Sunday, August 10, 2014

အမှန်အကန် Safety Officer (၂)

            Safety Officer ၏ နောက်တာဝန်တစ်ခုမှာ ပုံမှန်စည်းဝေးပွဲများ ကျင်းပပေးရေးဖြစ်၏။ အစိုးရ၏ ထုတ်ပြန် ကြေငြာချက်များကို ဖြန့်ဝေရန်၊ လုပ်ငန်းခွင်အတွင်းမှ အန္တရာယ်ကင်းရေးအခြေအနေများကို တင်ပြရန်၊ ထူးခြားသောလုပ်ငန်း (ဥပမာ - အလွန်ကြီးမားသော အရန်မီးစက်ကြီးကို အမိုးပေါ် သို့မဟုတ် အမြင့်ပိုင်းအထပ်တစ်ခုသို့တင်ရန် စသည်) များ ရှိပါက အသိပေးရန်၊ အလုပ်ခွင်မတော်တဆမှုများကို တင်ပြရန်၊ အန္တရာယ်ကင်းရေး စစ်ဆေးတွေ့ရှိချက်များကို တင်ပြရန်၊ လိုအပ်သည့် ထိန်းချုပ်ရေးနည်းလမ်းများကို ပြောပြပြီး လက်တွေ့လုပ်ကိုင်ရေး နှိုးဆော်ရန်၊ ထူးခြားသော အခြေအနေ (ဥပမာ - Dengue fever) ကို ထုတ်ပြန်ကြေငြာရန် စသည်တို့အတွက် ကန်ထရိုက်တာအားလုံးပါဝင်သည့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစည်းဝေးပွဲများကို ပုံမှန် (သာမန်စည်းဝေးပွဲများ) အတွက် တစ်ပတ်လျှင် တစ်ကြိမ်။ Safety Committee လပတ် စည်းဝေးပွဲများအတွက် အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ကျင်းပပေးရသည်။
            (မူအရ သည်စည်းဝေးပွဲများကို project manager က ဦးဆောင်ကျင်းပရသော်လည်း လက်တွေ့မှာမူ safety စည်းဝေးပွဲတိုင်းကို ကျွန်တော်သာ ဦးဆောင်ပြုလုပ်ရတာ ဖြစ်ပါသည်။ project manager က တစ်ခါတလေမှ လာသည်။)   


            ကျွန်တော်ကတော့ စည်းဝေးပွဲများအတွက် slide presentation များပြင်ကာ ရှင်းပြသည်။ သို့သော် စည်းဝေးပွဲ မှတ်တမ်းကို စာရွက်များ ရိုက်ဝေပြီး ပါးစပ်နှင့်ပြောလည်း ရပါသည်။ (ကျုပ်ကိုက ရှည်တာ။)


            သည်တစ်ပတ်ဘာထူးခြားချက်တွေရှိသလဲ။ အစိုးရမှ ထုတ်ပြန်ချက်များ။ အသစ်ထွက်လာသည့် ဥပဒေ၊ ဥပဒေ ပြန်လည်ပြင်ဆင်ချက်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စာရင်းအင်း၊ သင်တန်းလိုအပ်ချက်။ မိမိလုပ်ငန်းခွင်မှသာမက အခြားလုပ်ငန်းခွင်များ၌ဖြစ်သည့် မတော်တဆမှုများ စသည်တို့ကို ကြိုတင်ပြင်ဆင်ထားပါ။
            ကျွန်တော်တို့ ပုံမှန်စည်းဝေးပွဲကို စနေနေ့မနက် ၁၀ နာရီတွင် ကျင်းပပါသည်။ စနေနေ့စည်းဝေးပွဲအတွက် တနင်္လာနေ့မှစကာ ကျွန်တော်ပြင်သည်။ MOM မှ ထုတ်ပြန်ချက်၊ WSH Council မှ ကြေငြာချက်များကို စုဆောင်းသည်။ သတင်းစာ၊ သတင်းမစာ (အဲလေ သတင်းမစာတော့မဟုတ်ဘူးပေါ့။ သတင်းစာထဲမပါတဲ့ အပြင်ကရတဲ့သတင်းအချက် အလက်တွေပေါ့) များတွင်ပါသည့် မတော်တဆမှု၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် သတင်းပလင်းများကို စုဆောင်းသည်။ ဖြတ်ညှပ်ကပ်လုပ်သည်။ နေ့စဉ် လုပ်ငန်းခွင်စစ်ဆေးမှုမှရသည့် ဓာတ်ပုံများကို စာတန်းထိုး ပြင်ဆင်သည်။





            အစိုးရမှထုတ်ပြန်ချက်များကို အမြဲရယူနေနိုင်ရန် WSH Council တွင် News and Updates subscribe လုပ်ထား၍ ရပါသည်။ သူတို့က သင့်အီးမေးကို သတင်းများ အမြဲပို့ပေးပါလိမ့်မည်။
            ကျွန်တော်ကတော့ လူ့ခွစာ။ ၁၀ နာရီဆို ၁၀ နာရီအတိ စရမှကြိုက်သည်။ နောက်ကျလာသည့်သူများကို ကောင်းကောင်းတုပ်သည်။ ကျွန်တော်တို့စည်းဝေးပွဲခန်းမှ ထိုင်ခုံများမှာ ပလတ်စတစ်ထိုင်ခုံများဖြစ်ပြီး ရွှေ့လိုက်လျှင် အသံမြည်သည်။ ဟိုလူက ထိုင်ခုံကိုရွှေ့လိုက်၊ သည်လူကထိုင်ခုံကိုရွှေ့လိုက်ဆိုလျှင် အသံများဆူညံနေသဖြင့် အလွန် အနှောင့်အယှက်ဖြစ်သည်။ ထို့ကြောင့် စည်းဝေးပွဲစသည်နှင့် မင်းတို့ဖုံးတွေကို silent mood ပြောင်းထားပါ။ အခု ထိုင်မဲ့နေရာကို အတည်တကျ ရွေးပါ။ ရွေးပြီးပြီဆိုတာနဲ့ အဲဒီနေရာမှာ စည်းဝေးပွဲပြီးတဲ့ထိ ထိုင်ရမယ်။ လုံးဝမရွှေ့ရဘူး။ (ဟွား၊ အတော့်ကို ခွကျတဲ့ ဘုဂလန့် သမားပါလား။)
နောက်ပြီး စည်းဝေးခန်းထဲမှာ တခြားစကားတွေ လျှောက်ပြောတာ ကျွန်တော် လုံးဝမကြိုက်။ လူကြီးမင်းခင်ဗျာ။ Safety နဲ့မပတ်သက်တဲ့အကြောင်းအရာတွေ ပြောချင်သပဆို ဒီအခန်းရဲ့ပြင်ပမှာ သွားပြောပါ ဟု နှင်လွှတ်သည်။ သူတို့ ကြိုက်တာ မကြိုက်တာ ကျွန်တော့်အလုပ်မဟုတ်ပါ။ ကျွန်တော့် စည်းဝေးပွဲ အာဂျင်ဒါမှာ မပါတာတွေလာမပြောနှင့်။ ပြောချင် တခြားသွားပြော။ အဲဒါ ကျွန်တော့်ဝါဒ။
            နောက်ပြီး တချို့က တိုးတိုးတိတ်တိတ် ဖုံးကိုစားပွဲအောက်သွင်းလျှက် လုပ်ချင်ရာ လုပ်နေတတ်သေးသည်။ ဘယ်ရမလဲကွယ်။ အေးငြိမ်းတဲ့။
            ဟလို ကိုဟ၀ှာ။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ဖုံးကို ခုံပေါ်တင်မှောက်ထားလိုက်ပါ။ အကယ်၍ လူကြီးမင်းအနေနဲ့ ဒီမှာ ဆွေးနွေးတာတွေကို စိတ်မ၀င်စားဘူး၊ အရေးမကြီးဘူးလို့ယူဆတယ်ဆိုရင် အခုပြန်လို့ရပါပြီ။
            သိပ်များများပြောစရာမလိုပါ။ ကျွန်တော့်စည်းဝေးပွဲကို လာတက်သူများ ကျွန်တော့်အကြော နောကျေနေပြီမို့ ပထမ စည်းဝေးပွဲ တစ်ခုနှစ်ခုလောက်သာ ပြောရသည်။ နောက်စည်းဝေးပွဲများတွင် (အဲလေ၊ လူသစ်များ ပါလာသည့်အခါများမှ အပ) ဘာမှ ပြောနေစရာမလိုတော့ပါ။
(သည်တွင်စကားစပ်၍ပြောရလျှင် မြန်မာပြည်တွင်တုံးက ကျွန်တော်အဲသည်လိုလုပ်တော့ ကွယ်ရာတွင် အတင်းတုပ်သည်။ ရိုင်းတယ်။ လူရေးလူရာမသိဘူး ဟူ၏။ အဘယ်ကြောင့် ကျွန်တော့်ကို မျက်နှာချင်းဆိုင်မပြောဘဲ နောက်ကွယ်တွင် ပြောရပါသနည်း။)

            Safety Officer တစ်ဦးလုပ်ရမည့် နောက်အလုပ်တစ်ခုမှာ Incident investigation ဖြစ်၏။ အဲသဟာ မဖြစ်မနေ လုပ်ရသည်။ အဘယ်ကြောင့်နည်း။ နောက်ထပ် အလားတူ မတော်တဆမှုတွေ ထပ်မဖြစ်စေရန် တားဆီးရေးဖြစ်၏။
            မည်သူမဆို လုပ်ငန်းခွင်အတွင်းဝင်လာပြီဆိုလျှင် SIC တက်ရမည်ဖြစ်ကြောင်း အထက်တွင် ဖော်ပြခဲ့ပါပြီ။ ထို SIC တွင် မတော်တဆမှုဖြစ်လျင် ဖြစ်လျင်ဖြစ်ချင်း လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဌာနသို့ အကြောင်းကြားရမည် ဆိုတာပါ ထည့် ပြောထားရပါသည်။ သည်ဌာနကို အကြောင်းကြားပြီးမှ ဆေးရုံ၊ ဆေးခန်းဆက်သွားပါ။ ကျွန်တော်တို့ဌာနတွင် ရှေးဦးသူနာပြု သေတ္တာပါရှိသည်။ လိုအပ်သည့် ဒဏ်ရာဆေးကြောခြင်း၊ ပတ်တီးစီးခြင်းများ သည်တွင် တပါတည်း လုပ်သွားလို့ရသည်။ ကျွန်ုပ်တို့ဆီတွင် ရှေးဦးသူနာပြုသင်တန်းတက်ထားသူ အနည်းဆုံး ၃ ယောက်လောက်ရှိသည်။ အနို့ အလုပ်သမားကလည်း ၃၅၀ လောက် ရှိသကိုး။
            မတော်တဆမှုတစ်ခုခုဖြစ်ပြီဆိုလျှင် -
  • မည်သူ (နာမည်၊ ပါမစ်နံပါတ်၊ မွေးနေ့သက္ကရာဇ်၊ လူမျိုး၊ ရာထူးအဆင့်အတန်း)
  • မတော်တဆမှုဖြစ်သည့် နေ့ရက်၊ အချိန်၊ နေရာ
  • မတော်တဆမှုဖြစ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း၊ ဒဏ်ရာအမျိုးအစား
  • မတော်တဆမှုတွင် ပါဝင်ပတ်သက်နေသည့် စက်၊ စက်အမျိုးအစား
  • အလုပ်သမားသည် ထိုစက်ကိုင်ရန် သင်တန်းပေးထား၊ မထား
  • ဘယ်နေ့ကစ အလုပ်ဝင်ပြီး လုပ်သက်ဘယ်လောက်ရှိပြီ
  • မည်သည့်ကုမ္ပဏီမှ
  • မည်သည့်ဆေးခန်း၊ ဆေးရုံသို့ပြသည်
  • ဆေးခွင့် ဘယ်နှစ်ရက်
  • ထိခိုက်ဒဏ်ရာရနေစဉ် မည်သည့်အလုပ်နေသည်၊ ၎င်းအား မည်သည့် အန္တရာယ်ကင်းအ၀တ်အစားများ ထုတ်ပေးထားသည်
  • ၎င်း၏ ကြီးကြပ်ရေးမှုးအမည်
  • ထို့နောက် ထိခိုက်ဒဏ်ရာရသည့်နေရာမှ သက်သေဓာတ်ပုံများ
  • ထိခိုက်ဒဏ်ရာရသည့် အဖြစ်အပျက်အသေးစိတ်
  • ထိခိုက်ဒဏ်ရာရသူအား အင်တာဗျူးမှတ်တမ်း
  • ထို ထိခိုက်ဒဏ်ရာရခြင်းအတွက် အရေးယူဆောင်ရွက်မှု
  • နောက်ထပ် ထိုကဲ့သို့သော ထိခိုက်ဒဏ်ရာရခြင်းမျိုးမဖြစ်အောင် မည်ကဲ့သို့သော အတားအဆီးအကာအကွယ်များ ပြုလုပ်မည် -


- စသည်တို့ကို အသေးစိတ်မှတ်တမ်းတင်ရသည်။



            ထိခိုက်ဒဏ်ရာရပြီဆိုသည်နှင့် သတင်းကြားကြားချင်း အခင်းဖြစ်ပွားရာနေရာသို့ သွားပါ။ မည်သူတစ်ဦးတစ်ယောက် မှ လက်ရှိအနေအထားကို ပြုပြင်ပြောင်းလဲခြင်း မပြုနိုင်မီ ရနိုင်သမျှသော အချက်အလက်များကို စုဆောင်းပါ။ ဓာတ်ပုံမှတ်တမ်း ရယူပါ။ အခင်းဖြစ်ပွားရာတွင် ပါဝင်သည့် စက်ပြင်ဆင်ထိန်းသိမ်းမှုမှတ်တမ်းများ ရယူပါ။ ထိုစက် ပုံမှန် အလုပ်လုပ်ခြင်းရှိမရှိ၊ အထိန်းခလုတ်များ ကောင်းမကောင်း၊ သေသေချာချာ စစ်ဆေးပါ။
            ထိုအလုပ်သမားနှင့် အတူ အလုပ်လုပ်နေသူများအား ခေါ်ပါ။ ၎င်းတို့အချင်းချင်းတိုင်ပင်၍ ဇာတ်လမ်းအသစ်များ မဖန်တီးနိုင်မီ တတ်နိုင်သမျှ အစောဆုံး စစ်ဆေးမေးမြန်းပါ။ မေးရာတွင် တစ်ဦးချင်းအခန်းထဲသို့ ခေါ်မေးပါ။ သင့် စီမံကိန်း မန်နေဂျာ၊ အင်ဂျင်နီယာ၊ ၎င်း၏ကြီးကြပ်ရေးမှူးတို့ပါ ပါပါစေ။ စစ်ဆေးမေးမြန်းချက်များကို မှတ်တမ်းတင်ထားပါ။
            အချက်အလက်အားလုံးစုံစုံလင်လင်ရပြီဆိုလျှင် မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းကိုရှာဖွေပါ။ နောင်တွင် ဤကဲ့သို့မဖြစ်အောင် မည်ကဲ့သို့လုပ်မည်နည်း ဆွေးနွေးပါ။ ထို့နောက် ဆွေးနွေးပွဲရလဒ်ကို လက်တွေ့အကောင်အထည် ဖော်ပါ။
            ကျွန်တော်ကတော့ ကျွန်တော်တို့ လုပ်ငန်းထဲတွင်ဖြစ်သော မတော်တဆမှုများကို မှတ်တမ်းတင်ထားပါသည်။ အောက်တွင် ကျွန်တော်လုပ်ထားသောမှတ်တမ်းကို ပြထားပါသည်။ နမူနာယူလိုသူများအတွက် ဖြစ်၏။



            စင်ကာပူတွင် ဆေးခွင့် (၃) ရက်ထက်ပိုသော၊ ဆေးရုံတက်ချိန် (၂၄) နာရီထက်ပိုသော မတော်တဆမှုများဆိုလျှင် MOM သို့ အခင်းဖြစ်ပြီး (၁၀) ရက်အတွင်း သတင်းပို့ရသည်။ သတင်းပို့ရတာ လွယ်ပါသည်။ အွန်လိုင်းမှ iReport ဖြင့် MOM Website တွင် တင်ရတာဖြစ်၏။ လိုအပ်ချက်များဖြည့်သွင်းပြီး ပို့ရခြင်း ဖြစ်၏။
Link: http://www.mom.gov.sg/services-forms/workplace-safety-health/Pages/incident-reporting.aspx
            သတင်းပို့ရန်ပျက်ကွက်သူများ ပထမအကြိမ် ဒဏ်ငွေ ၅၀၀၀။ ဒုတိယအကြိမ် ဒဏ်ငွေ ၁၀၀၀၀ ဖြစ်၏။
            ကျွန်တော်တို့ဆိုဒ်တွင် အလုပ်လုပ်ချိန်နာရီပေါင်း တစ်သန်းကျော်အတွင်း MOM သို့ သတင်းပို့ရသော မတော်တဆမှု - ၄ မှု။ သတင်းမပို့ရသော မတော်တဆမှု ၁၂ မှု။ စုစုပေါင်း ၁၆ မှု၊ မတော်တဆမှုကြောင့် ဆုံးရှုံးခဲ့ရသော အလုပ်လုပ်ရက် ပေါင်း ၇၄ ရက်။ အားပါး။ မနည်းလှပါ။

            နောက်တစ်ခု။ Safety Officer လုပ်ရမည့် နောက်လုပ်ငန်းစဉ်တစ်ခုမှာ အန္တရာယ်ရှိသောပစ္စည်းများ (hazardous material) ထိန်းချုပ်ရေး ဖြစ်၏။ အန္တရာယ်ရှိသောပစ္စည်းများဟူသည် ဓာတ်ဆီ၊ သင်နာ၊ ရေနံဆီစသော မီးလောင်လွယ်သည့် ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ ဖြစ်၏။
            စင်ကာပူတွင် အဘယ်ပစ္စည်းတို့သည် Hazardous substances ဖြစ်သည်ကို WSH Act 206, Fifth Schedule, Part II တွင် ဖော်ပြထားပါသည်။


            ထိုပစ္စည်းမှန်သမျှ SDS (Safety Data Sheet) (MSDS – Material Safety Data Sheet) ရှိရမည်။ ထိုပစ္စည်း ကိုင်တွယ်မည့်သူမှန်သမျှ သည် MSDS အကြောင်း ကောင်းကောင်းသိထားရမည်။ သိအောင်လည်း ၎င်းတို့ကို တာဝန်ရှိသူများက ရှင်းလင်းပြသထားရမည်။
            ထို MSDS ထဲတွင် ပစ္စည်းထုတ်လုပ်သူ၊ ဆက်သွယ်ရမည့်နံပါတ်၊ ဓာတုအရည်အသွေး၊ ရူပအရည်အသွေး၊ မီးလောင်နိုင်မှု၊ အဆိပ်သင့်မှု၊ ပေါက်ကွဲနိုင်ခြင်းရှိ၊ မရှိ။ ဓာတ်မတည့်သည့်ပစ္စည်းများ၊ မည်ကဲ့သို့ ကိုင်တွယ်ရမည်၊ ကိုင်တွင်ရာတွင် မည်သည့် တစ်ကိုယ်ရေကာကွယ်မှုပစ္စည်းများ ၀တ်ဆင်ရမည်။ မည်ကဲ့သို့ သိုလှောင်ရမည်၊ စွန့်ပစ်ရမည်။ မတော်တဆ ဖိတ်စဉ်ခဲ့ပါက မည်ကဲ့သို့ပြုလုပ်ရမည်။ ကိုယ်ပေါ်စဉ်လျှင်၊ မျက်လုံးအတွင်း ၀င်လျှင်၊ ဓာတ်ငွေ့များကို ရှုရှိုက်မိလျှင် မည်ကဲ့သို့ ရှေးဦးသူနာပြုစုရမည်။ မီးလောင်လျှင် မည်ကဲ့သို့မီးသတ်ရမည် စသည့် သိသင့်သိထိုက်သည့် အချက်များအားလုံး ဖော်ပြထားသည်။
            မိမိတို့ လုပ်ငန်းအတွင် ထိုအန္တရာယ်ရှိပစ္စည်းများ သယ်လာခဲ့လျှင် ပထမဦးဆုံးလုပ်ရမည်မှာ MSDS တောင်းယူရေး ဖြစ်၏။ ဒုတိယအချက်မှာ အသုံးပြုမည့်အလုပ်သမားများအား ထို MSDS အကြောင်း ရှင်းပြထားကြောင်း မှတ်တမ်းစာရွက် နှင့် နောက်ဆုံးအချက်မှာ ထိုပစ္စည်းကို မည်သည့်နေရာတွင် မည်သည့်အတွက် မည်ကဲ့သို့ အသုံးပြုမည်ကို မေးမြန်း မှတ်သားထားရန် ဖြစ်လေသည်။
            ထိုပစ္စည်းများကို သီးသန့်နေရာတွင် သိုလှောင်ထားရသည်။ သိုလှောင်ထားသည့်နေရာတွင် MSDS ကို အဆင်သင့် ထားရသည်။ မီးသတ်ဘူး အဆင်သင့်ထားရသည်။ လေ၀င်လေထွက် ကောင်းရသည်။ မဆိုင်သူများ မ၀င်နိုင်စေရန် သော့ခတ်ထားရသည်။
            မည်သည့်ပစ္စည်းများ ၀င်လာသည်။ မည်သည့်နေ့က မည်မျှထုတ်သွားသည်။ လက်ကျန်မည်မျှရှိသေးသည် စသည်တို့ကို စာရင်းလုပ်ထားရသည်။
            Safety Officer သည် အလုပ်သမားများ ထိုဓာတုပစ္စည်းများအား တွေ့ကရာ လွှင့်မပစ်စေရေးအတွက်လည်း မျက်လုံးဒေါက်ထောက် ကြည့်နေရသည်။


            မတော်တဆမှုဖြစ်ခြင်းများတွင် စက်များသည်လည်း အကြောင်းတစ်ခုဖြစ်၏။ ထို့ကြောင့် စက်များပုံမှန်လည်ပတ်၊ အလုပ်လုပ်နေစေရေးသည် မတော်တဆမှုကာကွယ်ရေးတွင် အရေးကြီးသည့် နေရာမှ ပါဝင်၏။ စက်များပံမှန်အလုပ်လုပ် နေစေရန် ကြံ့ခိုင်ရေး အရေးကြီးသည်။ ထို့ကြောင့် Safety Officer သည် စက်များအား ပုံမှန်ကြံ့ခိုင်ရေး (maintenance) လုပ်မလုပ် မျက်လုံးဒေါက်ထောက် ကြည့်နေရ၏။
            ကျွန်တော်တို့ စီမံကိန်းလုပ်ငန်းတွင် တာဝါကရိန်း ၃ စီး၊ မီးစက် ၁၀ လုံး၊ ဆစ်ဆာလစ် ၄၆ စီး၊ ဘွန်းမ်လစ် ၃ စီး၊ ဂွန်ဒိုလာ အလုံး ၂၀။ Mast Climber ၁၈ ခု။ ဖောက်ကလစ် ၃ စီး၊ Bobcat တစ်စီး၊ မြေတူးစက် ၃ စီး စသဖြင့်ရှိရာ ထိုစက်များအား ပုံမှန် ကြံ့ခိုင်ရေး လုပ်မလုပ် ကျွန်ုပ်မှာ နေ့စဉ် စစ်ဆေးကြည့်ရ၍နေရလေ၏။ လိုင်စင်သက်တမ်းကုန်တော့မည့်စက်များကိုလည်း သတိထားရသည်။ လိုင်စင်ကုန်ခါနီးစက်များအား ငှားရမ်းသည့်ကုမ္ပဏီသို့လှမ်းကာ လိုင်စင်သက်တမ်းတိုးရန်၊ သက်တမ်းတိုးပြီး ဖြစ်ပါက လက်မှတ်အသစ်ပို့ပေးရန် သတိပေးရသည်။
            အောက်တွင် ကျွန်တော်ပြုစုထားသော စက်ပြုပြင်မှုမှတ်တမ်းကို နမူနာပြထားပါသည်။
            ထို့ပြင် စက်ကို တွေ့ကရာလူ လာမပြင်စေရအောင် စက်ပြင်သူများ၏လက်မှတ်နှင့် စက်ငှားသည့် ကုမ္ပဏီမှ မောင်ဘယ်သူ၊ ဘယ်ဝါသည် စက်ပြင်ဆရာဖြစ်ပါသည် ဟူသော အလုပ်ခန့်စာကိုပါ ယူထားပါ။ အခွင့်အာဏာမရှိသူ၊ တတ်ယောင်ကားသမား စက်ပြင်ခြင်းသည် အခြေအနေကို ပိုဆိုးစေပါသည်။


            ဖြစ်နိုင်လျှင် Safety Promotion ပွဲများ လုပ်ပေးပါ။ ကျွန်တော်တို့သူဌေးက ထိုအစီအစဉ်အတွက် ပိုက်ဆံစိုက်ထုတ် သုံးစွဲခြင်းမရှိသဖြင့် ကျွန်တော်ဘာမှ လုပ်မရပါ။ မိတ်ဆွေတို့လုပ်ချင်လျှင် အောက်ပါတို့ လုပ်နိုင်ပါသည်။
Safety နှင့်ပတ်သက်သော -
  • ဉာဏ်စမ်းပြိုင်ပွဲများ
  • ပိုစတာ၊ ကာတွန်းပြိုင်ပွဲများ
  • အဆိုအမိန့် ပြိုင်ပွဲများ
  • သရုပ်ပြပွဲများ

            ထို့ပြင် safety officer သည် စက်မောင်းသူများအား လိုင်စင်ရှိသူဟုတ်မဟုတ်၊ သင်တန်းဆင်းလက်မှတ် ရှိမရှိ၊ အခွင့်အာဏာရ စက်မောင်းသူ ဟုတ်မဟုတ်ကိုလည်း အခါအားလျော်စွာ စစ်ဆေးကြည့်ရှူရပါသည်။ သို့သော် ကရိန်း မောင်းသူကဲ့သို့သော အရေးကြီးသည့် စက်များအတွက်မူ ကရိန်းပေါ်မတက်မီကတည်းက ထိုသူသည် လက်မှတ်ရ ကရိန်းမောင်းသူဖြစ်ကြောင်း သေချာစေရပါမည်။ လက်မှတ်မပြနိုင်လျှင် ကရိန်းပေါ် တက်ခွင့်မပြုပါနှင့်။


            ယခု လက်စသပ်ပါမည်။
            ကျွန်တော်တို့သူဌေးများကား အလွန်ပါးလှ၏။ Construction site များတွင် ဥပဒေအရ (လုပ်ငန်းတန်ကြေးကိုလိုက်၍ ECO (Environmental Control Officer) ခန့်ထားရသည်။ ထိုအခါ သူတို့က ပိုက်ဆံကို အပိုမသုံးလိုသဖြင့် ကျွန်တော်တို့ကို Safety Officer + ECO ဆိုပြီး 2 in 1 ခိုင်းသည်။ (သောက်ကျိုးနဲ၊ လူများ ကော်ဖီမစ်ကျနေတာပဲ။)
            သူတို့က 2 in 1 ခိုင်းတော့ ကျွန်တော်တို့ကလည်း  1 in 2 ပြန်လုပ်ပေးရသည်ပေါ့။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရရင်တော့ ကျွန်တော်အများဆုံးလုပ်သော ECO အလုပ်မှာ တစ်လနှစ်ကြိမ်တင်ရသော ECO report သာ ဖြစ်သတည်း။

            သို့ဆိုလျှင် ECO ဘာလို့ခန့်သနည်း။ အတိုချုပ်ပြောရလျှင် -
  • လုပ်ငန်းခွင်အတွင်းမှ ထွက်လာသော ရေများကို public drain များထဲမစွန့်ပစ်မီ သတ်မှတ်ထားသော ရေအရည်အသွေး ပြည့်မီနေစေရေး ဆောင်ရွက်ရန်

(ဘာမှ မခက်ပါ မိုးရွာသည့်အခါတိုင်း ECM စက်မောင်းရန် ကောင်လေးတစ်ယောက်ကို တာဝန်ပေးထားပါ။ တကယ်မောင်း မမောင်း ရံဖန်ရံခါ သွားစစ်ပါ။)
  • ရေများအိုင်မနေစေရန်

(ရေအိုင်လျှင် ခြင်ပေါက်သည်။ ခြင်ကိုက်လျှင် dengue fever ဖြစ်မည်။ ထို့ကြောင့် လုပ်ငန်းခွင်ကို တတ်နိုင်သမျှ ခြောက်သွေ့နေစေရန် ထိန်းထားပါ။ ရေအကုန်မရှင်းနိုင်လျှင် ဆေးဖြန်းပါ။)
  • ကြွက်၊ ယင်များ မလာစေရန်

(အစားအသောက်အကြွင်းအကျန်များသည် ကြွက်နှင့်ယင်များကို ဖိတ်ခေါ်နေသည်ဖြစ်၍ အစားအသောက် အကြွင်းအကျန်များကို ပုံးများအတွင်းထည့်ကာ ဖုံးထားပါ။ နေ့စဉ်စွန့်ပစ်ပါ။
  • သိပ်မဆူပါစေနှင့်။

(လုပ်ငန်းခွင်အတွက် သတ်မှတ်ထားသော ဆူညံမှုနှုန်းများရှိပါသည်။ ထိုဆူညံမှုထက် မပိုအောင်ထိန်းထားပါ။ မည်သို့ ထိန်းရသနည်းဆိုသော် ဆူညံသံတိုင်းသည့်မီတာ တပ်ထားပါ။ ထိုမီတာမှ ဖတ်ယူရရှိသော တန်ဘိုးများကို မျက်ခြေမပြတ် လေ့လာပါ။ သတ်မှတ်ထားသော စံနှုန်းထက်များနေပြီဆိုလျှင် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာများကို သတိပေးပါ။ စီမံကိန်းမန်နေဂျာကို အကြောင်းကြားပါ။)

မှတ်ချက်။            ။ ဆူညံသံထိန်းတဲ့အကြောင်းဖတ်ချင်ရင် ကျွန်တော့်ဘလော့မှာသွားဖတ်ချေဗျာ။
  Link: http://www.shwenyein.blogspot.sg/2013/08/blog-post.html

            ဟိုးထား။ တော်လောက်ရောပေါ့။ အလကားမတ်တင်း လုပ်ပေးရတဲ့ဟာနော။

စင်ကာပူအား အကုန်ကောင်းသည်၊ ရာနှုန်းပြည့်မှန်ကန်သည်ဟု မယူဆလိုက်ပါလေနှင့်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံသာဖြစ်သဖြင့် အချို့ကိစ္စများတွင် မျက်စိမှိတ်ကာ မသိချင်ယောင်ဆောင်နေလိုက်ရသော ကိစ္စ၊ အများအပြား ရှိပါသည်။ သို့သော် အစိုးရက ဥပဒေဖြင့် အတင်းရော၊ အဓမ္မပါ သေတွင်းသို့မကျအောင် လုပ်နေသဖြင့်သာ သည်မျှ ကောင်းမွန်နေရသည်ဟု အကြမ်းဖျဉ်းမှတ်ထားလိုက်ပါခင်ဗျား။ ကျွန်တော်တို့အကြောင်း ကျွန်တော်တို့သာ သိသည်။

တော်ပြီဗျို့။ ဒါ့ထက်ရှည်ရင် အဆဲခံရတော့မယ်။


အေးငြိမ်း
၁၀၊ ၈၊ ၂၀၁၄။ သန်းခေါင်ကျော် ၀၁း၀၁ နာရီ

No comments: