Thursday, August 7, 2014
ရွေးချယ်ခြင်း အနုပညာ
ရွေးချယ်ခြင်း အနုပညာ (ဂျူး)
ရွေးချယ်ခွင့်နည်းတာနဲ့ များတာ ဘယ်ဟာပိုကောင်းသလဲ။ ကျွန်မတို့ဟာ အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နေ့စဉ်နဲ့အမျှ ရွေးချယ်နေကြရတယ်။ အဲသည်လိုရွေးတဲ့နေရာမှာ ကိုယ်ကြိုက်တာကို ရွေးတယ်။ ကိုယ်နဲ့ အဆင်ပြေတာကို ရွေးတယ်။ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်မဲ့ဟာကို ရွေးကြတယ်။
            (ဤနေရာတွင် ဆရာမက သူ အစားအစာများ ရွေးသည့်အခါ ကိုလက်စထရောများသည့်အစာများကို ရှောင်ပြီးရွေးရကြောင်း အစားအစာထဲတွင် ဦးဏှောက်သည် ကိုလက်စထရောအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ကြက်ဥ အနှစ်ဖြစ်ကြောင်း ပြောပြသွားပါ၏။
            ထို့နောက် သူအရွေးမှားခဲ့ပုံများကို နမူနာပြသွားပါသေး၏။ သူအမေရိကားကို ၁၉၉၇ (ဆိုလား) သွားရစဉ် ကွန်ပြူတာများကလည်း ပေါ်စ၊ အလွန်ဈေးကြီးသေး။ သူကလည်း လိုချင်။ သည်တော့ ကွန်ပြူတာအကြောင်း နားလည်သူများ ကို တိုင်ပင်ရာမှ USD ၂၃၀၀ လောက်တန်သည့် ကွန်ပြူတာ ၀ယ်ခဲ့ကြောင်း၊ နောက်တော့ တစ်နှစ်လောက်နှင့် ပျက်သွား သဖြင့် အလွန်နှမြောမိကြောင်း။ အကယ်၍သာ ၁၇၀၀ တန်လောက်သာ ၀ယ်ခဲ့ပါက ပိုက်ဆံအများကြီးသက်သာမှာ ဖြစ်ကြောင်း စသည်။)
            ရွေးတဲ့အခါ အရွေးမှန်ဘို့လိုတယ်။ အရွေးမှားတဲ့အခါ တစ်သက်လုံး ဒုက္ခရောက်တတ်တာတွေ ရှိတယ်။
(ဤနေရာတွင်လည်း ဆရာမက သူဆယ်တန်းအောင်တော့ အမှတ်ကောင်းသဖြင့် မိခင်၏တိုက်တွန်းမှုဖြင့် ဆေးတက္ကသိုလ် ရောက်ခဲ့ရပုံ၊ မြန်မာပြည်၏ အလွန်ရွေးစရာ ရှားပါးလှသည့်အခြေအနေကြောင့် မန္တလေးဆေးတက္ကသိုလ်တွင် တက်ခဲ့ရပုံ၊ နောက်တော့ ဆရာဝန်အလုပ်သည် သူစိတ်ဝင်စားသည့်အလုပ်မဟုတ်သည့်အတွက် မပျော်မွေ့ခဲ့ရပုံများကို ပြန်ပြောပြပါ သည်။ အရွေးမှားခဲ့သည့်အတွက် စိတ်ဆင်းရဲခဲ့ရပုံများကို ပြောလိုရင်းဖြစ်၏။)
            ရွေးတဲ့အခါ ဘာလို့ရွေးသလဲဆိုတာရယ်၊ ဘာကြောင့်ရွေးရသလဲဆိုတာရယ်အရေးကြီးပါတယ်။ နောက်ပြီး အဲဒီ ရွေးချယ်မှုနဲ့အတူ ယူလိုက်ရတဲ့တာဝန်တွေရှိတယ်။ ကောင်းကျိုးဆိုးပြစ်တွေရှိတယ်။
(ဤနေရာတွင် ဆရာမက ရွေးစရာများတိုင်း မကောင်းကြောင်း၊ ရွေးချယ်မှုနှင့်အတူ ကပ်ပါလာသော တာဝန်ယူရမှု အကြောင်းကို အမေရိကားတွင် စူပါမားကက်အတွင်းဝင်စဉ် ပလတ်စတစ်အိတ်နှင့် စက္ကူအိတ်၊ နှစ်မျိုးအနက် မည်သည့် အိတ်ကို အလိုရှိပါကြောင်းမေးပုံ၊ ထိုအခါ သူ့အနေနှင့် စက္ကူအိတ်ကို ရွေးလျှင် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ထိခိုက်မည်။ ပလတ်စတစ်အိတ်ရွေးလျှင် ပလတ်စတစ်ဆိုတာ ရေနံကရတာ၊ ရေနံဖြစ်ဘို့ နှစ်သန်းနှင့်ချီစောင့်ရသည်။ ထို့ပြင် ပလတ်စတစ်ဆိုတာ လွယ်လွယ်နှင့်ဖျက်ဆီးပစ်လို့မရသည့်ပစ္စည်း ဖြစ်သည် စသဖြင့်တွေးတောကာ စက္ကူအိတ်ကိုသာ ရွေးခဲ့ကြောင်း၊ သူက မရွေးလိုသဖြင့် အရောင်းစာရေးမလေးကို ရွေးခိုင်းရာ သူတို့က လုံးဝလက်မခံဘဲ မိမိကိုသာ ရွေးစေပုံ၊ ဆိုလိုသည်မှာ ရွေးချယ်မှုကြောင့် ဖြစ်လာသော ကောင်းကျိုးဆိုးပြစ်များအတွက် သူတို့က တာဝန်မယူဘဲ၊ ရွေးချယ်သည့် ကာယကံရှင်ကိုသာ တာဝန်ယူစေခြင်းဖြစ်ကြောင်း စသည်တို့ကို အကျယ်တ၀င့်ပြောပါသည်။)
(ထို့ပြင်လည်း စာအုပ်ဝယ်ရာ၌ သူ့ရွေးချယ်မှုကို ပြောပြပါသည်။ သူက မြန်မာပြည်က စာအုပ်ဆိုင်၊ ရောင်းသူများနှင့် အမေရိကားက စာအုပ်ဆိုင်၊ ရောင်းသူများသည် မိုးနှင့်မြေကဲ့သို့ ကွာပုံအကြောင်း ပြော၏။
ကျွန်ုပ်တို့ မြန်မာပြည်မှ စာအုပ်ဆိုင်များတွင် စာအုပ်စင်များကြား၌ လူတစ်ယောက် လမ်းလျှောက်ရုံသာ ထားပေးသဖြင့် လူနှစ်ဦးလျှောက်ပါက ဘေးစောင်းရှောက်ရကြောင်း၊ တစ်ယောက်က စာအုပ်ရွေးနေလျှင် နောက်တစ်ယောက် အတွက် လမ်းလျှောက်ရန် အဆင်မပြေကြောင်း၊ စာအုပ်ကိုမြည်းဘို့မပြောနှင့်၊ ရပ်ကြည့်တာ အနည်းငယ်ကြာလျှင်ပင် အရောင်းစာရေးများက အနားလာကပ်ကာ မသင်္ကာသောမျက်လုံးများဖြင့် စူးစမ်းတာ ခံရကြောင်း။
ထို့ပြင် အကျွန်ုပ်တို့ ရွှေမြန်မာနိုင်ငံတော်ကြီးမှ ၀န်ထမ်းများမှာ နိုင်ငံခြားသားဆိုလျှင် ခြေသလုံးဖက်မတတ် အရေးတယူ လုပ်တတ်ကြသော်လည်း မြန်မာဆိုလျှင် စောင်းငဲ့၍မျှပင် ကြည့်ဖော်မရကြောင်း၊ သူတို့ဘာသာ လာကြည့်ဘို့ အသာထား၊ သွားမေးလျှင်ပင် မသိသလို၊ သိသလို၊ မပြောချင်သလို၊ ပြောချင်သလို (အာ၊ ဒါတွေ ခင်ဗျားတို့သိပါတယ်ဗျာ။ ကျွန်တော်တို့ကိုလည်း ဒီအတိုင်းဆက်ဆံခံရတာပါဘဲ၊ ဟတ်တယ်မလား။) ဆက်ဆံခံရကြောင်းများ ပြောသွားပါသည်။
အမေရိကန်မှ စာအုပ်ဆိုင်ကြီးများမှာမူ ကိုယ်လိုချင်သောစာအုပ်ကို စာအုပ်စင်ပေါ်မှ ယူသွားကာ စာအုပ်စင်များအဆုံးတွင် ထိုင်ရန်ထားပေးသော ခုံများ၌ မြည်းစမ်းဖတ်နိုင်ကြောင်း၊ တစ်နေကုန်ထိုင်ဖတ်သည့်တိုင် လာပြောမည့်သူ မရှိကြောင်း၊ ကိုယ့်ပါသောပိုက်ဆံကလေးနှင့် အကြိုက်ဆုံးစာအုပ်ကို ၀ယ်နိုင်ရန် သူက ကောင်းနိုးရာရာ စာအုပ် ၁၀ အုပ်လောက်ဆွဲယူပြီး မြည်းစမ်းကြည့်ကြောင်း၊ နောက်မှ အကြိုက်ဆုံး စာအုပ်တစ်အုပ်ကို ၀ယ်ရကြောင်း၊ ထိုအချိန်က သူ ပလေတို ၏ ရီပတ်ဘလစ် (The Republic of Plato) စာအုပ်ကို ၀ယ်ခဲ့ကြောင်း၊ ထိုစာအုပ်အမြည်းကို ဆရာဇော်ဂျီက ပလေတိုနိဒါန်းဟု ဘာသာပြန်ဆိုထားပါကြောင်း စသည်တို့ပြောပါသည်။) (ကြားဖြတ်၍ သူ အ၀တ်ဝယ် သွားသည့်အခါတွင်ပင် အ၀တ်တစ်ခုကိုကြည့်တာ အတန်ငယ်ကြာမိ၍ နောက်မှတကောက်ကောက်လိုက်ကာ လာအမေး ခံရကြောင်း ပါထည့်ပြောလိုက်ပါသေးသည်။)
            (ဆရာမက ဤသို့ပြောသော် ကျွန်ုပ်ကလည်း အားကျမခံ ပြောလိုပါ၏။ ၂၀၀၉ ခုနှစ်အကျော်ကာလများက ကျွန်တော့် စာအုပ် ၂ အုပ် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ထုတ်ပါသည်။ ဖြန့်ချိရေးအတွက် ရာပြည့်ကို ပေးလိုက်၏။ ပထမ စာအုပ် ၅၀၀ ပေးလိုက်သည်။ အဆင်မပြေပါ။ သူတို့ဘယ်လိုဖြန့်သည်မသိ၊ ရန်ကုန်မှ စာအုပ်ဆိုင်များကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်မေးရာ တစ်ဆိုင်မှ တင်ထားတာမတွေ့ရ။ နယ်ဆိုင်များဖြန့်ဘို့ဆိုတာ ဝေလာဝေး။ ထို့ကြောင့် စာအုပ်ထုပ်ကြီးများကို တက္ကစီပေါ်တင်ကာ မမနှင့်ကျွန်တော် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ဖြန့်သည်။
            နောက် စာအုပ်ရောင်းရသည့်အခြေအနေစုံစမ်းရင်း ပိုက်ဆံလိုက်သိမ်းတော့လည်း အဆင်မပြေပါ။ ဖုံးဆက်မေး တော့လည်း ရေရေရာရာ မသိရ။ ကိုယ်တိုင်သွားတော့လည်း အလုပ်ရှုပ်နေလို့ဆိုကာ အကြာကြီးထိုင်စောင့်နေရသည်။ သို့သော် အလွန်အင်မတန် ရောင်းကောင်းနေလို့လားဟု မေးပါ။ တစ်လမှ လေးငါးအုပ် ရောင်းရတာ ဖြစ်သည်။ တစ်ခါတစ်လေ တစ်လလုံးကုန်မှ တစ်အုပ်လောက် မဖြစ်ညစ်ကျယ် ရောင်းရသည်။ သဟာနှင့်များတောင် ကျွန်တော်တို့ကို စာရင်းနှင့်အင်းနှင့် သေသေချာချာ ရှင်းမပေးနိုင်။ ကိုယ်က သူတို့ကို ပြန်ရှင်းပြရသည်။
            ပိုက်ဆံလေးငါးသောင်းလောက်ရဘို့ ရန်ကုန်အနှံခြေတိုအောင် လျှောက်ရသည်။ သွားရသည့်စရိတ်၊ လူပင်ပန်းတာ နှင့်ပင် မကာမိ။ ထို့ကြောင့် နောက်ပိုင်းစာအုပ်များကို ကိုယ့်ဘာသာထုတ်ရန် ကျားမြီးဆွဲရမှာလောက် ကြောက်မိတော့၏။ ထုတ်ဝေသူကိုအပ်လိုက်တော့ စာမူခ တစ်ခါတည်းပေးလိုက်တော့ ခေါင်းနောက်သက်သာသည်။
            သို့သော်လည်း ထုတ်ဝေသူနှင့်လည်း အဆင်ပြေသည် မထင်ပါနှင့်။ စာအုပ်တစ်အုပ် ထွက်ဘို့အရေး ခါကာဘိုရာဇီ တောင်ထိပ်တက်ဘို့ထက် ခဲယဉ်းသေးသည်။ သည်ကိစ္စများကိုသာ ရေးပြပါက စစ်နှင့်ငြိမ်းချမ်းရေးထက် ပိုထူစရာရှိသည်။ ထားပါတော့။ ခြုံပြောရလျှင် တော်တော့်ကို အဆင်မပြေပါ ဟုသာ မှတ်လိုက်ပါခင်ဗျား။
            သည်တော့ ကိုယ့်ဟာကိုယ်ထုတ်မလား၊ ထုတ်ဝေသူနှင့်ထုတ်မလား။ ရွေးစရာ နှစ်ခုအနက် တစ်ခုကို ရွေးပါဆိုလျှင် ကျွန်တော်ကတော့ တစ်ခုမှ မရွေးချင်ပါ။ နှစ်ခုလုံး အဆင်မပြေသောကြောင့် ဖြစ်၏။ အဘယ့်ကြောင့် အဆင်မပြေသနည်း။ မြန်မာပြည်မှ လုပ်ပုံကိုင်နည်းများ နေရာမကျ၍ အဆင်မပြေသည်။
            ဤသည့်အရာများမှာ ကျွန်တော်မြန်မာပြည်ပြန်မည်ဟု စဉ်းစားသည့်အခါတိုင်း တွန်းအားများ ဖြစ်လာပါသည်။ သို့သော် မြန်မာပြည်ပြန်ရန် တွန်းအားမဟုတ်။ မြန်မာပြည်ဘက်မှ ပြန်တွန်းထားသည့် တန်ပြန်တွန်းအားများသာ ဖြစ်၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။)
            မျိုးချစ်စိတ်နှင့်ရွေးလျှင်လည်း မှားတတ်သည့်အကြောင်း (ဆရာအော်ပီကျယ် ထင်ပါသည်၊ အသက်ကကြီးပြီဆိုတော့ မှတ်ဉာဏ်များမကောင်းတော့ ကောင်းကောင်းမမှတ်မိ) ကျောပိုးအိတ်ဝယ်သည့် သာဓကနှင့် ပုံဆောင်သွားပါသည်။ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ သူတို့ ကျောပိုးအိတ်ဝယ်ကြသည်။ သူက Made in Myanmar ကို အားပေးကာ ၀ယ်လိုက်သည်။ သူငယ်ချင်းဖြစ်သူက သီရိလင်္ကာချုပ်ကို ၀ယ်သည်။ ဒီဇိုင်းတူ၊ အရွယ်တူ။ ဈေးတူ။
            မြန်မာပြည်ထွက် သူ့ကျောပိုးအိတ်မှာ တစ်နှစ်လောက်အကြာတွင် ချုပ်ရိုးများပြုတ်ကုန်သဖြင့် ပစ်လိုက်ရသည်။ သူငယ်ချင်းကိုပြောပြတော့ (သီရိလင်္ကာချုပ်) သူ့ကျောပိုးအိတ်မှာ အကောင်းပကတိရှိသေးကြောင်းပြောပြီး သူ့ကိုပေးသဖြင့် သုံးနေရာ ယခု ၅ နှစ်ကျော်သည်ထိ ဘာမှမဖြစ်၊ အကောင်းအတိုင်းရှိသေးသည်ဟူ၏။
            ဖြစ်တည်မှုပဓာန၀ါဒ တွေးခေါ်ပညာရှင် ယန်းပေါဆတ် (Jean Paul Satre: 1905) ဟာ ကျောင်းဆရာ၊ ဖီလော်ဆော်ဖီဘာသာရပ်ကို ပို့ချတယ်။
(ကြားဖြတ်၍ ယန်းပေါဆတ်အကြောင်း ဖတ်ကြည့်ကြပါရန် တိုက်တွန်းပါသည်။ Link:
၎င်း၏ဖြစ်တည်မှုဝါဒ စာအုပ်။ Link: http://www.myanmarebooks.net/archives/1816 )
တစ်နေ့ကျတော့ သူ့ဆီကို ဂျာမန်ကျောင်းသားလေးတစ်ယောက် ရောက်လာတယ်။ သူ့အစ်ကိုအသတ်ခံလိုက်ရလို့ သူ စစ်ထဲ ၀င်ချင်တယ်။ အဲဒီတော့ ပြင်သစ်လွတ်မြောက်ရေးတပ်ဦးထဲ ၀င်မယ်ပေါ့။ ဒါပေမဲ့ သူ့မှာ မမာမကျန်းဖြစ်နေတဲ့ မိခင်အိုကြီးကလည်း ရှိသေးတယ်။ ဆိုတော့ သူဘာလုပ်ရမှန်းမသိဘူး။ ဒါနဲ့ ယန်းပေါဆတ်ဆီ အကြံလာတောင်းတယ်။ သူ ဘာလုပ်ရမလဲပေါ့။
            ဒီတော့ ယန်းပေါဆတ်က ပြောတယ်။ ဒါကတော့ မင်းရဲ့ လွတ်လပ်မှုနဲ့ ရွေးချယ်ခွင့်ပဲ။ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ အဲဒီရွေးချယ်မှုကြောင့် ဖြစ်လာမဲ့ အကျိုးရလဒ်တွေကိုတော့ ငါ သုံးသပ်ပြမယ်။
            တကယ်လို့ မင်းစစ်ထဲဝင်သွားပါပြီတဲ့။ မင်းအမေကြီးကို ဘယ်သူကြည့်ရှုစောင့်ရှောက်မလဲ။ မင်းစစ်ထဲဝင်တာ မင်းအမေကြီးအနေနဲ့ စိတ်ချမ်းသာမယ်လို့ မင်းထင်သလား။ အကယ်၍ စစ်ထဲမှာမင်း ကျသွားပါပြီတဲ့။ မင်းအမေကြီးအနေနဲ့ ဘယ်လိုနေမလဲ။ ဒါပေမဲ့ မင်းစစ်ပွဲမှာကျသွားရင် ချီးကျူးဂုဏ်ပြုမှု လက်မှတ်တစ်ခုတော့ရမှာပေါ့။ ဒါက စစ်ထဲလိုက်လို့ရလာမဲ့ အကျိုးဆက်။
            အကယ်၍ မင်း စစ်ထဲမလိုက်ဘဲ မင်းအမေကြီးကို အနီးကပ်ပြုစုနေမယ်ဆိုရင်တော့ မင်းအနေနဲ့ နိုင်ငံတော်ကပေးမဲ့ ချီးကျူးဂုဏ်ပြုမှုလက်မှတ်ကို မရနိုင်တော့ဘူး။ ဒါပေမဲ့ မင်းအမေကြီးကို စိတ်ချမ်းသာမှုပေးနိုင်မယ်။ အနီးကပ်ပြုစုနိုင်မယ်။
You are free and it is creation.
            အဲဒီနှစ်ခုထဲက မင်းကြိုက်တာ ရွေးနိုင်တယ်။ ဆိုတော့ ကျောင်းသားလည်း သူ့အမေကို ပြုစုမယ်ဆိုတဲ့လမ်းကို ရွေးလိုက်တယ်။
            အမှန်ဆို ဒီကျောင်းသားဟာ သူ့ဆီမလာခင် ဆုံးဖြတ်ပြီးသားဖြစ်ကောင်း ဖြစ်နေနိုင်တယ်လို့ ယန်းပေါဆတ်က တွေးပြီးသား။
We are What We Choose. Choice is most powerful tool in your life.
ဆုံးဖြတ်ချက်တိုင်း ရွေးချယ်မှုတိုင်းမှာ အကြောင်းရင်းခံဆိုတာ ရှိကြတာချည်းပဲ။ ကိုယ်ရွေးလိုက်တဲ့အခါ လွတ်လပ်စွာ ရွေးချယ်လိုက်တယ်ဆိုတဲ့အသိစိတ်နဲ့ အတူ တာဝန်ယူမှုဆိုတာပါ ကပ်ပါလာတယ်။
            လူကြီးတွေဟာ အတိတ်နဲ့ အသက်ရှင်တယ်။ လူငယ်တွေကတော့ မျှော်လင့်ချက်နဲ့ အသက်ရှင်ပါသတဲ့။
ရွေးချယ်မှုနဲ့ပတ်သက်လို့ Behavioural Psychologist တစ်ယောက်က Jam study လုပ်တယ်။
            လာတဲ့လူတွေထဲက ၆၀% သောလူတွေဟာ ယို ၂၄ မျိုးတင်ထားတဲ့စားပွဲကို သွားကြတယ်။ ဒါပေမဲ့ အဲဒီလူတွေထဲက ၃% ပဲ အဲဒီ ယို ၂၄ မျိုးထဲက ၀ယ်တယ်။ ၄၀% ကတော့ ယို ၆ မျိုးပဲတင်ထားတဲ့ စားပွဲကို သွားကြပေမဲ့ အများစုဟာ အဲဒီ ယို ၆ မျိုးထဲကနေ ၀ယ်တယ်ဆိုတာကို တွေ့ရတယ်တဲ့။
(မှတ်ချက်။          ။ ပိုပြီးအသေးစိတ်သိလိုသူများ အောက်ပါ link များတွင် ဖတ်နိုင်ပါသည်။
            တစ်ခါတလေကျတော့ ရွေးစရာများခြင်းဟာ လူကို ၀န်ထုပ်ဝန်ပိုးဖြစ်စေတယ်။ တွေဝေစေတယ်။ ဒါဆို ရွေးဘို့များတာ ကောင်းသလား။ နည်းတာကောင်းသလား။
            နိုင်ငံခေါင်းဆောင်ရွေးဘို့ကျ ပိုအရေးကြီးသေးတယ်။ ကိုယ်ရွေးလိုက်တဲ့ခေါင်းဆောင်ဟာ ကိုယ့်အတွက် အကျိုးရှိဘို့ လိုတယ်။ နိုင်ငံ့အကျိုး သယ်ပိုးတဲ့သူဖြစ်ဘို့လိုတယ်။
(ကြားဖြတ်ပြောပြစေ။ ဆရာမရယ်၊ ကျွန်တော် အသက် ၅၀ ကျော်ပါပြီ။ တစ်ခါမှ နိုင်ငံ့ခေါင်းဆောင်ဆိုတာကို မရွေးခဲ့ဖူး သေးပါ။ နိုင်ငံ့ခေါင်းဆောင် ရွေးပွဲကိုလည်း တစ်ခါမှ မကြုံခဲ့ရဖူးသေးပါခင်ဗျာ။ မသေခင် တစ်ခါလောက်တော့ ရွေးကြည့်ချင်လိုက်တာ။)
            ဒါဆို ဘာကိုရွေးမလဲ၊ ဘယ်လိုရွေးမလဲ၊ ရွေးဘို့ကို ဘယ်သူက သင်ပေးမလဲ။ ကိုယ့်ဘာသာကိုယ်ရွေးတာ ကောင်း သလား။ သူများရွေးပေးတာ ကောင်းသလား။
            တစ်ခါ ရွေးတာမှာလည်း အရေးကြီးမှု အတိမ်အနက်ရှိတယ်။ စာအုပ်ရွေးတာနဲ့ ဆရာဝန်ရွေးတာနဲ့ ဘယ်လိုမှ မတူနိုင်ဘူး။
(ဤတွင် ဆရာမက အခြားဆေးခန်းတစ်ခုနှင့် မောင့်အဲလီဇဘက်တွင်ဆေးစစ်တာ ဆေးချင်းရော၊ ဈေးချင်းပါ အလွန်ကွာလှပုံ။ အသက်နှင့်ရင်းရသော ကိစ္စများတွင်မူ အကုန်အကျ များချင်များပါစေ ဆေးခန်းကောင်းကောင်း၊ ဆရာဝန်ကောင်းကောင်းကို သာ ရွေးသင့်ပုံတို့ကို သူ့ကိုယ်တွေ့နမူနာများဖြင့် ပြောပြသွားပါသည်။ ကျွန်တော် အကုန်မမှတ်မိတော့ပါ။)
            အမေရိကန်တွေကတော့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ပဲချချင်တယ်။ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချစေချင်တယ်။ ကိုယ့်ဟာကိုယ်မှားပြီး ဆုံးဖြတ်မိရင်လည်း နောင်တကို ကိုယ့်ဟာကိုယ်ပဲ ကျေကျေနပ်နပ် ခံယူချင်တယ်။ ဆရာဝန်တွေ ကလည်း လူနာကိုပဲ ဆုံးဖြတ်ခိုင်းတယ်။ လူနာတွေကလည်း ကိုယ့်ဘာသာပဲ ဆုံးဖြတ်တယ်။
            ပြင်သစ်မှာကျတော့ အဲဒီလိုမဟုတ်ဘူး။ ဆရာဝန်တွေက ဆုံးဖြတ်ပေးတယ်။ လူနာတွေကလည်း ဆရာဝန်ကိုပဲ အားကိုးတယ်။
            အဆုံးအဖြတ်မှားလို့ရှိရင် သေရာပါနောင်တတွေရတတ်တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချတတ်အောင် စာဖတ်ခြင်းက အများကြီး အထောက်အကူပြုတယ်။ မိတ်ဆွေတစ်ယောက်နဲ့ ပေါင်းရင် သူ့အတွေ့အကြုံတစ်ခုပဲ ရမယ်။ ဒါပေမဲ့ စာအုပ်ဆိုတာ စာရေးဆရာအများကြီးက သူတို့ အတွေ့အကြုံ၊ အတွေးအခေါ်အယူအဆတွေကို ရေးထားတာဖြစ်လို့ မိတ်ဆွေအများကြီးကို တစ်ထိုင်တည်းနဲ့ ရလိုက်သလိုပဲ။
            အဲဒါကြောင့် ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချတတ်အောင် စာများများဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
(ဆရာမပြောသွားတာ အလွန်ကောင်းပါသည်။ ကျွန်တော် သူပြောတာကိုမီအောင် လိုက်မရေးနိုင်ပါ။ အကုန်ပြန်မပေးနိုင်သည့် အတွက် စာဖတ်သူများကို တောင်းပန်ပါသည်ခင်ဗျား။)
အေးငြိမ်း
၇ သြဂုတ်၊ ၂၀၁၄။ ညနေ ၅း၁၅ နာရီ (MRT ပေါ်၌)
No comments: