Wednesday, March 9, 2016

ပဉ္စမမြန်မာနိုင်ငံတော်သစ်

၁ ဖေဖော်ဝါရီ ၂၀၁၆။

မင်္ဂလာရှိလှပေစွ။ ကျက်သရေအပေါင်းနှင့် ပြည့်စုံလှပေစွ။

ပင်နီရောင်များလွှမ်းနေသည့် လွှတ်တော်ကြီးကိုကြည့်၍ ကျွန်ုပ်မှာ ၀မ်းသာလွန်းလှ၍ မျက်ရည်များပင် လည်မိပါ၏။
သည်ကဲ့သို့ ပီတိမျိုး ခံစားရသူမှာ ကျွန်ုပ်တစ်ယောက်ထဲမဟုတ်တန်ရာ။
မြန်မာနိုင်ငံသားစစ်စစ်မှန်လျှင် (လက်တစ်ဆုပ်စာသော လူတစ်စုမှလွဲ၍) ၀မ်းသာအယ်လဲဖြစ်မိမည်မှာ ဧကန်အမှန်ပင်ဖြစ်၏။
အနှစ်နှစ်အလလက စောင့်စားခဲ့ရသော နေ့တစ်နေ့ကို နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပေတော့သည်။
သည်ကနေ့ကား ပဉ္စမမြန်မာနိုင်ငံတော်ကို စတင်ထူထောင်မည့် ပထမဦးဆုံးသော သမိုင်းဝင် နေ့ထူးနေ့မြတ်ပင် ဖြစ်တော့၏။
သည်နေ့ကို ရရှိဘို့ရာ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အသက်သွေးချွေးပေါင်း မြောက်များစွာ ရင်းနှီးခဲ့ရသည်။

တကယ်ဆို သည်ကနေ့သည် ကျွန်ုပ်တို့၏ ဒုတိယ လွတ်လပ်ရေးနေ့ပင် ဖြစ်၏။

ကျွန်ုပ်တို့ တိုင်းသူပြည်သားများသည်ကား မတရား အနိုင်အထက် ပြုနေသူများ၏ဘေးမှ ကင်းဝေးကြတော့မည်။
ကိုယ့်အိမ်မှာကိုယ် အေးအေးချမ်းချမ်းအိပ်နေတာကို ဒုတ်တွေ၊ ဓားတွေ၊ သေနတ်တွေနှင့် ဧည့်စာရင်းစစ်သည်ဆိုကာ စော်ကား မော်ကား အလုပ်ခံရသည့်ဘေးမှ ကင်းဝေးကြတော့မည်။
အတင်းအဓမ္မ မြေသိမ်း၊ ခြံသိမ်း၊ အိမ်ဖျက်ခံရခြင်းဘေးများမှ ကင်းဝေးကြတော့မည်။
တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ မိမိအတွက်လည်း အကျိုးမရှိ၊ ကိုယ်နှင့်ဆိုင်ဆိုင်၊ မဆိုင်ဆိုင်၊ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်နေရခြင်းတည်းဟူသော ဘေးဒုက္ခများမှ ကင်းဝေးကြတော့မည်။
တိုင်းပြည်မှ ထုတ်ကုန်များထုတ်လုပ်ကာ နိုင်ငံခြားရောင်းစားပြီး ပိုက်ဆံရှာရမည့်အစား မြေကြီးထဲရှိသမျှ အတွင်ရောင်းစားကာ သူတို့အိတ်ထဲ အကုန်ထည့်နေသည်ကို မချိတင်ကဲ သည်အတိုင်း ကြည့်နေရသည့် စိတ်ဆင်းရဲခြင်းများမှ ကင်းဝေးကြတော့မည်။
သူများတိုင်းပြည်က ကိုယ့်တိုင်းပြည်ထဲဝင်ကာ နိုင့်ထက်စီးနင်း လုပ်ချင်တိုင်းလုပ်နေသည်ကို ပြုံးပြုံးလေး ငြိမ်ခံနေရသော ဘေးဒုက္ခများမှ ကင်းဝေးကြတော့မည်။

ပထမဦးဆုံးကျေးဇူးတင်ရမည်မှာ ကျွန်ုပ်တို့ဖခင် ဗိုလ်ချုပ်ဖြစ်၏။
သူသည် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးသွားသည်သာ မကသေး။
မြန်မာပြည်သားအပေါင်းတို့အား စစ်ဖိနပ်ခွာအောက်မှ လွတ်မြောက်အောင် စွမ်းဆောင်ပေးမည့် မျိုးဆက်သစ်ကိုပါ အမွေပေးထားခဲ့ သေးသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံသားတို့အတွက် ဗိုလ်ချုပ်၏ကျေးဇူးသည်ကား ကြီးမားလှပေစွ။
အနှီ ဗိုလ်ချုပ်၏သွေးသာမရှိခဲ့လျှင် ကျွန်ုပ်တို့ဘ၀များသည်ကား ဘယ်သောင်ဘယ်ကမ်းဆိုက်မည် မသိနိုင်။

ဒုတိယကျေးဇူးတင်ထိုက်သည်မှာ ဗိုလ်ချုပ်၏သွေး၊ ကျွန်ုပ်တို့မိခင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။
သေနတ်ကိုမောင်းတင်ပြီး ချိန်ထားတာတောင် မကြောက်မရွံ့ ရှေ့တိုးရဲသောသတ္တိဆိုသည်မှာ အာဂသတ္တိမဟုတ်။
လင်တကွဲ၊ သားတကွဲ။ အမျိုးမျိုးသော နှိပ်စက်မှုအပေါင်း၊ ဒုက္ခသုက္ခအပေါင်းကို ကြံ့ကြံ့ခံ အံတုကာ ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သား အပေါင်းအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့၏။
ကျွန်ုပ်တို့ သန်း ၆၀ သော မြန်မာပြည်သူပြည်သားများအတွက်တော့ တကယ့် အာဇာနည်အစစ် ဖြစ်ပေသည်။

တတိယကျေးဇူးတင်ရမည်မှာ ဤဒုတိယ လွတ်လပ်ရေးရအောင် အသက်ပေးကာ စွမ်းစွမ်းတမံ ဆောင်ကြဉ်းပေးခဲ့ကြသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်း ဖြစ်ပေသည်။ ၎င်းတို့၏ထောင်တွင်းအတွေ့အကြုံများကား အလွန်ခါးသီးလွန်းလှပေသည်။ ဂျပန်ခေတ်က ကင်ပေတိုင်ဆိုတာ ငယ်ငယ်ကကြားဖူးခဲ့သည်။ ကလေးဆိုတော့ အတော်ဆိုးမှာပဲဟုသာ အနည်းအကျဉ်းရိပ်မိ၏။ ယခု ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်းကျတော့ ကင်ပေတိုင်ထက် နှစ်ဆမျှမက ပိုဆိုးလေတော့၏။
ထို အညတရသူရဲကောင်းတို့သည် ဒါလုပ်လျှင် ဒါဖြစ်မည်မှန်း သိလျက်နှင့် မိမိယုံကြည်ရာကို ဇွတ်အတင်း တိုးခဲ့ကြသည်။ နှိပ်စက်စမ်းကွာ၊ နင်တို့ဘယ်လောက်ထိ နှိပ်စက်နိုင်မလဲ ဟု ခေါင်းမာခဲ့ကြသည်။ ကျွန်ုပ်တို့ ရွှေမြန်မာသူရဲကောင်းများ၏ အသည်းကား အလွန်မာလှဘိပေတောင်း။ ကျွန်တော် ထောင်တွင်းဇာတ်လမ်းအတော်များများ ဖတ်ဖူးရာ ဖတ်သည့်အခါတိုင်း အလွန်စိတ်မကောင်းဖြစ်ရသည်။

ကျွန်တော်ကား သူတို့လောက် သတ္တိမရှိခဲ့။ တခုခုလုပ်မည်ကြံတိုင်း အင်း၊ ငါ့မိသားစု၊ ငါ့ရှေ့ရေးဟု အမြဲ လက်ရှောင်လေ့ ရှိခဲ့သည်ချည်း။  ဘယ်တော့မှ ရှေ့မထွက်ရဲခဲ့။ သူများနောက်ကနေသာ ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက် လုပ်နေခဲ့သည်။ ကျွန်တော့်လို လူမျိုးချည်းသာဆို ယခု ဒုတိယလွတ်လပ်ရေးရဘို့ဆိုတာ အဝေးကြီးဖြစ်၏။ ဤအတွက် ကျွန်တော့်မှာ အပြစ်ရှိပါ သည်။ တကိုယ်ကောင်းသမားဟု နာနာသာ ဆဲသွားကြပါခင်ဗျား။ နာရန်အကြောင်းမရှိပါ။ ကျွန်တော် အမှန်တကယ် တကိုယ်ကောင်းသမား ဖြစ်ခဲ့ပါသည်။

စတုတ္ထမြောက် ကျေးဇူးတင်ရမည်မှာ ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားအပေါင်းအား ၎င်းတို့လက်ခုပ်ထဲမှရေဟု သဘောထားပြီး သွန်ချင်သွန်၊ သောက်ချင်သောက်၊ မှောက်လိုမှောက်၊ လှန်လိုလှန် လုပ်ခဲ့သော မောင်မင်းကြီးသား အပေါင်းတို့ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့အသာတကြည် လွှဲပေးလို့သာ ကိုပင်နီတို့ လွှတ်တော်တွင်းရောက်လာကြရကုန်သည် မဟုတ်လော။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ သူတို့လုပ်ပေးလို့ပင် ရွေးကောက်ပွဲ ကျင်းပခွင့်ရသည်။ ကျွန်ုပ်တို့ ကိုယ်ကြိုက်သူကို မဲပေးခွင့်ရသည်။ ကျွန်ုပ်တို့၏ ဆန္ဒမဲများကို အသိအမှတ်ပြုဖော်ရသည်။

မဲစာရင်းများအကြိမ်ကြိမ်မှားယွင်းထုတ်ပြန်နေစဉ်က ကျွန်ုပ်မှာ ဒီဘဲတွေ မဟုတ်က မဟတ်ကတွေလုပ်ဖို့ အကြံအဖန်လုပ်နေသည် ဟုပင် ယုံမှတ်မိခဲ့သည်။ သည်လောက် မဲစာရင်းတွေမှားနေမှတော့ မဲပေးသည့်ရလဒ်များမှာလည်း အဘယ်မှာ အမှန်အကန်တွေ ဖြစ်နိုင်ပါမည်နည်းဟု သံသယ၀င်ခဲ့သည်။ တဖန် မဲလက်မှတ်တွေ သန်းနဲ့ချီပိုမှာထားသည်ဆိုတော့ သေချာပါပြီဟု အတော် စိတ်ပျက်နေခဲ့တာ ဖြစ်၏။

မဲရလဒ်တွေကို ဖြည်းဖြည်းချင်းထုတ်ပြန်နေတော့လည်း မဟုတ်မှလွဲရော၊ ဒါ အကြံအဖန်လုပ်နေတာဟု မယုံမရဲ။ နောက်ဆုံး အပြတ်အသတ်နိုင်ပြီဟု သိရတာတောင် အင်း၊ အသာတကြည်မှ လွှဲပေးပါမလား၊ ဘာတွေများ ခွင်တွေဖန်ဦးမလဲ ဟု ရင် တထိတ်ထိတ်။ ဒါ ကျွန်တော်တစ်ယောက်ထဲမဟုတ်။ အားလုံး သည်အတိုင်းခံစားမိကြသူချည်း ဖြစ်၏။

ယခု ပင်နီတွေ လွှတ်တော်ထဲဝင်လာတော့မှ စိတ်နှလုံး ဒုံးဒုံးချနိုင်တာ ဖြစ်၏။

ထို့ကြောင့်ပင် ယခုအခြေအနေရောက်လာသည်မှာ ၎င်းတို့၏ ကျေးဇူးလည်းမကင်းဟု ကျွန်ုပ်ဆိုခြင်းဖြစ်၏။ ဤသို့ပြောသည်ကို မကြိုက်သူများ လွတ်လပ်စွာသဘောထား ကွဲလွဲနိုင်ပါသည်။

ထို့အတွက် အကျိုးမများလှသည့်ကိစ္စများ ရေးတာ၊ ပြောတာ လျှော့ကြဘို့ မေတ္တာရပ်ခံပါသည်။ (ဥပမာ - လွှတ်တော်ထဲဝင်လာသည့် ဘီဘီစီသတင်းထောက်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား အတင်းလိုက်မေးသည်ကို ပြန်မဖြေသည့်အတွက် သရော်လှောင်ပြောင်နေကြခြင်း။ သူတို့ပြန်မဖြေတာ အင်္ဂလိပ်စကားမတတ်လို့ဟု အတတ်မပြောနိုင်ပါ။ အင်္ဂလိပ်လို ပြောတတ်လျှင် သော်မှ ၎င်းတို့ ဘယ်လောက်အတိုင်းအတာထိ ကိုယ့်သဘောနှင့်ကိုယ် ပြောပိုင်ခွင့်ရှိသလဲဆိုတာ မိတ်ဆွေတို့ သိပါသလား။ သူတို့ အဖြေမတတ်လျှင် သို့မဟုတ် ပြောပိုင်ခွင့်မရှိဘဲ ပြောလိုက်လျှင် သူတို့ဘ၀တဆစ်ချိုးပြောင်းမသွားနိုင်ဘူးလို့ မပြောနိုင်။ ထို့ကြောင့် ကိုယ်မသိသည့်ကိစ္စကို မျက်မြင်ကလေးကြည့်ပြီး အရမ်းမပြောကြပါနှင့်ခင်ဗျား။)

သို့သော်လည်းပေါ့ခင်ဗျာ -

ဒီကနေ့ NLD အစိုးရဖြစ်ပြီး နက်ဖြန်သဘက် မြန်မာပြည်သားအားလုံးတို့ ကိုယ်ကျင့်စာရိတ္တများ အားလုံးကောင်းကုန်ကြပြီး ဘယ်သူမှ လာဘ်မစားတော့။ ဘယ်သူခိုးမှ မရှိတော့။ ရလျှင် ဘနဖူးတောင် သိုက်တူးမည့်သူများအားလုံး ကင်းစင်ကုန်ပြီ။ မြန်မာ နိုင်ငံ၏ ပညာရေးစနစ်ကြီးမှာ နတ်ရေကန်ထဲ ကန်ချလိုက်သလို နေ့ချင်းညချင်း အဆမတန်ကောင်းလာသဖြင့် မလေးရှား၊ ဖိလစ်ပိုင်တို့ကတောင် ကျောင်းလာတက်ကြရတော့မည် စသည် စသည် . . . ဟု မထင်လိုက်ကြပါနှင့်။

ပစ္စည်းပျက်လျှင် ခုချက်ချင်း အစားပြန်ထည့်လို့ရသည်။ လူပျက်လျှင် အစားထိုးလို့ မရစကောင်း။ အရိုးရင့်သွားသော လူကြီးများ ပျက်လျှင် ပိုဆိုးသေးသည်။ အစစအရာရာ ယိုယွင်းပျက်စီး၊ ချုံးချုံးကျနေသော အရှုပ်ထုပ်ကြီး ခေါင်းပေါ်ရောက်လာသည်ကို ဖြေရှင်းရမည်မှာ NLD အစိုးရအဖို့ အတော်ကြီးကို မလွယ်သောကိစ္စ ဖြစ်၏။

မြစ်ဆုံကိစ္စ ဘာတွေသဘောတူပြီး ဘယ်လိုတွေ လက်မှတ်ထိုးထားမှန်းမသိ။
ဖားကန့်က ကျောက်စိမ်းတူးခွင့်ကို ဘယ်အတိုင်းအတာထိ ပေးထားမှန်းမသိ။
ရခိုင်ကနေ တရုတ်ထိ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းတွင် ဘာတွေဘယ်လောက် ပေးထားမှန်းမသိ။
တခြား တိုးတိုးတိတ်တိတ်၊ လူမသိသူမသိ ဘာတွေရောင်းစားထားပြီး၊ ဘယ်လိုတွေ စာချုပ်ထားမှန်း ဘယ်သူမှမသိ။
ပြည်တွင်းက ကိစ္စတွေကို ကိုယ့်တိုင်းသူပြည်သားများကြောင့် ရှင်းလို့ရတယ်ပဲထား။ (ရှင်းရခက်မည့်ကိစ္စများ တပုံတခေါင်းကြီး ရှိပါလိမ့်မည်။ ကျွန်တော်မသိပါ။) တခြားနိုင်ငံတွေနှင့် လွန်လွန်ကျွံကျွံ လက်မှတ်ထိုး သဘောတူထားသည့် ကိစ္စများကို အလွယ်တကူနှင့် ရှင်းလို့ ရနိုင်ပါမည်လား။

အများကြီးဖြစ်ပါသည်။

ယခု NLD အစိုးရ၏ ဦးဆောင်မှုဖြင့် ပဉ္စမမြန်မာနိုင်ငံတော်ကြီးကို ကျွန်ုပ်တို့ တည်ဆောက်ကြရပါတော့မည်။ သည်ကဲ့သို့တည်ဆောက်ရာတွင် အများပြည်သူ၏ ပူးပေါင်းပါဝင်မှု အလွန်အရေးကြီး၏။
ပထမဦးစွာ ကျွန်ုပ်တို့ မိမိတို့၏ အရည်အသွေးကို မိမိတို့ မြှင့်တင်ကြရမည်။
မသိသူများကို ကဲ့ရဲ့သဂြိုဟ်အတင်းဆိုနေမည့်အစား ဖေးဖေးမမ လက်တွဲခေါ်ရမည်။ သင်ပြပေးရမည်။ ရှင်းပြရမည်။ လမ်းပြရမည်။

ယခု နာရီပြန် ၂ ချက်တီးတော့မှာမို့ ဆရာဇော်ဂျီ၏ ကဗျာနှင့် နိဂုံးချုပ်ပါမည်။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့။

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍၊ တစိတ်တ၀မ်း၊ ညီစေသတည်း။            ။

ပဉ္စမမြန်မာနိုင်ငံတော်ကြီးအား ကျွန်ုပ်တို့အားလုံး သဘောထားကွဲလွဲမှုမရှိ။ တစိတ်တည်း၊ တ၀မ်းတည်း တည်ဆောက်ကြပါစို့ ဟု နှိုးဆော်လိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃ ဖေဖော်ဝါရီ၊ ၂၀၁၆။ ညသန်းခေါင်ကျော် ၂း၀၀ နာရီ

No comments: