Tuesday, July 2, 2019

ယဇ်ပူဇော်ခြင်းဓလေ့


(၁)

စစ်ကိုင်းမြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိသော သာဒွန်းရွာ ဘိုးဘိုးကြီးနတ်ပွဲတွင် ဝက်သားနှင့်နတ်တင်သည်ကို အလွန်ထူးဆန်းလှပေ သည်ဟု သတင်းတွင် ဖတ်လိုက်ရ၏။




ကျွန်ုပ်တို့အဖို့တော့ အထူးအဆန်းမဟုတ်ပါလေ။ ကျွန်ုပ်တို့ရွာတွင် ငယ်စဉ်က အမဲသားငါး ရှားပါးလှ၏။ (အဲလေ၊ အခုလည်း မထူးပါ။) ဝက်သားဆိုတာ နတ်ကဘို့ပေါ်သည့်အခါကျမှ စားရတာဖြစ်၏။

နတ်ကိုးကွယ်သည့်ဓလေ့မှာ ဟိုးယခင်ကတည်းက (ဘုရားမပွင့်မီကတည်းက) ရှိခဲ့သည့် ကိုးကွယ်မှုတစ်ခုဖြစ်၏။ လူတို့သည် သဘာဝဘေးရန်များမှသော်လည်းကောင်း၊ သားရဲတိရစ္ဆာန်များ၏ ဘေးမှသော်လည်းကောင်း၊ မမြင်ရသော အခြားဘေးရန်များမှ သော်လည်းကောင်း အကာအကွယ်ပေးရန် တန်ခိုးရှင်တစ်ဦးဦးကို ရှာဖွေကြ၏။ ကိုးကွယ်ကြ၏။

ထိုသို့ကိုးကွယ်ရာတွင် ရေမြေတောတောင်များကို ကိုးကွယ်သည်လည်းရှိ၏။ သားရဲတိရစ္ဆာန်များကို ကိုးကွယ်သည်လည်း ရှိ၏။ ထို့ထက် မိမိစိတ်ကူးဖြင့် ဖန်တီးထားသော တန်ခိုးရှင်တစ်ယောက်ယောက်ကို အထူးသဖြင့် ကိုးကွယ်ကြလေ၏။ ထိုသို့ ကိုးကွယ်ရာကို ရှာကြရာမှ နတ် ဆိုတာ ဖြစ်လာလေသတည်း။

နေရာဒေသ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကိုလိုက်၍ အနည်းအကျဉ်း အပြောင်းအလဲ ရှိသည်မှလွဲပြီး ယေဘူယျအားဖြင့် တကမ္ဘာလုံးမှ လူအားလုံးမှာ အတူတူပင် ဖြစ်ပါသည်။

မြန်မာမှာ ၃၇ မင်းနတ်ရှိသလို တရုတ်မှာလည်း တရုတ်နတ်ရှိသည်။ ကိုးရီးယားမှာလည်း မိုးနတ်မင်းကြီးရှိသည်။ ဂျပန်မှာ၊ အင်ဒိုနီးရှားမှာ၊ မလေးရှားမှာ၊ အိန္ဒြိယ၊ အနောက်တိုင်း အရှေ့တိုင်း တောင်တိုင်း မြောက်တိုင်း။ ဘာတိုင်းပဲဖြစ်ဖြစ် သူ့ရိုးရာ ဓလေ့အရ ကိုးကွယ်ကြသည့် နတ်များ ရှိကြသည်ချည်းဖြစ်၏။

နတ်ကိုဖန်တီးလိုက်ပြီး သည်အတိုင်းထားလို့မရ။ သူတို့လည်း ဗိုက်ဆာရှာပေမပေါ့။ သည်အခါ သည် နတ်တို့ကို ကျွေးကြ၊ မွေးကြရ သည်။ မြန်မာတွေက နတ်တင်သည်ဟု ခေါ်ကြ၏။ ပူဇော်သည်ဟု ဆိုကြ၏။ ပသသည်ဟု သမုတ်ကြ၏။ မဖြစ်ညစ်ကျယ် နတ်ကလေးတွေအတွက်တော့ ဗလိနတ်စာကျွေးသည်ဟု ခေါ်သည် ထင်ပါသည်။

သူတို့က သူများတွေကိုးကွယ်နေတဲ့ နတ်တွေဆိုတော့ အသီးအရွက်ကို မကြိုက်။ ငါးပိချက်တို့၊ ချဉ်ဟင်းတို့ဆိုတာ သူတို့နှင့် လားလားမှ မဆိုင်လေ။ ငါးပိဖုတ်တို့ ဟင်းရွက်ပြုတ်တို့ဆိုတာ နင်တို့လို ငမွဲ၊ ဆင်းရဲသားတွေစားတာ။ ငါတို့ကို လာမတင်လေနှင့်။ ငါတို့ကို ဟင်းချိုနဲ့နတ်တင်လျှင် နင်တို့တစ်သက်လုံး နာလန်မထူအောင် ပြုစားပစ်လိုက်မည်။ အောင်မငီး။

ဆိုတော့ ပိုက်ဆံမရှိတာရှိတာ နောက်ထား။ မရှိရှိတာလေး ရောင်းချပေါင်နှံပြီး နတ်ကိုတော့ ဝက်သား၊ ကြက်သား စသည်တို့ဖြင့် နတ်တင်ရ၏။ မဟုတ်လို့ ကိုယ်တော်ကြီးတို့၊ ကိုယ်တော်လတ်တို့၊ ကိုယ်တော်လေးတို့၊ ကိုယ်တော် ပိစိညှောက်တောက်ကလေးတို့၊ အမေလေယာဉ်တို့၊ မမနှဲတို့ အမျက်ဒေါသထွက်မှဖြင့် ဒွတ်ခ။ (သို့တိုင် အမဲသားဖြင့် နတ်တင်သည်ဟုတော့ မကြားမိဖူးပါ။ ကျွန်ုပ်မသိသေးတာလည်း ဖြစ်နိုင်ပါသည်။)

  
(၂)

ဆိုတော့ နတ်တင်ဘို့အတွက် တိရစ္ဆာန်များကို စတေးရ၏။ ထိုတိရစ္ဆာန်များအသားကို ချက်ပြုတ်ပြီး နတ်တင်ကြ၏။
ဒါက သည်ဘက်ခေတ်၊ အလွန်အင်မတန့်ကိုယဉ်ကျေး၊ သောက်ကျိုးနဲယဉ်ကျေးလာသည့်၊ so call လူယဉ်ကျေးဂျီးများက နတ်ကို ယဉ်ယဉ်ကျေးကျေး ပူဇော်ပသတာဖြစ်၏။

ဟိုးရှေးအခါက (ယခုခေတ်လူများအကြိုက် လိုက်ပြောရမည်ဆိုလျှင် ယဉ်ကျေးမှု သိပ်မထွန်းကားသေးသည့်ကာလ။) (ဒါပေမယ့် ကျုပ်အထင်ပြောရရင်တော့ အဲဒီ မယဉ်ကျေးသေးတဲ့ကာလတုံးက အဖေကသမီးကို မဒိန်းကျင့်တာ၊ အသက် ၂ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးကို နသားပါးယားလုပ်တာ မရှိလောက်သေးဘူးထင်ပါရဲ့။ အရင်ဘဝတုံးက အဖြစ်အပျက်တွေကို ကျွန်ုပ် မမှတ်မိတော့ပါ။) . . .

အဲလေ ဟိုးရှေးတုံးက နတ်တွေကတော့ ချက်ပြုတ်ထားတဲ့ အသားငါးတွေ သိပ်ကြိုက်ဟန်မတူ။ သွေးသံရဲရဲ အစိမ်းလိုက် ကိုက်စား ရတာကို ပိုသဘောကျသည်ထင်၏။ သည်တော့ ကိုယ်တော်ကြီးတို့အကြိုက်လိုက်ပြီး တိရစ္ဆာန်များကို သတ်ဖြတ်ကာ အစိမ်းလိုက်ပင် နတ်တင်ကြရ၏။ (သို့မဟုတ်ပါကလည်း လျှပ်စစ်မီးမပေါ်သေးတော့ ချက်ရပြုတ်ရတာ ကရိကထများမှာစိုး၍ လူများကို သနားငဲ့ညှာသောအားဖြင့် အစိမ်းလိုက်ပင် လွေးကြတာလည်း ဖြစ်နိုင်ပါသေးသည်။)

ဤသည်ကို ယခုခေတ်လူများက ယဇ်ပူဇော်သည်ဟု ခေါ်၏။

ယဇ်ပူဇော်ခြင်းဆိုသည်မှာ တိရစ္ဆာန်များကို အရှင်လတ်လတ်သတ်ကာ သူတို့ အသွေးအသားဖြင့် နတ်ကို ပူဇော်ပသခြင်း ဖြစ်သတည်း။

ပသ သမှ နွား ဘယ်နှစ်ကောင်၊ ဆိတ်ဘယ်နှစ်ကောင်၊ ဝက် ဘယ်နှစ်ကောင်၊ ကြက် ဘဲ စသည့်အကောင်ကလေးများကတော့ ပြောမနေပါနှင့်တော့။ လူတောင် ပါလိုက်သေးသည်။

ယခင်က မြို့တော်၊ နန်းတော်၊ တံတား စသည့် အဆောက်အဦ ကြီးကြီးမားမားဆောက်မည်ဆိုလျှင် အစောင့်ဟုဆိုကာ လူကို စတေးသည့် အလေ့ရှိခဲ့၏။ သည်အဆောက်အဦးကို စောင့်ကြပ်ရန်ဟု လူကိုသတ်ကာ ယဇ်ပူဇော်၏။

အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့၏ကျေးဇူးကြောင့် ယဇ်ပူဇော်ခြင်းနှင့် ပန်းဦးလွှတ်ခြင်းစသည့် မဖွယ်မရာကိစ္စရပ်များ ပုဂံ ခေတ်မှစကာ ပ,ပျောက်သွားခဲ့၏။ ထိုသူတော်ကောင်းနှစ်ဦးကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြရမည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံတွင် ကျွဲနွားဆိတ်များကို သိန်းနှင့်ချီသတ်ဖြတ်ကာ ယဇ်ပူဇော်သောအလေ့ ယနေ့တိုင်ရှိသေးသည်။ အလွန်ဆိုးရွားလှသော မြင်ကွင်းများ ဖြစ်၍ ကျွန်ုပ် ဓာတ်ပုံများမတင်တော့ပါ။ ကြည့်လိုသူတို့ အောက်ပါ link တွင်ကြည့်နိုင်ပါသည်။

link: https://www.youtube.com/watch?v=PsNKc8dOfvQ

တိရစ္ဆာန်များကိုသတ်ပြီး အစိမ်းလိုက် ယဇ်ပူဇော်တာနှင့် ချက်ပြုတ်ပြီး နတ်တင်တာ ဘာကွာပါသနည်း။ အတူတူပင် ဖြစ်၏။ အဲလေ အစိမ်းလိုက်နတ်တင်တော့ သိပ်ကြည့်မကောင်းလှပေဘူးပေါ့။ နောက်ပြီး ချက်ရပြုတ်ရသည့်ဒုက္ခမရှိတော့ ကျွဲ ၉ ကောင်၊ နွား ၉ ကောင်၊ ဆိတ် ၉ ကောင် စသည်ဖြင့် များများပူဇော်လို့ရသည်။ (အထက်ဖော်ပြပါ သာဒွန်းရွာနတ်ပွဲတွင်မတော့ ဝက် ဘယ် နှစ်ကောင်သတ်မှန်း မသိပါ။ သိပ်တော့ နည်းလှမည်မဟုတ်။)

ဆိုတော့ နတ်ပူဇော်တာ၊ နတ်တင်တာလည်း အကျက်ယဇ်ပူဇော်တာပင် မဟုတ်ပါလော။ ယဇ်ပူဇော်တယ်ဆိုတာက အစိမ်းလိုက် ကျွေးသည်။ နတ်ပူဇော်တာကျတော့ ချက်ပြီးကျွေးသည်။ ဒါပဲကွာပါသည်။ လူကြားကောင်းအောင်သာ နတ်ပူဇော်သည် ဟု ကင်ပွန်းတပ်သည်။ တကယ်တော့ ယဇ်ပူဇော်ခြင်းတစ်မျိုးပင် မဟုတ်ပါလော။

(၃)

ကျွန်ုပ်က စွန့်စားခန်း ဇာတ်လမ်းများကို ကြိုက်သည်။ Pirate of the Caribbean ကားများ၊ Harry Potter ကားများ၊ Superman, Spiderman, X Man, Avergers စသောကားများကို ကြိုက်သည်။ နောက်ပြီး Indiana Jones ကားများ၊ Sherlock Holmes ကားများ။

ယခု Vikings ဇာတ်လမ်းတွဲကြည့်နေတာ အားလုံးပြီးသွားပြီ။ စုစုပေါင်း ၅၉ တွဲရှိ၏။ နောက်ဆုံးဇာတ်သိမ်းပိုင်းကို ကိုယ့်ဘာသာ ကိုယ် သိမ်းကြရန် ဖွင့်ပေးထားခဲ့သည်။

Vikings ကားမှာ အလွန်ကြောက်စရာကောင်းလှ၏။ အေဒီ ၈၀၀ ပတ်ဝန်းကျင်လောက်က စကင်ဒီနေဗီးယန်းကျွန်းဆွယ် (ယခု နော်ဝေ နှင့် ဆွီဒင်) မှ လူမျိုးများအကြောင်း ရိုက်ကူးထားတာ ဖြစ်၏။ ထိုလူမျိုးများကား ဗိုက်ကင်းများ ဖြစ်၏။ ကြမ်း၏။ ရိုင်း၏။ သတ်ဘို့ဖြတ်ဘို့ လက်မနှေး။ ကာမအာရုံဝင်စားလာပြီဆိုလျှင်ဖြင့် ယောက်ျားမိန်းမ မရွေး။ အသားကုန်ခံစားပစ်လိုက်ကြသည်ချည်း ဖြစ်၏။

၎င်းတို့သည် ၎င်းတို့၏ နတ်ဘုရားကို ယဇ်ပူဇော်၏။ ဝက်ကိုးကောင်၊ ဆိတ်ကိုးကောင်၊ လူကိုးယောက်စသဖြင့် အကြီးအကျယ် သတ်ဖြတ်ကာ ယဇ်ပူဇော်တာဖြစ်၏။ ၎င်းတို့၏ ဘုန်းကြီးများမှာလည်း သရဲသဘက်များအလား အလွန်ကြောက်စရာ ကောင်းလေ သည်။

ယဇ်ပူဇော်ခံမည့်သူမှာ ၎င်းကိုယ်တိုင်က လိုလိုလားလား စတေးခံရန် အသင့်ရှိရ၏။ စိတ်မပါလျှင်၊ သို့မဟုတ် ဘာသာခြားဖြစ်လျှင် ယဇ်ပူဇော်လို့မရ။

မြေယာကောင်းအောင်၊ မိုးလေဝသကောင်းအောင်ဆိုကာ ယဇ်ပူဇော်သည်။ စစ်တိုက်တော့မည်ဆိုလျှင် စစ်အောင်နိုင်ရေးအတွက် ယဇ်ပူဇော်သည်။

ယဇ်ပူဇော်ရာမှ ထွက်လာသည့်သွေးများကို သောက်ကြသည်။ ကျားမ မရွေး၊ ထိုသွေးများဖြင့် ပက်ဖြန်းခံကြသည်။ မျက်နှာကို ထို သွေးများဖြင့် သုတ်လိမ်းသည်။

Vikings ကားတွင် ယဇ်ပူဇော်တာကို ပြတ်ပြတ်သားသား ရိုက်ပြထားလေရာ အသည်းတုံစဖွယ်ဖြစ်၏။ အမျိုးသမီးနှင့် ကလေးများ ကြည့်ရန် မသင့်တော်လေ။

ယဇ်ပူဇော်တာကို သေသေချာချာရိုက်ပြသည့် နောက်တစ်ကားမှာ အင်ဒီယာနာဂျုံး ဖြစ်၏။ ဇာတ်ကားနာမည်မှာ Indiana Jones and the Kingdom of the Crystal Skull ထင်ပါသည်။ ထိုကားကို ကျွန်ုပ်ငယ်ငယ်ကတည်းက ကြည့်ဖူးသည်။ သို့သော် ယခု ပြန်ကြည့်တော့ အကုန် အသစ်ဖြစ်နေသည်။

ထိုကားတွင် အိန္ဒိယ၌ လူအရှင်လတ်လတ်ကို နှလုံးထုတ်ကာ နတ်ကို ပူဇော်သည်။ ဒူရ်ဂါမယ်တော်လား၊ ကာလီမယ်တော်လား မမှတ်မိ။ ဘာနတ်လဲဆိုတာ မေ့နေပါပြီ။ ဤသည်မှာလည်း အသည်းယားစဖွယ် ဖြစ်၏။

နောက်ရုပ်ရှင်တစ်ကားတွင်လည်း မိန်းမပျိုကလေးများကို အရှင်လတ်လတ် နှလုံးထုတ်ကာ တောရိုင်းကောင်ကြီးကို (နတ်ဘုရား ဟု ယူဆလျက်) ပုံမှန် ပူဇော်ရသည်။ နောက် အနောက်တိုင်းမှ လူဖြူတစ်ယောက် (မင်းသား) ရောက်လာကာ ထိုတောရိုင်း ကောင်ကြီးကို ထောင်ဖမ်းပြီး သတ်ဖြတ်ပစ်လိုက်တော့မှ မိန်းမပျိုကလေးများမှာ ချမ်းသာရာရတော့သည်။ ကြည့်ခဲ့သည့် ရုပ်ရှင်များမှာ အတော်များရကား ထိုဇာတ်ကားနာမည်နှင့် ဇာတ်လမ်း၊ ဇာတ်ကောင်စသည်တို့ကို မေ့နေပါပြီ။

နိဂုံး

ကျွန်ုပ်အံ့သြမိသည်မှာ ဤကမ္ဘာပေါ်မှ ဖြစ်စဉ်များသည် ဇာတ်တိုက်မထားပါဘဲလျက် အရှေ့တိုင်း၊ အနောက်တိုင်း မည်သည့် တိုင်းပြည်မဆို အတူတူပင် ဖြစ်နေတတ်တာ ဖြစ်ပါသည်။

ထိုယဇ်ပူဇော်သည့်ကာလများက တစ်ကမ္ဘာလုံးမှ နိုင်ငံများတွင် ယဇ်ပူဇော်သောအလေ့ ထွန်းကားခဲ့၏။
နောက်ပြီး ဘုရင်စနစ်ထွန်းကားတော့လည်း တစ်ကမ္ဘာလုံးမှ နိုင်ငံများ အတူတူပင်ဖြစ်၏။
ထို့နောက် ပါလီမန်ဒီမိုကရေစီဆိုတော့လည်း တစ်ကမ္ဘာလုံး စီလိုက်ကြသည်ချည်း ဖြစ်ပါသည်။
ယခင်ကလူများမှာ သွားလာရေးခက်ခဲသဖြင့် အရှေ့အနောက်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံရေး ခက်ခဲလှသည်။ သို့တိုင် ထိုဓလေ့စရိုက်များ တူနေခြင်းမှာ အံ့သြစရာ မကောင်းပါသလော။

ယခုမူ နည်းပညာများတိုးတက်လာသဖြင့် အရှေ့အနောက် ကူးလူးဆက်ဆံကာ ယဉ်ကျေးမှုများ ဖလှယ်ကြ၏။ အဲလေ ယဉ်ကျေးမှုဖလှယ်သည်ဆိုရာ၌ အရှေ့က ယဉ်ကျေးမှုများ အနောက်ကိုရောက်သွားတာတော်တော်။ အနောက်တိုင်းမှ နှစ်လုံးပြူးများ မြန်မာပြည်က မမသဉ္ဇာတို့ဆီရောက်လာတာ ခပ်များများ ဖြစ်ပါသည်။

ဆိုတော့ အရှေ့တိုင်းကလူတွေ ဘောင်းဘီတကားကားနှင့်နေတာကျ မဆန်းဘဲ အနောက်တိုင်းသားများ ပုဆိုးဝတ်လျှင်မူ အထူးအဆန်းအဖြစ် ကြည့်ကြရလေ၏။ မြန်မာတွေ ယင်းဂလ်ရှ်လို ဒွတ်ဒက်၊ ရွှတ်ရှက်လုပ်တာမဆန်းဘဲ ကိုရွှေအဖြူတို့ မြန်မာလို တစ်လုံးစနှစ်လုံးစပြောလျှင်မူကား ကျွန်ုပ်တို့မှာ လိပ်၌ အမွေးပေါက်လာသည့်အလား အထူးအဆန်းလုပ်ကာ ကြည့်ကြရလေသော ဟူသတတ်။ အလွန်ထူးဆန်း အံ့သြဘွယ်ရာ ကောင်းလှပေ၏။

ကျွန်ုပ်မနေဖူး၍ ယခုအခါ အနောက်တိုင်းမှာ နတ်ကို ကြက်ဝက်များဖြင့် ပူဇော်ပသသည့်အလေ့ ရှိသေးသလား၊ လုံးဝ ချုပ်ငြိမ်းသွားပြီလား သေသေချာချာ မသိပါ။

သူတို့ဆီမှာ ရှိသေးသည်ဖြစ်စေ၊ ချုပ်ငြိမ်းသွားပြီဖြစ်စေ၊ ကျွန်ုပ်ကတော့ ကျွန်ုပ်တို့မြန်မာပြည်မှာ -
ရွှံ့မီးတောင်ထဲ နို့တွေ သွန်ချတာ။ ရေအောက်မှာ နဂါးတွေ မီးထွန်းကြတာ၊ တောင်ပြုံးပွဲအကြောင်းပြပြီး မူးကြရူးကြတာ၊ တော်ကြာ ဟိုသီလရှင်က သူနဲ့ဖက်အိပ်ရင် ရောဂါပျောက်သတဲ့ ဆိုတာမျိုးတွေ၊ သာဒွန်းရွာမှာလို ဝက်တွေသတ်ပြီး ဘယ်နေမှန်းမသိသော နတ်တွေကို ပူဇော်ပသတာမျိုးတွေ မရှိစေချင်တော့ပါ။

သို့သော် ဤသည်မှာ ကျွန်ုပ်၏ဆန္ဒမျှသာဖြစ်ပြီး လူတွေသူတို့ယုံကြည်ချက်နှင့်သူတို့ ပူဇော်ပသနေတာကိုတော့ဖြင့် ဘာမှလုပ်လို့ မရပါ။ သူတို့စိတ်ချမ်းသာသလို လုပ်ကြပါစေဟုသာ ခွင့်လွှတ်ထားရတော့မည် ဖြစ်ပါသတည်း။

မြန်မာပြည်အတွင်း နတ်တင်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ ဇူလိုင်လ၊ ၂၀၁၉

ရည်ညွှန်း

The Voice Sunday, Vol. 7, No. 62, စာမျက်နှာ - ၆

No comments: