Wednesday, March 9, 2016

ပြည်သူ့မျက်ရည်ဖြင့် ခြေဆေးအံ့

(၁)

ယနေ့ သတင်းနှစ်ပုဒ်ကိုဖတ်မိပြီး ၀မ်းသာဝမ်းနည်းဖြစ်ရသည်။
ဝမ်းသာရသည့်သတင်းမှာ ဆရာဦးရန်လင်းတို့ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ နေပြည်တော်သို့ အိတ်စ်ပရက်စ် ကားကြီးများဖြင့် ထွက်ခွာသွားသည့်သတင်းဖြစ်ပြီး -
ဝမ်းနည်း၊ စိတ်မကောင်းဖြစ်ရသည်မှာ ကျူးကျော်ဆိုသူများ၏ နေအိမ်များကို ဘူဒိုဇာများဖြင့် ဖြိုဖျက်ပစ်နေသော ဗီဒီယို သတင်းကို ကြည့်ရ၍ဖြစ်၏။

(၂)

ကျွန်ုပ်တို့တိုင်းပြည်ကြီးကို အူအသည်းပြောင်းပြန်လှန်ကာ လုပ်ချင်တိုင်းလုပ်နေသော၊ ချေးကို ခွေးနိုင်သည့်ပမာ ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို ၎င်းတို့၏ လက်အောက်ငယ်သားများပမာ နိုင်ချင်တိုင်းနိုင်နေသော၊ တိုင်းသူပြည်သားများအား အေးအေးချမ်းချမ်းနေရစေရန် မကောင်းသူ၊ လူဆိုးသူခိုးတို့ရန်မှ ကာကွယ်ပေးရမည့်အစား၊ လူဆိုးသူခိုးများကို မြေတောင်မြှောက်ပေးကာ တိုင်းသူပြည်သားများကို ရမယ်မျိုးစုံရှာကာ ဒုက္ခပေးနေသော၊ ရမည်ဆိုလျှင် ဘနဖူးကိုပင် သိုက်တူးမည့်သူများကား အမိုက်ဇာတ်သိမ်း၍ တစ်ခန်းရပ်ပေတော့မည်။ အနှီသကောင့်သားများကို တော်တော်စောစော ကတည်းက သံပုံးတီးကာ တောထုတ်ပစ်ချင်နေသော ကျွန်ုပ်၏ဆန္ဒများ ယခု ပြည့်ဝခဲ့ပေပြီ။

၎င်းတို့နေရာတွင် ကျွန်ုပ်တို့ အားတက်သရော၊ မျှော်လင့်တကြီးဖြင့် ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ ကိုယ်စားလှယ်အစစ်များ အစားထိုးဝင်ရောက်လာရန် လက်တစ်ကမ်းသာ လိုတော့သည်။

ကျွန်ုပ်တို့ ယုံကြည်ကိုးစားသော ခေါင်းဆောင်ကြီးကား ၎င်း၏ပြည်သူ့ကိုယ်စားလှယ်များကို အတင်းမောင်းနေတာတွေ့ရတော့ ဘယ်သူမကြိုက်ကြိုက်၊ ကျွန်တော်ကတော့ အလွန်သဘောကျလှပေသည်။ ပြည်သူများကို ဦးဆောင်မှုပေးမည့်သူများသည် သူများထက် ခေါင်းတလုံးသာနေမှ ဖြစ်မည်မဟုတ်လော။ သူက မဟုတ်တာလုပ်လို့ကတော့ ဘယ်သူ့မှ ချမ်းသာမပေးဘူးဟု ခပ်တင်းတင်းကြေငြာချက်ကို ပိုကြိုက်သေးသည်။ အစိုးရကောင်းတစ်ခုဖန်တီးယူဘို့ဆိုတာ လွယ်တာမဟုတ်။ ယခု မြန်မာနိုင်ငံ အခြေအနေနှင့်ဆို ပိုတောင်မလွယ်သေးသည်။ သည်အကြောင်းများကို ခရေစေ့တွင်းကျ သိထားသဖြင့်လည်း သည်ကဲ့သို့ ကိုင်တွယ်နေခြင်းဖြစ်သည်။

သိကြားမင်း ကျွဲယောင်ဖန်ဆင်းပြတာတောင် ချိုနည်းနည်းကားသေးသည် ဟု ဝေဖန်သော လူ့လောကကြီးတွင် မည်သူ အကဲ့ရဲ့ လွတ်ပါသနည်း။ ပြောချင်ရာပြောကြပါစေ။ ကိုယ်လုပ်တာ မှန်နေဘို့ အရေးကြီးသည်။ လူတွေပြောတိုင်းသာ လျှောက် နားယောင်နေရလျှင် ဟို သားအဖနှင့် မြည်းတစ်ကောင်လို ဖြစ်နေပေမပေါ့။

ယခု ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ကို လာရောက်လေ့လာသည့် သတင်းကိုဖတ်ရတာ ကျက်သရေရှိလှပါဘိတောင်း။

(၃)

ကျန်စစ်သားမင်းကြီးက ငါ၏ ညာလက်ရုံးဖြင့် ပြည်သူပြည်သားတို့ကို စားသောက်စရာများပေးပြီး ငါ၏ ဘယ်လက်ဖြင့် ပြည်သူတို့အား အ၀တ်ပုဆိုးကိုပေးအံ့ ဟု ဆိုခဲ့သည်။

ယခု မင်းဆိုးမင်းညစ်များကတော့ ပြောင်းပြန်။ ငါတို့၏ ညာခြေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ရိုက်ချိုးပြီး ငါတို့၏ ဘယ်ခြေဖြင့် ပြည်သူတို့၏ မျက်ရည်ဖြင့် ခြေဆေးအံ့ ဟု ခံယူထားလေသလော မပြောတတ်။

၎င်းတို့လုပ်သမျှ အများပြည်သူအဖို့ တစ်ကွက်မှ စိတ်ချမ်းသာစရာမရှိ။ တစ်ကွက်ကလေးလောက် စိတ်ချမ်းသာစရာ၊ သာဓု ခေါ်စရာကလေးများရှိလျှင်ပင် မပြောလိုပါ။

ယခုတော့ ရန်ကုန်၊ ရန်ကုန်မို့လို့။ ဖားကန့် ဖားကန့် မို့လို့။ လက်ပံတောင်း လက်ပံတောင်း မို့လို့။ လက်ပံတန်း လက်ပံတန်း မို့လို့။ လုပ်သမျှ အကုန် အရာရာနှင့် အကြောင်းကြောင်းချည်း ဖြစ်၏။

လူကောင်းတွေ ထောင်ထဲထည့်ပြီး ခုနစ်ခါပြန် ရှစ်ခါပြန် ရာဇ၀တ်မှုကျူးလွန်ထားသူကျတော့ လွတ်ငြိမ်းချမ်းသာပေးလိုပေး။ ဤသည်ကိုကြည့်ခြင်းဖြင့် ပြည်သူတို့အပေါ်ထားသော ၎င်းတို့စေတနာကို အကွက်လိုက် အကွင်းလိုက်မြင်နိုင်ပေသည်။

ယခုလည်း ကြည့်ပါ။

ငါရာထူးကမပြုတ်ခင် ကျူးကျော်ဆိုတဲ့ကောင်တွေကို အကုန်ဖယ်ပစ်မယ်ဆိုကာ နေအိမ်များကို အသားလွတ် excavator ကြီးများဖြင့် ဖြိုဖျက်ပစ်သတဲ့။ ဗီဒီယိုကြည့်ရင်း ကျွန်တော့်မှာ မျက်ရည်များပင် ၀ိုင်းမိပါသည်။ စိတ်မကောင်းလိုက်သည်မှာ ပြောစရာမရှိ။

လက်နက်အားကိုးဖြင့်၊ အာဏာရှိတိုင်း ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုကာ ရမ်းချင်တိုင်း ရမ်းနေသည်ကို တားမည့်သူ မရှိတော့ပြီလော။ ထစ်ကနဲရှိ လက်နက်အားကိုးဖြင့် အတင်းအဓမ္မ အနိုင်ကျင့်ဖြေရှင်းသည့်နည်းမှာ ၎င်းတို့၏ တစ်ခုတည်းသော မဟာဗျူဟာ ဖြစ်ပေသည်။ သူရို့ပထွေးတွေ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ကိုယ့်တိုင်းပြည်ထဲ ၀င်ချင်သလိုဝင် ထွက်ချင်သလိုထွက်၊ ရှိသမျှမြေကြီးကို အ၀ီစိရောက်အောင် တူးနေတာကျတော့ ဘာလေသံမှတောင် မဟရဲ။ ကိုယ့်ပြည်သူတွေကျတော့ ဘယ်နေ့အပြီးဖယ်ပေးပါ။ ဖယ်မပေးရင်တော့ အင်အားသုံးဖြိုခွင်းမယ် ဟု ရာဇသံ ပေးခဲ့သည်။ သြော် - တယ်လဲ အားကိုးချင်စရာကောင်းလိုက်ပါတဲ့ သူရဲဂေါင်းကြီးများပေပ။

သည် ကျူးကျော်ဆိုသူများ၏ နောက်ကြောင်းကို ကျွန်တော် မသိပါ။ သို့သော် အိမ်နှင့်ယာနှင့် နေနေသူများကို အတင်း အဓမ္မ ဖျက်လိုဖျက်ဆီး လုပ်တာ ကိုယ်လုပ်တာ မှန်သလားဆိုတာ နည်းနည်းလောက် ပြန်စဉ်းစားကြည့်ပါ။

ဒီနေရာကို ဘယ်သူပိုင်တာလဲ။ (အဓမ္မသိမ်းထားတာ မဟုတ်ဘဲ တကယ့်ပိုင်ရှင်အစစ်အမှန်)
အဲသည် ကျူးကျော်ဆိုတဲ့သူတွေ ဘယ်နေရာက ရောက်လာတာလဲ။
သူတို့ကို ဘယ်သူက နေခွင့်ပေးတာလဲ။
သူတို့ ဘယ်လိုပုံစံနဲ့ နေနေကြတာလဲ။
သူတို့ကို ဒီနေရာကနေဖယ်မယ်ဆို ဘယ်နေရာမှာနေဘို့ အစားထိုးပေးမလဲ။
ကျောင်းတက်နေတဲ့ကလေးတွေဆို ကျောင်းတက်ရ အဆင်ပြေအောင် ဘယ်လိုစီမံပေးမလဲ . . .

ဤနေရာတွင် နေထိုင်နေကြသူများသည် လူများမဟုတ်ပါလား။
သူတို့တွင် မိသားစုများ မရှိပါလား။
မိအိုဖအိုများ မရှိပါလား။
ကလေးသူငယ်များ မရှိပါလား။
သူတို့အိမ်များကို အတင်းအဓမ္မ၀င်ဖျက်လို့ အိမ်တွေပျက်သွားရင် အသစ်ပြန်ဆောက်စရာ ပိုက်ဆံရှိပါ့မလား။

ဘာဆိုဘာမှ မတွေးပါ။
ငါ့စကားနွားရ အတင်းလုပ်တာဖြစ်သည်။

အကယ်တန်တု  ထို ကျူးကျော်များသည် မည်သည့်ပိုင်ဆိုင်မှုအထောက်အထားမှ မရှိ။ မည်သည့်တရားဝင်ခွင့်ပြုချက်မှ မရှိပဲ နေထိုင်သည်ဆိုလျှင်ပင် ၎င်းတို့ကို တရားဝင်နေထိုင်ခွင့်ရအောင် စီစဉ်မပေးသင့်ပါသလော။

ထိုင်းနှင့် မလေးရှားတွင် တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်နေသူ သိန်းနှင့်ချီရှိသည်။
ထိုမြန်မာလုပ်သားများကို ထိုင်းနှင့် မလေးရှားအစိုးရက တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ရအောင် မကြာခဏ စီစဉ်ပေးလေ့ရှိ၏။
သူများအစိုးရက ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူတွေ ကိုယ့်တိုင်းပြည်ထဲ တရားမ၀င်လာလုပ်နေတာတောင် တရားဝင်အောင်လုပ်ပေးနေသေးတာ -
ကိုယ့်အစိုးရက ကိုယ့်တိုင်းသူပြည်သားတွေ ကိုယ့်နိုင်ငံထဲ နေနေတာကို အတင်းရောအဓမ္မပါ နိုင့်ထက်စီးနင်း နှင်ထုတ်နေသည် ဆိုတော့ -
ကျွန်ုပ်မှာ အဖြစ်ကတော့ မနှစ်ကနဲ့မတူပါ ဟုသာ ကုန်းအော် ငိုလိုက်ချင်ပါတော့သည်။

ကျွန်ုပ်တို့တိုင်းသူပြည်သားများသည် ရာဇတောဝါဘေးမှ ကင်းလွတ်ကြပါစေကုန်သတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၈ ဇန္မ၀ါရီ၊ ၂၀၁၆ ၊ ၀၀း၂၆ နာရီ

No comments: