Thursday, August 21, 2014

သမ္မတဖြစ်ရေးဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘုန်းကြီးနှင့်ဘီးပမာ

နောက်လာမဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်အရွေးခံနိုင်ဘို့ သူ့အဖွဲ့သားတွေဟာ အပြင်းအထန် လမ်းရှင်းနေကြသပေါ့ဗျာ။
            လင်သားနဲ့သားနှစ်ယောက်က နိုင်ငံခြားသားဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံခြားသားကို လင်/သား တော်ရင် သမ္မတဖြစ်ခွင့်မရှိရဘူး လို့ တားထားတဲ့ အခြေခံဥပဒေကိုပြင်ဘို့ လက်မှတ်လိုက်စုနေတာ ခုဆို လက်မှတ် ၅ သန်းလောက် ရပေါ့။
            အခြေခံဥပဒေပြင်ခွင့်အတွက် စစ်တပ်ကို ဗီတိုအာဏာပေးထားတာကို မဲခွဲဆုံးဖြတ်ဘို့ ပြီးခဲ့တဲ့အပတ်က ဒီချုပ်က လွှတ်တော်မှာ အဆိုတင်ခဲ့တယ်။ ဒါကို လူထုကလည်း ထောက်ခံပါတယ်လို့ သူတို့က သူတို့ရထားတဲ့မဲတွေနဲ့ သက်သေပြတာ ပေါ့ဗျာ။
            ဒါပေမဲ့ပေါ့ဗျာ။ ဒီချုပ်အနေနဲ့ ဒီအဆိုအောင်နိုင်ဘို့ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိသေးတာကိုး။
            ကျုပ်အနေနဲ့ ငိုချင်းချလိုက်ချင်တာကတော့ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုတာ ဒီတစ်သက်တော့ ဘုန်းကြီးနဲ့ ဘီးလို ဖြစ်နေတာကိုပဲ။
            ဘာလို့လဲဆိုတော့ အကြောင်းများစွာရှိနေလို့ပေါ့ဗျာ။ ဒီကိစ္စက ကိန်းဂဏန်းတွေနဲ့ ဆိုင်နေတယ်။ ဒီလိုဗျာ။ လွှတ်တော်အမတ် ၆၆၄ နေရာရှိတဲ့အနက် စစ်တပ်က တစ်မတ်သား ယူထားတယ်။ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ဖွံ့က ၃၃၆ နေရာယူထားတယ်။
            ဒီတော့ကာ ဟားဟား၊ စစ်တပ်က သူတို့ရထားတဲ့ ၁၆၆ မဲကို ကြံ့ဖွံ့ကမဲနဲ့ လွယ်လွယ်လေး ပေါင်းထည့်လိုက်ရင် ပုဒ်မ ၄၃၆ ပြင်ဘို့ဆိုတာကြီးကို အသာလေး ပတ်တောပိတ်ထားလိုက်နိုင် သပေါ့ဗျာ။ အနို့ ၄၃၆ က အမတ် ၇၅% ကျော်က ထောက်ခံပါမှ ပြင်လို့ရမယ်လို့ လူလည်ကြီးသားသမီးများက ရေးထားတာမဟုတ်လားဗျာ။
            ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အဓိကအတားအဆီးဖြစ်နေတဲ့ နိုင်ငံခြားသားနဲ့ လင်/သားမတော်ရဘူး ဆိုတာကြီးအပါအ၀င် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကိုပြင်ဘို့ ၄၃၆ ဆိုတာကြီးက စစ်တပ်ကို ဗီတိုအာဏာပေးထားတာ မဟုတ်လားဗျာ။ ဆိုတော့ နောင်နှစ်ရွေးကောက်ပွဲမှာ ဒီချုပ်ကအနိုင်ရရင်တောင် ဒေါ်စုအနေနဲ့ ဘယ့်နှာလုပ် သမ္မတဖြစ်ခွင့် ရတော့မှာတုံး။
            ဒီချုပ်က ဘွိုင်းကောက်လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်က ပြိုင်ဘက်မရှိ ကွမ်းစားတဖတ်ဖတ်နဲ့ ပြုံးပြုံးကြီး အောင်ပွဲခံပြီးတဲ့နောက် ဘောင်းဘီကိုချွတ်၊ ပုဆိုးဝတ်ပြီး ဘာတယ်၊ အရပ်သားအစိုးရဆိုလား ဖြစ်လာတာ။ နောက်တော့မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒရောသောပါးဝင်ပြိုင်လိုက်လို့ ၄၃ နေရာလေး ရလိုက်တာ ခင်ဗျားတို့ အသိမဟုတ်လား။
            “သူတို့က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို လိုချင်ပါသတဲ့။” လို့ စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရ နဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် သံတမန်တစ်ယောက်က ပြောတယ်။
            “ဆိုလိုတာကဗျာ။ သူတို့က ဖြည်းဖြည်းချင်း အချိန်ယူပြီး အသေးအဖွဲလေးတွေကစ ပြောင်းမှာ။ (ရုတ်တရက်ကြီး ပြောင်းပေးလိုက်ရင် ခင်ဗျားတို့လူထုတွေအနေနဲ့ ဆင်းရဲသားက သိန်းတစ်သောင်းထီ ပေါက်သွားသလိုဖြစ်မှာစိုးလို့ ဆိုတဲ့ စေတနာနဲ့ပေါ့တဲ့။ The regime wants to play safe. သောက်ကျိုးနဲ၊ လာလာချေသေး)။ နောက် ၅ နှစ်ကနေ ၁၀ နှစ် အတွင်း ကြီးကြီးမားမားတွေ ပြောင်းဘို့ ခင်ဗျား မမျှော်လင့်ပါနဲ့ဗျာ။”
            ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ သြဇာတိက္ကမရှိမှုတို့ကြောင့် နောက်ရွေးကောက်ပွဲမှာ ဒီချုပ်အနေနဲ့ အောင်ပွဲခံဘို့ဆိုတာ သံသယရှိစရာမလိုပါဘူးဗျာ။
            တချို့နိုင်ငံရေးလေ့လာသူတွေ ပြောတာကတော့ ဒီတစ်ချီရွေးကောက်ပွဲမှာ ဒီချုပ်အနေနဲ့ ဟိုးတုံးက ၁၉၉၀ ရွေးကောက်ပွဲလို အပြတ်အသတ် အနိုင်ရဘို့ မမြင်ဘူး။ ဒေါ်စုအနေနဲ့ ကြံ့ဖွံ့နဲ့ စစ်တပ်နဲ့ပေါင်းပြီး အစိုးရဖွဲ့ဘို့ လိုလိမ့်မယ်တဲ့။ ဒီချုပ်အနေနဲ့ စစ်တပ်နဲ့ပူးပေါင်းခြင်းသည်သာလျှင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အစိုးရနဲ့နီးစပ်တဲ့သူ တစ်ယောက်က ပြောတယ်။
            နောက်ပြီး သူက ကြံ့ဖွတ်ကိုလည်း မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့တော့ မမြင်နဲ့ပေါ့နော တဲ့၊ ပြောလိုက်သေးတယ်။
            အမှန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအတွင်းက လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးဆောင်တဲ့ အမေရိကန်အခြေစိုက် International Republican Institute က မြန်မာတ၀ှမ်းမှာ စစ်တမ်းကောက်တော့ အစိုးကို ထောက်ခံမဲ ၃၀၀၀ ကျော်တောင် ရပါလားဗျို့။
            ဒီချုပ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ အမှတ်တွေရနေသလို ကြံ့ဖွံ့ခေါင်းဆောင်နေတဲ့ အစိုးရကလည်း အုပ်ချုပ်ရေးပိုင်းမှာ အမှတ်တွေ တက်နေသကိုး။
            သမ္မတဦးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရောင်ကို မှေးမှိန်သေးသိမ်အောင်လို့ သာသာနဲ့ နာနာလေး နှက်နေတာ မဟုတ်ပါလားဗျာ။
            ကျုပ်ကတော့ နောက်သမ္မတသက်တမ်းမှာ ဆက်မလုပ်တော့ပါဘူးလို့ ငြင်းနေပေမဲ့ သူ့ခမျာ မလုပ်ချင် လုပ်ချင် ဆက်လုပ်ဘို့လို့ ဖိအားပေးခံနေရပါသတဲ့။
            မြန်မာ့နိုင်ငံရေးဟာ နံမည်ဆိုးနဲ့ကျော်ကြားတဲ့ မာခီယာဗယ်လိန်နိုင်ငံရေးဖြစ်သလို ခုတစ်မျိုး တော်ကြာတစ်မျိုး ရှုံ့ချည် နှပ်ချည် နိုင်ငံရေးလဲဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သမ္မတယှဉ်ပြိုင်ပွဲမှာတော့ သိပ်ကြောက်စရာကောင်းတဲ့ ဆင်လောက်ရှိတဲ့ ပြိုင်ဘက်တော့ မဟုတ်ပါဘူးခင်ဗျာ။
(မာခီယာဗယ်လီဆိုတာ မင်းသား ကျမ်းကို ရေးခဲ့တဲ့ နိုင်ငံရေးပညာရှိကြီးပေပေါ့ခင်ဗျာ။ မင်းသား၊ အောင်မြင်ကျော်ကြားတဲ့ ဧကရာဇ်ဖြစ်ဘို့ဆိုတာ ကိုယ့်ကို ဗောင်းတော်ညိတ်၊ စိတ်တော်သိတဲ့သူတွေကို ပ,စားပေးပြီး အနားမှာ ၀ိုင်းထား။ ကိုယ့်ကို ဝေဖန်တဲ့ မကောင်းပြောတဲ့သူမှန်သမျှ အကုန် ဖြုတ်ထုတ်သတ် လုပ်ရမယ်လို့ လူမမယ်မင်းသားကလေးကို မဟုတ်တာ အကုန် သင်ပေးခဲ့တဲ့ သူပေါ့။ မင်းသားကျမ်းဖတ်ချင်သူတွေ http://www.constitution.org/mac/prince.pdf မှာ ဒေါင်းပါခင်ဗျာ။ ဤကား စကားချပ်)
            နောက်တစ်ချက်က ကြံ့ဖွံ့ခေါင်းဆောင်ကြီးဖြစ်တဲ့ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ရွှေမန်းတင်မောင် (ဟုတ်ပေါင်) သူရရွှေမန်းကလည်း သမ္မတနေရာအတွက် မျက်စိကျစရာ ဖြစ်လာနေသမို့လား ခင်ဗျ။
            လွှတ်တော် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ သူက ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက် ပြောနေလေရဲ့။ နောက်သမ္မတရွေးပွဲအတွက် ဟန်ပြကောင်းအောင် လုပ်နေမှန်း သိသာသပေါ့ဗျာ။
            နောက်ပြီး ဒီချုပ်က (အခြေခံဥပဒေပြင်ရေးအတွက်) လက်မှတ်ကောက်နေတာကလည်း အလျင်တုံးက ဒေါ်စုနဲ့ စစ်တပ်အကြား တင်းမာမှုတွေလျော့ပါးနေတာကို ပျက်ပြားသွားစေတယ်။ အလျင် ၂ နှစ်လောက်တုံးက ဒေါ်စုက တပ်မတော် အပေါ် အတော် ပျော့ပျော့ပြောင်းပြောင်းဖြစ်နေတာကနေ ဟော၊ အခုတော့ ဟေ့၊ ဒီမိုကရေစီစစ်စစ်မှာ ဘယ် ယူနီဖောင်းဝတ်တွေ အတွက်မှ နေရာမရှိဘူး လို့ ပြောနေပါရောလား။
            သူ့စိတ်မရှည်မှုနဲ့ လေသံတင်းမာလာမှုတွေဟာ သူနဲ့ အင်မတန်ပါဝါကြီးလှတဲ့ စစ်ခေါင်းဆောင်တွေရယ်၊ နောက်ပြီး သူသမ္မတဖြစ်ရေး မျှော်လင့်ချက်ရှိတဲ့ အခြေခံဥပဒေက အတားအဆီးတွေကို ပြင်ဘို့ရာမှာ အရာရောက်တဲ့ အစိုးရ အရာရှိကြီး တွေအကြားမှာ လေစိမ်းတွေ တိုက်စေတယ်။
            ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီအတွင်းမှာတောင် သူသမ္မတဖြစ်ရေးကို သံသယရှိနေသူတွေ ရှိသေးတယ်။ ဥပမာ - ပါတီဗဟိုကော်မတီဝင်လည်းဖြစ်၊ မိတ္ထီလာလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က “ကြံ့ဖွံ့ဟာ အခြေခံဥပဒေကိုပြင်ဘို့ သဘောတူမှာမဟုတ်ဘူး။ အဲသလိုသာဆိုရင်ဖြင့် ဒေါ်စုသမ္မတဖြစ်မဲ့အခွင့်အရေးလည်း ရှိမှာ မဟုတ်ဘူးပေါ့ဗျာ” လို့ The Straits Times ကို ပြောတယ်။
            သမ္မတကို လွှတ်တော်မှာ မဲပေးပြီး ရွေးတာကိုး။ ဒီချုပ်အနေနဲ့ အပြည့်အ၀ထောက်ခံရင်တောင်မှ စစ်တပ်ကို ကျော်ဘို့ မလွယ်ဘူးဗျို့။
            ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီကိုအာဏာရလာအောင် အကောင်းဆုံး လုပ်နိုင်တာက တခြားပါတီတွေ အထူးသဖြင့် စစ်တပ်နဲ့ ပူးပေါင်းလိုက်ဖို့ဘဲ။
            အခြေခံဥပဒေကို မပြင်ဘဲလုပ်လို့ရတာ ရှိပါသေးတယ်ဗျာ။ အနို့ လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်နိုင်သေးတယ် မဟုတ်လား။ သမ္မတလိုမဟုတ်တောင် သမ္မတလိုဘဲ သြဇာမညောင်းပေဘူးလားခင်ဗျာ။
            အနှစ် ၄၀ လောက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ အော်လာခဲ့တဲ့စစ်တပ်ပေဘဲ။ ခင်ဗျားတို့အရပ်သားတွေကို နိုင်ငံရေးပါးမ၀သေးဘူး။ သူတို့ဆက်အုပ်ချုပ်မှ ဖြစ်မယ်လို့ ထင်နေသကိုးဗျာ။
            သြော်၊ နောက်ပြီး ပြည်တွင်းစစ်ဆိုတာကြီးကလည်း နှစ်ရှည်လများ ဖြစ်နေတဲ့အတွက် ယူနီဖောင်းဝတ်တွေကို ဘေးဖယ်ထုတ်လိုက်ဖို့ ဆိုတာ ရေဝေးထက်ဝေးတဲ့ ဝေလာဝေးထဲကပါဘဲလို့။

မှတ်ချက်။            ။ ကျွန်တော်ရေးတာမဟုတ်ရပါခင်ဗျာ။ Nirmal Ghosh ဆိုတဲ့ဆရာကြီးရေးတာကို ကျွန်တော်က ဖတ်ကောင်းရုံ နည်းနည်းပါးပါး ကလိလိုက်တာပါ။

Source: President’s post unlikely for popular Suu Kyi by Nirmal Ghosh from The Straits Times: 20/8/14; Section: Opinion: Page A21

အေးငြိမ်း

၂၀၊ ၈၊ ၂၀၁၄။ ည ၁၁း၅၅ နာရီ

မူရင်း -



No comments: