Saturday, April 14, 2018

ချစ်စရာကောင်းသော ဝီကီပိဒိယ

ကျွန်တော် ယခု စင်ကာပူ ခြင်္သေ့မြို့တော် စာအုပ်ကို ရေးသားနေပါသည်။ လွန်ခဲ့သော ဆယ်နှစ် (၂၀၀၈) ခုနှစ်က အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်ကို ရေးထုတ်ခဲ့ပါသေး၏။ ယခု စာအုပ်မှာ ထို ယခင်စာအုပ်၏ 2018 version ဖြစ်ပါသည်။ သို့သော် ခေတ်တွေပြောင်းကုန်ပြီ ဖြစ်သောကြောင့် အခြေအနေများလည်း အတော်ပြောင်းကုန်ပါပြီ။

၂၀၀၈ ခုနှစ်ကာလများတုန်းက စင်ကာပူသည် ကိုမြန်မာတို့ ပိုက်ဆံရှာဖို့၊ လာရောက်အလုပ်လုပ်ဖို့ ကောင်းသည့်နေရာတစ်ခု ဖြစ်ပြီး လာရောက်သူလည်း အတော့်ကိုများခဲ့သည်။

ယခု ခေတ်ပြောင်းသွားတော့ မြန်မာပြည်၌လည်း လုပ်ငန်းကိုင်ငန်းအခြေအနေများ တိုးတက်ခဲ့သည်။ စင်ကာပူတွင်လုပ်၍ရမည့် လခလောက်ကို မြန်မာပြည်တွင် မျှော်မှန်းလာနိုင်သည့် အခြေအနေများ ဖြစ်ခဲ့သည်။ (စိတ်ပျက်စရာကောင်းသည်မှာ ထိုအခြေအနေကို ထိန်းမထားနိုင်ခြင်းဖြစ်၏။)

စင်ကာပူသည်လည်း ယခင်အခါ ကာလများကကဲ့သို့ လာရောက်စီးပွားရှာရန် သိပ်ကောင်းလှတော့သော အခြေအနေ မဟုတ်တော့ပြီ။ စင်ကာပူအစိုးရသည် နိုင်ငံခြားသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့်ပတ်သက်၍ ပိုမိုတင်းကြပ် လာလေရာ စင်ကာပူ၏ လက်ရှိစီးပွားရေးအခြေအနေနှင့် ပေါင်းလိုက်သောအခါ စင်ကာပူသို့ လူကိုယ်တိုင် အလုပ်လာရှာသည့်တိုင် အလုပ်မရဘဲ ပြန်သွားရသူတွေ များလာခဲ့သည်။

အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း ဟု အမည်ပေးခဲ့ခြင်းမှာ ကျွန်ုပ်၏စာအုပ်ကိုဖတ်ပြီး မြန်မာလူငယ်များ စင်ကာပူတွင် မိမိတို့ အနာဂတ်ကို မိမိတို့ဘာသာ ဖန်တီးတည်ဆောက်နိုင်ပါစေဟု ရည်ရွယ်ရေးခဲ့ခြင်းကြောင့် ဖြစ်၏။

ယခု ၂၀၁၈ ခုနှစ်တွင်မူ ထိုရည်ရွယ်ချက်မှာ သိပ်ခရီးမရောက်တော့ပါ။ သို့သော် ဘယ်နှစ်နှစ်နှင့် စင်ကာပူကို ကျော်ပြမည် ဟု အသားလွတ် ကြုံးဝါးနေကြသူကြီးများ သိသာစေရန်နှင့် သူများသားသမီးတွေ လုပ်ပုံကိုင်နည်းများကို လေ့လာနိုင်ကြစေရန် ရည်ရွယ်၍ ယခုစာအုပ်ကို ပြန်လည် ပြင်ဆင်ရေးသားလိုက်ပါသည်။

ရည်ရွယ်ချက်ပြောင်းသွားသလို အစီအစဉ်နှင့် တင်ပြပုံလည်း ပြောင်းထားပါသည်။ ယခုစာအုပ်တွင် စင်ကာပူက ကျင့်သုံးနေသည့် စနစ်များအကြောင်း မိတ်ဆက်ပေးထားပါသည်။

ဤစာအုပ်ကို ရေးရာတွင် အချက်အလက်များ ခိုင်လုံစေရန် သက်ဆိုင်ရာ website များ၌ မွှေနှောက်ရှာဖွေရသည်။ ထိုအလုပ်သည် အတော် အချိန်ကုန်၏။ တစ်ခါတစ်လေ ဂဏန်းလေးတစ်ခုရဘို့ လေးငါးနာရီလောက် အချိန်ဖြုန်းရသည်။

သက်ဆိုင်ရာ website များပင်ရှိသော်လည်း သူတို့က သူတို့လုပ်ငန်းကို ကြော်ငြာသည့်သဘော ပြုလုပ်ထားလေရာ ကိုယ်လိုချင်သည့်အချက်များမှာ မြုပ်နေ၍ မနည်းရှာယူရသည်။

အချက်အလက်များနှင့် ပတ်သက်၍ အားအကိုးရဆုံး website မှာ ဝီကီပိဒိယဖြစ်၏။
ဝီကီက သိသင့်သိထိုက်သော အချက်အလက်အားလုံးကို စုဆောင်းပေးထားသည်ဖြစ်ရာ တခြားဘယ်မှမသွားဘဲ တစ်နေရာထဲနှင့် အကုန်အစုံရလေသည်။ ပမာနှိုင်းရလျှင် စူပါမားကက်ကြီးကဲ့သို့ ဖြစ်၏။ တကယ့် စူပါမားကက်ကြီးများတွင် ကားတာယာမှအစ အပ်အထိ အကုန်ရ၏။

ကျွန်တော်စာရေးသည့်အခါလည်း ဝီကီပိဒိယသည် မကြာခဏ ရည်ညွှန်းရသော website တစ်ခုဖြစ်၏။ သိချင်တာလေးတစ်ခုကို Google တွင် ခေါက်လိုက်ပါက ဝီကီပိဒိယသည် ထိပ်ဆုံးမှ ပေါ်လာစမြဲဖြစ်သည်။ အဲလေ ကျွန်တော်က မကြာခဏသုံးနေသူမို့ ထိပ်ဆုံးက ပေါ်လာတာလည်း ဖြစ်ကောင်းဖြစ်ပါမည်။ အခြားသူများတော့ မပြောတတ်ပါ။

ဝီကီကို အချိန်မရွေးဖွင့်ဖတ်လို့ရနေသည့်တိုင် ကျွန်တော်က ကိုယ်လိုချင်သည့် အကြောင်းအရာများဆိုလျှင် pdf နှင့် save လုပ်ထားတတ်သေး၏။ တူညီသည့် အကြောင်းအရာအားလုံးပေါင်းကာ တစ်နေရာထဲ စုထားလို၍ ဖြစ်ပါသည်။ ဥပမာ - နက္ခတ္တဗေဒ အကြောင်း။

ဝီကီက ကောင်းသည့်အချက်များမှာ အထဲ၌ပါသည့် အကြောင်းအရာ၊ အချက်အလက်များကို link ပေးထားလေရာ ထိုအကြောင်း သိလိုလျှင် ထိုစာလုံးပေါ် ကလစ်နှိပ်လိုက်ရုံဖြစ်သည်။ ထိုအခါ ကိုယ်သိချင်သည်များကို မပင်ပန်းဘဲ ချက်ချင်းဖတ်လို့ရလေသည်။

ထိုမျှသာမက သူ့ website ပါ အကြောင်းအရာများကို အမြဲခေတ်မီ မှန်ကန်နေစေရန် အမြဲ update လုပ်လေ့ရှိ၏။ ထို့ကြောင့် အချက်အလက်များ ခေတ်နောက်ကျ (out dated) ဖြစ်သွားမှာ စိတ်မပူရ။ Website အောက်ဆုံးတွင် update လုပ်ထားသည့် ရက်စွဲကိုပါ နာရီနှင့်တကွ ဖော်ပြပေးထားသည်။

ထို့ကြောင့် မောင်ကလေး၊ မယ်ကလေးတို့ကိုလည်း မိမိတို့ သိလိုသည်များကို အခြားသူများအား ပါးစပ်ဖြင့်မေးမနေဘဲ မိမိဘာသာ Wikipedia website (en.wikipedia.org) တွင် ဖတ်ကြပါရန် တိုက်တွန်းပါသည်။ အခြားသူဟူသည် တကယ်သိတာလည်း ရှိမည်။ တကယ်မသိဘဲ ကြားဖူးနားဝဖြင့် မှန်းတုတ်လိုက်တာလည်းရှိမည်။ ဝီကီကတော့ အမှန်အကန် website ဖြစ်သဖြင့် ယုံကြည် စိတ်ချစွာ သုံးနိုင်မည် ထင်ပါသည်။

မိတ်ဆွေများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊ အသိအလိမ္မာများလည်း တိုးပွားကြပါစေကြောင်း၊ သူတော်ကောင်းနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရပါစေကြောင်း ဆုမွန်တောင်းလိုက်ပါ၏။
(လခတိုးဘို့တော့ ဆုမတောင်းရဲပါဘူးဗျာ။ အနို့ ကိုယ်တတ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲကိုး။)

ဖတ်ရှုအားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၄ ဧပြီ၊ ၂၀၁၈


No comments: