Thursday, February 1, 2018

လ မဟာ၊ လ ပြာ၊ သွေးရောင်လ အကြောင်း သိကောင်းစရာ

ကျွန်ုပ်ဤစာကို ရေးနေချိန်၌ ခွေးကြီးငပုပ်ကား စန္ဒာလမင်းကြီးကို ပြန်အံထုတ်နေချေပြီ။

ဤနှစ် (၂၀၁၈) ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် လမင်းကြီး၌ ထူးခြားဖြစ်စဉ် သုံးခု တစ်ပြိုင်နက် ဖြစ်သည်ဆို၏။
Ø  ပထမတစ်ခုမှာ မဟာလမင်း (Supermoon) ဖြစ်ပြီး       
Ø  ဒုတိယတစ်ခုမှာ လ ပြာ (Blue Moon) ဖြစ်၍
Ø  တတိယတစ်ခုမှာ သွေးရောင်လ (Blood Moon) ဖြစ်သည်။









ပထမတစ်ခုမှာ မဟာလမင်း (Supermoon)

လမင်းကြီးသည် ကမ္ဘာကို အီလစ် (ဘဲဥပုံ) ပတ်နေလေရာ တစ်ခါတစ်ရံတွင် ကမ္ဘာနှင့်နီးလာပြီး (perigee) တစ်ခါတစ်ရံတွင် ကမ္ဘာနှင့် ဝေးသွား၏။ ကမ္ဘာနှင့်နီးလာလျှင် လကို ပိုပြီး ကြီးမားစွာမြင်ရသည်။ ထိုအချိန်တွင် လသည် သာမန်အချိန်များထက် ၁၄% မျှ ပိုမို တောက်ပထွန်းလင်းသည်ဆို၏။ ထိုကဲ့သို့သောလကို မဟာလမင်း (Supermoon) ဟု ခေါ်သည်။

ဒုတိယတစ်ခုမှာ လ ပြာ (Blue Moon)

လ ပြာ ဆိုသည်မှာ တစ်လတည်းတွင် လနှစ်ခါပြည့်လျှင် လ ပြာ (Blue moon) ခေါ်သည်ဆို၏။
သိပ်တော့မဆန်းလှပါ။ လစန္ဒာက ကမ္ဘာကိုလှည့်ရန် ၂၉ ရက်ခွဲကြာသည်။ ထို လစန္ဒာတစ်ပတ်ပြည့်ချိန်သည် အင်္ဂလိပ်လ (ယခုဆိုလျှင် ဇန္နဝါရီလ) တစ်လအတွင်း ကွက်တိကျနေပါက တစ်လအတွင်း နှစ်ခါ လပြည့်မည်သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဇန္နဝါရီလသည် ၃၁ ရက်ရှိပြီး စန္ဒြမာသက ၂၉ ရက်ခွဲသာ ရှိသောကြောင့်တည်း။
ယခု ၂၀၁၈ ဇန္နဝါရီလ ၁ ရက်နေ့သည် လပြည့်နေ့ဖြစ်ပြီး ဇန္နဝါရီ ၃၁ ရက်သည်လည်း လပြည့်သောကြောင့် တစ်လအတွင်း နှစ်ခါ လပြည့်သဖြင့် ဒုတိယလကို လ ပြာ (blue moon) ဟု ခေါ်ခြင်း ဖြစ်လေသည်။
နောက်တစ်ကြိမ် Blue moon ကို မတ်လတွင် ကြုံကြရမည်။

တတိယတစ်ခုမှာ သွေးရောင်လ (Blood Moon)

လပြည့်နေ့တွင် လမင်းကြီးသည် သူ့လမ်းကြောင်းအတိုင်းသွားစဉ် ကမ္ဘာအရိပ်က လပေါ်ထိုးကျသဖြင့် လငပုပ်ဖမ်းခြင်း ဖြစ်လာသည်။ လငပုပ်ဖမ်းခြင်း ဖြစ်စဉ်တွင် တဖြည်းဖြည်းနှင့် လကြီး ဖြူရာမှနီလာခြင်းကို သွေးရောင်လ (blood moon) ဟု ခေါ်ခြင်း ဖြစ်သည်။
နောက်တစ်ကြိမ် လငပုပ်ဖမ်းခြင်းကို ဇူလိုင် ၂၇ ရက်နေ့တွင် တွေ့ကြရမည်။

သည်ကနေ့ (ဇန္နဝါရီလ ၃၁၊ ၂၀၁၈) တွင် ထို ဖြစ်စဉ်သုံးခုစလုံးနှင့် ကိုက်ညီနေသဖြင့် အလွန်ထူးခြားသောလ ဟု ခေါ်ခြင်း ဖြစ်၏။ သည်ဖြစ်ရပ်မျိုးမှာ နှစ်ပေါင်း ၁၅၀ ကြာမှ တစ်ခါဖြစ်သည်ဆို၏။ ယခုကဲ့သို့ Supermoon, blue moon, blood moon ထပ်တူကျ ခြင်းကို ၁၈၆၆ ခုနှစ်က တစ်ကြိမ်ကြုံခဲ့ရသည်။ ထိုစဉ်က အမေရိကန်သမ္မတ အေဘရာဟင်လင်ကွန်း လုပ်ကြံခံရပြီး အင်ဒရူးဂျွန်ဆင် သမ္မတတာဝန် ထမ်းဆောင်ခဲ့ရသော ကာလလည်း ဖြစ်၏။

ယနေ့ လလုံးဝကြတ်ချိန် စုစုပေါင်း ၁ နာရီနှင့် ၁၄ မိနစ်။  

မြန်မာပြည်မှလူများအဖို့ လကြတ်ခြင်းကို ညနေ ၆ နာရီ ၁၈ မိနစ်တွင် စတင်မြင်ရပြီး လကြတ်ခြင်း လုံးဝလွန်မြောက်မည့် အချိန်မှာ ၁၀ နာရီ ၃၈ မိနစ်ဟု ဆို၏။ (ဘာမှန်ပြောင်းမှမပါဘဲ ဒီအတိုင်း သာမန်မျက်စိနဲ့ကြည့်တာတော့ ည ၁၀ နာရီ ၁၅ လောက် ကတည်းက လွတ်နေတယ်လို့ မြင်တာပဲ။) 

လကြတ်လျှင် ဘာဖြစ်တတ်သည် စသဖြင့် ဆိုကြသူများလည်း ရှိ၏။
ရှေးယခင်လူကြီးများကတော့ လမင်းကြီးကို ငပုပ်ဟူသောခွေးကြီးက အာခံတွင်းတွင် ငုံထားခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် လကြတ်ခြင်းကို လငပုပ်ဖမ်းသည်ဟု ခေါ်ကြခြင်းဖြစ်၏။

အမှန်က လကြတ်ခြင်းမှာ နေ၊ ကမ္ဘာ၊ လ တို့ လှည့်ပတ်သွားလာရာမှ ဖြစ်လာသော သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။
ယခု အများဗဟုသုတရစေရန် ကျွန်တော့် မြန်မာပြက္ခဒိန်စာအုပ်ထဲမှ လကြတ်ခြင်းအကြောင်း အခန်းကို ထုတ်နုတ်၍ ဖော်ပြလိုက်ပါသည်။

++++++++++++++++++++++==


နေကြတ်၊ လကြတ်ခြင်းအကြောင်း


မြန်မာပြက္ခဒိန်တွက်ရာတွင် နေကြတ်၊ လကြတ်ခြင်းသည်လည်း အရေးကြီးပါသည်။ လက်ရှိသုံးနေသော ပြက္ခဒိန် မှန်၊ မမှန်ကို မည်သည့်နေ့တွင် နေကြတ်၊ လကြတ်သည် ဆိုသည်ကိုကြည့်ပြီး ခန့်မှန်းနိုင်ပါသည်။ အဘယ်ကြောင့် နေကြတ်၊ လကြတ်ခြင်း အရေးကြီးရသနည်းဟူမူ နေကြတ်ခြင်းသည် လကွယ်ရက်များတွင်လည်းကောင်း၊ လကြတ်ခြင်းများသည် လပြည့်နေ့များတွင်လည်းကောင်း ဖြစ်ရပါမည်။ သို့သော် ဆရာဦးအုန်းကြိုင်ကမူ ဒေသကွာခြားမှုကြောင့် လဆန်း ၁ ရက်တွင် နေကြတ်ခြင်း၊ လပြည့်ကျော် တစ်ရက်တွင် လကြတ်ခြင်းများကိုလည်း လက်ခံနိုင်ရမည်ဟု ဆိုပါသည်။ သူ့အဆို သင့်မြတ် လှ၏။ သို့သော် လဆန်း ၂ ရက်၊ ၃ ရက်၊ လဆုတ် ၂ ရက်၊ ၃ ရက်နေ့များ၌ နေကြတ်၊ လကြတ်သည်ဆိုလျှင် ထိုပြက္ခဒိန် မှားနေပြီဖြစ်၏။
ကမ္ဘာ၏အရံဂြိုဟ် လ သည် ကမ္ဘာကိုပတ်နေစဉ် ကမ္ဘာသည် နေကို ပတ်နေသည်။ ထိုအခါ တစ်လလျှင် နှစ်ကြိမ် နေ၊ ကမ္ဘာ၊ လ တို့ တစ်တန်းတည်းကျသည်။ တစ်ကြိမ်မှာ လပြည့်နေ့တွင်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ လကွယ်အခါတွင် ဖြစ်သည်။ လကွယ်အခါ လ သည် နေနှင့် ကမ္ဘာအကြားရောက်သွားချိန်၌ နေကို ကွယ်မိသောအခါ နေကြတ်ခြင်း ဖြစ်သည်။ လပြည့်အခါ ကမ္ဘာသည် နေနှင့်လအကြား ရောက်နေစဉ် ကမ္ဘာ၏အရိပ် လပေါ် ဖုံးသွားသည့်အခါ လကြတ်သည်။ သို့မဟုတ် လငပုပ်ဖမ်းသည်။
လ၏အရိပ် ကမ္ဘာပေါ်ကျလျှင် ထိုအရိပ်ထဲရောက်နေသူများသည် နေကိုမမြင်ရတော့သဖြင့် ထိုဒေသမှလူများအဖို့ နေကြတ်ခြင်းကို တွေ့နိုင်သည်။ ထို လ၏အရိပ်မှာ အလျား မိုင် ၁၀၀၀၀၊ အနံ မိုင် ၁၀၀ ခန့်ရှိ၏။ ထိုဧရိယာမှာ ကမ္ဘာမြေ ဧရိယာ၏ ၁ % မျှပင်မရှိပါ။ ထို့ကြောင့် နေကြတ်ခြင်းကို မြင်နိုင်သည့် ဧရိယာမှာ အလွန်နည်းပါသည်။
လသည် နေလမ်းကြောင်းအတွင်း ကျရောက်ခဲ့သော် လကွယ်နေ့ သို့မဟုတ် နေနှင့်လတစ်ဖက်တည်းတွင်ရှိနေစဉ် သို့မဟုတ် နေနှင့်လသည် ရာသီတစ်ခုတည်းတွင် အတူရပ်တည်စဉ် ကမ္ဘာပေါ်ရှိ အထက်ပါ ပုံ (၃) ၏ ဧရိယာ (ဂ) အတွင်းမှ လူများ နေကြတ်ခြင်းကို မြင်ရပါမည်။
ကမ္ဘာ၏အရိပ်သည် လပေါ်ကျရောက်ခဲ့သော် လပြည့်နေ့ သို့မဟုတ် နေနှင့်လ တစ်ဖက်တစ်ချက်ရှိနေစဉ် သို့မဟုတ် နေနှင့်လသည် ရာသီစက်၌ သမသတ်ရပ်စဉ် ကမ္ဘာပေါ်ရှိ အထက်ပါ ပုံ (၂) ၏ ဧရိယာ (ခ) အတွင်းမှ လူများ လကြတ်ခြင်းကို မြင်ရပါမည်။


လကြတ်နိုင်သော ဧရိယာမှာ လပြည့်အချိန်ကာလတွင် နေသွားလမ်းနှင့် လသွားလမ်းတို့ဆုံမှတ် မှ ဟိုဘက်၊ သည်ဘက် ၁၁ ဒီဂရီအတွင်းရှိ လသွားလမ်းကြောင်း အလျားအတွင်း ဖြစ်ပါသည်။ လသည် တောင်မှမြောက်သို့အသွား နေသွားလမ်း နှင့် လသွားလမ်းတို့ (အတက်) ဆုံမှတ်ကို “ရာဟု” ဟူ၍လည်းကောင်း၊ လသည် မြောက်မှတောင်သို့အသွား နေသွားလမ်း နှင့် လသွားလမ်းတို့ (အဆင်း) ဆုံမှတ်ကို “ကိတ်” ဟူ၍လည်းကောင်းခေါ်၏။ ရာဟုနှင့် ကိတ်သည် ၁၈၀ ဒီဂရီ တိတိကွာသည်။
ကမ္ဘာကိုလပတ်သည့်လမ်းကြောင်းမှာ ကမ္ဘာက နေကိုပတ်သည့်လမ်းကြောင်းနှင့် ၅ ဒီဂရီခန့်စောင်းနေသဖြင့် နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်းကျတိုင်းတော့ နေကြတ်၊ လကြတ်မဖြစ်ခြင်းဖြစ်၏။ သို့သော် လပတ်လမ်းနှင့် နေပတ်လမ်း ဆုံမှတ် (ရာဟု နှင့် ကိတ်) သည် နောက်ပြန်သွားသည်ဖြစ်ရာ ထိုဆုံမှတ်သည် နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်းကျချိန် သို့မဟုတ် သမသတ် ကျချိန်နားနီးလာလျှင် နေကြတ်လကြတ်ဖြစ်သည်။


အတိအကျပြောရလျှင် လဆန်းတစ်ရက်နေ့သည် ရာဟု သို့မဟုတ် ကိတ်မှ ၁၈.၅ ဒီဂရီအတွင်းရှိလျှင် နေကြတ်မည်။ အကယ်၍ လပြည့်ချိန်တွင် လမင်းသည် ရာဟု သို့မဟုတ် ကိတ်မှ ၉.၅ ဒီဂရီအတွင်းရှိလျှင် လကြတ်မည်။ သို့ဖြစ်ရာ လမင်း သည် ရာဟုအတွင်းဝင်သွားသောကြောင့် လငပုပ်ဖမ်းသည်ဟု ခေါ်ခြင်းဖြစ်၏။ ၁၅
            သို့ဖြစ်ရာ နေကြတ်ချိန်တွင် နေ၊ လ နှင့် ရာဟု သို့မဟုတ် ကိတ်သည် ရာသီတစ်ခွင်တည်း ကျနေပါသည်။ လကြတ်ချိန်တွင် နေ နှင့်လသည် ၁၈၀ ဒီဂရီကွာလျှက် သို့မဟုတ် ရာသီခွင်တွင် သမသတ်ရပ်လျှက် နေ နှင့် လ ရပ်တည်ရာ ရာသီများတွင် ရာဟု နှင့် ကိတ်တို့ အတူရပ်တည်ပါသည်။
နေကြတ်ခြင်းမှာ တောင်နှင့်မြောက်ဝင်ရိုးစွန်းများအပါအ၀င် ကမ္ဘာပေါ်မှ မည့်သည့်နေရာတွင်မဆို ဖြစ်နိုင်သည်။ တစ်နှစ်လျှင် အများဆုံး နေကြတ် လေးကြိမ် သို့မဟုတ် ငါးကြိမ်။ လကြတ် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဖြစ်နိုင်ပါသည်။  နှစ်နှစ်လျှင်တစ်ခါ နေကြတ်သည်။ သို့သော်လည်း ဤကဲ့သို့နေကြတ်ခြင်းမှာ ကမ္ဘာပေါ်ရှိ အရပ်ဒေသပေါင်းစုံတွင် လှည့်လည် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နေလုံးဝကြတ်ခြင်းကို တစ်နေရာတည်းမှနေပြီး မြင်နိုင်ရန် ပျမ်းမျှခြင်းအားဖြင့် ၃၇၅ နှစ်ခန့် စောင့်ရမည်ဖြစ်၏။
            နေကြတ်၊ လကြတ်ခြင်းများမှာ အချိန်မှန်ဖြစ်ပေါ်လျှက်ရှိရာ အတိတ်ကာလမှ နေလကြတ်ရက်များ၊ အနာဂတ်ကာလ မှ နေလကြတ်ရက်များ၊ တစ်စိတ်တစ်ပိုင်းကြတ်မည်၊ အပြည့်ကြတ်မည်၊ မည်မျှကြာမည်၊ မည်သည့်ဒေသများမှ မြင်ရမည် စသည်တို့ကို တွက်ယူရရှိနိုင်ပါသည်။
            ကျွန်တော့်ထံတွင် ဦးကျော်ငြိမ်း ၏ သူရိယသိဒ္ဓန္တ နေကြတ်၊ လကြတ် သရတွက်ရိုကျမ်း ဟူသောစာအုပ် ရှိပါသည်။ ဤစာအုပ်ကို စတင်ဝယ်ယူစဉ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှ စတင်လေ့လာခဲ့ပါသည်။ သို့သော် နေကြတ်၊ လကြတ်ခြင်း အကြောင်းကို ခြေခြေမြစ်မြစ်၊ ကျကျနန ရှင်းပြထားသည်မဟုတ်ဘဲ ဘယ်ကိန်းကိုတည်၊ ဘယ်ကိန်းဖြင့်မြှောက်၊ ဘယ်ကိန်း ဖြင့်စား စသည်ဖြင့်ဖော်ပြထားရုံမျှဖြစ်ရာ နေကြတ်၊ လကြတ်သဘောတရားကို နားမလည်ခဲ့ပါ။ ထို့ပြင်တ၀ အရေးအသားများ မှာ ရှေးအရေးအသားများဖြစ်ပြီး ကိန်းများမှာလည်း ရှေးကိန်းများ၊ နာရီမှာလည်း မြန်မာနာရီ စသည်ဖြင့်ဖြစ်လေရာ ခေတ်ဟောင်းကျမ်းစာအဖြစ် အမှတ်တရ သိမ်းထားရုံမှလွဲ၍ ယခုခေတ်အတွက် အသုံးမတည့်လှပါ။

ဤသည်မှာ နေကြတ်၊ လကြတ်ခြင်းအကြောင်း ဖြစ်၏။

မန္တလေးမှ မိတ်ဆွေ ဆရာဦးအောင်သန်းကတော့ သည် နေကြတ်၊ လကြတ်ကို စာတတ်သူမှန်သမျှ အလွယ်တကူ လက်နှင့် ချတွက်နိုင်အောင် လုပ်စမ်းပါ ဟု တိုက်တွန်းပါသည်။

ကျွန်တော် ကြိုးစားကြည့်ပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၁ ဇန္နဝါရီလ၊ ၂၀၁၈





No comments: