Friday, March 3, 2017

Email နဲ့ Gmail တူသလား

(၁) နတ်ရေကန်ထဲက မြန်မာပြည်

သတင်းစာတစ်စောင်ထဲဖော်ပြထားတာကို ပြန်ဖောက်သည်ချရရင် မြန်မာနိုင်ငံမှာ email အစား Gmail ကိုသုံးတဲ့သူ ၁.၉၈ သန်းလောက်ရှိပါသတဲ့။ မြန်မာနိုင်ငံကလူတွေအဖို့ သိပ်မထူးဆန်းလှပေမဲ့ တခြားတိုင်းပြည်ကလူတွေအဖို့တော့ အံ့သြ ကုန်နိုင်ဘွယ်ပါပဲ။ ကိုယ်လည်းပဲ သေသေချာချာမသိ။ သိတဲ့သူတွေပြောတာကိုလည်း အသည်းအသန် ခံငြင်းနေကြတာက ပိုလို့တောင် အံ့သြဘို့ကောင်းပါသေးတယ်။

အဲဒါ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ဖြစ်စဉ်ဟာ တခြားနိုင်ငံတွေနဲ့မတူလို့ပါဘဲ။ ဥပမာပြရရင် ကလေးတစ်ယောက်ကို မွေးပြီးလို့ နတ်ရေကန်ထဲပစ်ချလိုက်တဲ့အခါ ချက်ချင်းလက်ငင်း ၁၆ နှစ်သားအရွယ်ရောက်သွားတဲ့သူ တစ်ယောက်လိုပါပဲ။ သူဟာ ချက်ချင်း ၁၆ နှစ်သားဖြစ်သွားတဲ့အတွက် ၀မ်းလျားထိုးတာတို့၊ လေးဘက်သွားတာတို့၊ ယိုင်နဲ့ယိုင်နဲ့ စမ်းသွားရတာတို့ စသဖြင့် ဆင့်ကဲဖြစ်စဉ်တွေကို ဘာမှမသိတော့ဘူး။

မြန်မာနိုင်ဟာလည်း နိုင်ငံရေးအခြေအနေကြောင့် ဟိုပိတ်ဒီပိတ် ပိတ်ထားရာကနေ ရုတ်တရက်ဖွင့်ချပေးလိုက်တဲ့ အခြေအနေမို့ ခုနကပြောတဲ့ နတ်ရေကန်ထဲပစ်ချခံရတဲ့ကလေးလို ကြားထဲက ဖြစ်စဉ်တွေကို ခုန်ပျံကျော်လွှားပြီး Social Media ခေတ်ကြီးထဲ ပြုတ်ကျသွားပါတယ်။ ကွန်ပြူတာတောင် လူအတော်များများနဲ့ အလှမ်းကွာဝေးနေသေးတဲ့အချိန်မှာ လူတွေလက်ထဲကို ဖုန်းကနေတဆင့် အင်တာနက်ရောက်လာတော့ အင်တာနက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဘာမှ မရှိတော့တာ အဆန်းမဟုတ်တော့ပါ။ လက်ကိုင်ဖုံးပေါ်ဦးစခေတ်လောက်က ပေဂျာ (pager) ဆိုတာကို နိုင်ငံခြားမရောက်ဖူး တဲ့သူတွေ ဘယ်လိုမှ မသိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ဟာ ပေဂျာအဆင့်ကို ခုန်ပျံကျော်လွှားသွားလို့ပါ။

မသိတာ အပြစ်မဟုတ်ပါ။ မသိချင်တာသာ အပြစ်ဖြစ်ပါတယ်။ ကိုယ်သိသလောက်ကလေးနဲ့တင် ရောင့်ရဲတင်းတိမ်မနေကြဘဲ ဆက်လက်လေ့လာကြဘို့ တိုက်တွန်းချင်ပါတယ်။

အခု တော်တော်များများက email နဲ့ gmail ကို ကွဲကွဲပြားပြားမသိကြလို့ email ဆိုတာဘာလဲ၊ gmail နဲ့ တူသလား။ ဘာတွေကွာသလဲဆိုတာ အတတ်နိုင်ဆုံး ရှင်းပြပါမယ်။ ဖတ်ပြီး နားလည်သဘောပေါက်ကြလိမ့်မယ်လို့လဲ ယူဆပါတယ်။

(၂) အင်တာနက်ဆိုတာ ဘာလဲ

Email ဆိုတာ ဘာလဲလို့မပြောခင် အင်တာနက်ဆိုတာကို အရင်ရှင်းပြမှ ပိုပြီးနားလည်လွယ်မှာပါ။
အင်တာနက် (Internet) အင်တာနက်နဲ့ ပြောပြောနေကြတာ မြန်မာလိုဘာပါလိမ့်လို့ သိချင်သူများအတွက် အရိုးရှင်းဆုံး ပြောရရင် အင်တာနက်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာတွေ ချိတ်ဆက်ထားပြီး အသိပညာ၊ သတင်းအချက်အလက် တွေကို မျှဝေနေကြတာလို့ လွယ်လွယ်ပြောနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက ကွန်ပြူတာဆိုတာ အရင်တုံးကလို မော်နီတာတွေ၊ စီပီယူတွေနဲ့ အိမ်သုံးပီစီတွေ၊ ဒါမှမဟုတ် လက်ပ်တော့ပ်ကွန်ပြူတာတွေချည်း မဟုတ်တော့ပါဘူး။ အခုခေတ် လူတိုင်းလက်ထဲမှာ ကိုင်ထားကြတဲ့ စမတ်ဖုန်း (Smart Phone) တွေဟာလည်းပဲ ကွန်ပြူတာတွေ ဖြစ်ပါတယ်။

အခုက အီးမေးလ်အကြောင်း ဦးတည်ပြောမှာမို့ အင်တာနက်အကြောင်း အသေးစိတ်မပြောတော့ပါဘူး။ သိချင်ရင် Google မှာ internet လို့ရိုက်ထည့်လိုက်ပါ။ အင်တာနက်အကြောင်း ရှင်းပြထားတဲ့ website တွေ အများကြီး ထွက်လာပါလိမ့်မယ်။ ကိုယ်နှစ်သက်ရာ website တစ်ခုခုမှာ ဖတ်ကြည့်လို့ရပါတယ်။

အင်တာနက်ဆိုတဲ့ ကွန်ပြူတာတွေ ချိတ်ဆက်မှုမပါပဲ အီးမေးလ်ဖြစ်ပေါ်လာမှာမဟုတ်လို့ အင်တာနက်အကြောင်း အနည်းအကျဉ်း ရှင်းပြရတာ ဖြစ်ပါတယ်။

ခပ်လွယ်လွယ်ပြောရရင် ၁၉၇ဝ၊ ၈ဝ တစ်ဝိုက်မှာ အမေရိကန် စစ်တပ်အတွက် ကွန်ပြူတာတွေချိတ်ဆက်ခြင်း နည်းပညာပေါ်လာပြီးတဲ့နောက်ပိုင်း အင်တာနက်ဟာ အများပြည်သူသုံးအဆင့်အထိ ရောက်လာပါတယ်။

(၃) အီးမေးလ် - Email (Electronic Mail)

အီးမေးလ်ဆိုတာ တစ်ယောက်က တစ်ယောက်ကို သူပို့ချင်တဲ့ စာတွေ၊ သတင်းအချက်အလက်တွေကို အင်တာနက်သုံးပြီး ပို့တဲ့ စာပို့စနစ် ဖြစ်ပါတယ်။ သူက စာတင်မကပါဘူး။ စာအုပ်တွေ ဓာတ်ပုံတွေ သီချင်းတွေ အစုံပို့လို့ရပါတယ်။

အရင်တုံးကစာပို့စနစ်မှာ တစ်ယောက်ကတစ်ယောက်ဆီ စာပို့ချင်တယ်ဆိုပါစို့။ ပို့လိုသူက စာရွက်ပေါ်မှာလက်နဲ့ရေး၊ စာအိပ်ထဲထည့်၊ တံဆိပ်ခေါင်းကပ်၊ စာတိုက်ကိုပို့၊ စာတိုက်က စာကိုသိမ်း၊ နောက်ပြီး အဲဒီစာတိုက်ကနေ ကိုယ်ပို့ချင်တဲ့မြို့က နောက်စာတိုက်တစ်ခုကို ပို့ပေးတယ်။ အဲဒီကမှ ရောက်လာတဲ့စာကို ပေးပို့လိုသူရဲ့လိပ်စာအတိုင်း စာပို့သမားက သွားပို့ပေးပါတယ်။ အဲဒါက ရိုးရိုးစာပို့စနစ်။

အဲဒီစနစ်မှာ သုံးဦးပါဝင်ပတ်သက်နေပါတယ်။ တစ်ဦးက စာပို့သူ၊ နောက်တစ်ဦးက စာပို့ပေးတဲ့ စာတိုက်။ နောက်တစ်ဦး ကတော့ စာလက်ခံရယူသူပါ။ အဲဒီသဘောဟာ အီးမေးလ်မှာလဲ အတူတူပါဘဲ။ ဒီသဘောကိုနားလည်ရင် အီးမေးလ်နဲ့ ဂျီမေးလ်ကို ကွဲကွဲပြားပြားသိဘို့ အတော်လေး နီးစပ်ပါပြီ။

ကွန်ပြူတာနဲ့ အင်တာနက် ပေါ်လာတဲ့အခါကျတော့ ရိုးရိုး လူနဲ့ပို့တဲ့စာပို့စနစ်အစား ပိုပြီး လွယ်ကူ မြန်ဆန်၊ စရိတ်စကလည်း အကုန်အကျသက်သာတဲ့ အီလက်ထရောနစ် စာပို့စနစ်ကိုပြောင်းသုံးကြပါတယ်။ အဲလိုပြောင်းသုံးတော့ ဘာ အကျိုးကျေးဇူးတွေ ရသလဲ။

အရင် အမေရိကားကနေ မြန်မာပြည်ကိုစာပို့ရင် တစ်ပတ်လောက်ကနေ တစ်လလောက်ထိ ကြာပါတယ်။ လေယာဉ်နဲ့ပို့ရင် (Airmail) တစ်ပတ်၊ သင်္ဘောနဲ့ပို့ရင် (Surface mail) တစ်လပဲ ဆိုကြပါစို့။

အီးမေးလ်လို့ ခေါ်တဲ့ အီလက်ထရောနစ်စာပို့စနစ်ကို သုံးလိုက်တဲ့အခါကျတော့ ဒီကမ္ဘာပေါ်က ဘယ်နေရာကိုပဲပို့ပို့ အခုပို့ရင် အခုရောက်ပါတယ်။ အင်တာနက်လိုင်း သိပ်မကောင်းလှတဲ့ မြန်မာပြည်ဆိုရင်တော့ ခဏလောက် စောင့်ပေါ့ဗျာ။ နောက်ပြီး ရိုးရိုးစာပို့စနစ်က တစ်ခါပို့ရင် လူတစ်ယောက်ဆီပဲရောက်တယ်။ ကိုယ့်မွေးနေ့ဖိတ်စာကို မိတ်ဆွေ ဆယ်ယောက်ဆီ စာတိုက်ကနေ ဖိတ်ချင်တယ်ဆိုပါစို့။ စာတစ်စောင်ထဲမှာ အားလုံးပေါင်းဖိတ်လို့ မရပါဘူး။ စာအိတ်ဆယ်လုံး၊ တံဆိပ်ခေါင်း ဆယ်လုံးကပ်ပြီး ပို့ရပါမယ်။ ဒါပေမဲ့ အီးမေးလ်မှာကျတော့ အီးမေးတစ်စောင်တည်းနဲ့ လူအများကြီးဆီ တပြိုင်နက် ပို့နိုင်ပါတယ်။ အဲဒီလူတွေအားလုံးကလည်း ပို့လိုက်တဲ့ အီးမေးလ်ကို တစ်ချိန်တည်း၊ တပြိုင်တည်း လက်ခံရရှိပါတယ်။ အဲဒါ အီးမေးလ်ရဲ့ အားသာချက်ပါ။

ဒါဆို လူနဲ့စာပို့တဲ့စနစ်ကနေ အီလက်ထရောနစ်နဲ့ စာပို့တဲ့စနစ်ဆီ ဘယ်လိုပြောင်းလိုက်တာလဲတဲ့။ ဒီလိုပါခင်ဗျာ။

အီးမေးလ်ကို အင်္ဂလိပ်လို messages distributed by electronic means from one computer user to one or more recipients via a network လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ Network ကိုသုံးပြီး ကွန်ပြူတာ  တစ်လုံးကနေ နောက်တစ်လုံးကို အီလက်ထရောနစ်ကုဒ်တွေအဖြစ် ပြောင်းပြီးပေးပို့၊ လက်ခံတာကို Email လို့ ခေါ်ပါသတဲ့။

လူတစ်ယောက်ဆီကစာကို စာတိုက်ကယူပြီး နောက်တစ်ယောက်ဆီပို့သလိုပဲ ကွန်ပြူတာတစ်လုံးကပို့လိုက်တဲ့စာကို နောက်တစ်လုံးဆီပို့ဘို့ ကြားခံ Service ပေးတဲ့ Server ကနေတဆင့် ချိတ်ဆက်ပေးပို့ကြရပါတယ်။ အဲဒီ server ဟာ စာတွေကိုပို့ပေးတဲ့ စာတိုက်ပါဘဲ။

ပိုပြီးရှင်းအောင် အီးမေးလ်နဲ့ ရိုးရိုးစာပို့စနစ်ကို နှိုင်းယှဉ်ပြပါမယ်။

အဆင့်(၁) ပေးပို့သူ

ရိုးရိုးစာ။              ။ စာရွက်ပေါ်ရေး၊ စာအိတ်ထဲထည့်၊ တံဆိပ်ခေါင်းကပ်၊ စာတိုက်ပုံးထဲထည့်
အီးမေးလ်။          ။ ကွန်ပြူတာပေါ်က အီးမေးလ် ဆော့ဝဲလ်ပေါ်မှာ စာရိုက်၊ သေချာစစ်၊ ပြီးရင် Send ကိုနှိပ်

အဆင့်(၂) စာတိုက်နဲ့ ဆာဗာ

စာတိုက်။             ။ သတ်မှတ်ချိန်မှာ စာတိုက်ပုံးကစာကို လာသိမ်း၊ စာတိုက်ကိုယူလာ၊ ပေးပို့မယ့်လိပ်စာအလိုက် ခွဲခြား။
  ကား၊ ရထား၊ သဘောင်္၊ လေယာဉ် စတာတွေနဲ့ လိုရာစာတိုက်ကိုပေးပို့၊ လက်ခံမယ့် စာတိုက်ကို
  ရောက်လာ၊ ပေးပို့မယ့် မြို့နယ်၊ ရပ်ကွက် အလိုက်ခွဲပြီး စာပို့သမားတာဝန်ယူပို့ပေးမယ့် အချိန်ကိုစောင့်။
အီးမေးလ်။          ။ ပေးပို့သူက Send ကိုနှိပ်လိုက်တာနဲ့ ချက်ချင်း သူ့ကို ဆားဗစ်ပေးနေတဲ့ ဆာဗာကိုရောက်။
အဲဒီဆာဗာကနေ အီးမေးလ်လက်ခံမယ့်သူရဲ့ ဆာဗာကိုပို့၊ အဲဒီလက်ခံတဲ့ဆာဗာက လက်ခံမယ်သူရဲ့ mail   
box ထဲကိုပို့။

အဆင့် (၃) လက်ခံသူ

စာတိုက်။             ။ စာလက်ခံရယူတဲ့ စာတိုက်က မြို့နယ်၊ ရပ်ကွက်အလိုက် ခွဲထားတဲ့စာတွေကိုယူ။ စာပို့သမားက
စာအိပ်ပေါ်မှာဖော်ပြထားတဲ့ လိပ်စာအတိုင်းလိုက်ပို့။ စာလက်ခံသူအိမ်ရှေ့မှာ စာတိုက်ပုံးရှိရင် ထည့်ခဲ့။  
ဒါမှမဟုတ် အိမ်က လူတစ်ယောက်ယောက်ကို ပေးခဲ့/လက်ခံခိုင်းခဲ့။
အီးမေးလ်။          ။ စာလက်ခံမယ့်သူက ကွန်ပြူတာ၊ လက်ပ်တော့ပ်၊ စမတ်ဖုန်း စတဲ့ Device တွေကနေ email software
  ကို ဖွင့်လိုက်တာနဲ့ ကိုယ့်ကိုဆားဗစ်ပေးနေတဲ့ ဆာဗာထဲက Mail Box ထဲမှာရှိတဲ့ စာဟာ
  စာလက်ခံတဲ့သူဆီ တန်းဝင်လာ။

အဲဒါ အတိုချုပ်ပါပဲ။ အီးမေးလ် setting တွေထဲက push mail, fetch mail, receiving with POP, sending with SMTP စတဲ့ server setting တွေတော့ ပိုရှုပ်ကုန်မှာစိုးလို့ ထည့်မပြောတော့ပါဘူး။

အဲဒီတော့ အကျဉ်းဆုံးနားလည်ရမှာက အီးမေးလ်သုံးသူတိုင်းဟာ စာတိုက်လို ကြားကနေ ပို့ဆောင်ဆက်သွယ်ပေးဘို့ ဆားဗစ်ပေးတဲ့ ဆာဗာလိုတယ်ဆိုတာ ပါဘဲ။ အဲဒီဆာဗာက အရေးကြီးရင်ကြီးသလို လုံခြုံမှုရှိရပါတယ်၊ လုံခြုံမှုရှိတဲ့ ဆားဗစ်ကိုသုံးရပါတယ်၊ ဒါမှ ကိုယ့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ပေါက်ကြားတာတွေ၊ သူတပါးကခိုးယူတာတွေ မဖြစ်နိုင်မှာပါ။

(၄) အီးမေးလ် ပေါ်ပေါက်လာပုံ

အီးမေးလ်ဖြစ်လာဖို့ ၁၉၇၉-၈ဝ လောက်မှာ စခဲ့ကြပြီး ၁၉၈၂ မှာတော့ အမေရိကန်မှာ မူပိုင်ခွင့်တင်ခဲ့ပါတယ်။
၁၉၈၂။   ။ အခုအထိသုံးနေဆဲ စနစ်တစ်ခုဖြစ်တဲ့ (SMTP) (Simple Mail Transfer Protocol) ကို Jon Postel ကနေ စပြီး Develop လုပ်ခဲ့ပါတယ်။

၁၉၈၃။   ။ ကွန်ပြူတာတွေချိတ်ဆက်ရာမှာရော အီးမေးလ်အတွက်ပါလွယ်ကူစေဖို့ သူတို့အုပ်စုကပဲ … .edu, .gov, .com, .mil, .org, .net, .int စတဲ့ Domain Name တွေကို စတင် မိတ်ဆက်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်ကျတော့ ကွန်ပြူတာ ပေါ်မှာ အလွယ်တကူ စာပို့တာ လက်ခံတာလုပ်နိုင်တဲ့ Eudora Software ကို Steve Dorner က တီထွင်ပေးခဲ့ပါတယ်။

၁၉၉၃။   ။ အမေရိကားမှာ တစ်ကိုယ်ရေသုံး PC တွေ တိုးတက်ထုတ်လုပ်၊ သုံးစွဲနိုင်လာတာနဲ့အတူ အင်တာနက်လည်း ပိုပြီး ခေတ်စားလာခဲ့ပါတယ်။ လူတွေက AOL (America On-line) လို ISP လို့ ခေါ်တဲ့ Internet Service Provider ဆီကနေ အင်တာနက်ကို ပိုက်ဆံပေးသုံးလာကြပါပြီ။ အဲဒီမှာ AOL က လူတကာသုံးနိုင်တဲ့ အီးမေးလ် စနစ်တစ်ခုကို အခကြေးငွေယူပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။

၁၉၉၆။   ။ Microsoft က AOL လိုပဲ သူ့ရဲ့ Internet Mail ကိုမိတ်ဆက်ခဲ့ပါတယ်။ အရင်တုံးက အင်တာနက်မှာ အချက်အလက်တွေရှာရတာ အင်မတန်ခက်ပါတယ်။ ၁၉၉၇ ကျတော့ Yahoo က အင်တာနက်ချိတ်ဆက်ပြီး အချက်အလက်တွေရှာဖွေရာမှာ ပိုမိုလွယ်ကူစေဘို့ Search Engine အသစ်နဲ့ အင်တာနက် Page ကို စတင်လာခဲ့သလို Yahoo email ကိုလည်း မိတ်ဆက်ပေးလိုက်ပါတယ်။

၁၉၉၉။   ။ Mobile ဖုန်းတွေထုတ်လုပ်ရောင်းချရာမှာ အရင်ကနာမည်ကျော်ခဲ့တဲ့ Blackberry ကနေပြီး အင်တာနက် ဆက်သွယ်နိုင်တဲ့ ဖုန်းတွေအပြင် Mobile ဖုန်းတွေမှာ Internet ပေါ်ကနေ email တွေ လက်ခံပေးပို့နိုင်တဲ့ Application ကိုမိတ်ဆက်ခဲ့ပါတယ်။ သူ့ဖုန်းတွေကနေတဆင့် email ဆက်သွယ်နိုင်ဖို့ ခြေလှမ်းစခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုံးက လက်ဖဝါးတင် ကွန်ပြူတာ အသေးစားတွေကို Palm ကထုတ်နေပြီး Blackberry နဲ့ အပြိုင်ကြဲခဲ့ကြတာပေါ့။

၂ဝဝ၃။   ။ Microsoft က သူ့ရဲ့ Mobile Operating System (OS) နဲ့ အတူ Smart Phone တွေထုတ်ခဲ့ပါတယ်။ ထိုင်ဝမ်မှာ ရှိတဲ့ HTC ကုမ္ပဏီက Hardware တွေပံ့ပိုးပေးပြီး O2 ဖုန်းတွေနဲ့ စခဲ့ကြတာပါ။

၂ဝဝ၇။   ။ အခုနာမည်ကျော် Google Search Engine ပေါ်လာပြီး သူ့ရဲ့ အင်တာနက် Service သုံးသူတွေကို အခု မြန်မာပြည်မှာ တွင်ကျယ်နေတဲ့ Gmail လိုပဲ လွယ်လွယ်ကူကူ ပိုက်ဆံမပေးရပဲသုံးနိုင်တဲ့ internet email တစ်နည်းအားဖြင့် web mail ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Apple ရဲ့ ပထမဆုံး iOS သုံး Smart Phone ကို မိတ်ဆက်ခဲ့ပြီး Yahoo email ကို တစ်ခါထဲ လွယ်လွယ်ကူကူ Setting လုပ်နိုင်ဖို့ iOS ရဲ့ ကိုယ်ပိုင် Software ကိုသုံးခဲ့ပါတယ်။

၂၀၀၉။   ။ Apple ရဲ့ iPhone 3Gs ကနေစပြီး လူတွေ email ကို mobile phone တွေပေါ်မှာ လွယ်လွယ်ကူကူု သုံးစွဲလာကြပါတယ်။ အဲဒီအချိန်မှာ Google ကလည်း သူရဲ့ Android Mobile OS သုံးပြီး Mobile လောကထဲကို OS ထောက်ပံ့မှုတစ်ခုထဲနဲ့ Apple လို Hardware မထုတ်ပဲ တရှိန်ထိုးဝင်ရောက်ခဲ့ပါတယ်။

အခုတော့ လူတိုင်း Mobile Smart Phone တွေပေါ်မှာ email သုံးနေနိုင်ကြပြီဖြစ်တဲ့အပြင် လွယ်ကူုတဲ့ Instant Messenger တွေဖြစ်တဲ့ Facebook Messenger, Viber, WeChat, Skype, WhatsApp စတာတွေနဲ့ သတင်းတိုတွေ၊ အုပ်စုလိုက် စကားပြောဆိုတာတွေလုပ်နိုင်ကြပြီ ဖြစ်ပါတယ်။

အစောပိုင်း အီးမေးလ်တွေမှာ အင်တာနက်တွင်ကျယ်မှု မရှိသေးလို့ အီးမေးလ်ကို သီးသန့်ဝယ်ပြီး သုံးရပါတယ်။ ဥပမာ - မြန်မာပြည်မှာ အရင်က BaganNet တို့ MPT တို့ကနေ ဝယ်သုံးရသလိုပေါ့။

(၅) မြန်မာပြည်က အီးမေးလ် သမိုင်းကြောင်း

နိုင်ငံတကာ အီးမေးလ်သမိုင်းကို ပြောပြီးတော့ မြန်မာပြည်က အီးမေးလ်သမိုင်းကိုလည်း ပြောပြချင်ပါသေးတယ်။

မြန်မာပြည်မှာ ပထမဆုံးအီးမေးလ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက (ကျွန်တော် အမှတ်မမှားရင်) ၁၉၉၆-၉၇ လောက်မှာ အလွန်နှေးကွေးတဲ့ ဆာဗာတွေနဲ့ စပါတယ်။ Domain ကတော့ mpt.net.mm ထင်ပါတယ်။ ဥပမာ ဦးကိုကိုက သူ့ဆီက email service ယူမယ်ဆိုရင် koko@mpt.net.mm ဖြစ်လာမှာပေါ့။

သူနဲ့အပြိုင် Eagle IT Company က ၁၉၉၇-၉၈ လောက်မှာ စီးပွားရေးလုပ်ငန်းတွေသုံးဖို့ Data Service Company ဆိုပြီး datserco.com.mm ကို တင်ပါတယ်။ သုံးတဲ့သူတွေအနေနဲ့ Eagle IT ကနေ ဆားဗစ်ယူရင်တော့ သူ့အီးမေးလ်က koko@datserco.com.mm လို့ဖြစ်သွားပါလိမ့်မယ်။

ဆားဗစ် နှစ်ခုစလုံးက လက်ရှိ မြန်မာ့ဆက်သွယ်ရေးရဲ့ တယ်လီဖုန်းကြိုးလိုင်းမှာ မိုဒမ်တပ်ပြီး ကွန်ပြူတာ၊ သက်ဆိုင်ရာ ဆာဗာတွေနဲ့ချိတ်ဆက်၊ ပေးပို့ လက်ခံရပါတယ်။ မိုဒမ် (Modem - Modulator Demodulator) ဆိုတာကတော့ Digital ကနေ Analog၊ Analog ကနေ Digital ပြောင်းတဲ့စက် ဖြစ်ပါတယ်။ ခပ်လွယ်လွယ်ပြောရရင် analog ဆိုတာ သံပတ်နာရီ လိုဟာမျိုးဖြစ်ပြီး digital ကတော့ ဂဏန်းတွေပြတဲ့ ဓာတ်ခဲနာရီလိုဟာမျိုး ဖြစ်ပါတယ်။

Mpt မေးလ်က နှေးလွန်းတော့ စီးပွားရေးသမားတွေက ၁၉၉၉ လောက်မှာ Eagle IT ရဲ့ ဆားဗစ်ကို သုံးဖို့ကြိုးစားခဲ့ကြပါ တယ်။ အမေရိကားမှာရှိတဲ့ Domain မှတ်ပုံတင်မှာ Eagle IT က ခြေသွက်လက်သွက်နဲ့ မှတ်ပုံတင်လိုက်ပြီး မြန်မာပြည်ရဲ့ TOP LEVEL DOMAIN NAME ဖြစ်တဲ့ “.mm” ကို ရယူပိုင်ဆိုင်ထားလိုက်ပါတယ်။

အမှန်ဆို မြန်မာ့ဆက်သွယ်ရေးက ဒီ Top Level Domain ကို အစိုးရအနေနဲ့ ရယူသင့်ပါတယ်။ အဲဒီအချိန်အထိ မြန်မာပြည်မှာ အင်တာနက် ဆားဗစ်ပေးဖို့ တာဝန်ယူမယ့် Internet Service Provider (ISP) ဘယ်အဖွဲ့အစည်းကိုမှ မပေးရသေးပါဘူး။

ကျွန်တော်သိသလောက်တော့ Eagle IT က ဒီ Top Level Domain ကို မြန်မာအစိုးရလက်ထဲ တရားဝင်လွှဲပေးပြီး အစိုးရက Eagle IT ကို ISP အဖြစ် တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်က Eagle IT ရုံးချုပ်က ကမ္ဘာအေးဘုရားလမ်းကနေ ပါရမီလမ်းထဲဝင်သွားရင် ဘယ်ဖက်လောက်မှာရှိပါတယ်။ နောက်ထပ် ဆာဗာတွေထားတဲ့ရုံးတစ်ရုံးကတော့ ဗိုလ်ချုပ်ဈေးနား က FMI Center မှာပါ။ အဲဒီရုံးနှစ်ရုံးက တယ်လီဖုန်းလိုင်းတွေကို ၂၄ နာရီ ချိတ်ဆက်ထားပြီး ဆာဗာတွေကို ချိတ်ဆက် အလုပ်လုပ်ပါတယ်။

၁၉၉၉ ခုနှစ်ကျတော့ မြန်မာပြည်မှာ အင်တာနက်စဖို့ကြိုးစားတဲ့အနေနဲ့ Eagle IT ရဲ့ datserco.com.mm အီးမေးလ် သုံးစွဲသူတွေကို သူတို့ကြည့်ချင်တဲ့ Website တွေကို ကြည့်ရှုနိုင်ဖို့ Intranet ဆိုပြီး ဆာဗာထဲ နေ့စဉ် Download လုပ်ပေးထား ပါတယ်။ အဲဒီ Link တွေကနေတဆင့် website တွေကို ဝင်ရောက်ကြည့်ရှုနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ Eagle IT ညှိုနှိုင်းလို့မရတော့ဘဲ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ Eagle IT ကို မြန်မာအစိုးရက ဆက်သွယ်ရေးဥပဒေနဲ့ သိမ်းလိုက်ပါတယ်။

၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းကျတော့ Eagle IT မှာလုပ်ခဲ့တဲ့ ဆက်သွယ်ရေးအင်ဂျင်နီယာတွေနဲ့ပဲ Bagan Cyber Tech ကိုဖွဲ့စည်းပြီး မြန်မာပြည်ရဲ့ အီးမေးလ်ဝန်ဆောင်မှုနဲ့ အင်တာနက်ဝန်ဆောင်မှုကို စာမျက်နှာသစ် စဖွင့်ခဲ့တာ လက်ရှိ အချိန်အထိပဲ ဆိုပါတော့။

(၆) ဘာကြောင့် Gmail ဟာ Email နဲ့ အတူတူပဲလို့ပြောရတာလဲ

အီလက်ထရောနစ်နည်းနဲ့ စာပို့တာမှန်သမျှကို အီးမေးလ်လို့ ခေါ်ပါတယ်။

Google ရဲ့ Gmail တို့ Yahoo ရဲ့ Yahoo Mail တို့၊ Microsoft ရဲ့ Hotmail, Live Mail, Outlook Mail တို့၊ Apple ရဲ့ icloud.com mail တို့ စတာတွေဟာ ဆားဗစ်ပေးတဲ့ Company နာမည်တွေကိုလိုက်ပြီး ပေးထားတာပါ။ သူတို့ကတော့ ဆားဗစ်ခပေးစရာမလိုပဲ အင်တာနက်ပေါ်ကနေ အလကားပေးသုံးတာမို့ တစ်ကမ္ဘာလုံးက ဝိုင်းသုံးကြတဲ့အတွက် နာမည်ကြီးကြတာ ဖြစ်ပါတယ်။

အစိုးရဌာနကြီးတွေပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေကပဲဖြစ်ဖြစ်၊ သီးသန့် Domain နာမည်နဲ့လိုချင်ရင် Google, Microsoft စတဲ့ Company တွေမှာ ကိုယ်ပိုင် Domain နဲ့ email service ဝယ်သုံးနိုင်ပါတယ်။ အဲသလိုဝယ်ရင် ကိုယ်ပိုင်နာမည်နဲ့ email account ရနိုင်သလို ISP တွေကနေတဆင့် (သို့မဟုတ်) ဆားဗစ်ပေးသူများကနေတဆင့် နှစ်စဉ်ကြေးပေးပြီးတော့လဲ ကိုယ်ပိုင် Domain နဲ့ email တွေရယူနိုင်ပါတယ်။
ဥပမာ Superman ဆိုတဲ့ Company က www.superman.com.mm domain ကိုဝယ်ထားရင် အဲဒီ Company မှာ အလုပ်လုပ်သူ ဦးကိုကိုအတွက် email က koko@superman.com.mm ။ ဦးမောင်မောင်ဆိုရင် mgmg@superman.com.mm စသဖြင့် email လိပ်စာတွေရပါမယ်။ သူတို့ရုံးမှာ ကိုယ်ပိုင် Server ရှိရင် အဲဒီ ဆာဗာကနေ တစ်ဆင့် သုံးစွဲသူ User တွေကို email account တွေ လုပ်ပေးနိုင်သလို Company အသေးလေးတွေ IT ဌာန မထားနိုင်သူတွေအဖို့ Google တို့ Microsoft တို့ရဲ့ Cloud Service တွေကနေတဆင့် ပိုက်ဆံပေးပြီး သုံးနိုင်ပါတယ်။

မြန်မာပြည်မှာ အစောပိုင်း အင်တာနက်သုံးသူတွေအနေနဲ့ Yahoo Mail, Hotmail Account တွေရှိကြပေမယ့် နောက်ပိုင်း Google ခေတ်စားလာတော့ Gmail Account တွေ ဖွင့်ပြီးသုံးကြပါတယ်။ နောက်ပိုင်း စမတ်ဖုန်းခေတ်မှာ Google ရဲ့ Android OS သုံး ဖုန်းတွေကို ဈေးပေါပေါနဲ့ သုံးလာကြပြီး အခုမှ အင်တာနက်ကို တိုက်ရိုက်စမတ်ဖုန်းပေါ်ကနေ သုံးစွဲလာကြသူတွေ အဖို့ Gmail ကိုပဲသိကြပါတော့တယ်။ အဲဒီအတွက် အီးမေးလ်ဆိုတာ Gmail နဲ့မတူဘူး။ တသီးတခြားလို့ ထင်ကုန်ကြတာ ဖြစ်ပါတယ်။

ပိုပြီးလွယ်အောင် ကျွန်တော် ထပ်ရှင်းပြပါဦးမယ်။

လူတွေကို နာမည်မခွဲခြား ကျားမ မခွဲခြားရင် (လူ) လို့ တစ်လုံးထဲခေါ်သလို အီလက်ထရောနစ်နဲ့ စာပို့တာအားလုံးကို email လို့ခေါ်ပါတယ်။

အဲဒီမှာမှ လူတွေနေတဲ့နေရာအလိုက် အမေရိကန်၊ စကာင်္ပူ၊ မြန်မာ စသဖြင့် နိုင်ငံကိုလိုက်ပြီး ခေါ်ကြသလိုပဲ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေအတွက် commercial ဆိုရင် .com, Business ဆိုရင် .biz, အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆို .org, အစိုးရတွေဆို .gov … စသဖြင့် Top Level Domain တွေခွဲခြားထားပါတယ်။

Commercial အဖွဲ့အစည်းတွေအနေနဲ့ 
Google.com, Microsoft.comApple.com စသဖြင့် မှတ်ပုံတင်ကြသလို၊ အဲဒီသူတွေ ရဲ့ service ကိုသုံးသူတွေကလည်း မောင်ဖြူ၊ မောင်နီ စတဲ့အလိုက် maungphyu@google.com, maungni@microsoft.com စသဖြင့် ကွဲပြားသွားတာ ဖြစ်ပါတယ်။

ဒီလောက်ဆို Email နဲ့ Gmail ဆိုတာ အတူတူပဲဆိုတာ ရှင်းလောက်ပြီ ထင်ပါတယ်။ ဒါ့ထက်ပိုပြီး အသေးစိတ် သိချင်သေးတယ် ဆိုရင်တော့ google search မှာ Email ဒါမှမဟုတ် Gmail လို့ရိုက်ထည့်လိုက်ပါ။ ထောင်ဂဏန်းတော်တော် များများရှိတဲ့ website တွေ ကျလာပါလိမ့်မယ်။

ကိုကိုမောင် (မုဒုံ)


No comments: