ လော်ရီပေါ်တင်ပြီးသည့်အခါ စက်ကို သေချာစွာ တုပ်နှောင်ပါ။ တုပ်နှောင်ရန် ရှေ့နှင့်နောက်တွင် သံကွင်းလေးခု လုပ်ပေးထားပါသည်။
ü  အရေးပေါ်အခြေအနေမှလွဲ၍ စက်ကို ဆွဲသွားခြင်း လုံးဝမလုပ်ပါနှင့်။


======= ပြီးပါပြီ ======

No comments: