Monday, June 23, 2014

Check list များနှင့် နေထိုင်ခြင်း

ကျွန်တော်ရန်ကုန်သို့အလည်ပြန်စဉ် တစ်နေ့သ၌ နှမတစ်ဝမ်းကွဲဖြစ်သူ မစောမြင့်၏ယောက်ျား၊ ကျွန်တော့် ယ္ဖော ဘန့်ဘွေးကုန်းရွာသား ကိုသန်းချစ် ဆေးခန်းပြရန် ရန်ကုန်မှ ကျွန်တော်တို့အိမ်သို့ ရောက်ရှိလာလေ၏။ နောက်နေ့ကျတော့ သူ့ကိုမမြင်သဖြင့် အနို့၊ ကိုသန်းချစ်လည်း မမြင်ပါလား ဟု မမတို့ကို စုံစမ်းမေးမြန်းလေသော်  ဆေးခန်းသွားရာ၌ ဆေးစာအုပ်နှင့် ဆေးမှတ်တမ်းများ ပါမလာသဖြင့် ပြန်လွှတ်လိုက်သောကြောင့် ရွာသို့ပြန်ကာ ဆေးစာအုပ်များပြန်ယူသည်ဟု သိရလေသည်။ ဆေးခန်းလာပြတာဟယ်၊ ဆေးစာအုပ်မေ့ကျန်ခဲ့ရတယ်လို့ ဟု မမက အပြစ်တင်သည့်လေသံနှင့် ငြီးတွား၏။
            ၂၀၀၇ ခုနှစ်လောက်က ကျွန်တော်ရန်ကုန်ပြန်စဉ် မျက်မှန်မေ့ကျန်ခဲ့သဖြင့် လေဆိပ်ထဲတွင်ဝယ်ရာ ABC ဆိုင်၌ ၃ ကျပ်လောက်ပေးရသည့်မျက်မှန် အပေါစားကို ၃၈ ကျပ်ပေးဝယ်ခဲ့ရဖူးလေပြီ။ ဟိုတစ်ခေါက် ရေကြည်နှင့် ကျောင်းကုန်းဘက်သို့ လယ်ယာအန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲများ သွားလုပ်စဉ်ကလည်း သရုပ်ပြမည့် PPE များ ကျန်ခဲ့သဖြင့် ကိုယ့်ခေါင်းကိုယ် တူနှင့်ထုချင်မိခဲ့လေ၏။
            မိတ်ဆွေတို့လည်း သည်လိုဖြစ်ရပ်မျိုး မကြာခဏ ကြုံရဖူးပါလိမ့်မည်။
            ကျွန်တော်တို့လူမျိုးများ၌ Check list သုံးတတ်သော အလေ့အထ မရှိ။ မရှိသည့်အတွက်ပင် လယ်ထွန်သွား၊ နွားမေ့ ဟူသောစကားပုံ ပေါ်ခဲ့ရသည်မဟုတ်လော။
            ယခု Checklist ၏ အရေးပါပုံအကြောင်း ပြောပြပါမည်။
            ဘာပဲလုပ်လုပ် Checklist နှင့်လုပ်ပါ။ ဥပမာ - ဈေးသွားမည်ဆိုပါစို့။ အိမ်မှာကတည်းက ဘာတွေဝယ်ရမလဲ ဟု စဉ်းစားကာ ၀ယ်ရမည့်ပစ္စည်းစာရင်းကို ရေးမှတ်သွားပါ။ ဈေးဝယ်သည့်အခါ ထိုစာရင်းအတိုင်းဝယ်ပြီး တစ်ခုဝယ်ပြီးတိုင်း တစ်ခု ခြစ်ပါ။ ထိုအခါ မေ့ကျန်ခဲ့လို့ ဟူသည့် ပြဿနာမှ ကင်းဝေးပါလိမ့်မည်။
            အသင် စင်ကာပူမှ မြန်မာပြည်သို့ပြန်သည့်အခါ စာရွက်ပေါ်တွင် အိမ်အတွက် တစ်မျက်နှာ၊ ကိုယ့်ဘက်က ဆွေမျိုးတွေအတွက် တစ်မျက်နှာ၊ မိန်းမဘက်က ဆွေမျိုးတွေအတွက်က တစ်မျက်နှာ၊ ကျေးဇူးမကင်း၍ သော် လည်းကောင်း၊ မကောင်းတတ်၍သော်လည်းကောင်း ပေးရမည့်သူများအတွက်က တစ်မျက်နှာ ၀ယ်ရမည့်ပစ္စည်း စာရင်းကို စာဖြင့်ရေးမှတ်၍ ၀ယ်သွားမည်ဆိုလျှင် ယောက္ခမကြီးကလည်း ဖူးဖူးမှုတ်၊ ဆွေမျိုးများကလည်း ဟိုလူက ထမင်းခေါ်ကျွေးချင်၊ သည်လူက ထမင်းလာမစားလို့ စိတ်ဆိုး စသဖြင့် အလွန်မျက်နှာပွင့်ပါလိမ့်မည်။ 
            အရေးကြီးသည်မှာ ခရီးသွားသည့်အခါ ဖြစ်၏။ ခရီးသွားတော့မည်ဆိုလျှင် မသွားမီ တစ်ပတ်လောက်အလို ကတည်းက ယူစရာရှိသည့်ပစ္စည်းများကို ဖြည်းဖြည်းချင်းတွေးကာ စာရင်းလုပ်ထားပါ။ အထုပ်အပိုးများ ပြင်သည့်အခါ တွင် ထိုစာရင်း (checklist) အတိုင်း ထည့်ပါ။ တစ်ခုထည့်ပြီးတိုင်း တစ်ခု ခြစ် (tick) လုပ်ပါ။

ယူဆောင်ရန် စာရင်း
စဉ်
အမျိုးအမည်
ထည့်ပြီး
မထည့်ရသေး
မှတ်ချက်
ပတ်စ်ပို့စာအုပ်


လက်ကိုင်အိတ်
ဗီဇာ


လေယာဉ်လက်မှတ် (ဘယ်နေ့တွင် Check in လုပ်ရန်)


မှတ်ပုံတင်


ဘဏ်ကဒ်၊ ခလက်ဒစ်ကဒ်


ဘွဲ့လက်မှတ်၊ အမှတ်စာရင်း စသည့် အရေးကြီးသည့် စာရွက်စာတမ်းများ (ယူစရာလိုလျှင်)


ပိုက်ဆံအိတ်


သောက်ရမည့်ဆေးများ (မက်ဖော်မင်၊ အင်ဆူလင်) သောက်ရမည့်ဆေးများကို စာရင်းသပ်သပ်လုပ်ပြီး အရေအတွက်နှင့်တကွ ထည့်ပါ။


luggage
မျက်မှန်


လက်ကိုင်အိတ်
၁၀
ဘောပင်


၁၁
သွားတိုက်ဆေး၊ သွားတိုက်တံ


luggage
၁၂
မှတ်စုစာအုပ်


လက်ကိုင်အိတ်
၁၃
ကင်မရာ


၁၄
ဖုံး


၁၅
ရေဘူး


၁၆
လေယာဉ်ပေါ်တွင်အဆာပြေစားရန် ပေါင်မုံ့


၁၇
အင်္ကျီ၊ လုံချည် ၅ စုံ


luggage
၁၈
မျက်နှာသုတ်ပုဝါ


၁၉
လမ်းမှာဖတ်ဘို့ မောင်သာရ ရဲ့ ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်


လက်ကိုင်အိတ်
၂၀
ဒေါ်ဘယ်သူ့ဘို့ မျှစ်ချဉ် ဘယ်နှထုပ်


Luggage
၂၁
သမီးကြိုက်တတ်တဲ့အချဉ်ထုပ် တစ်ပါကင်



            သွားလေရာ မှတ်ပုံတင်ယူသွားပါ။ လူကြီးတစ်ယောက်လုံး တွေ့နေတာတောင် မှတ်ပုံတင်လိုသေးလားကွဲ့ ဟု မငြင်းပါနှင့်။ လိုပါသည်။ မှတ်ပုံတင်ကို ပိုက်ဆံအိတ်ထဲ အမြဲထည့်ထားပါ။
            နေ့စဉ်လူနေမှုဘ၀တွင်လည်း Checklist သည် အသုံးတည့်၏။ သည်တစ်ပတ် ဘာတွေလုပ်စရာရှိသည်။ ဘာကို ဘယ်နေ့လုပ်ရမည်။ ဘယ်နေ့ ဘာဘိုးပေးရမည်။ ဘယ်သူနှင့် ဘယ်နေ့တွင် ဘာကိစ္စတွေ့ရမည်၊ ဘယ်နေ့တွင် ဘယ်သူ့သား မင်္ဂလာဆောင်ရှိသည် စသဖြင့် တေးမှတ်ထားလျှင် မေ့နေလို့ ပေးစရာရှိတာတွေ ရက်ကျော်သွားလို့ ဒဏ်ကြေး/အတိုးပေးရမည့် ဒုက္ခ စသည်တို့မှ ကင်းလွတ်ပါလိမ့်မည်။
အလုပ်လုပ်သည့်အခါတွင်လည်း Checklist နှင့်လုပ်ပါ။
Safety အလုပ်များတွင်မူ နေရာတကာ Checklist ပါ၏။ ဥပမာ - Permit To Work တွင် Checklist ပါသည်။ အဘယ်ကြောင့်ပါသနည်း။ ပါသင့်ပါထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့်အရာများ ရှိနေစေရန် စစ်ဆေးသည့်အခါ အားလုံးပြည့်စုံရန်၊ ဘာတစ်ခုမှ မကျန်ခဲ့စေရန် Checklist လုပ်ပေးထားခြင်း ဖြစ်ပါသည်။ အောက်တွင် နမူနာ Checklist များ ပြထားပါသည်။
Checklist များနှင့်နေထိုင်တတ်ရန် နမူနာယူကျင့်သုံးကြပါမည့်အကြောင်း တိုက်တွန်းလိုက်ရပါသည်။

အေးငြိမ်း

၂၃၊ ၆၊ ၁၄။ ၀၀း၃၃ နာရီ

















No comments: