Monday, June 2, 2014

Institute of Safety Studies

ကျွန်တော်တို့ ဒီနေ့ (1/6/14) Work-At-Height Course for Supervisor and Work-At-Height Course for Workers သင်တန်းနှစ်ခု စတင်ဖွင့်လှစ်၊ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ အားပေးချီးမြှင့်လာသူ အပေါင်းကို အထူးကျေးဇူးတင်ပါ၏။








တချို့ကျတော့ မယုံမရဲ။ အလုပ်သမား ၁၀ ယောက်လောက်လွှတ်မယ် ပြောပြီးမှ မင်းတို့ဟာက MOM ATP (MOM မှ လိုင်စင်ကျပြီးသား training centre) ဟုစုံစမ်းလာပြီးကာမှ မဟုတ်ပါဟု ဖြေလိုက်တော့ အသံတိတ်သွားသည်။ သူ့ကို ကျွန်တော် အထောက်အထားအားလုံးနှင့် ရှင်းပြလိုက်တာဖြစ်ပါ၏။ ခုထိတော့ အကြောင်းမပြန်သေး။

စင်ကာပူမှာ Training center တစ်ခုထောင်တာ လွယ်လွယ်လေးမဟုတ်ပါ။ ဘယ်လိုမလွယ်မှန်း မိတ်ဆွေတို့ကို နောက်ကျ အသေးစိတ်ရှင်းပြပါမည်။ ယခုတော့ ယားလို့တောင် မကုတ်အားသေး။ အလုပ်တွေက တောင်ပုံယာပုံဖြစ်နေသည်။

အရေးထဲမှ ဟိုတစ်နေ့က ဖိုင်တစ်ခုကို ဒေါင်းလုပ်လုပ်လိုက်တာ ဗိုင်းရပ်ဖိုင်ကြီးဖြစ်နေပြီး ကွန်ပြူတာမှာ ဒုက္ခနှင့်လှလှနှင့် ထိပ်တိုက်တိုးနေပြန်သဖြင့် အလုပ်ကောင်းကောင်း လုပ်လို့မရ။ ကျွန်တော့်ညာလက်ရုံး လက်ပ်တော့လေးမှာ တန် ၃၀ လောက် သံတုံးကြီးဆွဲထားသလို အလွန်အင်မတန် လေးလံနေပြီး ဖိုင်တစ်ခုဖွင့်ဘို့ရာ ဆယ်မိနစ်လောက် စောင့်နေရ လေသည်။ စိတ်မရှည်လှသော ကျွန်ုပ်မှာ Jurong Point ပြေးလျှက် Norton 360 ကို ၉၉ ကျပ်ပေးပြီး ပစ်ဝယ်ထည့်လိုက်၏။

Norton 360 ကလည်း ၉ နာရီခွဲကျော်ကျော်ကစပြီး install လုပ်တာ ၁၁ နာရီခွဲကျော်မှ ပြီးသည်။ ကျွန်ုပ်မှာ အ၀ါလုံးကလေးကို ချစ်သူပူပူနွေးနွေးမျက်နှာအမှတ်ဖြင့် လည်တယ်၊ လည်တယ်၊ ပတ်ချာလည်တယ်၊ ပတ်ချာလည်တယ်၊ ချာလပတ်ရမ်းတယ် စသဖြင့် တရားရှုနေရလေ၏။ နိဗ္ဗာန်ရောက်ဘို့ဝေးစွ၊ တရိပ်ရိပ်တက်လာသော ဒေါသကို မနိုင့်ရင်ကာ ချိုးနှိမ်ထားရလေသော ဟူသတတ်။ (ဗိုင်းရပ်စ်ထွင်တဲ့ ဂန်းမသားတွေ MH370 လိုအဖြစ်မျိုးနဲ့ ကြုံပါစေဗျာ။)

Install လုပ်ပြီးတော့ အလွန်မျက်မုန်းကျိုးလှသည့် ဗိုင်းရပ်စ်တွေကို သေဟ၊ သေဟ ဟု ကျိန်ဆဲကာ Norton ကို Full scan လုပ်လိုက်သည်။ Full scan လုပ်လိုက်ကာမှ တခြား ဘာမှ ဖွင့်လို့မရတော့ဘဲ အတင်းပိတ် (power shut off) လိုက်ရလေ၏။ (သေဟဲ့နန္ဒိယ)

သို့သော် နောက်နေ့အတွက် လုပ်စရာတွေရှိသေးတော့ ကွန်ပြူတာကို အတင်းပြန်ခွင့်။ ပေကပ်နေသည့် ကွန်ပြူတာကို အတင်းရောအဓမ္မပါ ခိုင်း။ လုပ်လိုက်တော့ စာ ၄ မျက်နှာလောက်ကို နာရီပြန် ၂ ချက်ထိုးထိ အသည်းအသန် လုပ်ယူရလေသည်။

ယခုလည်း မအားသေးပါ။ လုပ်စရာတွေ အများကြီး ကျန်ပါသေးသည်။

မိတ်ဆွေများခင်ဗျား။ မြန်မာငွေနှင့် သိန်း ၈၀၀ လောက်ရင်းထားရသည့် လုပ်ငန်းကြီးကို ကျွန်တော်တို့ ဖြစ်ကတတ်ဆန်း လုပ်လို့ ဖြစ်ပါမည်လား။ MOM က ဖမ်းမှာကို ပူရမှာ သင်တို့မဟုတ်ပါ။ ကျွန်တော်တို့ ဖြစ်ပါသည်။

အခုတော့ အရမ်းရောကာရောအိပ်ချင်နေပြီမို့ အိပ်တော့မည်။
အားပေးကြသူ မိတ်ဆွေအပေါင်းကို ကျေးဇူးအထူးတင်ပါ၏။ သင်တန်းလာတက်သူမိတ်ဆွေများအားလည်း ကျွန်တော်တို့ လိုတာ၊ ပြင်စရာတွေရှိလျှင် ထောက်ပြကြပါ။ အကြံပေးပါရန် မေတ္တာရပ်ခံပါ၏။ (အနို့ ကိုယ့်မျက်ချေးကိုယ်မမြင်၊ သူများ မျက်ချေးမြင် ဆိုတဲ့စကား ရှိတယ်မဟုတ်ပါလား။ ကိုယ်ဘာမှားနေသလဲဆိုတာကို ကိုယ့်ဟာကိုယ်ထက် သူများက ပိုမြင်လွယ်တာ မဟုတ်လားဗျာ။)

အေးငြိမ်း
၁၊ ၆၊ ၂၀၁၄။ ည ၁၀ နာရီ

No comments: