Monday, June 23, 2014

WAH (Work-At-Height) Train The Trainer Course

(၁)

သည်ကနေ့ WAH Train The Trainer Course ၅ ရက် သင်တန်းပြီး၏။ မနည်း အသည်းအသန်လုပ်လိုက်ရသည်။ သင်တန်းက စာမေးပွဲဖြေရတာတင်မဟုတ်။ Take home assignment လည်း ပေးလိုက်သေး၏။ သူ့ assignment ကလည်း နည်းနည်းနောနောမဟုတ်။ နောက်ပြီး စာအုပ်ထဲပါတွေ ကူးရေးရတာလည်းမဟုတ်။ research ဆိုကာ ဟိုဟာရှာခိုင်း၊ သည်ဟာရှာခိုင်းနှင့် အတော်ခေါင်းနောက်လှ၏။
ကွန်ုပ်မှာ တနင်္လာနှင့် အင်္ဂါနေ့ညများက MOM လိုင်စင်တင်နေရသေးသည်နှင့် ဘာမှမလုပ်ဖြစ်။ သည်တော့ ဗုဒ္ဓဟူးနှင့် ကြာသပတေး နှစ်ရက်ပဲအချိန်ရ၏။ Assignment က ကြာသပတေးည အပြီးတင်ရမှာ။ သောကြာနေ့တွင် assignment ကို ရှင်းပြ၊ နောက်ပြီး စာမေးပွဲဖြေ ဆိုတော့ စာကလည်း ကျက်ရဦးမည်။ သည်တော့ assignment ကို အတင်းတွန်းထိုးလုပ်တာ ကြာသပတေးည သန်းခေါင်လောက်မှပြီး၏။ ပြီးတော့ ဘာမှစဉ်းစားမနေတော့ဘဲ မနက် ၄ နာရီ နှိုးစက်ပေးပြီး အိပ်။ မနက် ၄ နာရီထ။ အိပ်ချင်ပြေအောင် ခေါင်းက ရေလောင်းချိုးပြီး စာကျက်။ မနက် ၇ နာရီလောက်ကျတော့ ငုတ်တုတ်ထိုင် စာကျက်နေရင်း အိပ်မက်များမက်လာသဖြင့် နာရီဝက်လောက်ပြန်အိပ်။ နှိုးစက်မြည်တော့ ကပျာကယာထ။ အ၀တ်အစားလဲ သင်တန်းသွား။ (သယ်၊ အရေးထဲ ရထားက Jurong East မှာ ရပ်နေလိုက်ရသေး။)
စာမေးပွဲလား။ အောင်သပေါ့ဗျာ။ ဘယ့်နှာ၊ တစ်သက်လုံး ဖြေလာခဲ့တဲ့စာမေးပွဲအရေတွက် ကိုယ့်အသက်ထက် တောင် များသေး။
ကျွန်တော့်အမြင်ပြောရလျှင်တော့ သူတို့သင်တာ သဘောမကျပါ။ အဲလေ သင်တာကိုပြောတာဟုတ်ပါဘူး။ သင်ရိုးညွှန်းတမ်းကို ပြောပါတယ်။ သင်တန်းခေါင်းစဉ်က WAH Train The Trainer Course ဆိုတော့ သင်တန်းဆရာ ဖြစ်နည်း သင်တန်း ဖြစ်ရမည်မဟုတ်ပါလား။ သင်တန်းဆရာကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးရမှာ မဟုတ်ပါလား။ အခုတော့ ဆရာဖြစ်သင်တန်းနဲ့တူတာ (၄ ရက်လုံး သင်တာမှာ) တစ်လုံးမှ မတွေ့ခဲ့။ သင်တန်းရည်ရွယ်ချက်က “How to become a billionier (ဟုတ်ပေါင်) good trainer for WAH” ဖြစ်သင့်ပါသည်။ နောက်ဆုံးပိတ် course evaluation form ထဲမတော့ သည်အတိုင်း ထည့်ရေးခဲ့သည်။ သည်သင်တန်းမှ ဗဟုသုတတော့ အတော်ရခဲ့ပါ၏။

ထားပါတော့။ ကိုယ်ဘာတတ်နိုင်တာမှတ်လို့။

(၂)

Work At Height သင်တန်း ဆိုတော့ တစ်ခုတွေးမိပြီး ကျွန်ုပ်မှာ ငါးသလောက်ပြုံး ပြုံးမိ၏။ အခြားမဟုတ်။ သူတို့လိုသာ အမြင့်တက်တိုင်း Work At Height သင်တန်းတက်ခိုင်းရလျှင် ကျွန်ုပ်တို့တစ်ရွာလုံး ယောက်ျား၊ မိန်းမမကျန် အကုန်သင်တန်းတက်ရဘို့ ရှိလေသည်။
ရွာမှ အိမ်အများစုမှာ ဖက်မိုး၊ သက်ငယ်မိုး၊ ဓနိမိုးများ များသည်။ ဆင်းရဲသူများက ဖက်မိုး၊ ပိုက်ဆံအနည်းငယ် တတ်နိုင်သူများက သက်ငယ်မိုး၊ ပိုပြီး ပိုက်ဆံတတ်နိုင်လျှင် ဓနိမိုး။ ပိုက်ဆံရှိသူများက သွပ်မိုးကြသည်။ သွပ်မိုးသည် ဆိုရာတွင်ပင် အိမ်မကြီးကိုသာမိုးပြီး မီးဖိုဆောင်နှင့် နွားတင်းကုပ်တို့ကိုမူ ဖက် သို့မဟုတ် သက်ငယ်မိုးကြ၏။
ဖက်ဟူသည် တောအတွင်းပေါက်နေသော အင်ပင်မှ ကြွေကျသည့် အင်ဖက်များကို ကောက်၊ ရွာပြန်ရောက်တော့ ချောင်းထဲက ရေအိုင်ထဲတွင် စိမ်။ ၀ါးသီတံတွင်ပျစ်ကာ အမိုး၊ အကာလုပ်ကြခြင်းဖြစ်၏။ ကိုယ့်ဘာသာကိုယ် တောထဲက ဖက်သွားကောက်တာဆိုတော့ ပိုက်ဆံတစ်ပြားမှ ကုန်စရာမလို။ (ဒါ၊ အရင်တုံးက ဖြစ်၏။ ယခုတော့ ဟို နိုင်ငံ့ဂုဏ်ဆောင် လက်မှတ်ရသူများလက်ချက်ဖြင့် သစ်ပင်တွေ့ချင်လျင် စာအုပ်ထဲလှန်ရှာရသည့် အခြေသို့ဆိုက်သွားလေရာ သူတို့ ဘယ်လို မိုးကာနေကြသည်ကို မသိတော့ပါ။)
ဆိုတော့ နွေကျလျှင် အိမ်အမိုးများ အသစ်ပြန်မိုးကြသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ဘယ်သူ့မှ ငှားစရာမလို။ ဘယ်သူ့အိမ် ဘယ်နေ့မိုးမယ်ဆိုတာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် လူငယ်များစုကာ သွားမိုးကြခြင်းဖြစ်၏။ အိမ်ရှင်က ထန်းလျက်နှင့် ရေနွေးတိုက်သည်။ ထန်းလျက်မရှိလည်း ကိစ္စမရှိပါ။ ရေနွေးမတိုက်လို့လည်း ဘယ်သူ့ကိုမှ စုပေါင်း ဆန္ဒထုတ်ဖော်ပွဲ မလုပ်ခဲ့ကြပါ။ ကိုယ့်ဘာသာ ကိုယ့်စေတနာနှင့်ကိုယ် သွားမိုးပေးကြခြင်းဖြစ်ပါသည်။ ကိုယ့်အိမ် မိုးမည်ဆိုတော့လည်း သည်အတိုင်း လာမိုးကြတာသာ ဖြစ်၏။ အချင်းချင်း စလိုက်၊ နောက်လိုက်၊ သီချင်းတွေ အော်ဆိုလိုက်နှင့်၊ တပျော်တပါးကြီးဖြစ်ပါသည်။ ယခုတော့ သည်ဓလေ့များ ကျန်သေးသလား၊ ပျောက်ကွယ်ကုန်ကြပြီလား မပြောတတ်ပါ။ သည်ချစ်စရာကောင်းသည့် ဓလေ့များ ကွယ်ပျောက်သွားပြီဆိုလျင်ဖြင့် အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။
များသောအားဖြင့် အိမ်မိုးလျင် ကျွန်တော်တို့တတွေ အင်္ကျီမ၀တ်ကြပါ။ အနို့ မ၀တ်ဆို။ အင်္ကျီတစ်ထည် တန်ကြေးက မသေးလှ။ ပုဆိုး ခါးတောင်းကျိုက်ကာ သည်အတိုင်း တက်မိုးကြခြင်းဖြစ်၏။
ဖက်မိုးလျှင် ဖက်ကိုရေစိမ်ထားတာဆိုတော့ ဖက်မှကျလာသည့် ရေပုပ်များမှာ အလွန်ယားလှ၏။ သည့်ထက်ဆိုးသည်က သက်ငယ် ဖြစ်သည်။ (ကျွန်တော်တို့က သက်ကယ်ဟုခေါ်၏)။ သက်ငယ်ကား ရှလည်းရှသည်။ ယားလည်းယားသည်။ သို့သော် သည်လို ကုတ်ရင်းဖဲ့ရင်းနှင့် အိမ်မိုးပြီးရသည်။ မိုးပြီးတော့မှ ခေါင်းကဖြိုကာ ရေချိုး။
ဘယ်သူကမှလာပြီး environmental friendly တို့၊ green peace တို့ recycle တို့ လာတရားဟောနေစရာမလို။ ဘ၀ပေးအသိဖြင့်ပင် မနှစ်ကမိုးထားသည့် သက်ငယ်များကို အတင်းကန်ကျောက်မချပဲ အသာအယာဖျက်ချကာ ကောင်းသေး သည့် အပျစ်များကို အနားများဖြတ်ကာ အောက်ဆုံးက ခံမိုးသည်။ နောက်တော့မှ အသစ်များကို မိုးသည်။ အတန် ကောင်းသေးသည့် အပြစ်များဆိုလျင် အသစ်နှင့်ညှပ်ကာ ပြန်မိုးကြသည်။ ပိုက်ဆံမရှိတော့လည်း သည်လို ကြံကြဖန်ကြရသည်ပဲ။
အိမ်မိုးပြီဆိုကတည်းက အမြင့်တက်ရတာ မဟုတ်ပါလား။ ကျွန်တော်တို့ငယ်စဉ်၊ ခေါင်မိုးပေါ်တက်တုံးက သည်အတိုင်း ထုပ်ယောက်တန်းမြားများကို နင်းကာ ကျော်ခွ တက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဘာလှေခါးမှ မလို။ (အခုတော့ ဤကဲ့သို့ ကျော်ခွတက်ခဲ့သော ကျွန်ုပ်ကိုယ်နှိုက်က လှေခါးမှ မတက်၊ အခြားနေရာမှ ကျော်ခွတက်နေသူများတွေ့လျင် ဓာတ်ပုံရိုက်ကာ ဒဏ်တပ်နေရလေ၏။ အလွန်ရယ်စရာကောင်းလှသော ကပြောင်းကပြန်လောကကြီး ဖြစ်ပေသည်။)
ခေါင်မိုးပေါ်မှာလား၊ ဘယ့်နှာ fall prevention plan တို့၊ safety harness တို့ ရလိမ့်မလဲဗျာ။ လသာသာ၌ ၀ါးလုံးမြားတန်းများပေါ်ထိုင်ကာ သည်အတိုင်း မိုးခဲ့ကြခြင်း ဖြစ်သည်။ သို့တိုင် ကျွန်တော့်တစ်သက် ခေါင်မိုး၍ ပြုတ်ကျသေသည့်မသာ တစ်ယောက်မှ မတွေ့ခဲ့ပါ။

(၃)

ဒါတင်ပဲလား။ ဘယ်ဟုတ်ပါလိမ့်မတုံး။ တောပါဆိုမှ။
ကျွန်တော်တို့တောတွင် ထန်းပင်များရှိ၏။ ကိုယ့်လယ်ထဲကထန်းပင် ကိုယ့်ထန်းပင်ပေါ့။ ကျွန်တော်ကိုယ်နှိုက်က တော့ ထန်းပင်မလှီးတတ်ပါ။ မြို့သွား ကျောင်းတက်နေသဖြင့် တောသားတို့တတ်အပ်သည့် အဋ္ဌာရသ ၁၈ ရပ်ကို အပြည့်အစုံ မတတ်မြောက်ခဲ့။ သို့သော် သူများလှီးထားသော ထန်းပင်ပေါ်တော့ တက်ပြီး ထန်းရေသောက်တတ်ပါသည်။ (အဲလေ၊ ခိုးသောက်တာမဟုတ်ပါ။ သူငယ်ချင်းထန်းပင်ပေါ် အတူတူတက်သောက်တာ ဖြစ်ပါသည်။)
ထန်းပင်ပေါ်တက်တာလည်း မိတ်ဆွေတို့ မြင်ဖူးပါလိမ့်မည်။ ဘာလှေခါးမှရှိတာမဟုတ်။ သူတို့ကတော့ မောင်းတက် ဟုခေါ်၏။ ၀ါးတစ်ပင်လုံးကို အရင်းမှခုတ်လှဲကာ အကိုင်းအခက်များကို တစ်မိုက်လောက်ချန်လျက် ဖြတ်လိုက်လျင်ပင် အင်မတန်မှ ရိုးရှင်းလွယ်ကူလှသည့် မောင်းတက်တစ်ချောင်းရလေတော့၏။ (အညာဘက်တွင်တော့ လှေခါးနှင့်တက်ပါသည်။ ကျွန်တော်တို့ဘက်တွင် ထန်းရည်ကို ကြသောင်းဝါးကိုဆစ်ပိုင်းထားသော ၀ါးကျည်တောက်ဖြင့်ခံပြီး အညာတွင်တော့ မြူအိုး နှင့် ခံသည်။ လှေခါးနှင့်စာလျင် မောင်းတက်က အန္တရာယ်ပိုများ၏။)
အနှီမောင်းတက်ကို ထန်းပင်တွင် အထက်၊ အလယ်၊ အောက် သုံးနေရာ၌ နှီးဖြင့် ချည်ထားလိုက်လျှင် ထန်းပင်ပေါ် တက်ရန် လုံလောက်ပြီ။ ဘာ safe access မှ လာပြောမနေပါနှင့်။ သည်အတိုင်းပဲ တက်နေကြတာ ယခုအထိ။
သဟာတောင် မောင်းတက်ကို ရိုးရိုးထောင်တာမဟုတ်။

ထန်းရည်ကို လူခိုးမှာစိုးသဖြင့် အထက်က မောင်းတက်အတိုလေးပဲ ချန်ခဲ့ပြီး အောက်ဘက်က မောင်းတက်ကို ဖြုတ်ကာ သယ်သွားတာ ဖြစ်သည်။ တက်ချင်တော့မှ ထိုမောင်းတက်ကိုယူလာ၊ ထောင်ပြီး တက်ကြတာဖြစ်၏။



သို့သော်လည်းပေါ့လေ။ လူပေကပဲ။ အမှားနဲ့ ဘယ်ကင်းပါလိမ့်မလဲ။
ကျွန်တော့်ဦးကြီး ဦးမြဆင်မှာ ထန်းပင်ပေါ်က ပြုတ်ကျသဖြင့် တစ်သက်လုံး ထော့နဲ့ထော့နဲ့ ဖြစ်သွား၏။ နောက်တစ်ဦးမှာ မြင့် ဘယ်သူဆိုပါလိမ့်၊ သူ့နာမည်တောင် မေ့နေပြီ။ ကျွန်တော်ဆယ်တန်းအောင်သည့်နှစ်က ထိုကောင်လေး ထန်းပင်ပေါ်က ပြုတ်ကျသေသည့်သတင်း ကျွန်တော်တို့ ရွာအနီးတစ်ဝိုက် အတော် အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ဖူး၏။ သို့သော် သူပြုတ်ကျသေသည်မှာ သေရိုးသေစဉ်မဟုတ်။
သူက ရွာမှ ခပ်ချောချောကောင်မလေးတစ်ဦး (ကျွန်တော်နှင့် နှစ်မ နှစ်ဝမ်းကွဲလောက်တော်သည်။) ကို ကြိုက်သည်။ ကောင်မလေးက ပြန်မကြိုက်။ သည်တော့ လူငယ်တို့ ဘာဝ ထွက်ပေါက်ရှာသည်။ သည်တုံးက ကျွန်တော်တို့ရွာမှာ အရက်၊ ဖဲ လုံးဝမရှိ။ ထန်းရည်တော့ သူသူငါငါ သောက်ကြသည်။
ကောင်လေးက ထန်းရည်မသောက်တတ်။ ထန်းရည်မသောက်တတ်တော့ ထန်းပင်လည်း ကောင်းကောင်း တက်တတ်ဟန် မတူပါ။ ထန်းပင်တက်တာ လွယ်သည်မထင်ပါနှင့် မိတ်ဆွေများခင်ဗျား။ ခုနင်ကပြောခဲ့သည့် တစ်မိုက်လောက် ရှိသည့် ၀ါးတက်ကလေးများကို နင်း၊ ထန်းပင်ကိုဖက်လျက် တက်သွား။ အပေါ်ဆုံးရောက်တော့ ထိုမောင်းတက်မှ ထန်းပင်အလက်များအကြား ကူးပြောင်းတက်ရသည်မှာ အသည်းယားဖွယ်ဖြစ်၏။ ကြောက်တတ်လျင်၊ မကျွမ်းကျင်လျင် ပြုတ်ကျဘို့ အလားအလာများပါသည်။   
သူထန်းပင်ပေါ်က မည်သို့မည်ပုံပြုတ်ကျသည်မသိပါ။ သူတစ်ယောက်တည်း တက်သောက်တာ ဖြစ်သည်။ ကံကဆိုးချင်တော့ ပြုတ်အကျတွင် အောက်မှထောင်ထားသည့် မောင်းတက်တည့်တည့်သို့ကျလေရာ တံစို့ထိုးပြီးသား ဖြစ်လေတော့၏။ သည်တော့ သည်တံစို့ကြီးကို မည်သူမှ မနုတ်ရဲ။ သည်အတိုင်း လေးမျက်နှာဆေးရုံသို့ သယ်သွားရသည်။ တောဆေးရုံဆိုတော့ အဘယ်မှာလျင် ဆေးဝါးပြည့်ပြည့်စုံစုံ၊ ခွဲစိတ်ခန်း စသည် ရပါမည်နည်း။
မြို့နယ်ဆရာဝန်ကြီးက ထိုဝါးတံစို့ကို နုတ်သည်ဖြစ်စေ၊ မနုတ်သည်ဖြစ်စေ အသက်ရှင်ရန် မလွယ်ပါဟု ဆို၏။ အနို့၊ ဟို့ . . . . အပေါ်ကအောက်ကိုပြုတ်ကျတာ လှံနဲ့ထိုးတာထက် ဆိုးတော့မပေါ့ဗျာ။ ကိုယ်ထဲက ကလီစာတွေကို ဖြတ်ကာ ရင်ခေါင်းအထိရောက်နေသည့် သည်ဝါးတံစို့ကြီးကို နုတ်လျင်လည်း သေနိုင်သည်၊ သည်အတိုင်းကလည်း ထားလို့မဖြစ် ဆိုတော့ နောက်ဆုံး နုတ်လိုက်ဘို့ဆုံးဖြတ်ကြ၏။ တံစို့လည်းထွက်၊ အသက်လည်းထွက်။

(၄)

ယခုတော့ မြန်မာပြည်တွင် safety ဆိုသည့်အသံ သဲ့သဲ့မျှ ကြားလာရပါပြီ။ လူကြားကောင်းရုံ အသံဟစ်နေရုံမျှ မဟုတ်မူ၍ တကယ်စေတနာပါပါနှင့် လက်တွေ့အကောင်အထည်ဖော်ကြဘို့ အရေးကြီးပါသည်။ လူဟူသည် ပုရွက်ဆိတ်တစ်ကောင် မဟုတ်။ လူမှန်လျင် သူ့အတိုင်းအတာနှင့်သူ အရေးကြီးကြသူချည်းဖြစ်၏။
            ကိုယ့်အသက်ကိုယ် ချစ်တတ်လျင် သူ့အသက်ကိုလည်း တန်ဘိုးထားတတ်ရမည်။
            ထို့ကြောင့် မည်ကာမတ္တမျှသာမဟုတ်ဘဲ တကယ်လုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။
ညက ၄ နာရီလောက်အိပ်ခဲ့ရလို့ ခုည စောစောအိပ်တော့မဗျာ။

အေးငြိမ်း
၂၀၊ ၆၊ ၁၄။ ည ၉း၂၀ နာရီ

No comments: