Thursday, June 7, 2012

ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း သိကောင်းစရာ (၁)

 


ရည်ညွှန်း။                        ။ Natural Gas Pipeline Technology Overview (Nov, 2007)


အတိုကောက်များ

AGA       - American Gas Association
ANSI     - American National Standards Institute
API       - American Petroleum Institute
ASTM     - American Society of Testing and Materials, now ASTM International
BLS       - Bureau of Labor Statistics
BMP      - Best Management Practice
CEC       - California Energy Commission
CFR       - Code of Federal Regulations
CO        - Carbon Monoxide
DI&M     - Directed Inspection and Maintenance
DOE      - U.S. Department of Energy
DOT      - U.S. Department of Transportation
EIA       - Energy Information Administration
EPA       - U.S. Environmental Protection Agency
ESD       - Emergency Shutdown
FEMA     - Federal Emergency Management Agency
FERC     - Federal Energy Regulatory Commission
FHWA    - Federal Highway Administration
GPO      - U.S. Government Printing Office
HAPs     - hazardous air pollutants
HC        - hydrocarbon
HDD      - horizontal directional drilling
IMP       - Integrity Management Plan
INGAA   - Interstate Natural Gas Association of America
LCM       - Logic Control Module
LNG       - Liquefied Natural Gas
MCC      - Motor Control Center
NACE     - National Association of Corrosion Engineers, now NACE International
NGA      - Natural Gas Act
Nox       - nitrogen oxides
NPC       - National Petroleum Council
NTSB     - National Transportation Safety Board
OPS      - Office of Pipeline Safety (DOT)
OSHA    - Occupational Safety and Health Administration
PM10     - particulate matter less than 10 micrometers in diameter
PSD       - prevention of significant deterioration
PUC       - Public utility commission
ROW(s) - right(s)-of-way
RTU       - remote terminal unit
SCADA   - supervisory control and data acquisition
SO2      - sulfur dioxide
TAPS     - Trans-Alaska Pipeline System
TSP       - Total Suspended Particulate
USACE   - U.S. Army Corps of Engineers
VOC      - Volatile Organic Carbon

တိုင်းတာသည့် ယူနစ်များ

gal        - gallon(s)
hp         - horsepower
lb          - pound(s)
psia      - pound(s) per square inch absolute
psig      - pound(s) per square inch gauge

အခန်း (၁)


သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွင် ပါဝင်သည့် အစိတ်အပိုင်းများ

၁၊ ၁။ မြန်မာနိုင်ငံမှ ဓါတ်ငွေ့ပိုက်လိုင်းများ

            မြန်မာနိုင်ငံတွင် စီးပွားဖြစ် တပ်ဆင်ထုတ်လုပ်လျှက်ရှိသော ဓါတ်ငွေ့ပိုက်လိုင်း ၂ လိုင်းရှိပါသည်။ တစ်ခုမှာ ရတနာဓါတ်ငွေ့ပိုက် လိုင်း ဖြစ်ပြီး နောက်တစ်ခုမှာ ရဲတံခွန် ဓါတ်ငွေ့ပိုက်လိုင်း ဖြစ်ပါသည်။ ရဲတံခွန် ဓါတ်ငွေ့ပိုက်လိုင်းကို ရတနာဓါတ်ငွေ့ပိုက်လိုင်းနှင့် ဆက်သွယ် ထား၏။


၁၊ ၁၊ ၁။ ရတနာဓါတ်ငွေ့ပိုက်လိုင်း

၁၉၈၀ ခုနှစ်က စတင်တွေ့ရှိခဲ့သော ရတနာဓါတ်ငွေ့သိုက်သည် ကမ်းခြေမှ ၃၇ မိုင်အကွာ အင်ဒမန်ပင်လယ်ထဲ၌ ရှိ၏။ ထိုဓါတ်ငွေ့သိုက်တွင် သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်းထောင်ပေါင်း ၁၅၀ ခန့်ရှိပြီး ထိုဓါတ်ငွေ့များကို ထိုင်းသို့ အနှစ် ၃၀ ရောင်းချရန် စာချုပ်ချုပ်ထားပါသည်။ ထိုစီမံကိန်းအတွက် တိုတယ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ၁၉၉၂ ဇူလိုင်လ ၉ ရက်နေ့တွင် စာချုပ်လက်မှတ် ရေးထိုးခဲ့ကြပါသည်။

ထိုဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များထုတ်ယူပြီး ထိုင်းသို့ တင်ပို့ရောင်းချခဲ့ရာ ၂၀၀၉ ခုနှစ်စာရင်းအရ တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၇၈၀ ထုတ်ယူသည်ဟု သိရပါသည်။ ဓါတ်ငွေ့ပိုက်လိုင်းမှာ အချင်း ၂၄ လက်မရှိပြီး ပင်လယ်ထဲ၌ ရတနာစခန်းမှ ဓမင်းဆိပ်အထိ အရှည် ၂၁၅ မိုင်၊ ဓမမင်းဆိပ်မှ ထိုင်းနယ်စပ်ထိ ကုန်းပေါ်တွင် အရှည် ၃၉ မိုင် ရှိပါသည်။ ထိုပိုက်လိုင်းက တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၅၀၀ ထိ သယ်ပို့ပေးနိုင်သည်ဟု ဆိုပါသည်။



ရတနာဓါတ်ငွေ့ပိုက်လိုင်းကို မောင်းနှင်ပေးနေသူမှာ ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီဖြစ်ပါသည်။ ပိုင်ဆိုင်မှုအနေနှင့် တိုတယ်က ၃၁.၂ %၊ ချက်ဗရွန်(ယူနိုကယ်)(အမေရိကန်) က ၂၈.၃%၊ PTT(ထိုင်း) က ၂၅.၅% နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း က ၁၅% ဖြစ်ပါသည်။ ၁၉၉၈ ခုနှစ်တွင် ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးခဲ့ပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ (သန်းပေါင်း ၁၂၀၀) ဖြစ်ပါသည်။

ဓါတ်ငွေ့ရောင်းရန် စာချုပ်စဉ်က ဓါတ်ငွေ့ရောင်းဈေးကို 1 million BTU အတွက် အမေရိကန်ဒေါ်လာ ၂.၄ ဟု သဘောတူခဲ့ပါ သည်။ သို့သော် Shwe Gas Movement မှထုတ်သည့် Supply and Command စာစောင်တွင် ၃.၇ ဟုပြထားပါသည်။ ၂၀၀၇ ခုနှစ် ပေါက်ဈေးအရ အမေရိကန်တွင် ဓါတ်ငွေ့ 1 million BTU ကို အမေရိကန်ဒေါ်လာ ၇.၀ ရှိပြီး ၂၀၀၈ ခုနှစ် ဧပြီလတွင် ၁၀ ထိ ဈေးတက် လာခဲ့ပါသည်။ (ရည်ညွှန်း - http://en.wikipedia.org/wiki/Natural_gas) ထို့ကြောင့် ဈေးနှုံးပြင်ဆင်သည့် ပုံသေနည်းများပင် စာချုပ် အတွင်းထည့်သွင်းထားလင့်ကစား မြန်မာပြည်ကရောင်းဈေးမှာ အပြည်ပြည်ဆိုင်ရာ ဈေးနှုံးများထက် နည်းပါးနေပါသည်။
(မှတ်ချက်။           ။ ပျမ်းမျှခြင်းအားဖြင့် 1 ft3 = 1020 BTU )
            Shwe Gas Movement တွင်ဖော်ပြထားချက်များအရ ၁၉၉၇-၁၉၉၈ မှ ၂၀၁၁ ခုနှစ်ထိ ဓါတ်ငွေ့ရောင်းရငွေမှာ အမေရိကန် ဒေါ်လာ သန်းပေါင်းတစ်သောင်းခန့်ရှိကြောင်း သိရပါသည်။



၁၊ ၁၊ ၂။ ရဲတံခွန် ဓါတ်ငွေ့ပိုက်လိုင်း

            ရတနာဓါတ်ငွေ့စီမံကိန်းပြီးနောက် ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်ပါသည်။ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၅၀ ဖြစ်၏။ ရဲတံခွန်တွင်း၌ ခန့်မှန်းခြေ ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၃.၂ သောင်း ရှိသည်ဟု သိရပါသည်။ ထိုဓါတ်ငွေ့ပိုက်လိုင်းကို ပိုင်ဆိုင်မှုအနေနှင့် ပရီမီယာ(အင်္ဂလန်) က ၂၆.၆၇%၊ ပက်ထရိုနတ်စ် (မလေးရှား) - ၃၀%၊ PTTEP (ထိုင်း) - ၁၄.၁၇%၊ နစ်ပွန် အွိုင်း (ဂျပန်) - ၁၄.၁၇%၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ - ၁၅% တို့ ဖြစ်ပါသည်။ ၁၉၉၂ တွင် ဓါတ်ငွေ့သိုက်ကို စတင်တွေ့ရှိပြီး ၂၀၀၀ ခုနှစ်၊ မေလ ၇ ရက်နေ့ ၌ ဓါတ်ငွေ့စထုတ်ပါသည်။

ပိုက်လိုင်းအရှည် စုစုပေါင်း ၁၆၉ မိုင်ဖြစ်ပြီး အင်ဒမန်ပင်လယ် ရေအောက်တွင် မိုင် ၁၄၀၊ ကုန်းပေါ်တွင် မိုင် ၃၀ ခန့် ဖြစ်ပါသည်။ ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းကို ရတနာဓါတ်ငွေ့ပိုက်လိုင်းနှင့် ချိတ်ဆက်ထား၏။ Premier Oil ၏ ထုတ်ပြန်ချက်များအရ ထုတ်ခါစ၌ တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်း ၇၀ ခန့် ထုတ်နိုင်ပြီး ထိုင်းနှင့်ချုပ်ဆိုထားသော စာချုပ်အရ တစ်နေ့ထုတ်လုပ်မှုနှုံးကို ၂၀၀၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစကာ ကုဗပေသန်း ၂၀၀ ထိ တိုးသွားမည် ဖြစ်ပါသည်။ ဓါတ်ငွေ့ထုတ်လုပ်မှုမှာ အနှစ် ၂၀ ဖြစ်၏။       

            ရဲတံခွန်ပိုက်လိုင်းတွင် ၂၀၀၈ ခုနှစ်က ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် တစ်ရက်လျှင် ဓါတ်ငွေ့ကုဗပေသန်းပေါင်း ၄၀၀ မှ ၅၀၀ ထိ ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။



၁၊ ၂။ ဓါတ်ငွေ့ပိုက်လိုင်းစနစ်

            ဓါတ်ငွေ့ပိုက်လိုင်း၏ အဓိကရည်ရွယ်ချက်မှာ ဓါတ်ငွေ့ထုတ်ရာ ပင်ရင်းတွင်းမှ သုံးစွဲမည့်နေရာအရောက် ဓါတ်ငွေ့များကို ဘေးကင်း စွာ သယ်ပို့ပေးနိုင်ရေးပင်ဖြစ်၏။ ဤသို့သယ်ပို့ပေးသော စနစ်တွင် ပိုက်လိုင်းများ၊ ဓါတ်ငွေ့ကို တွန်းပို့ပေးမည့် ဖိအားပေးစက်များ (Compressor stations)၊ မြို့အ၀င်ဂိတ်စခန်းများ (City Gate stations)၊ ဓါတ်ငွေ့သိုလှောင်မည့် နေရာများ (Storage Facilities) စသည်တို့ ပါဝင်ပါသည်။

  ၁၊ ၂၊ ၁။ ဓါတ်ငွေ့ကို သယ်ပို့ပေးသော ပိုက်လိုင်းများ

            ယေဘုယျအားဖြင့် ဓါတ်ငွေ့ပိုက်လိုင်းအတွက် သုံးသောပိုက်များမှာ သံမဏိပိုက်များဖြစ်၏။ ထိုပိုက်အတွင်း၌ ပြေးနေသော ဓါတ်ငွေ့ဖိအားမှာ တစ်စတုရန်းလက်မလျှင် ၅၀၀ မှ ၁၄၀၀ ပေါင် (500 to 1400 psig) ရှိပါသည်။ ဓါတ်ငွေ့ပိုက်လိုင်း အရွယ်အစားမှာမူ ဓါတ်ငွေ့သုံးသည့် ပမာဏအပေါ်မူတည်ပြီး အချင်း ၆ လက်မမှ ၄၈ လက်မထိ ရှိနိုင်ပါသည်။ သို့သော်လည်း အိမ်သို့သွယ်တန်းသည့် ဓါတ်ငွေ့ပိုက်များတွင် လက်မ၀က်ခန့်အထိ ပိုမိုသေးငယ်သော ပိုက်များ ပါဝင်ပါသည်။ ဓါတ်ငွေ့ပိုက်လိုင်းကို ထိန်းချုပ်သည့်စနစ် နှင့် မီတာ များတပ်ဆင်ရန်အတွက်လည်း သေးငယ်သောပိုက်များကို သုံးပါသည်။ အဓိကပိုက်လိုင်းကြီးများမှာ အချင်း ၁၆ လက်မ မှ ၄၈ လက်မထိ ရှိပါသည်။ ပင်မပိုက်လိုင်းကြီးမှ ခွဲထွက်သွားသော လိုင်းခွဲပိုက်များမှာ ၆ လက်မမှ ၁၆ လက်မထိရှိတတ်၏။

            ဓါတ်ငွေ့ပိုက်လိုင်းတစ်လျှောက် သုံးထားသော ပစ္စည်းများမှာ ကာဗွန်သံ (strong carbon steel) ဖြစ်၏။ ထိုပစ္စည်းများ၏ အရည်အသွေးမှာ American PetroleumInstitute (API), American Society of Testing and Materials (ASTM), and American National Standards Institute (ANSI) များမှ သတ်မှတ်ထားသော အရည်အသွေးစံနှုံးများနှင့် ကိုက်ညီရမည်။ ပိုက်များကို ပိုက်ထုတ်လုပ် သောစက်ရုံတွင် ထုတ်လုပ်ရာ၌ ပိုက်သေးများကို ထုတ်သောနည်း နှင့် ပိုက်ကြီးများကို ထုတ်သောနည်းဟု နည်းနှစ်မျိုးဖြင့် ထုတ်ပါသည်။

            ပိုက်ကြီးများ (လက်မ ၂၀ မှ ၄၂ လက်မ) ကို ထုတ်လုပ်ရာတွက် သံပြားကို ပိုက်ဖြစ်အောင် လိပ်ပြီး သံပြားနှုတ်ခမ်းများကို ဂဟေဆော်သောနည်းဖြင့် ထုတ်ပါသည်။ သို့သော် ပိုက်သေးများထုတ်ရာတွင်မူ ထိုနည်းအစား ဂဟေပျောက် (seamless) နည်းကို သုံးပါ သည်။ ဤနည်းတွင် ဂင်းပိတ်သံချောင်းကြီးကို အလွန်မြင့်မားသော အပူချိန်ရောက်သည်ထိ အပူပေးပြီး အလယ်မှ ပို၍သေးငယ်သော သံလုံး တစ်ခုဖြင့် အတွင်းသားများကို ထိုးထုတ်လိုက်ခြင်းဖြင့် ပိုက်ကိုထုတ်လုပ်ခြင်းဖြစ်ပါသည်။

            ဓါတ်ငွေ့ပိုက်များကို ထုတ်လုပ်ပြီး စက်ရုံမှဝယ်သူများထံမပို့မီ သတ်မှတ်ထားသော ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိများ၊ အပူချိန်နှင့် ဖိအားဒဏ် ခံနိုင်စွမ်း စသည်တို့ကိုသတ်မှတ်ထားသော စံနှုံးများနှင့်အညီ စစ်ဆေးစမ်းသပ်ရပါသည်။ 

            ပုံမှန်အားဖြင့် ဓါတ်ငွေ့ပိုက်လိုင်းများကို မြေအောက်ပိုက်လိုင်းများအဖြစ် သွယ်တန်းပါသည်။ မြေအောက်အနက်မည်မျှမှ ပြေးမည် ဆိုသည်ကို မူ ပိုက်လိုင်းသွယ်တန်းမည့်ဒေသမှ မြေမျက်နှာသွင်ပြင် ပထ၀ီအနေအထားပေါ်မူတည် သတ်မှတ်ပါသည်။ အကြမ်းဖျဉ်းအားဖြင့် ပြောရလျှင် မြေအနက်မှာ ပိုက်၏ အပေါ်မျက်နှာပြင်မှ ၂ ပေမှ ၄ ပေ ဖြစ်ပါသည်။ အမေရိကန် အနောက်ဘက်ခြမ်းပြည်နယ်များတွင် သွယ်တန်းထားသော ဓါတ်ငွေ့ပိုက်များမှာ အချင်း လက်မ ၂၀ ရှိပြီး ပိုက်အလျား ၁၁ မိုင်တိုင်းတွင် ဗားများတပ်ဆင်ထားပါသည်။



၁၊ ၂၊ ၂။ ပိုက်လိုင်းကို သုတ်သောဆေး

            မြေအောက်တွင် မြှုပ်ထားသောပိုက်များ အလွယ်တကူ သံချေးမတက်စေရန် ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပိုက်ကို ရေငွေ့၊ စားတတ်သောမြေ၊ ပိုက်လိုင်းဆင်စဉ်ရခဲ့သော အပြစ်အနာ စသည့် ပိုက်လိုင်းကို အလွယ်တကူ သံချေးတက်စေသော အရာများမှ ကာကွယ်ပေးရန်ဖြစ်ပါသည်။ ပိုက်လိုင်းကိုဆေးသုတ်သည့် နည်းပညာ များစွာရှိပါသည်။ ယခုအခါ သုတ်သောဆေးများမှာ အီပေါက်ဇီဆေးများနှင့် ပိုလီအီသိုင်လင်းဆေးများ ဖြစ်ပါသည်။ ထိုမျှသာမက ကက်သဒစ်ကာကွယ်နည်း (Cathodic protection) ကိုလည်း ရံဖန်ရံခါ သုံးတတ်ပါသည်။ ဤနည်းမှာ ပိုက်လိုင်းတစ်လျှောက် လျှပ်စစ်လွှတ်ကာ သံချေးတက်ခြင်းကို ကာကွယ် သည့်နည်းဖြစ်ပါသည်။

            အီပေါက်ဇီ ဆေးသုတ်နည်းမှာ ပိုက်မျက်နှာပြင်ကို အညစ်အကြေး၊ ချေးများလုံးပြောင်စင်သွားအောင် ချေးချွတ် (blasting) ရပါသည်။ ထို့နောက်မှ ပိုက်ကို သတ်မှတ်ထားသော အပူချိန်ပေးကာ ပူနေသော ပိုက်မျက်နှာပြင်ပေါ်သို့ အီပေါက်ဇီအမှုံ့များ ဖြူးပေးခြင်း ဖြစ်ပါသည်။ ထိုအခါ အီပေါက်ဇီကော်မှုံ့များသည် အရည်ပျော်ပြီး ပိုက်မျက်နှာပြင်တွင်ကပ်သွားခါ ရေလုံသော အပေါ်ယံအကာအဖြစ် ဖုံးသွားပါသည်။ စက်ရုံမှ ဖောက်သည်များဆီပိုက်ကို မတင်ပို့မီ ဆေးသုတ်ထားမှုကိုလည်း ဗို့အားမြင့်သုံးစစ်ဆေးကိရိယာသုံးကာ စစ်ပါ သေးသည်။

၁၊ ၂၊ ၃။ ဓါတ်ငွေ့တွန်းစက်ရုံ (Compressor Stations)

            ဓါတ်ငွေ့ပို့သောအခါ မိုင်ပေါင်းများစွာသွားနိုင်ရန်အတွက် ဖိအားမြင့်ဖြင့် ပို့ပါသည်။ ပိုက်လိုင်းတစ်လျှောက် ထိုဖိအားရနေစေရန် ပိုက်လိုင်းတွင် ဓါတ်ငွေ့တွန်းစက်ရုံများ ထားပေးရပါသည်။ ပုံမှန်အားဖြင့် ဓါတ်ငွေ့ပိုက်လိုင်းတစ်လျှောက် မိုင် ၄၀ မှ ၁၀၀ ရှိတိုင်း ဓါတ်ငွေ့တွန်းစက်တစ်လုံး ထားပါသည်။ ထိုစက်ရုံများတွင် တာဘိုင်၊ အင်ဂျင်၊ မော်တာ စသည်တို့ဖြင့် ဓါတ်ငွေ့ကို လိုသောဖိအားရရန် တွန်းပေးပါသည်။
            တာဘိုင်ဓါတ်ငွေ့တွန်းစက်အတွက် လိုသောလောင်စာကို ဓါတ်ငွေ့ပိုက်လိုင်းမှ အနည်းငယ်ခွဲထုတ်ကာ သုံးပါသည်။ တာဘိုင်သည် သူကိုယ်တိုင်တွန်းစက် (Centrifugal compressor) အဖြစ် ဓါတ်ငွေ့ကို လိုသောဖိအားရောက်အောင် တွန်းပို့ပေးပါသည်။


တစ်ခါတစ်ရံတွင် တာဘိုင်အစား လျှပ်စစ်မော်တာဖြင့်မောင်းသော Centrifugal Compressor သုံးပါသည်။ သို့သော် ဤတွန်းစက် ကိုမောင်းရန် မီး (လျှပ်စစ်) လိုသည်။ အချို့တွန်းစက်များမှာ ဒီဇယ်ဖြင့်မောင်းသော အင်ဂျင်များဖြစ်တတ်သည်။ အင်ဂျင်မောင်း ဓါတ်ငွေ့တွန်း စက်များမှာ လွန်းထိုးတွန်းစက် (reciprocating compressor) များဖြစ်တတ်သည်။ အရွယ်အစားကြီးသည်။

            ဓါတ်ငွေ့တွန်းစက်များတွင် အခြောက်ခံစက် (separator) များပါထည့်ပေးထားတတ်သည်။ ဤစက်က ဓါတ်ငွေ့အတွင်း ရောပါလာ သည့် ရေငွေ့များ၊ အခြားအမှုန်အမှိုက်များကို ဇကာများဖြင့် စစ်ထုတ်ပေးသည်။ သဘာဝဓါတ်ငွေ့ကို အခြောက်ဟု သတ်မှတ်ထားသဖြင့် ဓါတ်ငွေ့တွင် ရေငွေ့များရောပါလာစရာ အကြောင်းမရှိပါဟု ဆိုနိုင်သော်လည်း ပို့လွှတ်လိုက်သောဓါတ်ငွေ့ကို လုံးဝခြောက်နေကြောင်း၊ ရေငွေ့လုံးဝမပါကြောင်း အာမခံနိုင်ရန် အခြောက်ခံစက်များ ထည့်ထားခြင်းဖြစ်ပါသည်။ ထုံးစံအားဖြင့် အခြောက်ခံစက်ကို တွန်းစက်မတိုင်မီ ထည့်ထားလေ့ရှိပါသည်။



            ဓါတ်ငွေ့တွန်းစက်များမှာ မြင်းကောင်ရေ ထောင်နှင့်ချီရှိသည့် အလွန်အားကောင်းသော စက်ကြီးများဖြစ်ပါသည်။ ဓါတ်ငွေ့တွန်း စခန်းတွင် တွန်းစက်များ၊ ဗားများ၊ မီတာများ၊ ပိုက်များ၊ အလိုအလျောက် အထိန်းစနစ်များ ပါဝင်သည်။ ဓါတ်ငွေ့တွန်းရုံအများစုမှာ အလို အလျောက်ထိန်းသော စနစ်ဖြစ်ပါသည်။ ရုံများကို သံ၊ သွပ်စသည့် သတ္တုထည်များဖြင့် တည်ဆောက်ထားသည်။   




စခန်းအတွင်းတပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းမှန်သမျှမှာ ပေါက်ကွဲမှုမဖြစ်စေနိုင်သောပစ္စည်းများ (explosion proof) ဖြစ်ပါ သည်။ စခန်းအတွင်း အလုပ်လုပ်နေသောစနစ်ကို အမြဲစောင့်ကြည့်နေပြီး အချက်အလက်များကိုလည်း အမြဲရယူလျှက် ရှိပါသည်။

            ၂၀၀၅ ခုနှစ်စာရင်းများအရ အမေရိကန်အနောက်ပိုင်းရှိ ဓါတ်ငွေ့ပိုက်လိုင်းများတွင် တပ်ဆင်ထားသော ဓါတ်ငွေ့တွန်းစက်များမှာ မြင်းကောင်ရေ ၁၃၀၀၀ ခန့် ရှိပါသည်။ ထို့ထက်ပိုကြီးသော စက်များကိုပင် တွေ့နိုင်ပါသေးသည်။ ဓါတ်ငွေ့တွန်းစက်ရုံတွင် ဓါတ်ငွေ့ယိုစိမ့်ပါက ပိတ်နိုင်ရန် ဗားများ၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက လူအားဖြင့်ပိတ်နိုင်သော ဗားများပါ ထားရှိပါသည်။ စမ်းသပ်ရာတွင် ထိုဗားများ ကောင်းစွာ အလုပ် လုပ်မလုပ်ကိုပါ စမ်းသပ်ရသည်။

အထက်ဖော်ပြပါပုံတွင်ပါသည့်အတိုင်း ဓါတ်ငွေ့တွန်းစက်ရုံတွင် အဓိကပါဝင်သည့် အစိတ်အပိုင်းများမှာ ဓါတ်ငွေ့ အအေးခံစက် (aerial gas coolers), လောင်စာဓါတ်ငွေ့စင် (fuel gas skids), မော်တာအထိန်းရုံ (motor control center (MCC))၊ အထိန်းစခန်း         (control building skids)၊ အီလက်ထရောနစ် အထိန်းစခန်း (logic control module (LCM) skids)၊ နှင့် ဓါတ်ငွေ့စစ်ရုံ (filter houses)  တို့ ဖြစ်ပါသည်။

            ဓါတ်ငွေ့တွန်းစက်ရုံများသည် တစ်နေ့လျှင် ဓါတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း ၇၀၀ ထိ တွန်းပေးနိုင်ပြီး ပိုမိုကြီးမားသော စက်ရုံ များသည် တစ်နေ့လျှင် ဓါတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း ၄၆၀၀ ထိ တွန်းနိုင်စွမ်းရှိပါသည်။


ဓါတ်ငွေ့တွန်းစခန်းများတွင် ဓါတ်ငွေ့တွန်းစက်ရုံ၊ အထိန်းအလုပ်ရုံ၊ အလိုအလျှောက်အထိန်းစက်ရုံ၊ အခြား လိုအပ်သော စက်ပစ္စည်းများတပ်ဆင်ထားသည့် စက်ရုံငယ် နှစ်ခု သုံးခု စသဖြင့် ပါဝင်ပြီး ၁၅ ဧကမှ ၂၂ ဧကထိ ကျယ်ပါသည်။ အသံဆူညံမှုကို အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းစေရန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားပါသည်။

            စခန်းအတွင်းသွယ်တန်းထားသည့် မြေပေါ်မြေအောက်ပိုက်လိုင်းများကိုလည်း ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းသည့် စံနှုံးများအတိုင်း သွယ်တန်းရပါသည်။ စခန်းအတွင်းသွယ်တန်းသော ပိုက်လိုင်းများ၏ အရည်အသွေးစစ်ဆေးမှု၊ စမ်းသပ်မှု စသည်တို့ကို သီးသန့်ပြုလုပ်ပြီး အားလုံး စစ်ဆေးအောင်မြင်ပြီဆိုမှ ပင်မပိုက်လိုင်းကြီးနှင့် ဆက်သွယ်ခွင့်ပေးပါသည်။ သို့သော် စခန်းအတွင်းသွယ်တန်းသည့် ပိုက်များမှာ ပင်ရင်းဓါတ်ငွေ့ပိုက်လိုင်းထက် အရည်အသွေး အနည်းငယ်လျှော့ချ သုံးနိုင်ပါသည်။ ထို့ကြောင့် ထိုပိုက်များကို အစားခံနိုင်ရန် ကက်သဒစ် အကာအကွယ်ဖြင့် သံချေးမတက်အောင် လုပ်ထားရပါမည်။

            စခန်း၌သုံးမည့် တွန်းစက် (compressor)၊ ဗားများ (valves)၊ အန္တရာယ်ကင်းရေးဗား (safety valve)၊ အလိုအလျောက် အထိန်း စနစ်များ (automation system) ကို စခန်းတွင် စတင်မသုံးစွဲမီကတည်းက ထိုပစ္စည်းများသည် ကောင်းမွန်စွာအလုပ်လုပ်ကြောင်း သီးသန့် စစ်ဆေးကာ စစ်ဆေးပြီးကြောင်း လက်မှတ်များ ရယူထားရမည်။ အချုပ်ဆိုရလျှင် စခန်း၌တပ်ဆင်မည့် ပစ္စည်းအားလုံးသည် သတ်မှတ်ထား သော စံနှုံးများနှင့်အညီ စစ်ဆေးထားပြီးသား စက်ကိရိယာများ ဖြစ်ရပေမည်။

၁၊ ၂၊ ၄။ ဓါတ်ငွေ့တိုင်းတာရေး စခန်း (Metering Stations)


ဓါတ်ငွေ့တိုင်းတာရေးစခန်းများကိုလည်း ဓါတ်ငွေ့ပိုက်လိုင်းတစ်လျှောက် တပ်ဆင်ထားရပါသည်။ ထိုစခန်းများမှ ပိုက်လိုင်းအတွင်း ဓါတ်ငွေ့မည်မျှ စီးနေသည်။ မည်သည့်ရက်မှ မည်သည့်ရက်အတွင်း ဓါတ်ငွေ့မည်မျှ ဖြတ်စီးသွားပြီ စသည့်အချက်အလက်များကို တိုင်းတာ၊ မှတ်တမ်းတင်ပေးသည်။ ထို့ပြင် ဓါတ်ငွေ့ပိုက်လိုင်းအတွင်း စီးဆင်းနေသည့် ဓါတ်ငွေ့ပမာဏကိုလည်း မိမိအလိုရှိသလောက်သာ လွှတ်ပေး ရန် ထိန်းနိုင်သည်။ ပိုက်လိုင်းအတွင်း စီးဆင်းနေသော ဓါတ်ငွေ့ပမာဏကို ဤစခန်းများမှနေ၍ မှတ်တမ်းတင်ထားသည်။

            ဓါတ်ငွေ့တိုင်းတာရေးစခန်းများကို ထောက်ပံ့ပေးမည့်၊ သို့မဟုတ် ရောင်းချမည့်စက်ရုံ သို့မဟုတ် မြို့နယ်များသို့ အ၀င်တွင် တပ်ဆင်ထားလေ့ရှိသည်။ တိုင်းတာရေးစခန်းဆိုသော်လည်း ဓါတ်ငွေ့စီးဆင်းမှုကို တိုင်းတာရုံမျှသက်သက်မဟုတ်ဘဲ ပိုက်လိုင်းအတွင်း စီးဆင်းနေသော ဓါတ်ငွေ့ဖိအား၊ အခြောက်ခံစနစ်၊ အနံ့အသက်ဖျောက်သည့် စနစ်၊ အထိန်းစနစ်များပါ တပ်ဆင်ထားသည်။


၁၊ ၂၊ ၅။ မြို့အ၀င် စခန်းများ (City Gate Stations)

            မြို့အ၀င်စခန်းများ၏ အဓိကအလုပ်မှာ မြို့အတွင်းသို့ စီးဆင်းသွားသော ဓါတ်ငွေ့ပမာဏကို တိုင်းတာရန်နှင့် ပင်ရင်းပိုက်လိုင်းမှ လာသော ဓါတ်ငွေ့ကို မြို့တွင်းသို့လွှတ်ရန် ဓါတ်ငွေ့ဖိအားကို လျှော့ချပေးရန်တို့ ဖြစ်ပါသည်။ ခန့်မှန်းခြေအားဖြင့် မူရင်းဖိအား ၅၀၀ မှ ၁၄၀၀ ပေါင် (psi) ကို ၀.၂၅ မှ ၃၀၀ ပေါင် (psi) ထိရောက်အောင် လျှော့ချပေးပါသည်။ ထိုမျှသာမက ပင်မပိုက်လိုင်းမှ ၀င်လာသော ဓါတ်ငွေ့သည် အနံ့အသက်ပါလာပါသေးပါက လူများသုံးရာတွင် အဆင်ပြေစေရန် အနံ့ထပ်ဖျောက်ပေးပါသေးသည်။ ရောစပ်နှုံးမှာ သဘာဝဓါတ်ငွေ့ ကုဗပေတစ်သန်းလျှင် အနံ့ဖျောက်ဆေး ပေါင် သုံးမတ် ဖြစ်ပါသည်။


၁၊ ၂၊ ၆။ ဗားများ (Valves)

            ပိုက်လိုင်းကို ပြင်ရန်အတွက်သော်လည်းကောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ အရေးပေါ် ပိတ်ရန် လိုအပ်လာလျှင်သော်လည်းကောင်း ပိုက်လိုင်းအတွင်း စီးဆင်းနေသော ဓါတ်ငွေ့များကို ပိတ်ရန်လိုပါသည်။ ဤကဲ့သို့ ပိတ်နိုင်ရန် ဗားများကို ၅ မိုင်မှ မိုင် ၂၀ အကွာအဝေးတိုင်းတွင် ထားပေးရန် လိုပါသည်။ အထိန်းဗားများကို ပေ ၄၀ ပတ်လည်ကျယ်သော ခြံစည်းရိုး ခတ်ထားပေးရပါမည်။ ဗားကို အလွယ်တကူပိတ်နိုင်ရမည်။ အသံထိန်းကိရိယာများ လိုပါလိမ့်မည်။




၁၊ ၂၊ ၇။ ပစ်ဂ်များ ပစ်လွှတ်ခြင်း၊ လက်ခံရယူခြင်း (Pig Launching/Receiving Facilities)
ပစ်ဂ် (Pig) ဟူသည်မှာ ပိုက်လိုင်းအတွင်းဘက်နံရံကို သန့်ရှင်းပေးရန်နှင့် ပိုက်လိုင်းအတွင်းမျက်နှာပြင်နှင့် အပြင်ဘက် မျက်နှာပြင် အခြေအနေကို စောင့်ကြည့်ပေးသည့် စနစ်ဖြစ်ပါသည်။ ၎င်းတွင် ကြည်လင်ပြတ်သားသော ဓါတ်ပုံများဖော်ပြပေးနိုင်သည့် အီလက်ထရောနစ်စနစ် ပါရှိသည်။ ပစ်ဂ်ပစ်လွှတ်ခြင်း၊ ဖမ်းယူခြင်းများအတွက်လည်း စခန်းတစ်ခုထားရသည်။ ထိုစခန်းမှာ ဓါတ်ငွေ့တွန်း စခန်းထက်ငယ်ပြီး ပိုက်လိုင်းအထိန်းဗားများထားရာ စခန်းထက် နှစ်ဆမျှကြီးသည်။


ထိုစခန်းတွင် ရုံးများ၊ အလုပ်ရုံများ၊ လျှပ်ထုတ်စက် (generator) များ၊ သိုလှောင်ရုံများပါသည်။ များသောအားဖြင့် ထိုစခန်းများ တွင် အမြဲတမ်းဝန်ထမ်းထားလေ့မရှိပါ။ ပြင်ဆင်ထိန်းသိမ်းခြင်း၊ အချက်အလက်များကောက်ယူခြင်း စသည့်အခါများမှသာ လာကြတာ များပါသည်။


၁၊ ၂၊ ၈။ ကြီးကြပ်ထိန်းချုပ်ခြင်း နှင့် အချက်အလက်များရယူရေးစခန်း (SCADA Centres)


            မူရင်းဓါတ်ငွေ့ထုတ်လုပ်သည့်နေရာမှ ဓါတ်ငွေ့အလိုရှိသူ၊ သုံးစွဲသူများထံအရောက် ပို့ပေးရန် ဓါတ်ငွေ့ပိုက်လိုင်ကို မိုင် ရာပေါင်း များစွာ၊ သို့မဟုတ် မိုင်ပေါင်း ထောင်ချီသွယ်တန်းရသည်။ ထို့ကြောင့် မူရင်းထုတ်လုပ်သည့်နေရာမှ ပို့လိုက်သောဓါတ်ငွေ့များ တကယ် အသုံးပြုမည့်သူများ လက်ထဲရောက်သွားစေရန် ပိုက်လိုင်းအခြေအနေကို အမြဲစောင့်ကြပ်ကြည့်ရှုနေရန် လိုသည်။ ဤသို့စောင့်ကြည့်ရာတွင် စတင်ထုတ်လုပ်သည့်နေရာ နှင့် ပိုက်လိုင်းအဆုံး သုံးစွဲသည့်နေရာ များတွင်သာမက ပိုက်လိုင်းအလယ်ပိုင်းကိုလည်း စောင့်ကြည့်ရန် လိုပါသည်။ ဤစနစ်သည် အလွန်ရှုပ်ထွေး၏။ ထို့ကြောင့် ဤသည်ကိုစောင့်ကြည့်နိုင်ရန် ပင်မ ထိန်းချုပ်ရေးစခန်းတစ်ခု ထားရသည်။

            ဤစနစ်ကို Supervisory Control And Data Acquisition (SCADA) System ဟုခေါ်သည်။ ထိုစနစ်တွင် ပိုက်လိုင်းအတွင်း စီးဆင်းသွားသည့် ဓါတ်ငွေ့ပမာဏကို ဓါတ်ငွေ့တိုင်းတာရေးစခန်း၊ ဓါတ်ငွေ့တွန်းပို့စက်ရုံ၊ မြို့အ၀င်စခန်း စသည်တို့မှနေ၍ ရယူသည်။ ဓါတ်ငွေ့ စီးဆင်းနှုံး၊ အပူချိန်၊ ဖိအား၊ စီးဆင်းမှုအခြေအနေစသည်တို့ကို အခါမလပ် တိုင်းတာမှတ်တမ်းတင်နေသည်။ ဤသည်ကို real time ဟုခေါ်ပြီး အချက်အလက်မှတ်တမ်းတင်မှုကို ၆ စက္ကန့်မှ စက္ကန့် ၉၀ ကြာတိုင်း (ဆက်သွယ်ရေးမြန်နှုံးပေါ်မူတည်ကာ) ဖတ်ယူနိုင်သည်။  

            ဤစနစ်သည် အလွန်အသုံးတည့်၏။ ပိုက်လိုင်းအတွင်း မည်သည်တို့ဖြစ်ပျက်နေသည်ကို ပိုက်လိုင်းအင်ဂျင်နီယာများ အချိန်မရွေး တိတိကျကျ ဖတ်ရှုနိုင်သည်။ ထို့ကြောင့် ဓါတ်ငွေ့ယိုစိမ့်မှု၊ ဖိအားမြင့်တက်လာမှု၊ ပိုက်လိုင်းကောင်းကောင်း အလုပ်မလုပ်မှု အစရှိသည့် အန္တရာယ်ကျရောက်မည့် အခြေအနေများအတွက် အလျှင်အမြန် အရေးယူဆောင်ရွက်နိုင်သည်။ SCDA စခန်းမှနေပြီး ဓါတ်ငွေ့တွန်းစက် များနှင့် ဗားများကိုပါ ထိန်းချုပ်နိုင်သဖြင့် ဓါတ်ငွေ့စီးဆင်းနှုံး၊ ဖိအားစသည်တို့ကို အချိန်မရွေး၊ လျင်မြန်စွာ အလွယ်တကူ ထိန်းချုပ်နိုင်သေး သည်။


SCDA စခန်းသည် တစ်ရက်လျှင် ၂၄ နာရီ၊ တစ်နှစ်လျှင် ၃၆၅ ရက်ဖြင့် နားချိန်မရှိ အလုပ်လုပ်၏။ ပိုက်လိုင်းတလျှောက် အခြေ အနေများကို မျက်ခြည်မပြတ်စောင့်ကြည့်နေသည်။ ပိုက်လိုင်းအတွင်းသားအခြေအနေ၊ ဓါတ်ငွေ့ပို့လွှတ်မှု အခြေအနေ၊ သုံးစွဲသူများ လက်ထဲ ရောက်ရှိသွားသော ဓါတ်ငွေ့ပမာဏ၊ ထုတ်လုပ်ရေးစခန်းမှ ပို့လွှတ်လိုက်သော ဓါတ်ငွေ့ပမာဏ၊ ပိုက်လိုင်းလုံခြုံမှုနှင့် ဓါတ်ငွေ့ယိုစိမ့်မှု အခြေ အနေ စသည်တို့ကို အမြဲစောင့်ကြည့်နေကာ မတော်တဆမှုများမဖြစ်အောင် အထူးဂရုစိုက်နေရပါသည်။



            SCDA ဆက်သွယ်ရေးစခန်းများသည် များသောအားဖြင့် အများပြည်သူသုံး တယ်လီဖုံးလိုင်းများကို သုံးပြီး တစ်ခါတစ်ရံမှသာ ကိုယ်ပိုင်ဝါယာလိုင်းများ သွယ်တန်းသုံးစွဲသည်။ ယခုခေတ်တွင်မူ ပိုမိုမြန်နှုံးမြင့်သော ဖိုက်ဘာအော့ပတစ် (Fibre Optics) ကြိုးများ သုံးလာကြသည်။ ထိုမျှသာမက ယခုအခါ အင်တာနက် နှင့် ကြိုးမဲ့ (၀ါယာလက်စ်) စနစ်ကိုပါ သုံးနေကြပြီ ဖြစ်ပါသည်။

၁၊ ၂၊ ၉။ ပိုက်လိုင်းတပ်ဆင်ရေး လမ်းများ (Access Roads)

            ပိုက်လိုင်းတပ်ဆင်ရေးအတွက် များသောအားဖြင့် ရှိပြီးသားလမ်းများကိုသာ သုံးပါသည်။ သို့သော် ပိုက်လိုင်းများမှာ လမ်းအနီးမှ အစဉ်အမြဲပြေးနေခြင်းမဟုတ်သဖြင့် လမ်းနှင့်ကွာသွားသောနေရာများသို့မူ ဆောက်လုပ်ရေး ယာဉ်၊ ယန္တရားများသွားလာရန် သီးသန့် လမ်းများဖောက်ရန် လိုပါသည်။ ပိုက်စသော ပစ္စည်းများပို့ရန်၊ လိုအပ်သော စက်ယန္တယားများ တပ်ဆင်ရန်၊ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် စသည်တို့အတွက် ဖြစ်ပါသည်။
            ဤနေရာတွင် မူလလမ်းကို မချဲ့ထွင်ရပါ။ ဖြစ်နိုင်သမျှ မူရင်းအတိုင်းသာ ထားရပါမည်။ အကယ်၍ လိုအပ်လျှင် ယန္တယားကို အောက်ဖော်ပြပါ ဆောက်လုပ်ရေးလုပ်ငန်းခွင် နယ်အတွင်းမှနေပြီး ဘူဒိုဇာဖြင့် ဆွဲသွားနိုင်ပါသည်။ လမ်းကိုချဲ့ရမည်ဆိုလျှင်ပင် ဆောက်လုပ် ရေးလုပ်ငန်းများပြီးသွားသည့်အခါ လမ်းကို မူလလမ်း အခြေအနေရောက်အောင် ပြန်လည်တည်ဆောက်ပေးခဲ့ရပါမည်။






မှတ်ချက်။             ။အပေါ်ယံမြေသားကို သီးသန့်ချန်ထားရန်လိုပါသည်။ ပိုက်ကို မြေပြန်ဖို့သောအခါ အပေါ်ဆုံးအလွှာကို မူလ အပေါ်ယံ မြေသားဖြင့် ပြန်ဖို့ရန် ဖြစ်ပါသည်။


ဆက်ပါဦးမည်။

အေးငြိမ်း
၇ - ၆ - ၁၂၊ ည သန်းခေါင်တိတိ

3 comments:

Anonymous said...

Thank you very much SaYar. actually just now i known about how our gas sell to Thai. Our Natural Gas should be for our Nation.

Anonymous said...

The photo titled "Yadana Gas Wells" is in fact Yetagon platform. Yadana platforms have white and yellow colors and Yetagon platform has reddish colour. Yadana has several platforms linked with bridges and Yetagon has only two platforms rigidly liked together.

အေးငြိမ်း said...

Thank You for your info. All of these photos are being getting from internet. In fact, I have never been either Yetagon or Yadana.
Thank You.