Monday, August 4, 2014

“ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ” (ဆရာဖေမြင့်)







            ဒီနေရာမှာ ဘ၀ နဲ့ ဆုံးဖြတ်ချက် ဆိုပြီး နှစ်ခုရှိတယ်။ လူရယ်လို့ဖြစ်လာကတည်းက ဘ၀ဆိုတာကြီးထဲ ဘုမသိ၊ ဘမသိနဲ့ရောက်လာရတယ်။ မွေးကင်းစထဲက ဘ၀ရဲ့ဒုက္ခတွေကို ခံစားရတယ်။ ဘာမှ ကိုယ့်ကိုယ်ကိုယ် မစီမံနိုင်ဘူး။ နောက် မူလတန်းကျောင်းသားအရွယ်ရောက်လာတယ်။ ကျောင်းမှာ ဗိုလ်ကျတဲ့ကောင်နဲ့ တွေ့တယ်။ ဆရာ/ဆရာမနဲ့တွေ့တယ်။ မိဘ၊ ဆရာသမားများကပဲ ကောင်းရာမွန်ရာ စီမံပေးတယ်။
            အလယ်တန်းဘ၀ရောက်တော့ ဟာ၊ ဆယ်တန်းမှာ အမှတ်ကောင်းမှ လိုင်းကောင်းရမှာ။ တွန်းအားတွေနဲ့ စာကြိုးစား ရတယ်။ တစ်ခါ ဆယ်တန်းရောက်ပြန်တော့ နေ့မနား၊ ညမနား။ အမှတ်ကောင်းဘို့ ကြိုးစားရပြန်တယ်။ နောက်တော့ ဘွဲ့ရဘို့ တစ်ခါ ကြိုးစားရ။ ဘွဲ့ရပြန်တော့လည်း အလုပ်အတွက် သင်တန်းတွေတက်ရ။ အလုပ်လျှောက်ရ။ ကဲ၊ ဘယ်ဟာကို ကိုယ်စိတ်ကြိုက် စီမံနိုင်သလဲ။
            အလုပ်လုပ်ရင်းနဲ့ မိန်းကလေးတွေနဲ့တွေ့၊ ခပ်ချောချောကောင်မလေးနဲ့တွေ့ရင် ရင်တွေခုံ၊ စိတ်ဝင်စားမိ။ ဒါ ဖန်တီးယူလို့ရတာမဟုတ်ဘူး။ အလိုလို ဖြစ်လာတာတွေ။ တချို့ကျတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန် အဆင်ပြေ တယ်။ ကိုယ့်ကျမှ ဘာလုပ်လုပ်အဆင်မပြေ၊ အလုပ်ကလည်း တော်တော်နဲ့မရနိုင်။ ၀င်ငွေမရှိတော့ မိန်းမက မကြည်ဖြူ။ ကိုယ်ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား။ အဆင်မပြေတတ်တာမျိုးတွေလည်း ရှိတတ်တာဘဲ။ ဒါ ကိုယ်ဘာမှ မတတ်နိုင်ဘူး။ ကိုယ့်ဘက်ကတော့ အစွမ်းကုန်ကြိုးစားရမှာဘဲ။ အားထည့်ယူရတယ်။ တစ်ခါတစ်လေ ကိုယ်မဖြစ်ချင်တာတွေလည်း ဖြစ်လာတတ်တာပဲ။ အဲဒါ ဘ၀။
            နောက်တစ်ခုက ဆုံးဖြတ်ချက်။
            လူတော်တော်များများဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုတောင် သေသေချာချာ မစဉ်းစားဘဲ ဆုံးဖြတ်မိတတ်ကြ တယ်။ ဒါဆို ဘယ်အခါတွေမှာ ဆုံးဖြတ်ရသလဲ တဲ့။
            အကူးအပြောင်းကာလတွေမှာ ဆုံးဖြတ်ရတယ်။ ဥပမာ - လူငယ်ဘ၀က လူကြီးဘ၀ကို ကူးပြောင်းချိန်၊ မိဘကို မှီခိုနေတဲ့ဘ၀ကနေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရတော့မဲ့အချိန် မှာတစ်ချက်။ နောက်ပြီး ပညာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး စတာတွေမှာ ဆုံးဖြတ်ရတယ်။ ရွေးချယ်ရတယ်။
            တချို့က သူ့တို့သားသမီးတွေပညာရေးနဲ့ ပတ်သက်ပြီး လာမေးကြတဲ့အခါ ဖြေရတာ တော်တော်ခက်တယ်။ ဆယ်တန်းအောင်တဲ့အခါ ဘယ်လိုင်းယူရမလဲ ပေါ့။ အဲဒီအတွက် အဖြေ သေသေချာချာမရှိဘူး။ အမှတ်ကောင်းတဲ့သူတွေက အင်ဂျင်နီယာကျောင်းတက်မယ်၊ ဆေးကျောင်းတက်မယ် ဆိုပြီး ယေဘူယျအားဖြင့် ဆုံးဖြတ်ကြတယ်။
            ဒါပေမဲ့ တစ်ခါတစ်ခါ ကိုယ်ရွေးမိတာနဲ့ ကိုယ်လုပ်ချင်တာနဲ့က တခြားစီဖြစ်နေတတ်တယ်။

(ဤနေရာတွင် ဆရာက ဆယ်တန်းအောင်တော့ သူဆေးကျောင်းကို ရွေးမိပုံ။ ဆေးပညာကို အနည်းငယ်မှ စိတ်မ၀င်စား သဖြင့် ကျောင်းတက်ခဲ့သောကာလတစ်လျောက် တစ်နေ့မှ မပျော်ခဲ့ပုံ၊ အထူးသဖြင့် စာမေးပွဲဖြေခါနီးတွင် စိတ်မပါသဖြင့် မလေ့ကျက်ခဲ့သောကြောင့် စာမေးပွဲအတွက် အဆင့်သင့်ဖြစ်မနေသည့်အခါ အကြီးအကျယ် စိတ်ညစ်ခဲ့ရပုံ၊ သို့သော် တာဝန်အရ မိဘများအတွက်ရော၊ ပတ်ဝန်းကျင်က အကဲ့ရဲ့လွတ်အောင်ပါ ကျောင်းပြီးအောင် အားထုတ်ခဲ့ရပုံ။ ကျောင်းပြီးသည့် အခါ၌လည်း ကိုယ်မလုပ်ချင်သည့် ဆရာဝန်အလုပ်ကို အတင်းဖျစ်ညှစ် လုပ်ခဲ့ရပုံ။ ဆုံးဖြတ်ချက် တစ်ချက် လွဲခဲ့သည့်အတွက် အနှစ် ၂၀ လောက် စိတ်ဆင်းရဲခဲ့ရပုံ၊ နောက်တော့ ကိုယ်စိတ်မပါသည့် ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ စာပေဘက်သို့ လုံးဝကူးပြောင်းလိုက်တော့မှ စိတ်ချမ်းသာမှုရပုံများအကြောင်း ပြောပြပါသည်။)

            ရွေးချယ်တဲ့အခါမှာ ကိုယ်ဘာဖြစ်ချင်သလဲ၊ ဘာလုပ်ချင်သလဲမသိတာ တော်တော်ဆိုးတယ်။ ငါဘာဖြစ်ချင်တယ်။ ဘာကောင်ကြီးဖြစ်အောင်လုပ်မယ်။ အဲဒီလို ဖြစ်အောင်ကြိုးစားတဲ့အခါ ကြုံတွေ့လာရတဲ့ ကောင်းမှု၊ ဆိုးမှုတွေကို ငါရင်ဆိုင်မယ်လို့ သေသေချာချာသိရင် သိပ်စိတ်ချမ်းသာတယ်။ လူ့ဘ၀ကို စ၀င်တော့မဲ့ အသက် ၂၀ လောက်မှာ ငါ ဘာဖြစ်ချင်သလဲဆိုတာသိဘို့ တော်တော့်ကို အရေးကြီးတယ်။
            ကိုယ့်ဆုံးဖြတ်ချက်မှန်ရင် တစ်ဘ၀လုံး စိတ်ချမ်းသာရတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ ကိုယ့်ဘ၀ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအပေါ် အများကြီးသက်ရောက်တယ်။
            တစ်ခါက ရွာတစ်ရာမှာ ဇီးကွက်တစ်ကောင်ရှိသတဲ့။ သူက ညဘက်ကျတော့ အော်တယ်။ သူ့အော်သံကို ရွာသား တွေက မကြိုက်ဘူး။ နားငြီးတယ်။ ဒီအခါ ဇီးကွက်က စိတ်မချမ်းသာဘူး။ သူ့အော်သံကြောင့် ရွာသားတွေ အနှောင့်အယှက် ဖြစ်လို့ သူက ဒီရွာကနေ တခြားရွာပြောင်းဘို့ ပြင်တယ်။ ဒီအခါမှာ (ဘယ်သူဆိုပါလိမ့်၊ ဆက်ရက်လား၊ ဘာလား၊ သေသေ ချာချာ မကြားလိုက်ပါ။ တစ်ယောက်ယောက်က ပဲဆိုကြပါစို့) သူ့ကို မေးတယ်။ နေပါဦးကွယ်။ မင်းနောက်တစ်ရွာ ပြောင်းပါ ပြီတဲ့။ အဲဒီရွာသားတွေကလည်း မင်းအသံမကြိုက်ဘူး ဆိုပါတော့။ မင်းဘာလုပ်မလဲ၊ နောက်ထပ်တစ်ရွာ ထပ်ပြောင်းဦးမလား။ အဲဒီလိုသာ ကိုယ့်အသံ လူမကြိုက်တိုင်း လျှောက်ပြောင်းနေလို့ကတော့ မင်းရွာပြောင်းတဲ့ကိစ္စ ဘယ် အဆုံးသတ်တော့မလဲ၊ ဒီတော့ ဒီလိုလုပ်ကြည့်ပါလား။
            မင်းအသံကို သာယာနာပျော်ဘွယ်ဖြစ်အောင် ကြိုးစားပြီး ပြင်အော်ကြည့်ပါလား။ လူတွေ လက်ခံလာတဲ့အထိပေါ့။ အဲဒါဆို မင်းဘယ်ရွာမှ ပြောင်းစရာမလိုတော့ဘူး။
            ဆုံးဖြတ်တဲ့အခါ ကိုယ်တိုင်ဆုံးဖြတ်ပါ။ ဒါပေမဲ့ ကိုယ်နဲ့နီးစပ်တဲ့သူတွေရဲ့ အကြံဉာဏ်ကိုလည်း ရယူပါ။ သူတို့ရဲ့ အသံကိုလည်း ထည့်သွင်းစဉ်းစားပါ။
            ဒါပေမဲ့ သူများပြောတိုင်းလည်း လိုက်လုပ်လို့မဖြစ်သေးဘူးဆိုတာကို မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက်ပုံပြင်ကို ကြည့်ခြင်းဖြင့် သိနိုင်တယ်။
            သိကြတဲ့အတိုင်း၊ တစ်ခါက သားအဖနှစ်ယောက် မြည်းတစ်ကောင်ဆွဲပြီး ခရီးသွားကြတယ်။ သူတို့ မြည်းကို ဆွဲလာတာတွေ့တော့ လမ်းမှာတွေ့တဲ့လူတွေက အတော်တုံးတဲ့လူတွေ၊ မြည်းရှိလျက်သားနဲ့များ မစီးဘဲ ဆွဲလာရတယ် လို့ ကဲ့ရဲ့ကြတယ်။ ဒီတော့ အဖေလုပ်တဲ့သူက သားဖြစ်သူကို မြည်းကို စီးစေပြီး သူက အောက်က လျှောက်လိုက်တယ်။ ဒီတော့ လမ်းမှာတွေ့တဲ့သူတွေက ဟင်၊ ကြည့်စမ်း၊ သန်သန်မာမာ လူငယ်ကတော့ မြည်းကို စီးပြီး အိုကြီးအိုမ အဖေကြီးကတော့ အောက်က လျှောက်လိုက်ရတယ်လို့ ကဲ့ရဲ့ကြပြန်တယ်။
            ဒီတော့ သားဖြစ်သူက အောက်ကလျှောက်ပြီး အဖေဖြစ်သူက မြည်းကိုစီးတယ်။ အဲဒီအခါမှာလည်း လူတွေက အင်း၊ သားကလေးကိုတော့ လျှောက်ခိုင်းပြီး သူကတော့ မြည်းပေါ်မှာ အခန့်သား။ ဘယ်လိုအဖေလဲကွ လို့ ကဲ့ရဲ့ကြပြန်တယ်။
            နောက်ဆုံးတော့ သားအဖနှစ်ယောက်လည်း ကြံရာမရဖြစ်တာနဲ့ မြည်းကို ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ထမ်းလာခဲ့ကြတယ် ဆိုပဲ။
            တချို့ကိစ္စတွေမှာ ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်တတ်ရင် လူရီစရာဖြစ်တတ်တယ်လို့ သင်ခန်းစာ ပေးချင်တာ။ တချို့ လူတွေကျတော့ ကိုယ့်အစွဲအလန်းနဲ့ကိုယ် လုပ်တာရှိတယ်။ သူများပြောတိုင်း လိုက်မလုပ်ဘူး။
            အင်္ဂလန်မှာ ဘားနတ်ရှောဆိုတာ အင်မတန်နာမည်ကြီးတာကလား။ ဘယ်လောက်အထိနာမည်ကြီးသလဲဆို သူ့ဆီ စာထည့်ရင် အပြည့်အစုံရေးစရာမလိုဘူး။ GBS လို့ရေးလိုက်ရင် စာရောက်တယ်။ အဲသလောက်ထိ။
            ဘားနတ်ရှော အသက် ၅ နှစ်လောက်မှာ သူ့အဖေမုတ်ဆိတ်ရိတ်တာကိုကြည့်ပြီး မေးတယ်။ မုတ်ဆိတ်မွေး ဘာလို့ ရိတ်သလဲ၊ မုတ်ဆိတ်ထားခြင်း၊ မထားခြင်းမှာ ဘာအဓိပ္ပာယ်ရှိသလဲ ပေါ့။ ဒါနဲ့ သူ့အဖေလဲ သင်တုံးဓားကို လွှင့်ပစ်လိုက်ပြီး မုတ်ဆိတ်မရိတ်တော့ဘူးတဲ့။

(ခုခေတ်ကလေးတွေက အရင်တုံးက အသုံးအနှုန်းတွေနဲ့ မရင်းနှီးတော့ဘူးလို့ ဆရာအော်ပီကျယ်ကပြောတဲ့အတွက်  သင်တုံးဓားကို ပုံနဲ့ ပြလိုက်ပါတယ်ကွယ်။)


            ဂျော့ဘားနတ်ရှောကြီးလာတော့ သူ့အဖေလိုပဲ မုတ်ဆိတ်ထားတယ်။ 
(ကျုပ်မုတ်ဆိတ်ရိတ်တာကျတော့ ဘယ်သူမှ မှတ်တမ်းတင်ဖော်မရဘူး။ ဟင်းဟင်းဟင်း)
            တစ်ခါတော့ လျှပ်စစ်မုတ်ဆိတ်ရိတ်ကိရိယာ ထုတ်တဲ့ကုမ္ပဏီက သူတို့ လျှပ်စစ်မုတ်ဆိတ်ရိတ်ကိရိယာကို ကြော်ငြာဘို့အတွက် ဘားနတ်ရှောကို လာငှားတယ်။ သူတို့ကိရိယာသုံးပြီး မုတ်ဆိတ်ရိတ်ပြပါ ပေါ့။ ဆိုလိုတာက တစ်သက်လုံး မုတ်ဆိတ်ထားခဲ့တဲ့ ဘားနတ်ရှောလို ပုဂ္ဂိုလ်ကြီးတောင် ဒီကိရိယာနဲ့ကျမှ မုတ်ဆိတ်ရိတ်ဖြစ်တယ် လို့ ကြော်ငြာ ချင်တာ။
            မုတ်ဆိတ်ရိတ်တာများ ဘာပြဿနာရှိသလဲ။ ဒါပေမဲ့ ဘားနတ်ရှောအတွက်ကတော့ ဒါ ပြဿနာ။ ဘာပြဿနာလဲ။ ယုံကြည်ချက် ပြဿနာ၊ ဂုဏ်သိက္ခာပြဿနာ။
            ဘားနတ်ရှောဆိုတာ ဝေဖန်ရေးစာပေတွေရေးနေတဲ့သူ။ သူများတွေကို ဝေဖန်နေတဲ့သူက သူ့ကျမှ သူ ယုံယုံကြည်ကြည် ထားခဲ့တဲ့ မုတ်ဆိတ်မွေးကို ငွေ အတွက်နဲ့ ရိတ်ပစ်တော့မလား။ ဆိုတော့ ဘားနတ်ရှော အဲဒီကြော်ငြာကို ငြင်းလိုက်တယ်။ အဲဒါ သူ့အတွက် အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်။
            နောက်တစ်ယောက် ငခင်ညို။ ငယ်ငယ်တုံးက ကျောင်းစာမှာ သင်ခဲ့ရတဲ့ ကျေးဇူးသိတတ်တဲ့ သူရဲကောင်း ငခင်ညို။ သူ့ကို သူ့အရှင်သခင်ဖြစ်တဲ့ ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက သူ့ရန်သူဖြစ်တဲ့ စစ်ကိုင်းဘုရင် အသင်္ခယာစောယွန်းကို လုပ်ကြံဘို့ ခိုင်းလိုက်တယ်။

 (ကြားဖြတ်ပြီး နဝေတိမ်တောင်ဖြစ်နေတဲ့သူတွေကို ငါးစီးရှင် ဆိုတဲ့အကြောင်း နည်းနည်း ပြောပြပါ မယ်။ အရင်တုံးက ဘုရင်တွေက ဆင်ဖြူကို အင်မတန် အမြတ်တနိုးထားတယ်။ အဲလေ၊ အရင်တုံးကတင် မဟုတ်ပါဘူး။ ခုခေတ်၊ ဘုရင်ရူး ရူးနေတဲ့သူတွေလည်း ဆင်ဖြူရူး၊ ရူးတာပါဘဲ။ ဆိုတော့ သူတို့က ဆင်ဖြူတစ်စီးပိုင်ရင် တစ်စီးရှင်၊ ဆင်ဖြူ ငါးစီးပိုင်ရင် ငါးစီးရှင် ဆိုပြီး ဘွဲ့ခံတာပါ။ ဘယ်လောက်အထိ ဆင်ဖြူခရေဇီဖြစ်သလဲဆိုရင် မြစ်ထဲမျောလာတဲ့ ဆင်ဖြူအသေ ကောင်ကိုတောင် ဆယ်။ ၀ါးလုံးတွေ၊ သစ်တိုင်တွေနဲ့ထောက်ပြီး အတင်းထူ၊ နောက်ပြီး အဲဒီဆင်သေကြီးပေါ်တက်စီးပြီး ဆင်သေရှင် (ဟုတ်ပေါင်၊ ယောင်လို့) တစ်စီးရှင်ဘွဲ့ ခံသေးဆိုပါလား။ ဘုရင်နာမည်က သီဟသူ ပါတဲ့။ ရှမ်းညီနောင် ၃ ဦး အနက် အငယ်ဆုံး။ ပင်လယ်မြို့ကိုစားရတယ်။ နောင်တော့ဘုန်းကြီးလာပြီး ပင်းယမြို့ကို သက္ကရာဇ် ၆၇၄ မှာတည်တယ်။)

            စစ်ကိုင်းကို ငခင်ညိုရောက်သွားတော့ နန်းတော်ထဲဝင်ဘို့ရာ တော်တော်နဲ့အခွင့်မသာလို့ ချောင်းနေတာ ၃ ရက် ကြာတယ်။ ဘာမှ စားစရာမရှိဘူး။ ၃ ရက်မြောက်နေ့ည နန်းတော်ထဲခိုးဝင်သွားတော့ စစ်ကိုင်းဘုရင် နတ်တင်ထားတဲ့ ထမင်း နဲ့ အမဲ၊ သား၊ ငါးတွေတွေ့တယ်။ ၃ ရက်တောင်ထမင်းမစားရတာဆိုတော့ ဘာပြောကောင်းမတုံး။ ဆာဆာနဲ့ အကုန် တုတ်လိုက်သပေါ့။ နောက် စစ်ကိုင်းဘုရင် အိပ်ခန်းဆောင်ဆီသွားပြီး ဓားနဲ့ပိုင်းမယ်ကြံတော့မှ သူစားထားတဲ့ထမင်းအကြောင်း သွား သတိရတယ်။
            ဟိုက်၊ ရှာလပတ်ရည်။ ဒီဘုရင်ဟာ ငါ့ထမင်းရှင်ဖြစ်ခဲ့ပြီ။ ထမင်းရှင်ကို သတ်ရင်တော့ သံသရာမှာ ခံရတော့မှာဘဲ လို့ သံသရာဘေးတွေးကြောက်ပြီး မသတ်တော့ဘူး။ ဒါပေမဲ့ သူ စစ်ကိုင်းဘုရင်ဆီရောက်ခဲ့တယ်ဆိုတာ သက်သေပြရအောင် အနားချထားတဲ့ ပတ္တမြားကျောက်စီဓားကို ယူခဲ့တယ်။
            နေပြည်တော်ပြန်ရောက်တော့ (ဟေ့လူ၊ ဘုရင့်နေပြည်တော်ပြောတာဗျ။ ကြပ်ပြေးကိုပြောတာမဟုတ်ဘူး။ ၀ူး . . . ရှုပ်ပါ့) ဘုရင်ကို ဒီလိုဒီအကြောင်း ပြန်ပြီး သံတော်ဦးတင်တာပေါ့။ ဘုရင်ကလည်း သဘောကောင်းသဗျ။ အင်း၊ ငခင်ညိုလေး၊ ထမင်းတစ်နပ်အတွက်တောင် ဒီလောက်ကျေးဇူးသိတတ်နေသေးရင် ငါ့လို နေ့တိုင်းထမင်းကျွေးထားတဲ့သူဆို ဘာပြောကောင်းမတုံး ဆိုပြီး ချီးကျူး သူကောင်းပြုသတဲ့။
            (ကြားဖြတ်ပြောရရင် ဆရာဖေမြင့်က ငခင်ညိုဟာ ထမင်းအများကြီးစားထားတဲ့ သူ့သခင်ရဲ့မျက်နှာကိုမှ မထောက်၊ ထမင်းတစ်နပ်စားထာတဲ့ကျေးဇူးကိုသာ ထောက်တယ် လို့ ဝေဖန်ပြပါတယ်။ မှန်သလားမှားသလားဆိုတာတော့ ပရိသတ်ကြီး ဆုံးဖြတ်ပါ။)
            တစ်ခါတစ်လေကျတော့ လူ့ဘ၀မှာ တော်တော်ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချရတာ ရှိတယ်။
            အမေရိကန် ကွန်မန်ဒိုတပ်သား လေးယောက်တပ်ဖွဲ့ကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နယ်စပ်က (ဘယ်သူဆိုလား၊ နာမည်ကို မမီလိုက်ဘူး) လုပ်ကြံခိုင်းတယ်။ အဖွဲ့ခေါင်းဆောင်က လေထရယ်တဲ့။ အဲဒီတပ်ဖွဲ့ အဲဒီလူအနားရောက်နေပြီ။ လက်လှမ်းတမီမှာ။ အဲဒီတုံး အနားကို သိုးကျောင်းသား သုံးယောက် ရောက်လာတယ်။ သူတို့ကိုတွေ့တော့ လေထရယ်က သူ့လူတွေကိုမေးတယ်။ ပထမတစ်ယောက်က ဟာ၊ ဒီလောက်အရေးကြီးနေတာ၊ ဒီသိုးကျောင်းသားတွေကို ရှင်းပစ်ရမယ်။ နောက်တစ်ယောက်က သူတို့မှာ ဘာမှအပြစ်မရှိတဲ့အတွက် မသတ်သင့်ဘူး။ ကျန်တဲ့တစ်ယောက်က ကြားနေ။ ဆိုတော့ လေထရယ်လဲ လူသားချင်း စာနာထောက်ထားတတ်တဲ့သူကြီးဆိုတော့ သိုးကျောင်းသားတွေကို လွှတ်ပစ်လိုက်တယ်။
            ဘယ်ဗျာ။ အမေရိကန်နဲ့ ကိုယ့်လူမျိုး ဘယ်သူ့ကို ပိုချစ်သလဲ။ ရှင်းနေတာပဲ။ သိုးကျောင်းသားတွေက သတင်း ပို့လိုက်တော့ သူတို့ကို ၀ိုင်းပြီးတွယ်ကြတယ်။ သူကတော့ အင်မတန်ကံကောင်းထောက်မတော့ မသေဘူး။ ကျန်တဲ့ သုံးယောက် သေသွားတယ်။ သူတို့လူတွေခံနေရပြီဆိုတော့ အမေရိကန်တပ်က စစ်သား ၁၆ ယောက်ပါတဲ့ ဟတ်စကီးတစ်စီး လွှတ်လိုက်တာ။ ဒုံးကျည်ထိပြီး ပျက်ကျလို့ အကုန်သေကုန်တယ်။
            ဆိုတော့ ခေါင်းဆောင်လုပ်တဲ့သူ ဆုံးဖြတ်ချက် တစ်ချက်မှားလို့ သူ့ရဲဘော် ၁၉ ယောက် သေရတယ်။ သူ့တစ်သက်လုံး ခွင့်လွှတ်လို့မရတဲ့ ကြီးကျယ်တဲ့အမှားကြီးဖြစ်ခဲ့ရတယ်။ အဲဒီဆုံးဖြတ်ချက်မျိုးဟာ အသက်နဲ့ရင်းရတဲ့ အင်မတန်ခဲယဉ်းတဲ့ ဆုံးဖြတ်ချက်မျိုး။
            ကိုယ့်ဘ၀မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ကြုံလာရရင် ဘေးလူတွေက အကြံပဲပေးနိုင်တာ။ တကယ် ဆုံးဖြတ်ရမှာက မိမိကိုယ်တိုင်ပဲ။ ကိုယ့်ဘာသာကိုယ် ရဲရဲရင့်ရင့် ဆုံးဖြတ်ရဲဘို့ လိုတယ်။ တစ်ခါတစ်ရံ အင်မတန် ဆုံးဖြတ်ဘို့ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံရတတ်တယ်။
            ဥပမာ - ဗုံးခွဲမယ်လို့ သံသယရှိသူတစ်ယောက်ကို မိတယ်ဆိုပါတော့။ အဲဒီဗုံးကို ဘယ်နေရာမှာ ထားသလဲဆိုတာ စစ်ရမယ်။ ဒါ သေရေးရှင်ရေးကိစ္စ။ လွယ်လွယ်လေးနဲ့ ဘယ်နည်းနဲ့မှ ပြောမှာ မဟုတ်ဘူး။ ဒါဆို အဲဒီစစ်ကြောရေးစခန်းက တာဝန်ခံအနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲ။
            အဲဒီကိစ္စသိရဘို့ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ပြီး စစ်ချင်စစ်ရမယ်။ ဗုံးက အစစ်ဖြစ်ချင်ဖြစ်မယ်၊ အတုဖြစ်ချင် ဖြစ်မယ်။ အဲဒီလူကလည်း မူလတရားခံ ဟုတ်ချင်မှ ဟုတ်မယ်။
            ဒီတော့ ဒီဗုံးကိစ္စဖော်ထုတ်ဘို့ ဒီလူကို အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ပြီးမေးမလား။ အဲဒီလို သေလုမျောပါး နှိပ်စက်ပြီးမှ ဗုံးကအတုကြီးဖြစ်နေတယ်ဆိုရင် သမိုင်းမှာ ဒီလူဟာ နာမည်ဆိုးနဲ့ မကျန်ခဲ့ပါလား။
            တခါ ဒီလူကို သေသေချာချာ မစစ်မေးလို့၊ မနှိပ်စက်ခဲ့လို့ ဗုံးကွဲပြီး လူပေါင်းများစွာ သေကြေပျက်စီးရပြီဆိုရင်ကော သူဟာ သမိုင်းတရားခံ ဖြစ်မကျန်ခဲ့ဘူးလား။
            ဆိုတော့ အဲဒီလို ကျဉ်းထဲကြပ်ထဲမှာ ဆုံးဖြတ်ရတာကျ သိပ်အန္တရာယ်များတယ်။
            ခေါင်းဆောင်အကြီးအကဲတွေမှာ အကြံပေးပုဂ္ဂိုလ်တွေ ခန့်ထားရတယ်။ Hard line အကြံပေး၊ Sofe line အကြံပေး တွေ ခန့်ထားရတယ်။ ခေါင်းဆောင်ဆိုတာ သူတို့ပေးတဲ့အကြံဉာဏ်တွေယူပြီး နောက်ဆုံး ကိုယ့်ဟာကိုယ် ချင့်ချိန်ဆုံးဖြတ် ရတယ်။
            ကမ္ဘာ့သမိုင်းမှာ လူဝီ ၁၄ ဆိုတာ အင်မတန် နာမည်ကြီးတယ်။ ဥရောပမှာတော့ သူနန်းသက်အရှည်ဆုံးပဲ (နန်းသက် ၇၂ နှစ်နှင့် ၁၁၀ ရက်)။ ဆုံးဖြတ်ချက် အင်မတန်တော်တယ် တဲ့။


(မှတ်ချက်။ လူဝီ ၁၄ အကြောင်းသူလိုသူများ http://en.wikipedia.org/wiki/Louis_XIV_of_France တွင် ဖတ်နိုင်ပါသည်။)
သူက အကြံပေးအဖွဲ့နှစ်ဖွဲ့ ဖွဲ့ထားတယ်။ တစ်ခုခုဆုံးဖြတ်စရာရှိရင် အဲဒီအဖွဲ့နှစ်ဖွဲ့ကို ဦးဆုံးဆွေးနွေးခိုင်းတယ်။ မင်းတို့အချင်းချင်း အရင်ဆွေးနွေး။ နောက်ပြီးတော့မှ သူက နှစ်ဖက်စကားနားထောင်ပြီး သူ့ဟာသူ ဆုံးဖြတ်တယ်။ အချက်အလက် အပြည့်အစုံကို အရင်ယူတာ။ နောက်ပြီးတော့မှ ကိုယ်ပိုင်ဦးဏှောက်နဲ့ ဆုံးဖြတ်တာ။
            အဲဒီတော့ ရွေးချယ်ရတော့မယ်ဆိုရင် -
  • Ø  အဲဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုံတကာစေ့အောင် စုဆောင်းပါ။
  • Ø  နောက်ပြီး အဲဒီအချက်တွေပေါ် အခြေခံပြီး ဘက်စုံထောင့်စုံကနေ စဉ်းစားပါ။
  • Ø  နောက်ပြီးတော့ ယာယီဆုံးဖြတ်ချက်ချပါ။
  • Ø  အဲဒီဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ချင့်ချိန်သုံးသပ်ပါ။
  • Ø  အဲဒီဆုံးဖြတ်ချက်အတိုင်းလုပ်ရင် ဘာတွေဖြစ်လာနိုင်သလဲ တွေးဆပါ။
  • Ø  နောက်ပြီးတော့ အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ အကွက်ချပါ။ တွေ့ရမဲ့အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ပါ။
  • Ø  နောက်ပြီးတော့ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် လက်ရှိအခြေအနေထက် ပိုပြီး အဆင်ပြေသွားနိုင်သလား၊ ပိုဆိုးသွားမလား တွက်ပါ။
  • Ø  အဲ သေချာပြီ။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဲဒီဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေလုပ်မယ်လို့ သံဓိဌာန်ချပါ။
  • Ø  အခက်အခဲတွေ၊ အနှောင့်အယှက်တွေ ဘယ်လောက်ပဲကြုံရပါစေ အဲဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ကျော်လွှားပါ။
  • Ø  ကိုယ့်ရည်ရွယ်ချက်အတိုင်း၊ ဆုံးဖြတ်ချက်အတိုင်း မဖြစ်ဖြစ်အောင်လုပ်ပါ။ ကျားကုတ်ကျားခဲလုပ်ပါ။ ရွပ်ရွပ်ချွံချွံလုပ်ပါ။


ခြုံပြောရရင် -
  • v  ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင် ကိုယ့်ဘ၀တစ်ခုလုံးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ ဆိုတာကို သေသေချာချာ ခြုံငုံသုံးသပ်ပါ။ ကောင်းမှုဆိုးမှုတွေကို ဝေဘန်ပါ။
  • v  ဘက်စုံထောင့်စုံကနေ သေသေချာချာ တွက်ဆပြီးမှ ဆုံးဖြတ်ပါ။
  • v  လိုတဲ့အချက်အလက်တွေ၊ နည်းလမ်းတွေကို ပြည့်စုံနိုင်သမျှပြည့်စုံအောင် စုဆောင်းပါ။
  • v  ဆုံးဖြတ်ပြီးပြီဆိုရင် ဆုံးဖြတ်ထားတဲ့အတိုင်း မဖြစ်မနေ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် အောင်မြင်အောင် မဆုတ်မနစ်သော လုံ့လနဲ့ လုပ်ပါ။


အားလုံးကို ကျေးဇူးတင်ပါတယ်။

ဆက်ရန် -

အေးငြိမ်း
၎ သြဂုတ်၊ ၂၀၁၄။ ည ၉း၄၅ နာရီ

No comments: