Sunday, June 15, 2014

မဟာသန္တိသုခကိစ္စ

Lead by example ဟု ရှိ၏။ Child see, Child do. ဟူသောစကားလည်း ရှိ၏။ (ဗမာလိုဆိုရင်တော့ အတုမြင်၊ အတတ်သင် ပေါ့ဗျာ။ အနို့ သတင်းထောက်လို့သုံးရမှာ ရှက်လို့ ဦးအံ့မောင်က မီဒီယာတွေကို ဒီလိုပြန်ကြားပါတယ် တို့။ တရားဥပဒေ စိုးမိုးရေး လို့ပြောရင် ပေါ့လျှံလျှံနေလို့ rule of law လို့ သုံးတာတို့ . . .  စသဖြင့် သူတို့ကသုံးတော့ ကျွန်တော်လည်း အတုခိုးပြီး မတောက်တခေါက် အလွတ်ကျက်ထားတာလေးတွေနဲ့ လူအထင်ကြီးမလားလို့ လုပ်ကြည့်တာပါ။)

ယခု ဖြစ်ပွားသော မဟာသန္တိသုခ သတင်းများကိုဖတ်ရတာ စိတ်မချမ်းသာပါ။
ကျွန်ုပ်စိတ်မချမ်းသာရခြင်းမှာ မဟာသန္တိသုခကျောင်းကို သူတို့ အတင်းအဓမ္မသိမ်းခြင်း မဟုတ်ပါ။ သူတို့လုပ်တာ နည်းလမ်းမကျသောကြောင့် ဖြစ်၏။

ထိုသူများမှာ ဗမာပြည်မှ ဘာသာရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ ထိပ်ဆုံး အဖွဲ့အစည်းများမဟုတ်ပါလား။
အကယ်၍ ထိုကျောင်းသည် ပီနံဆရာတော်မပိုင်ဟုဆိုလျှင် ၎င်းတို့က ဆရာတော်အား ကျောင်းမှဖယ်ရှားပေးပါဟု တောင်းဆိုသည့်တိုင် ဖယ်ရှားမပေးလျှင် တရားဥပဒေကြောင်းအရ တရားစွဲပါ။ တရားရုံးက ဆုံးဖြတ်ပေးပါလိမ့်မည်။ အကယ်၍ တရားရုံးက ထိုကျောင်းသည် ပီနံဆရာတော်မပိုင်ဟု ဆုံးဖြတ်သည့်တိုင် ဆရာတော်က ကျောင်းမှ ဆင်းမပေးလျှင် သတိပေးစာ ထုတ်ပြန်ရပါမည်။ အကြိမ်ကြိမ်သတိပေးသည့်တိုင် မလိုက်နာပါက ဖမ်းဝရမ်းထုတ်တော့မည်ဟု နောက်ဆုံးအကြိမ် သတိပေးနိုင်ပါသည်။ ဤသည်ကိုမှ ဆက်ပြီး ခေါင်းမာနေဦးမည်ဆိုပါမှ သွားဖမ်းရမည် မဟုတ်ပါလော။ ဖမ်းသည်ဆိုတာတောင် လူကြီးလူကောင်းဖမ်းသလို သွားဖမ်းရမည် မဟုတ်ပါလော။

မြန်မာပြည်တွင် လက်နက်ကိုင်သောဘုန်းကြီး ဘယ်နှစ်ပါးရှိသနည်း။ ဘုန်းကြီးများ ဗုံးခွဲသည်ဆိုသော သတင်း သင်တို့ ဖတ်ရပါသလော။ ထို မဟာသန္တိသုခကျောင်းမှ ဘုန်းကြီးများသည် gangstar များလော။ မှောင်ခိုဂိုဏ်းခေါင်းဆောင်များလော။ အယ်လ်ခိုင်ဒါနှင့် အဆက်အသွယ်ရှိ၍လော။

သူတို့ကို ဖမ်းချင်လျှင် နေ့ခင်းပိုင်းသွားပြီး ဆရာတော်တို့၊ တပည့်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ ခေါ်လို့မရဘူးလား။ (အရင် န.၀.တ ခေတ်ကလည်း ဒီလိုပဲ ခဏလိုက်ခဲ့ပါဆိုပြီး ထောင်ထဲ အနှစ် ၄၀ လောက်ထည့်နေကျမဟုတ်ပါလား။) သည်လိုသွားခေါ်ရင် အဲသည်ဘုန်းကြီးတွေက သေနတ်တွေနဲ့ ဆီးပစ်မယ်လို့ သင်တို့ ယူဆပါသလား။

သဟာနှင့်တောင် အဘယ်ကြောင့် လူကြီးလူကောင်းအလုပ်မလုပ်ဘဲ လမ်းဘေးက ခွေးလှေးကြမ်းပိုး အချိုးမျိုး ချိုးရသနည်း။

သတင်းစာရှင်းလင်းပွဲကိုလည်း ကြည့်လိုက်ပါဦး။ သတင်းစာရှင်းလင်းတာနှင့်မတူ။ ခေါ်ပြီး ဟေ့ကောင်တွေ၊ ငါတို့လုပ်ချင်ရာလုပ်မယ်၊ ဘယ်ကောင့် သောက်ဂရုစိုက်ရမလဲ ဆိုတာနှင့် တူမနေဘူးလား။ သတင်းစာရှင်းလင်းပွဲမှာ ဦးအံ့ရဲ့ မောင်ကြီး ပြောတဲ့လေသံနဲ့ မျက်နှာပေးကိုပြန်ကြည့်ပါ။ သူပြောပုံက တစ်နိုင်ငံလုံးကို စိန်ခေါ်နေတာနှင့် တူနေသည်။ အယ်မယ်မင်းရဲ့ သာသနာရေးဝန်ကြီးဌာန တဲ့။

ဆိုတော့ . . . . .

သာသနာရေးခေါင်းဆောင် ဆိုသူများက ဤကဲ့သို့လုပ်ပြနေလျှင် အောက်ကလူများဆိုလျှင်တော့ ကမ်းကုန်နေပေရော့မည်။ သူတို့တောင် ဒီလိုလုပ်သေးတာ ငါတို့လည်း ချကွ၊ ဆော်ကွ ဖြစ်နေမကုန်ဘူးလား။ အနှီဆရာကြီးများက ဤကဲ့သို့သော example များဖြင့် lead လုပ်နေလျှင် သည်တိုင်းပြည် ငါးပါးမမှောက်၊ ဘယ်တိုင်းပြည် မှောက်ပါမည်နည်း။

ပြောရတာ အကုသိုလ်များပါတယ်ဗျာ။ စောစောစီးစီး။
တော်ပြီ။ အူထဲယားလွန်းလို့ ဖွင့်အံချလိုက်တာ။

အေးငြိမ်း

၁၅ ဇွန်၊ ၂၀၁၃ မနက် ၉ နာရီ ၁၀ မိနစ်

No comments: