Sunday, August 10, 2014

အမှန်အကန် Safety Officer (၁)

နိဒါန်း

ဆရာအော်က ဟုတ်ပေါင် ဆရာပီက ဒါလည်းပုံမကျသေးပါဘူး၊ ဆရာကျယ်က ပိုဆိုးသေး။ ကိုင်း၊ ဆရာအော်ပီကျယ် ကပဲ ထားလိုက်ပါတော့၊ အမှန်တကယ် ကာတွန်းဆရာဆိုတော့ ကျုပ်ကလည်း အားကျမခံ အမှန်အကန် safety officer ဆိုပြီး ရေးချင်လာသဗျ။
            တခြား ဟုတ်ပါရိုးလား။ အလုပ်ထဲမှာ so called safety officer။ ဒါမှမဟုတ် ညာတာပါတေး safety officer တွေ မဖြစ်ရလေအောင် မြန်မာပြည်မှာ safety officer အလုပ်လုပ်ကြမဲ့ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် အမှာစကားပါးစရာလေးတွေ ရှိလာလို့ပါ။
            ကိုယ့်ကိုယ်ကိုယ် သိလွန်းတတ်လွန်းလှလို့ ဆရာကြီးလုပ်တာ မဟုတ်ရပါခင်ဗျာ။ ကျွန်တော်လေ့လာမိသလောက် ကလေးများကို ပြန်လည် မျှဝေခြင်းမျှသာ ဖြစ်ပါကြောင်း။ ဆရာကြီး လုပ်လုပ်နိုင်လွန်း ဟု မျက်စိစပါးမွေး မစူးကြပါကုန်လင့်။

++++++++++++++++++++++++++++++++++++

(၁) Safety Officer တစ်ဦး၏ တာဝန်ဝတ္တရားများ

            Safety Officer တစ်ယောက်အနေနဲ့ ဘာတွေလုပ်ရမလဲ ဟု အမေးနှင့် ပတ်သက်၍ အဖြစ်အပျက်ကလေးတစ်ခု သွား သတိရပါသည်။ ကျွန်တော် တမြန်မနှစ်က Graduate Certificate in Workplace Safety and Health သင်တန်း သွားတက်၏။ WSH Level D ဟု ခေါ်သည်။ သည်တုံးက လက်ချာလာရိုက်သူများအနက် တစ်ဦးမှာ MOM officer ဟောင်းဖြစ်သူ ဆာဂျစ်ဆင်း ဖြစ်၏။ သင်တန်းမစမီ သူက မေးခွန်းတစ်ခုမေး၏။
            မင်းတို့အားလုံးဟာ safety officer တွေချည်းမဟုတ်လား။ ဒါဆို၊ ကိုင်း safety officer တစ်ယောက်ရဲ့ တာဝန်နဲ့ ၀တ္တရားတွေကို ပြောပြစမ်းပါကွာ။
            ဟိုက်၊ ရှာလပတ်ရည်။ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြ၏။
လုပ်ပါကွ၊ ဟိုရှေ့က တစ်ယောက်၊ ပြောပြစမ်းပါ။ ငမ်၊ မပြောနိုင်ဘူးလား။ ဒါဆို ဟိုး အနောက်ဘက်က တစ်ယောက် ကော။ Come on, all of you are safety officers. If you don’t know your duty and responsibilities, who will know then. What are you doing at the site everyday.
            ကျွန်တော်တို့မှာ သွားကလေးများ ဖြဲပြလျှက် သိတော့သိသပေါ့ကွာ၊ ဒါပေမဲ့ အတိအကျတော့ ရွတ်မပြတတ်ဘူး လကွဲ့။
            အဲဒီတော့မှ သူက ရွတ်ပြပါသည်။ နံပါတ် ၀မ်း - ဘလား ဘလား ဘလား။ နံပါတ် တူး - ဘလား ဘလား ဘလား။
            အမှန်က သည်တာဝန်ဝတ္တရားများကို Safety Officer သင်တန်းတက်စဉ်က သင်ပေးခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ လည်း ကျက်မှတ်ခဲ့ဖူးပါ၏။ သိသလိုလို၊ မသိသလိုလို အူလည်လည်ဖြစ်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ ကျွန်တော်တို့က သဘောတရားကို မှတ်မထားဘဲ စာမေးပွဲအတွက်သာ အလွတ်ကျက်ခဲ့ကြသောကြောင့် သင်တန်းလည်းပြီး အကုန် မေ့ကုန်ခြင်းဖြစ်သည်။ သဘောတရားကို၊ အနှစ်သာရကိုသာ မှတ်ထားပါက မေ့စရာမရှိ။
            ကိုင်း၊ သည်တော့ ကိုယ့်တာဝန်မှကိုယ်မသိဘဲ ဘယ့်နှာလုပ် အမှန်အကန် Safety Officer ဖြစ်နိုင်စရာ ရှိပါမည် နည်း။ သည်တော့ မိတ်ဆွေ၊ အသင်လည်း ကိုယ့်ကိုယ်ကိုယ် (အခု ဒီစာဖတ်နေရင်းတန်းလန်း) မေးကြည့်စမ်းပါ။ ငါ့တာဝန်နဲ့ ၀တ္တရားတွေက ဘာတွေလဲ။ ငါဘာတွေ လုပ်ရမှာလဲ။
            (ဤတွင်ကြားဖြတ်၍ပြောရလျှင် မည်သည့်ရာထူးများက မည်သည့်တာဝန်ဝတ္တရားများရှိသည်ကို အထွေအထူး ခေါင်းစားစရာမလိုပါ။ အင်တာနက်မှ အလုပ်ခေါ်စာများတွင် ဘယ်အလုပ်အတွက် ဘာတာဝန်တွေထမ်းဆောင်ရမည်ကို ဖော်ပြထားရာ အလုပ် သုံးလေးခုလောက်ကြည့်လိုက်လျှင်ပင် ထိုရာထူးအတွက် ထမ်းဆောင်ရမည့် တာဝန် ၀တ္တရားများကို သိနိုင်တော့၏။)
စင်ကာပူတွင် Safety Officer များအတွက် ဥပဒေသီးသန့်ချမှတ်ပြဌာန်းပေးထားသည်။ WSH (Workplace Safety and Health Officers) Regulations 2007 ဖြစ်၏။ ထိုဥပဒေထဲတွင် Safety Officer တစ်ဦး၏ တာဝန်နှင့် ၀တ္တရားများကို ဖော်ပြထားသည်။
            အောက်တွင် မူရင်းကို ဖော်ပြထားပါသည်။ လူပြိန်းနားလည်အောင် ခပ်လွယ်လွယ်ဘာသာပြန်ရလျှင် -
၁။ ထင်သာမြင်သာရှိသော အန္တရာယ်များအား ထုတ်ဖော်အကဲဖြတ်ခြင်း၌ စီမံကိန်းတာဝန်ခံကိုကူညီရန်။
၂။ ထိုအန္တရာယ်များကို မည်ကဲ့သို့ ဖျောက်ဖျက်ပစ်နိုင်ကြောင်း စီမံကိန်းတာဝန်ခံကို အကြံပေးရန်။
၃။ အကယ်၍ ထိုအန္တရာယ်သည် ဖျောက်ဖျက်ပစ်ရန် မဖြစ်နိုင်ပါက -
က) ဖြစ်နိုင်သမျှသောနည်းလမ်းများသုံး၍ အန္တရာယ်ကို လျှော့ချပေးရန်။
ခ) အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်သည့်အစီအမံများ ရေးဆွဲရန်
၎။ အကယ်၍ အထက်ဖော်ပြပါ တာဝန်ဝတ္တရားများ ထမ်းဆောင်ရန်ပျက်ကွက်ခဲ့ပါက -
က) ပထမအကြိမ် - ဒေါ်လာ ၅၀၀၀ ထက်မများသော ဒဏ်ငွေ
ခ) ဒုတိယနှင့် နောက်အကြိမ်များ - ဒေါ်လာ ၁၀၀၀၀ ထက်မများသော ဒဏ်ငွေ သို့မဟုတ် ၆ လထက်မများသော
    ထောင်ဒဏ်



            ဤသည်မှာ ဥပဒေက ပြဌာန်းထားသော Safety Officer တစ်ဦး၏ တာဝန်နှင့် ၀တ္တရားများ ဖြစ်ပါသည်။ လက်တွေ့တွင် ဤတာဝန်ကိုထမ်းဆောင်ရန် ပိုမိုကျယ်ပြန့် အသေးစိတ်ပါသည်။ ရှင်းပါအံ့။
ပထမတာဝန်၌ လုပ်ငန်းခွင်အတွင်းမှ ဘေးအန္တရာယ်များကို ထုတ်ဖော်ခြင်းနှင့် အကဲဖြတ်ခြင်း ဟု နှစ်ပိုင်းပါသည်။ သို့ဆိုလျှင် မိမိတာဝန်ယူရမည့်လုပ်ငန်းခွင်၌ မည်သည့်ဘေးအန္တရာယ်များရှိနိုင်သည်၊ မည်ကဲ့သို့ထုတ်ဖော်ပြီး မည်ကဲ့သို့ အကဲဖြတ်ရမည်ကို သိရပါမည်။
ဤသို့သိရန်မှာ လုပ်ငန်းခွင်၌လုပ်ကိုင်နေသော လုပ်ငန်းများ၏ သဘောသဘာဝကို သိရန်လိုသည်။ မည်သည့် လုပ်ငန်း၌ မည်သည့်အန္တရာယ်များ ကျရောက်နိုင်ကြောင်း သိရမည်။ ထိုအန္တရာယ်များကို အကဲဖြတ်တတ်ရမည်။ ဤလုပ်ငန်း မှာ အလွန်ကျယ်ပြန့်၏။
နောက်အလွန်အရေးကြီးသည့်အချက်မှာ မိမိလုပ်ငန်းခွင်ကို ဥပဒေနှင့်အညီ ထိန်းထားရေးပင်ဖြစ်ပါသည်။ သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာလုပ်ဆောင်လိုက်လျင်ပင် အန္တရာယ်များကို အလိုလို ထိန်းချုပ်ပြီးသားဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် မိမိလုပ်ငန်းနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥဒေ၊ စည်းမျဉ်း၊ စံနှုန်းများနှင့် ကျွမ်းဝင်နေရမည်။ အားလုံးကို အလွတ်မရလျင်ပင် မည်သည့်အချက်သည် မည်သည့်ဥပဒေ၊ မည်သည့် စံနှုန်း၌ပါသည်ကို သိနေရန်လို၏။
            ကျွန်တော်က စင်ကာပူတွင် လုပ်နေသည်ဖြစ်သဖြင့် စင်ကာပူမှ ဥပဒေ၊ စံနှုန်းများနှင့် ချိန်ထိုးပြောပြပါမည်။ မိမိနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
မှတ်ချက်။            ။ ကျွန်တော်သည် မြို့ပြအင်ဂျင်နီယာမဟုတ်သည့်ပြင် မြန်မာပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း မလုပ်ခဲ့ဖူးသောကြောင့် ဆောက်လုပ်ရေးနှင့်ပတ်သက်သော အင်္ဂလိပ်အခေါ်အဝေါ်များကို မြန်မာလို မည်ကဲ့သို့ခေါ်မှန်း မသိပါ။ ထို့ကြောင့် အခေါ်အဝေါ်များကို အင်္ဂလိပ်လိုသာ ရေးလိုက်ပါသည်။

(၂) Safety Officer တစ်ဦး လုပ်ရမည့် လုပ်ငန်းများ

            အစိုးရက ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စံချိန်စံညွှန်းများအပြင် Safety Officer တစ်ဦးသည် -
Ø  မိမိကိုင်ရမည့် စီမံကိန်းမှ လုပ်ငန်းများအကြောင်း အားလုံး ယေဘူယျအားဖြင့် ခြုံငုံသိနေရမည်။
Ø  ဘာပြီး ဘာလုပ်မည် စသည့် လုပ်ငန်းအစီအစဉ်ကိုလည်း သိရမည်။
Ø  မည်သည့်အချိန်တွင် မည်သည့်လုပ်ငန်းစပြီး မည်သည့်အချိန်တွင် ပြီးမည်ကို အကြမ်းဖျဉ်းသိထားရမည်။
Ø  မည်သည့်စက်ကိရိယာများ အသုံးပြုမည်ကို သိရမည်။
Ø  မည်သည့် အန္တရာယ်ရှိသည့်ပစ္စည်းများ (ဓာတုပစ္စည်းများ) အသုံးပြုမည်ကို သိရမည်။
Ø  စီမံကိန်းအတွင်းမှ ကန်ထရိုက်တာအားလုံး၊ ထိုကန်ထရိုက်တာများမှ တာဝန်ရှိသူအားလုံး၊ လုပ်ငန်းခွင်၌ ကြီးကြပ်နေသူ အားလုံးကို သိထားရမည်။
Ø  မည်သည့်ကန်ထရိုက်တာသည် မည်သည့်လုပ်ငန်းများလုပ်သည်၊ လူအင်အား မည်မျှသုံးသည်၊ မည်သည့်စက်ကိရိယာများ သုံးသည် စသည်ကို သိထားရမည်။
Ø  အရေးပေါ်ဆက်သွယ်ရမည့်နံပါတ်များကို သိထားရမည်။
Ø  လုပ်ငန်းများလုပ်ရာတွင် လိုအပ်သော ဥပဒေကြောင်းဆိုင်ရာ လိုအပ်ချက်များကို သိထားရမည်။ (ဥပမာ - စက်မောင်းလိုင်စင်များ၊ စက်လိုင်စင်များ)

စီမံကိန်းတစ်ခုသို့ စရောက်သွားသည်နှင့် ပထမဆုံးလုပ်ရမည်မှာ Kick Off Meeting ခေါ်ရန်ဖြစ်ပါသည်။ စီမံကိန်းမန်နေဂျာ၊ အင်ဂျင်နီယာ၊ ကိုအော်ဒီနေတာ၊ safety personnel။ ကြီးကြပ်ရေးမှုးများ အားလုံးကို ဖိတ်ပါ။ ထိုစည်းဝေးပွဲတွင် မိမိ၏အစီအစဉ်များကို တင်ပြပါ။ ထို့နောက် ထိုစီမံကိန်း၏ လုပ်ငန်းသဘောသဘာဝကို ရှင်းပြခိုင်းပါ။ မည်သည့်လုပ်ငန်းများလုပ်ရန်ရှိသည်။ မည်သည့်အချိန်တွင်စမည်။ မည်သည့်အချိန်တွင်ပြီးမည်။ မည်သည့်ကန်ထရိုက်တာက မည်သည့်လုပ်ငန်းများကို လုပ်မည် စသည်တို့ကို စီမံကိန်း တာဝန်ခံများကို မေးပါ။ စီမံကိန်း စီမံချက် (project planning) ကိုတောင်းပါ။ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ structure, architecture, M&E works, Plumbing works စသည်တို့ကို မည်သူတို့က တာဝန်ယူမည်။ မည်သည့် ကန်ထရိုက်တာများကို ခေါ်မည်။ မည်သည့်စက်ကိရိယာများ သုံးမည်။ (ဥပမာ - Tower crane, moblie crane, piling machine, fork lift, scissor lift, excavator, boom lift, mast climber, gondola, concrete pump, power breaker စသည်)
ထို့နောက် ကန်ထရိုက်တာများ ခေါ်သွင်းလာသည့်အခါ လိုက်နာရမည့် စည်းမျဉ်းများကို ပြောပြပါ။ စာရိုက်ပြီး ဝေပါ။ 
စီမံကိန်း construction drawing များတောင်းကြည့်ပါ။ မသိလျှင် မေးပါ။ Structure များကို မည်ကဲ့သို့ တည်ဆောက်မည်ကို စူးစမ်းပါ။
ကန်ထရိုက်တာများထံမှ ဖွဲ့စည်းပုံစာရွက် (Organization Chart) တောင်းပါ။ ထိုဖွဲ့စည်းပုံတွင် စီမံကိန်းမန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှုး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတို့ ပါပါစေ။ ၎င်းတို့၏ နာမည်၊ ရာထူး၊ ဖုံးနံပါတ်၊ email စသည်တို့ကို ဖော်ပြရမည်။ လက်ရှိလုပ်နေသည့် စီမံကိန်းနှင့် သက်ဆိုင်သူများသာ ပါပါစေ။ အခြားနာမည်များ မပါဝင်ပါ စေနှင့်။ အောက်တွင် ကျွန်တော်တို့ စီမံကိန်းလုပ်ငန်းမှ ဖွဲ့စည်းပုံကို နမူနာပြထားပါသည်။
            စက်မောင်းသူ၊ လျှပ်စစ်လုပ်သား၊ စက်ပြင်ဆရာ စသူတို့ကို ဖုံးနံပါတ်များနှင့်တကွ သီးသန့်စာရင်းတောင်းပါ။ ၎င်းတို့၏ လက်မှတ်များ၊ အလုပ်ခန့်စာများလည်း တောင်းပါ။ ထိုသူများမှလွဲ၌ အခြားသူများအား မီးဆင်ခိုင်းခြင်း၊ စက်ပြင် ခိုင်းခြင်း ပြုမည်မဟုတ်ဆိုသည်ကိုလည်း ကြိုတင်အကြောင်းကြားထားပါ။


            လိုအပ်သောအချက်အလက်များရပြီဆိုလျှင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံချက် ရေးဆွဲပါ။ စင်ကာပူတွင် ထိုစီမံချက်ရေးဆွဲရန် လုပ်ထုံးလုပ်နည်း ရေးဆွဲထားပါသည်။ ၎င်းမှာ CP79:1999 – Code of Practice for Safety Management System for Construction Worksites ဖြစ်၏။
            ၎င်း SMS မှာ စင်ကာပူအတွက်ဖြစ်၏။ အာဆီယံနိုင်ငံများအတွက် ရည်ရွယ်ရေးသားထားသော SHMS (Safety and Health Management System) ဆိုတာရှိပါသည်။ သူက ILO-OSH 2001: Guidelines on Occupational Safety and Health Management System ပေါ်အခြေခံကာ ရေးဆွဲထားခြင်းဖြစ်ပါသည်။ ၎င်းမှာ လွန်ခဲ့သော ASEAN-OSHNET၏ ကောက်ချက်နှင့် OSHMS ပေါ်လစီ ဒိုင်ယာလော့ခ်သုံးခုတို့ နှီးနှောရာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤလမ်းညွှန်ချက်မှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၆၊ ၁၇ ရက် များက မလေးရှားနိုင်ငံ၊ ဂျဲန်တီးန်ဟိုက်လင်း (Genting Highland) တွင် ကျင်းပပြုလုပ်ခဲ့ သော ASEAN-OSHNET+3 OSHMS policy ဒိုင်ယာလော့၏ ဆုံးဖြတ်ချက်များထဲမှ ရလဒ်တစ်ခုဖြစ်လေသည်။ ထိုဒိုင်ယာလော့က အသေးစားလုပ်ငန်းများတွင် ၎င်းတို့လုပ်ငန်းထဲ၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်များ လိုအပ်ပုံကို မီးမောင်းထိုးပြခဲ့သည်။
            ဤလမ်းညွှန်ချက်ကို မလေးရှား အလုပ်သမား၊ ကျန်းမာရေး ၀န်ကြီးဌာန၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဌာန၊ ဂျပန် နှင့် ဂျပန် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအကြံပေးအဖွဲ့ တို့ ပူးပေါင်းရေးဆွဲ ထားခြင်း ဖြစ်ပါသည်။
            မြန်မာနိုင်ငံအတွက်ဆိုလျှင် စင်ကာပူက CP79 ထက် ထို SHMS က ပိုအသုံးတည့်ပါလိမ့်မည်။ ထိုစာအုပ်ကို ကျွန်တော်ဘာသာပြန်ထားတာ ရှိပါသည်။ “အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်” ဟု အမည်ပေးထားသည်။ ၂၀၁၃ ဇန္န၀ါရီလက ရေထားတာဖြစ်၏။ ထိုကဲ့သို့သော စာအုပ်အသေးသုံးအုပ်ပေါင်းပြီး မြန်မာပြည်သို့ စာအုပ်ထုတ်ရန် ပေးထားတာ တစ်နှစ်ကျော်ပါပြီ။ မည်သည့် အသံမှ မကြားရ။ ထိုစာအုပ်ရိုက်ရေးကိစ္စများကို ယခု လုံးဝလက်လျှော့ထားပါသည်။ နောက်ပိုင်း ကလေးတွေကျောင်းပြီးလို့ ပိုက်ဆံလေးဘာလေး ပိုလျှံလာမှ ကိုယ့်ဘာသာကိုယ်ရိုက်မည်ဟု စိတ်ကူးထား၏။ ထိုစာအုပ်အလိုရှိသူများ လက်တို့လိုက်ပါ။ ကျွန်တော်ပို့ပေးပါမည်။ အဲလေ၊ drop box ထဲထည့်ထားလိုက်လည်း ရတာပဲ။ အဲဒီကနေ download လုပ်ယူကြပါခင်ဗျား။ စင်ကာပူက SMS လိုချင်သပဆိုလည်း ပြောပါလေ။ စာအုပ်စာတမ်းပေးဘို့နှင့်ပတ်သက်လျှင် ကျွန်တော်မှာ နှောင့်နှေးကြန့်ကြာ တတ်သူ၊ ကပ်စေးနဲတတ်သူ၊ ကိုယ်သိထားတာ သူများသိသွားမှာစိုးသူမဟုတ်ပါ။ အဲဒီစာအုပ်ဖတ်ရုံနဲ့ ခင်ဗျားတို့ ကျွန်တော့်လောက်သိပြီဆိုလျှင် လှမ်းအကြောင်းကြားလိုက်ပါ။ ရန်ကုန်ပြန်လာတဲ့အခါ နေ့တိုင်း ဒန်ပေါက်လိုက်ကျွေးပါမည်။
            (အဲဗျ။ ဘယ်ရောက်သွားပါလိမ့်။)
            ထို SHMS မှာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ရန်အတွက် လမ်းညွှန် ဖြစ်၏။ ထိုစာအုပ်မှ ညွှန်ပြချက်အတိုင်းသာ လိုက်လုပ်သွားပါ။ ဘာမှ မေ့မှာ ကျန်မှာမပူရပါ။
            နောက်တစ်ခု ကောင်းသော အင်တာနေရှင်နယ် စတင်းဒတ် စာအုပ်မှာ OHSAS 18001 ဖြစ်၏။ ထိုစာအုပ်လည်း ကျွန်တော်ဘာသာပြန်ပြီးသား ရှိပါသည်။ စင်ကာပူမှ CP79 မှာ ထို OHSAS 18001 နှင့် အလွန်ဆင်တူပါသည်။ ထိုစာအုပ်များကို drop box အတွင်း ထည့်ပေးထားပါမည်။


            Safety Officer ၏ အရေးကြီးသည့် နောက် အလုပ်တစ်ခုမှာ document control ဖြစ်ပါသည်။ စာရွက်စာတမ်းများ အထူးသဖြင့် ဥပဒေအရ ထိန်းသိမ်း ထားရန်လိုအပ်သည့် စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းထားရပါမည်။ စင်ကာပူတွင်မူ ထိုစာရွက် စာတမ်းများကို စီမံကိန်းပြီးသွားပြီးနောက် သုံးနှစ်ထိ သိမ်းထားရန်လိုပါသည်။
            CP 79 အရ SMS တွင် 14 element ပါသည်။
Element တစ်ခုလျှင် တစ်ဖိုင်ကျ သိမ်းသည်ပေါ့။ သို့သော် အညီအမျှတော့မဟုတ်ပါ။ အချို့မှာ နည်းပြီး အချို့မှာ အလွန်များသည်။ များလာလျှင် လ အလိုက် ပုံးများအတွင်း ထည့်သိမ်းထား၏။

            အလုပ်လုပ်သည့်အခါ ထိုအလုပ်ကို အန္တရာယ်ကင်းစွာလုပ်နိုင်ရန် အန္တရာယ်အကဲဖြတ်ခြင်း (Risk Assessment) နှင့် အန္တရာယ်ကင်းစွာ လုပ်မည့်လုပ်ငန်းအစီအစဉ်များ (Safe Work Procedure) ရေးဆွဲရသည်။ ထိုသို့ရေးဆွဲနိုင်ရန် လုပ်မည့် လုပ်ငန်းအသေးစိတ်ကို သိရမည်။ မည်ကဲ့သို့လုပ်ကိုင်သည်ကို ရေးဆွဲထားသည့်စာရွက်စာတမ်းမှာ Method Statement ဖြစ်၏။ 
            ဥပမာ - ပိုက်ဆင်သည်ဆိုပါစို့။ ပိုက်ဆင်ရန် ပိုက်များ၊ ပိုက်ဆက်ပစ္စည်းများ၊ ပိုက်ဆင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို စီမံကိန်းသို့ ပို့ရသည်။ စီမံကိန်း၌ ထိုပစ္စည်းများကို သိုလှောင်သည်။ ထို့နောက် ပိုက်လိုင်းဆင်ရန် ဖြတ်တောက်၊ ဆက်ရသည်။ ပိုက်အထိုင်များဆင်ရသည်။ နံရံများကို ဖောက်သွားမည့်နေရာများတွင် လိုအပ်သည့် အပေါက်များ ဖောက်ရသည်။ ပိုက်လိုင်းဆင်ပြီးသွားသော် ရေလုံမလုံ စမ်းသပ်ရသည်။
            Safe Work Procedure (SWP) ဆိုသည်မှာ ထိုအလုပ်များလုပ်ရာတွင် မည်ကဲ့သို့ အန္တရာယ်ကင်းအောင် လုပ်ရမည်ကို လမ်းညွှန်ထားသော စာရွက်စာတမ်းဖြစ်၏။
            Risk Assessment ဆိုသည်မှာ ထိုအလုပ်များလုပ်ရာတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်၊ ထိုအန္တရာယ်များကို ထိန်းချုပ်နိုင်သည့်နည်းလမ်းများ ကို ရေးဆွဲထားသည့် စာရွက်စာတမ်းဖြစ်၏။
            Safety Officer သည် စူပါမင်းမဟုတ်သဖြင့် လုပ်ငန်းအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဘို့ရာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ ထို့ကြောင့် Risk Assessment ရေးရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းမရေးဘဲ အဖွဲ့နှင့် ရေးရသည်။ ထိုအဖွဲ့ကို Risk Assesment Team (RA Team) ဟု ခေါ်သည်။
            ထိုအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် (team leader) နှင့် အဖွဲ့ဝင်များပါသည်။ အဖွဲ့ခေါင်းဆောင်သည် Safety Officer ဖြစ်နိုင်သည်။ ၎င်းကဦးဆောင်ကာ အခြားပါသင့်ပါထိုက်သူများကို စည်းရုံးပါဝင်စေရ၏။ မိမိရေးဆွဲမည့် RA နှင့်သက်ဆိုင်သည့် အင်ဂျင်နီယာ၊ လုပ်ငန်းခွင်အန္တရာယ်ကြီးကြပ်ရေးမှူး၊ လုပ်ငန်းကြီးကြပ်ရေးမှူးများ ပါဝင်ရမည်။ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်သည့် ဖိုမင်နှင့် လုပ်သားကြီးများပါ ထည့်နိုင်သည်။ ၎င်းတို့သည် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သဖြင့် ထိုအလုပ်၌ မည်သည့်အန္တရာယ်များရှိနိုင်သည်၊ ထိုအန္တရာယ်များကို မည်ကဲ့သို့ ကာကွယ်တားဆီး၍ရသည်စသော အဘိုးတန် အကြံဉာဏ်များ ပေးနိုင်သည်။
            RA နှင့် SWP ရေးဆွဲပြီးသောအခါ ထိုလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်မည့် လုပ်သားအားလုံးကို ထို RA နှင့် SWP အကြောင်း ရှင်းလင်းပြောပြရမည်။ ရှင်းလင်းပြောပြထားကြောင်းလည်း မှတ်တမ်းယူထားရသည်။ အောက်တွင် RA နမူနာကို ဖော်ပြထားပါသည်။


(မှတ်ချက်။          ။ လုပ်ငန်းတစ်ခုလျှင် RA တစ်ခုစီရေးဆွဲရသည်ဖြစ်၍ RA အမျိုးပေါင်း အများအပြားရှိပါသည်။ သို့သော် မည်သူ့ကိုမ မယုံကိုးပါနှင့်။ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သာသိသည်ဖြစ်၍ RA ကို မိမိကိုယ်တိုင်ရေးပါ။ အခြားသူများ ရေးထားသည်ကို အတုယူနိုင်ပါသည်။ ကူးမချပါနှင့်။ RA နမူနာ အလိုရှိသူများ ကျွန်တော့်ထံ email ပို့ တောင်းယူနိုင်ပါ သည်။ email: aye475@gmail.com)

            လုပ်ငန်းခွင် မတော်တဆမှုများကို လျှော့ချရေးအတွက် အလုပ်သမားများသည် မိမိအလုပ်ကို မည်ကဲ့သို့ အန္တရာယ်ကင်းစွာ လုပ်ရမည်ကို သိထားရေးမှာ အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် Safety Officer တစ်ဦးအနေနှင့် RA နှင့် SWP ရေးဆွဲရေးနှင့် အလုပ်သမားများကို ရှင်းပြရေးမှာ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်၏။ စင်ကာပူ၌မူ Safety Officer မှန်လျှင် Risk Management သင်တန်းတက်ရသည်။ မတက်မနေရ။ သို့တိုင် RA ကို ကျကျနန မရေးတတ်သည့် Safety Officer များ အများအပြားရှိနေသေးသည်သာ ဖြစ်၏။
(မှတ်ချက်။          ။ Risk Assessment ရေးပုံရေးနည်းကို ယခုဆောင်းပါးပြီးလျှင် ဆက်လက်ရေးသားသွားပါမည်။)

            Safety Officer တစ်ဦး၏ နောက်ထပ် အရေးကြီးသော တာဝန်တစ်ခုမှာ သိသင့်သိထိုက်သော  သတင်းအချက် အလက်များ ဖြန့်ဝေပေးရေးဖြစ်သည်။ ထိုအထဲတွင် ဌာနတွင်း သင်တန်းများလည်း ပါ၏။ Safety Officer တစ်ဦးအနေနှင့် အလုပ်သမားများကို ဓာတုပစ္စည်းများအကြောင်း၊ လှေခါးကို အန္တရာယ်ကင်းစွာအသုံးပြုပုံ၊ တစ်ကိုယ်ရေကာကွယ်ရေး ပစ္စည်းများကို ၀တ်ဆင်ပုံ၊ ထိန်းသိမ်းပုံ၊ မီးသတ်ဘူး အသုံးပြုပုံ အစရှိသည်များကို အလုပ်သမားများနားလည်မည့် စကားဖြင့် လိုရင်းတိုရှင်း သင်ပေးနိုင်ပါသည်။ မိမိသင်ပေးလိုက်သည်တို့ကို မည်မျှနားလည်သနည်း ဆိုသည်ကိုလည်း လုပ်ငန်းခွင်အတွင်း စစ်ဆေးရန်သွားရင်း အလုပ်သမားများအား မေးမြန်း၊ စစ်ဆေးကြည့်နိုင်ပါသည်။ 



            စင်ကာပူတွင်တော့ လုပ်ငန်းခွင်အတွင်း အသစ်ရောက်ရှိလာသည့် အလုပ်သမားများအား မည်သည့်လုပ်ငန်းမှ မလုပ်ကိုင်သေးမီ Safety Induction Course (SIC) ကို ဦးစွာတက်စေသည်။ ထိုသင်တန်းမှ လုပ်ငန်းခွင်အတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန် ရှောင်ရန်များကို ရှင်းပြသည်။ ရှင်းပြပြီးကြောင်းမှတ်တမ်းလည်း ယူထားသည်။ ရှင်းပြထားလျက်နှင့်မှ စည်းကမ်းမလိုက်နာ၊ ဖောက်ဖျက်သူများကို အရေးယူသည်။


            နံနက်ခင်း လုပ်ငန်းမစမီ လုပ်ငန်းခွင်အတွင်းရှိသူအားလုံးပါဝင်ကာ နံနက်ခင်းစည်းဝေးပွဲများ ပြုလုပ်ပေးရ၏။ Toolbox Meeting ဟု ခေါ်သည်။ ထိုစည်းဝေးပွဲတွင် ယနေ့မည်သည့်လုပ်ငန်းများလုပ်မည်၊ ထိုလုပ်ငန်း၌ မည်သည့် အန္တရာယ်များရှိသည်။ အန္တရာယ်ကင်းအောင် မည်ကဲ့သို့လုပ်ရမည် စသည်တို့ကိုလည်းကောင်း၊ မတော်တဆမှုနှင့် ပတ်သက်သည့်သတင်းများ၊ လုပ်ငန်းခွင်စစ်ဆေးမှုမှတွေ့ရှိချက်များ၊ စသည်တို့ကို ပြောပြသည်။ သို့သော် လိုအပ်သမျှကိုသာ လိုရင်းတိုရှင်းပြောပြရပါမည်။ Toolbox Meeting တစ်ခုသည် ၁၅ မိနစ်မှ မိနစ် ၂၀ လောက်သာကြာသင့်သည်။ မလိုအပ်သည်များကို လေရှည်နေခြင်းသည် အလုပ်သမားများ၏ အာရုံစူးစိုက်နိုင်မှုကို လျော့ကျစေသည်။




            Safety Officer ၏ နောက်တာဝန်တစ်ခုမှာ လုပ်ငန်းခွင်အတွင်း ပုံမှန် လှည့်လည်စစ်ဆေးခြင်း ဖြစ်၏။ ထိုသို့ စစ်ဆေးရာတွင် -
            က) အလုပ်သမားများ၏ အန္တရာယ်မကင်းသောအပြုအမူ (Unsafe Act) နှင့်
            ခ) အန္တရာယ်မကင်းသော အခြေအနေများ (Unsafe condition) ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုရန် လိုသည်။
            လုပ်ငန်းခွင် စစ်ဆေးရန်သွားသည့်အခါ -
အန္တရာယ်ကင်းဝတ်စုံ (PPE – Personal Protective Equipment) အပြည့်အစုံ ၀တ်သွားပါ။
v  မှတ်စုစာအုပ် နှင့် ဘောပင်၊ ခဲတံ
v  ကင်မရာ
v  လက်နှိပ်ဓာတ်မီး
- စသည်တို့ယူသွားပါ။ ကျွန်တော်ကတော့ လိုအပ်လျှင် ပေကြိုး၊ မာကာ စသည်တို့ပါ ယူသွားပါသည်။

            ဤတွင် ကျွန်တော်တိုင်းခန်းလှည့်လည်စဉ် (ဟုတ်ပေါင်) လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးစဉ် တွေ့ခဲ့ရသော အန္တရာယ်မကင်းသည့် အပြုအမူများကို နမူနာအဖြစ် ဖော်ပြလိုက်ပါသည်။ (အယ်မယ်လေးကွယ်၊ မင်းမပြောလဲ သိပါတယ်။ ငါတို့မြန်မာပြည်မှာ မမြင်ချင်မှ အဆုံး။)




            အောက်ပါတို့မှာ အန္တရာယ်ရှိသော အခြေအနေ (Unsafe condition) များ ဖြစ်၏။




ဆက်ပါဦးမည်။

အေးငြိမ်း (၁၀၊ ၈၊ ၂၀၁၄)

No comments: