Tuesday, April 24, 2018

တရုတ်မများ ပိုက်ဆံရှာပုံ နှင့် စမတ်ဖုန်း အကြောင်း

(၁)

ကျွန်တော်သည် ဆံပင်ညှပ်ခြင်းနှင့်ပတ်သက်၍ ဘယ်တုံးကမှ ချေးများခဲ့သူတစ်ဦး မဟုတ်ပါ။ ဆံပင်ညှပ်ရန် ဆတ္တာသည်က ဘယ်ပုံညှပ်ရမလဲ မေးသည့်အခါတိုင်း ငယ်စဉ်ကတည်းက ယခုတိုင် မပြောင်းမလဲ သုံးသည့်စကားလုံးမှာ တိုတို ဟု ဖြစ်ပါသည်။ ယခင်ကတိုတို၊ ယခုတော့ short ပေါ့ခင်ဗျာ။

ဤဒွန္နယာကြီးတွင် ဈေးကျသည့်ပစ္စည်းဟူ၍ အလွန်ရှားလှ၏။ ပိုက်ဆံဖောင်းပွတာနှင့် အခြားနိုင်ငံရေးကိစ္စ၊ စီးပွားရေးကိစ္စများ ကြောင့် ပစ္စည်းဈေးများမှာ တစ်နေ့တခြား တက်သထက် တက်လာသည်သာ ရှိသည်။ ကျသွားရိုးထုံးစံ မရှိချေ။

သို့သော် စင်ကာပူမှ ဆံပင်ညှပ်ခများမှာ ယခင်ကာလများကထက် ဈေးကျသွားသည်ဆိုလျှင် မိတ်ဆွေတို့ အံ့သြလေမည်လား မပြောတတ်။

ကျွန်တော်တို့ စင်ကာပူရောက်စ ၁၉၉၈ ကာလများဆီက ဆံပင်ညှပ်ခများမှာ ဆိုင်သေးလျှင် ၈ ကျပ်၊ ဆိုင်ကြီးများတွင် ညှပ်လျှင် ၁၀ ဖြစ်ပါသည်။ ဘင်းဂလားများလည်း ညနေဘက်တွင် ထိုင်ခုံလေးချကာ ညှပ်ပါသည်။ သူတို့ကတော့ အလုပ်သမားများ အတွက်မို့ သက်သာသည်။ တစ်ခေါင်းလျှင် ၅ ကျပ်။

ကျွန်တော် အယ်လ်ဂျူးနီတွင်နေစဉ်က တရုတ်အဘိုးကြီးများ၏ ဆံပင်ညှပ်ဆိုင်တွင် စွဲစွဲမြဲမြဲညှပ်ဖြစ်သည်။ သည်တုံးက တစ်ခေါင်းလျှင် ၈ ကျပ် (၂၀၀၀ မှ ၂၀၀၅ ခုနှစ်)။

လွန်ခဲ့သည့် ၅ နှစ်အကျော်က ပင်နင်ဆူလာတွင် မမကြီး ဆံပင်ညှပ်ဆိုင်ဖွင့်သည်။ တစ်ခေါင်းလျှင် ၅ ကျပ်။ ချစ်တီးကျသော ကျွန်တော်လည်း အခြားတွင် မညှပ်တော့ဘဲ မမကြီးဆီ ရောက်သွားသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ဘွန်လေးဘူတာထဲတွင် တရုတ်မများ ဆံပင်ညှပ်ဆိုင်ဖွင့်သည်။ တစ်ခေါင်း ၅ ကျပ်။ ဆိုတော့ ကျွန်တော်တို့ သားအဖမှာ ထိုဆိုင်၏ ဖောက်သည် ဖြစ်ရပြန်လေ၏။ နောက်တော့ သူတို့က ဘူတာထဲမှနေ၍ ဂျူရောင်းပွိုင့်သို့ ပြောင်းသွားသည်။ ဆိုင်နာမည်မှာ Hi Cut, ဖောက်သည်ခေါ်သည့်ဒီဇိုင်းလည်း တိုးတက်လာ၏။ တစ်နှစ်စာ plan ကို ၃၈ ကျပ်နှင့် ဝယ်နိုင်သည်။ ဘယ်နှစ်ခါ ညှပ်လို့ရမတုံးဆိုတော့ တစ်နှစ်အတွင်း ကြိုက်သလောက်ညှပ် ဟု ဆို၏။ လတိုင်းညှပ်သည့်တိုင် တစ်ခါညှပ်မှ ၃ ကျပ်လောက်ပဲ ကျမည်။ တန်မှတန်။ သို့နှင့် လူ့ကပ်စီးနဲ ကျွန်တော်လည်း သူတို့စိတ်မပြောင်းမီ ထို plan ကို အပြေးအလွှား သွားဝယ်လေသော ဟူသတတ်။

ပထမ ဘောက်ချာစာရွက် ဖြတ်ပိုင်းလေးပေးသည်။ တစ်ခါညှပ်လျှင် ထိုဘောက်ချာပေါ်၌ တစ်ခါ လက်မှတ်ထိုး၏။ ကျွန်တော်တို့ သားအဖက ပြိုင်တူညှပ်သဖြင့် တစ်ခါညှပ်လျှင် ၂ ခါ လက်မှတ်ထိုးသပေါ့။

ထိုစာရွက်ဖြတ်ပိုင်းလေးတွင် လက်မှတ်များပြည့်ခါနီးသော် တရုတ်မကြီးက ဟဲ့၊ နင့် plan ကုန်တော့မယ်။ ငါတို့ နောက်ထပ် သက်တမ်းထပ်မတိုးတော့ဘူး။ နင် plan အသစ်ဝယ်မလား ဆိုတော့ ငမ်၊ package အသစ်က ဘယ်လောက်တုံးဆိုတော့ တစ်နှစ်စာဆိုလား၊ ဆယ်ခါညှပ်ဆိုလား (မေ့နေပြီ) ကို ၅၀ ဆိုလေသည်။ ဒါလည်း မဆိုးသေး။ တစ်ခါညှပ်မှ ၅ ကျပ်။

သူတို့က ဤကဲ့သို့သော package များ ရောင်းလိုက်တော့ သူတို့ဆီမှာ ဆံပင်ညှပ်သူတွေ တန်းစီနေလေ၏။ တစ်ခါတစ်ခါ တော်တော်စောင့်ရသည်။ သားက စိတ်မရှည်။ ပွစိပွစိလုပ်၏။ သူစိတ်မရှည်သောကြောင့် ဆံပင်မညှပ်ရဘဲ လှည့်ပြန်ခဲ့ရသည့် အခါများတောင် ရှိခဲ့ဖူးသည်။ တရုတ်မများ၏ စီးပွားရေးအကွက်မြင်ပုံကား သြချရလောက်ပါပေ၏။

ဆိုတော့ ယခင် အနှစ် (၂၀) လောက်က ဆိုင်ကလေးများတွင် တစ်ခါညှပ် ၈ ကျပ်လောက်ပေးရသည့် ဆံပင်ညှပ်ခါမှာ ယခု Aircond တပ်၊ စူပါမားကက်ကြီးမှ သားသားနားနား ဆံပင်ညှပ်ဆိုင်ကြီးတွင် တစ်ခါညှပ် ၅ ကျပ်ဆိုတော့ ဈေးကျသွားသည်ဟု ဆိုနိုင်ပါသည်။ အောင်မယ် ၃ ကျပ်လောက်တောင်ဖြစ်သွားပါသေး။

(၂)

ကျွန်တော်လို ငတုံးသာ စမတ်ဖုန်းကိုင်ထားပြီး ဖေ့စ်ဘုတ်ပွတ်ဘို့ကလွဲပြီး တခြား ပိုက်ဆံရှာဘို့ ဘာမှ မသုံးတတ်တာ။ တရုတ်မကြီး များကတော့ ကျွန်တော့်ထက် စမတ်ကျသည်။ ယခု ဆံပင်ညှပ်ခြင်းလုပ်ငန်း၌ ပိုက်ဆံပေးတာ၊ ငွေပြန်အမ်းတာ ဘာညာ ဘာမှ လုပ်စရာမလို။ ဖုန်းနံပတ်ပြောလိုက်သည်နှင့် သူတို့က ကျွန်တော့် account ကို update လုပ်လိုက်ရုံဖြစ်သည်။

အဲလေ သူတို့သာမဟုတ်ပါ။ စမတ်ဖုန်းသုံးပြီး စီးပွားဖြစ်နေသူ အများအပြားရှိပါသည်။ ဟို - အိုဘိုက်တို့၊ မိုဘိုက်တို့၊ အူဘာတို့၊ မအူဘဲနေပါတို့ (ဟုတ်ပေါင်၊ ခွေးအူတာနဲ့ မှားကုန်ပြီ။)၊ ဂလက်တို့ဆိုတာ မိုဘိုင်းအက်ပ်စ်နဲ့ အလုပ်ဖြစ်နေတာ မဟုတ်တုံလော။

တခြားစီးပွားရေးလုပ်ငန်းများလည်း စမတ်ဖုန်းမှာပင် ကြော်ငြာကြသည်။ စမတ်ဖုန်းနှင့် စာရေးသည်။ စမတ်ဖုန်းနှင့် ဒီဇိုင်းဆွဲသည်။ ဗီဒီယိုရိုက်သူများတောင် ရှိပါသေး။

မိုဘိုင်းဖုန်းများပေါ်စက သိပ္ပံဆောင်းပါးတစ်ပုဒ်တွင် သိပ်မကြာလှသော ကာလတစ်ခု၌ ဖုန်းများ၏အရွယ်မှာ လက်ပတ်နာရီ လောက်သာ ရှိတော့မည်ဖြစ်ပြီး လူများသည် ဖုန်းကိုလက်ပတ်နာရီကဲ့သို့ လက်၌ပတ်ကာ သုံးလာကြလိမ့်မည်ဟု ကြိုတင် ဟောကိန်းထုတ်ခဲ့တာ ဖတ်ဖူးပါသည်။ ယခု Apple Watch မှာ လက်မှာပတ်ထားရင်း ဖုန်းပြောလို့ရနေပြီ။

ယခု စမတ်ဖုန်းများပေါ်လာတာ အတော့်ကို အလုပ်ဖြစ်လေသည်။ အနည်းဆုံးအားဖြင့် ဖေ့စ်ဘုတ်မှ အတင်းအဖျင်းမျိုးစုံကို ဖတ်ရသည်။ ဖေတော့မောင်တော့များ ဖတ်ရသည်။ သတင်းစာများ၊ စာအုပ်များကို ဖတ်နိုင်သည်။ လိုချင်သည့် ဗဟုသုတများကို အချိန်မရွေး၊ နေရာမရွေးရှာနိုင်သည်။

ဘထွေး ဗိုလ်ကြီးမြင့်မောင်မသိပါစေနဲ့ ဟူသော ပို့စ်လိုဟာမျိုး ဖတ်ရမည်။ ဂရုဖွဲ့၍ အတင်းတုတ်နိုင်သည်။ နောက်တော့ တစ်ယောက်က ထဖောက်ကာ လူထုကြားထဲဖြန့်ချလိုက်၍ ပြန်တောင်းပန်လိုက်ရသည့် သတင်းကိုဖတ်ရသည့်အခါ တစ်ယောက်တည်း ကြိတ်ကာ ပြုံးရမည်။ (ကိုယ့်အထဲက ထဖောက်တာကို လူသိမှာစိုးလျှင် အကောင့် အဟက်ခံရတယ်ဟု ကြေငြာနိုင်ပါသည်။) ပေါက်တတ်ကရလုပ်ပြီး အရူးလက်မှတ်ထုတ်ပြနိုင်သည်။ (အဲလေ၊ မဆိုင်တာတွေ ပါကုန်ပြန်ပြီ။ ဆော်တီး၊ ဆော်တီး)

မိတ်ဆွေတို့လည်း စမတ်ဖုန်း၏ အားသာချက်များကို အသုံးချကာ စီးပွားရေးလုပ်ငန်းများ လုပ်ကြပါရန် တိုက်တွန်းပါ၏။ (စီးပွားရေးလုပ်ငန်းဆိုတာ ပစ္စည်းရောင်းဝယ်ခြင်း၊ ဆားဗစ်စ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆိုလိုပါသည်။ ဘယ်ဘုရားပုံကို ဘယ်နှစ်ယောက်ဝေလျှင် သိန်းဘယ်နှစ်သောင်းထီပေါက်မည် စသည့် ပေါက်တတ်ကရ မက်ဆေ့မျိုးများကို မဆိုလိုပါ။)

ကျွန်ုပ်တို့သားအဖ ဆံပင်ညှပ်ရာမှအပြန် တရုတ်မများလုပ်ပုံကို သဘောကျမိရာမှ တွေးမိတွေးရာများကို ရေးခြင်းဖြစ်ပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ ဧပြီလ၊ ၂၀၁၈

No comments: