Thursday, April 12, 2018

ဝန်ချီကြိုးများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

ဝန်ချီကြိုး အန္တရာယ်များ

            ဝန်ချီလုပ်ငန်းသည်လည်း အန္တရာယ်များသော လုပ်ငန်းဖြစ်၏။ ဝန်ချီလုပ်ငန်း မတော်တဆမှုဖြစ်လျှင် လူပေါင်းများစွာ သေကြေပျက်စီးနိုင်သည်၊ ပစ္စည်းများစွာ လေလွင့် ဆုံးရှုံးနိုင်သည်။
            ဝန်ချီလုပ်ငန်းမတော်တဆမှု၌ အကြောင်းများစွာ ပါဝင်နေသည့်အနက် စံမမီသည့် ဝန်ချီကြိုးများ၊ ပျက်စီးနေသည့် ဝန်ချီကြိုးများကို သုံးခြင်း၊ ဝန်ချီကြိုး၏ သယ်မနိုင်သော ဝန်အားကို မသိဘဲ ရမ်းသုံးခြင်း၊ ပစ္စည်း၏ အလေးချိန်ကို မှန်ကန်စွာ မတွက်တတ်ခြင်း စသည်တို့မှာ ဝန်ချီကြိုးနှင့် တိုက်ရိုက် ပတ်သက်နေသည့်အချက်များ ဖြစ်၏။
            ဤစာတမ်း၏ ရည်ရွယ်ချက်မှာ အလုပ်ရှင်၊ အလုပ်သမားများနှင့် ဝန်ချီလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူတို့ကို  မှန်ကန်သော ဝန်ချီကြိုးများ ရွေးချယ်ပုံ၊ မှန်ကန်စွာ အသုံးပြုပုံ နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ပုံတို့ကို သိစေရန် ဖြစ်၏။
            ဝန်ချီကြိုးကြောင့် ဖြစ်တတ်သည့် အန္တရာယ်မကင်းသော အခြေအနေများမှာ အောက်ပါတို့ ဖြစ်၏။

Ø  ဝန်ချီကြိုးသည် ချီမမည့် ဝန်၊ ပတ်ဝန်းကျင်အခြေအနေတို့နှင့် သင့်တော်ကိုက်ညီမှု မရှိခြင်း
Ø  ကျိုးပဲ့၊ ကွဲအက်၊ ပြတ်ရှ၊ ပျက်စီး၊ လိမ်ပိမ်နေသည့် ဝန်ချီကြိုးနှင့် ဝန်ချီကိရိယာများကို သုံးခြင်း
Ø  ဝန်ချီကြိုးများကို သေသေချာချာ သိမ်းဆည်းမထားခြင်း။ ဥပမာ - ဝန်ချီကြိုးများအပေါ်တွင် အခြားလေးလံသည့် ပစ္စည်းများ ဖိတင်ထားခြင်း၊ ဝန်ချီကြိုးများ သယ်ရာတွင် ကြမ်းတမ်းသည့် မျက်နှာပြင်များအပေါ် တရွတ်တိုက် ဆွဲသွားခြင်း
 
            ဝန်ချီကြိုးနှင့် ပတ်သက်သည့် အန္တရာယ်မကင်းသော အပြုအမူများမှာ အောက်ပါတို့ ဖြစ်၏။      
Ø  ကရိန်းနှင့် မ, ထားသော ဝန်အပေါ်တွင် စီးနင်းလိုက်ပါခြင်း
Ø  ချီမ,ထားသော ဝန်အောက်၌ နေခြင်း
Ø  ပျက်စီးနေသည့် ဝန်ချီကြိုးများကို ပြင်သုံးရာတွင် သေချာစွာ ပြပြင်မထားခြင်း
Ø  သုံးမရတော့သည့် ဝန်ချီကြိုးနှင့် ကိရိယာများကို ဖယ်ထုတ်မထားခြင်း

ဝန်ချီကြိုး အမျိုးအစားများ

            ဝန်ချီကြိုး အမျိုးအစား အမျိုးမျိုးရှိသည့်အနက် အချို့မှာ အောက်ပါတို့ဖြစ်၏။




သံမဏိသတ္တုစပ် ချိန်းကြိုး (Alloy steel chain)

            သံမဏိသတ္တုစပ် ချိန်းကြိုးများမှာ ပေါ့ပါးသည်၊ စိတ်ချရသည်၊ ပွန်းစားမှုဒဏ် ခံနိုင်သည်၊ ပူနေသည့် ပစ္စည်းများကို မ,နိုင်သည်။ မ,မည့် ပစ္စည်းပုံသဏ္ဍာန်အလိုက် ပြောင်းလဲသုံးနိုင်သည်။ ချိန်းကြိုးအတွက် သံမဏိသတ္တုစပ်ကို ဂရိတ်အမျိုးမျိုး ထုတ်သည့်အနက် အများဆုံးသုံးသည့် ဂရိတ်များမှာ ၈ဝ နှင့် ၁ဝဝ တို့ ဖြစ်၏။ ထိုချိန်းကြိုးများကို ထုတ်လုပ်ရာနှင့် စမ်းသပ်ရာတွင် အမေရိကန် စံနှုန်းဖြစ်သော ASTM စံများဖြင့် ထုတ်လုပ်၊ စမ်းသပ်ရသည်။
            ချိန်းကြိုးများကို ဖော်ပြရာတွင် အောက်ပါတို့ကို ဖော်ပြသည်။
v  အရွယ်အစား
v  ဂရိတ်
v  သယ်နိုင်သောအလေးချိန် (SWL - Safe Working Load)
v  ကြိုးအရှည်

            ထို့အပြင် ချိန်းကြိုးပေါ်တွင် အောက်ပါတို့ကိုလည်း ထပ်ဆောင်းဖော်ပြပါသေးသည်။
Ø  ကြိုးအရေအတွက် (Number of legs)
Ø  ထုတ်လုပ်သည့် နံပါတ် (Serial Number)
Ø  ထုတ်လုပ်သူ၏ အမည် သို့မဟုတ် တံဆိပ်

ကြိုးက သယ်နိုင်သော ဝန် (Rated Load)(SWL- Safe Working Load)

            အထက်အောက်တည့်တည့်၊ အစောင်းထောင့်အလိုက်၊ ကြိုးကို ပတ်ချည်သည့်အခါ စသည့်အနေအထားများတွင် ရှိသည့် ကြိုး၏ ဝန်ထမ်းအားများမှာ အောက်ပါအတိုင်း ဖြစ်သည်။







            ကြိုးချည်ရာတွင် horizontal angle ကို ၃ဝ ဒီဂရီထက် ပိုမနည်းစေသင့်ပါ။ ထိုအစောင့်ထောင့် နည်းလေလေ ကြိုးအပေါ် သက်ရောက်သည့်အား များလေလေဖြစ်၏။

            Choker hitch ပါသော ချိန်းကြိုးများ၏ ဝန်ထမ်းအားများမှာ အောက်ပါအတိုင်း ဖြစ်သည်။ အကယ်၍ hook, ring, pear-shaped link, oblong link စသည့် အခြား ပစ္စည်းများနှင့် ထိုချိန်းကြိုးများကို တွဲသုံးရလျှင် ထိုပစ္စည်းများ၏ ဝန်ထမ်းအားသည် ချိန်းကြိုး၏ ဝန်ထမ်းအားနှင့် (အနည်းဆုံးအားဖြင့်) တူရမည်။ သို့မဟုတ် ပိုများရမည်။




စစ်ဆေးခြင်း

            ဝန်ချီကြိုးများနှင့် ဝန်ချီကိရိယာများကို စစ်ဆေးရန် တတ်ကျွမ်းနားလည်သူတစ်ဦးကို ခန့်ထားပါ။ ၎င်းသည် နေ့စဉ် နံနက်တိုင်း လုပ်ငန်းမစမီ ဝန်ချီကြိုးများနှင့် ဝန်ချီကိရိယာများကို စစ်ဆေးရန် တာဝန်ရှိသည်။ ဤနေရာတွင် တတ်ကျွမ်း နားလည်သူ ဆိုသည်မှာ ဝန်ချီလုပ်ငန်းနှင့်ပတ်သက်သည့် သင်တန်းကို တက်ရောက်အောင်မြင်ပြီးသူ၊ ဝန်ချီလုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူ၊ ဝန်ချီလုပ်ငန်းသုံး ကိရိယာများအကြောင်း ကောင်းစွာ နားလည်သူကို ဆိုလိုပါသည်။
            စစ်ဆေးရာတွင် အောက်ပါအချက်များ ပါဝင်ရမည်။
ü  စစ်ဆေးချက်လက်မှတ် (သက်တမ်းကုန်မနေစေရ)
ü  ပွတ်တိုက်ရာနေရာများ၌ အလွန်စားနေခြင်း
ü  ဂဟေသားများ မကောင်းခြင်း၊ ပျက်စီးနေခြင်း
ü  အက်ရာ၊ ကွဲရာ၊ ပြတ်ရှရာများ ပေါ်နေခြင်း၊ ချုပ်ရိုးပြုတ်ခြင်း၊ မီးပေါက်ရာ၊ ဓာတုဆေးစွန်းရာများ ရှိနေခြင်း၊ ချည်သားများ ဖွာနေခြင်း၊ ခေါက်နေ၊ လိမ်နေခြင်း၊ ကျိုးပဲ့ပျက်စီးနေခြင်း၊
ü  ချိတ်များသည် မူလရှိသည့်အနေအထားထက် ပို ဟ နေခြင်း
ü  ချိတ်များမှ အထိန်းလျှာများ ပျက်စီးနေခြင်း၊ ပျောက်နေခြင်း
ü  ပစ္စည်းအကြောင်းဖော်ပြထားသည့် နာမည်ကဒ်ပြားများ ပျက်စီးနေခြင်း

ပျက်စီးနေသည့် ဝန်ချီကိရိယာများကို ပြန်လည် ပြင်သုံးခြင်း

            ပျက်စီးနေသည့် ဝန်ချီကိရိယာများကို ပြန်လည် ပြင်ဆင်သုံးရာတွင် မူလအခြေအနေအတိုင်း ပြန်လည်ရရှိအောင် လုပ်နိုင်မှ ပြင်ရမည်။ ပြင်ရာတွင် အရွယ်အစား၊ အလျား အားလုံး တူရမည်။ အကယ်၍ ဝန်ချီကိရိယာ၏ ခံနိုင်ရည်အားသည် မူလအခြေအနေကို မမီပါက ပြင်ဆင်သုံးခွင့် မပြုပါ။ သို့တိုင် ချိန်းများ ကွဲအက်၊ ကျိုးပဲ့နေပါက ပြန်လည်ပြင်ဆင်သုံးခြင်းထက် အသစ်နှင့် အစားထိုး တပ်ဆင်ခြင်းသာ ပြုပါ။          
            မူလပစ္စည်းများ ပျက်စီးပါက အမျိုးတူ ပစ္စည်းဖြင့်သာ အစားထိုးပါ။ (ဥပမာ - ချိတ်နှင့် သံကြိုးအဆက်နေရာ ပင် (pin) များ ပျက်စီးပါက အမျိုးအစားတူ ပင် ဖြင့်သာ အစားထိုးပါ။ တွေ့ရာသံချောင်းဖြင့် ထိုးသုံးခြင်း လုံးဝမပြုပါနှင့်။

            Safety latch (အထိန်းလျှာ) များပျက်နေပါက ချက်ချင်းပြင်ပါ။ အထိန်းလျှာမပါဘဲ ထို ချိတ်ကို မသုံးပါနှင့်။



ဝန်ချီကြိုးသုံးရာတွင် အန္တရာယ်ကင်းရေးအတွက် သတိပြုစရာများ

Ø  ဝန်ချီရာတွင် ဝန်၏အလေးချိန်ကို ခန့်မှန်းရာတွင် မမှားပါစေနှင့်။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါစေ။
Ø  သင့်တော်သည့် ဝန်ချီကြိုးကို ရွေးပါ။
Ø  ဝန်ချီကြိုး၏ မ,နိုင်သော ဝန်အား (Safe Working Load) ကို သိပါစေ။
Ø  ပျက်စီးချို့ယွင်းနေသည့် ဝန်ချီကြိုးများကို မသုံးပါနှင့်။
Ø  ချိတ်၌ အထိန်းလျှာ (Safety latch) ပါပါစေ။ လျှာပြုတ်နေလျှင် သို့မဟုတ် မကောင်းတော့လျှင် ထိုချိတ်ကို မသုံးပါနှင့်။
Ø  ကြိုးချည်ခြင်းကို ခန့်အပ်ထားသည့်ကြိုးချည်သူ (Appointed rigger) ကိုသာ ချည်ပါစေ။ အခြားသူများအား လုပ်ကိုင်ခြင်းကို လုံးဝခွင့်မပြုရ။
Ø  ထက်နေသော ထောင့်စွန်းများကို ရာဘာ၊ ဂုံနီအိတ် စသည်တို့နှင့် ခုပါ။
Ø  အကယ်၍ ကြိုးသည် ခြေလေးချောင်း (4 legged) ပါသည့်ကြိုးဖြစ်ပြီး ကြိုးနှစ်ချောင်းဖြင့်သာ ချည်ပါက ကျန်နှစ်ချောင်းကို ခေါက်တင်ထားပါ။
Ø  ဝန်ချီကြိုးနှစ်ခုသည် အရှည်တူရမည်။ ဝန်ချီရာတွင် ဝန်သည် ညီမျှစွာ (balanced) လိုက်ပါနေပါစေ။ တစ်ဖက်စောင်းနင်း ဖြစ်မနေပါစေနှင့်။
Ø  ဝန်ကို ချီရာ၊ ချရာတွင် အောက်၌ တုံးခုထားပါ။ သို့မဟုတ်ပါက ဝန်ချီကြိုးသည် ဝန်နှင့်ပိနေလိမ့်မည်။ ထိုအခါမျိုးတွင် ဝန်ချီကြိုးကို အတင်းဆွဲထုတ်ခြင်းမျိုး မလုပ်ရ။
Ø  ဝန်ချီကြိုးသည် လိမ်မနေစေရ၊ အဖုထုံးမနေစေရ။
Ø  ဝန်ချီကြိုးကို ဝန်အား ချီမ,ရန် အတွက်သာ သုံးပါ။ ပစ္စည်းများကို ဆွဲရန် မသုံးရ။ (ဥပမာ - ကပ်နေသော ဖောင်ဝပ်ကို ခွာထုတ်ရန် ကြိုးစားရာ၌ ဝန်ချီကြိုးဖြင့် ဆွဲခြင်း)
Ø  ဝန်ချီကြိုးများကို မိုးလုံ၊ ရေလုံသည့်နေရာ၌ သေသေချာချာ သိမ်းဆည်းထားပါ။ ကြမ်းပြင်ပေါ် ပစ်မထားပါနှင့်။

ဝန်ချီကြိုး၏ အပြစ်အနာအဆာများ 




ကြိုးချည်နည်း ဆောင်ရန် နှင့် ရှောင်ရန်များ
















Ref: Sling Safety : http://www.ehsdb.com; Rigger and Signalman handbook : www.wshc.sg

 အေးငြိမ်း
၁၂ ဧပြီလ၊ ၂၀၁၈

No comments: