Thursday, February 1, 2018

ပညာရေးနဲ့ ဘာနိုင်ငံဒေါ်ကြီးတည်ဆောက်အံ့

ဘာတုံးပိတ်သတ်ကြီးရဲ့ -
ပညာရေးနဲ့ ဘာနိုင်ငံဒေါ်ကြီးတည်ဆောက်မယ်ဆိုလား။
စာအုပ်လေးကျတော့ မှန်အောင် မရေးနိုင်ဘူး။ ဖွတ်။
ကိုဖုန်းကျော် (Fone Kyaw ) က ပို့လာလို့ ရေးရတာပါခညာ။ အပြစ်ဖို့ချင် သူ့သာ သွားဖို့တော့။
အောက်ကပုံကို Myanmar Weather Detail မှာတင်ထားပါတယ်။
သည်စာမှားတာကိုတော့ ကွန်ပြူတာစာစီသမားကို အပြစ်မဖို့ပါနဲ့ လူကြီးမင်းတို့ခင်ဗျား။
(ဟုတ်သလေ။ ဟိုတစ်နှစ်က မေးခွန်းတွေမှားတာ စာစီသမားကို အပြစ်ဖို့တာကိုး။ "ဘယ်ဗျာ။ ကီးဘုတ်မှကြည့်မရိုက်တာ" တဲ့၊ ဟီဟိ၊ ကွန်ပြူတာမကိုင်ဖူးမှန်း လူသိလိုက်တာ။)
ကြည့်ပါဦးခင်ဗျာ။



ကမ္ဘာဂြိုဟ် (ဘဒ္ဒကမ္ဘာ) တဲ့။
ဆရာမတို့ ဘဒ္ဒကမ္ဘာဆိုတာ ဘာလဲလို့လေ့လာထားဦးနော။ ကျောင်းသားတွေမေးမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။
ယူရေးနပ်ဂြိုဟ် (တနင်္ဂနွေဂြိုလ်) တဲ့။
ငမ် - တားတို့က နေမင်းကြီးကို တနင်္ဂနွေဂြိုဟ်လို့ ထင်ထားတာ မှားပါပေါ့။
အသက် ၆၀ ပြည့်ခါနီးမှ ကျောင်းပြန်တက်ရကိန်းပေါက်နေပြီ။
နက်ပကျွန်းဂြိုဟ် (တနင်္လာဂြိုလ်) ဆိုပါလား။
ဖျား ဖျား၊ သူတို့များ ဘယ်ဆရာက သင်ပေးလိုက်ပါလိမ့်။
ဂြိုဟ် ဆိုသည်မှာ ဂြဟ ဟူသောပါဠိမှလာသည်။ မြန်မာမှုပြုလိုက်တော့ ဂြိုဟ် ဖြစ်သွားသည်။
ဂြိုလ် ဟူသောအသုံး ကျွန်ုပ်တို့မြန်မာစာတွင် လုံးဝမရှိကြောင်း၊ တွံ - အသင် ဤ ပဉ္စမတန်း၊ အထွေထွေသိပ္ပံကို စီရင်အပ်ကုန်သော၊ အသင်လူကြီးမင်းအပေါင်းတို့သည်၊ ဂဏှာဟိ - သေသည်ထိ အရိုးစွဲအောင် မှတ်သားပေကုန်လော့။
ထို့ပြင် ဤစာအုပ်မှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရိုက်နှိပ်ထားသည်ဖြစ်၍ နေမိသားစုတွင် ဂြိုဟ်ကိုးလုံး မဟုတ်တော့ကြောင်း ရှင်းပြပါဦးမည်။
နေမိသားစု၌ ပလူတိုကို ဖြုတ်ထားတာ ဆယ်နှစ်ကျော်ပါပြီ။
ပလူတိုကို ကလိုင်းတွန်ဘို (Clyde Tombaugh) က ၁၉၃၀ ခုနှစ်တွင် ကွစ်ပါခါးပတ် (Kuiper Belt) အတွင်း တွေ့ရှိခဲ့ပြီး ဂြိုဟ်တစ်ခုအဖြစ်သတ်မှတ်ကာ နေမိသားစုတွင် ထည့်သွင်းရေတွက်ခဲ့၏။ ထို့ကြောင့် ကျွန်ုပ်တို့ငယ်စဉ်က နေမိသားစုတွင် ဂြိုဟ်ကြီး ၉ လုံးရှိကြောင်း ကျက်မှတ်ခဲ့ကြရခြင်း ဖြစ်၏။
သို့သော် ၁၉၉၂ နောက်ပိုင်းတွင် ကွစ်ပါခါးပတ်အတွင်း ပလူတိုနှင့် အလားတူ အခြားအရာဝတ္ထုများကို တွေ့ခဲ့ကြရာ ပလူတိုကို ဂြိုဟ်အဖြစ်သတ်မှတ်ပါမည်လားဟု မေးခွန်းထုတ်ခဲ့ကြ၏။
ထို့ပြင် ၂၀၀၅ ခုနှစ်တွင် ပလူတိုထက် ၂၇% ပိုကြီးသည့် အီရစ် (အဲရစ်) (Eris) ကို ထပ်မံတွေ့ရှိခဲ့ကြရာ International Astronomical Union (IAU) က ၂၀၀၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ၎င်းတို့၏ အထွေထွေညီလာခံတွင် ဂြိုဟ်ဟူသော အဓိပ္ပာယ်ကို ထပ်မံဖွင့်ဆိုခဲ့ကြသည်။
ထိုမှစကာ ပလူတိုကို ဂြိုဟ်ဟုမသတ်မှတ်တော့ဘဲ ဂြိုဟ်မွှား (dwarf planet) ဟု သတ်မှတ်ခဲ့ကြသည်။
Eris သည်လည်း ဂြိုဟ်မွှားတစ်ခုပင် ဖြစ်၏။
ထိုအချိန်မှစကာ နေမင်းကြီးသည်လည်း ပလူတိုကို မိသားစုဝင်အဖြစ်မှ တရားဝင်စွန့်လွှတ်ခဲ့ရကြောင်း မိတ်ဆွေအပေါင်းတို့ခင်ဗျာ။
တနင်္ဂနွေဂြိုဟ် = နေမင်း
တနင်္လာဂြိုဟ် = လမင်း
ဘဒ္ဒကမ္ဘာ = ဘုရား (၅) ဆူပွင့်သော ကမ္ဘာ
ဘုရား (၅) ဆူ = ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျ
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အေးငြိမ်း
၂၆ ဇန္နဝါရီ၊ ၂၀၁၈

No comments: