Friday, June 15, 2012

ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း သိကောင်းစရာ (၃)

 

၂၊ ၂။ အထူးဆောက်လုပ်ရေး လုပ်ငန်းများ



            ပိုက်လိုင်းသည် ကတ္တရာခင်းလမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများ၊ မြစ်ချောင်းများ၊ မတ်စောက်သော နေရာများ၊ ရွှံ့ညွံအိုင်များ၊ ကျောက်တောင်များကို ဖြတ်သန်းသွားသည့်အခါ အထက်ဖော်ပြပါနည်းလမ်းများအပြင် အထူးဆောက်လုပ်ရေးလုပ်ငန်းများ ကိုလည်း သုံးရပါသည်။ အောက်ပါတို့မှာ ထိုလုပ်ငန်းများထဲမှ အချို့ဖြစ်ပါသည်။

            အထက်ဖော်ပြပါ ကတ္တရာခင်းလမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများ၊ မြစ်ချောင်းများ၊ မတ်စောက်သော နေရာများ၊ ရွှံ့ညွံအိုင်များ၊ ကျောက်တောင်များကို ပိုက်လိုင်း ဖြတ်သန်းဖောက်လုပ်ရန်အတွက် မူလလုပ်ငန်းခွင်အပြင် အထူးစက်ကိရိယာများ ထားရန်၊ လုပ်ငန်းခွင်ဝင်ရန် မြေဧရိယာပိုမိုလိုအပ်ပါသည်။ ထိုပိုမိုလိုအပ်သော မြေဧရိယာအတွက် ဒေသဆိုင်ရာအာဏာပိုင်များထံ ကြိုတင်ခွင့်ပြုမိန့် တောင်းခံထားရပါမည်။

            ထိုမြေဧရိယာသည် မူလသတ်မှတ်ထားသော လုပ်ငန်းခွင်အနီး၌သာ ဖြစ်ရမည်။ ယန္တရားကြီးများကို ထိုနေရာအရောက် မည်ကဲ့သို့ သယ်လာမည်နည်း၊ မည်သည့်နေရာတွင် ရပ်ထားမည်နည်း၊ ထိုလုပ်ငန်းမှထွက်လာမည့် အမှိုက်သရိုက်နှင့် ရေဆိုးများကို မည်ကဲ့သို့ စွန့်ပစ်မည်နည်း စသည်များကိုလည်း မူလကတည်းက စီမံထားရပါမည်။ မည်သို့ဆိုစေ ထိုအပိုလိုအပ်မည့် မြေနေရာသည် ၀.၁ မှ ၀.၂ ဧက ထက်မပိုရပါ။ ဆောက်လုပ်ရေးလုပ်ငန်းအားလုံး ပြီးစီးသွားလျှင် ထိုနေရကို မူလပုံစံအတိုင်းပြန်ရစေရန် လုပ်ပေးခဲ့ရမည်။



၂၊ ၂၊ ၁။ လမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများအား ဖြတ်သန်းခြင်း


            လမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများအား ဖြတ်သန်းမည်ဆိုပါက ထိုလမ်းတံတား၊ မီးရထားဝန်ကြီးဌာန စသည်တို့မှ လမ်းဖြတ်သန်းခွင့် ရယူရပါမည်။ ထိုလမ်းများကို ဖြတ်သန်းလျှင် လမ်းများအောက်မှနေ၍ လိုဏ် (boring) တူးကာ ထိုလိုဏ် အတွင်းမှ ပိုက်ကိုထည့်သွင်း ဖြတ်သန်းခြင်းဖြစ်၏။ လိုဏ်တူးစက်ချရန် လမ်းတစ်ဖက်တစ်ချက်တွင် မြေတူးရပါလိမ့်မည်။ လိုဏ်ပေါက် အကျယ်မှာ အနည်းဆုံးအားဖြင့် ပိုက်၏အပြင်ဘက်အချင်းနှင့် တူရပါမည်။ 







လိုဏ်တူးပြီးသွားပြီဆိုသည်နှင့် အဆင်သင့်ပြင်ဆင်ထားသော ပိုက်ကို ထည့်ပါသည်။ ဤသို့ ကား၊ ရထားလမ်းများအောက်တွင် ပြေးသောပိုက်ကို နှစ်ထပ်ပိုက် သုံးပါသည်။ ဓါတ်ငွေ့ပြေးမည့်ပိုက်၏ အပေါ်တွင် ထိုပိုက်ထက်ပိုကြီးပြီး ပိုထူသောပိုက်နှင့် စွပ်ထားပါသည်။ ကားရထားများဖြတ်သွားခြင်းကြောင့် ဖြစ်လာသော ၀န်အားကို ဓါတ်ငွေ့ပိုက် တိုက်ရိုက်မခံရစေရန် ဖြစ်ပါသည်။



            ကား၊ ရထားလမ်းများအား ပိုက်လိုင်းဖြတ်ဖောက်စဉ် ကား၊ ရထား အသွားအလာများကို အနှောင့်အယှက်မဖြစ်စေရပါ။ များသော အားဖြင့် ထိုသို့ ကား၊ ရထားလမ်းများ ဖြတ်ဖောက်ခြင်းမှာ ၂ ရက်မှ ၁၀ ရက်ထိကြာပါသည်။ အမြန်ပြီးနိုင်စေရေးအတွက် ပိုက်လိုင်း ဖြတ်သန်းခြင်းလုပ်ငန်း လုံးဝပြီးဆုံးသည့်တိုင် တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပါတ်လျှင် ၇ ရက်ဖြင့် အဆိုင်းများခွဲကာ နားရက်မရှိ၊ လုပ်ကြပါသည်။

            ဒေသတွင်းသား လမ်းငယ်ကလေးများဖြစ်ပါမူ လိုဏ်မဖောက်ဘဲ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းကို တူးထုတ်ကာ မြောင်းဖော်ပြီး ပိုက်လိုင်းချပါသည်။ ပိုက်လိုင်းမြေဖို့ပြီးမှ လမ်းကို မူလအနေအထားအတိုင်းရအောင် ပြန်ခင်းပေးပါသည်။ ယာဉ်အသွား အလာများ တတ်နိုင်သမျှ အနှောင့်အယှက်မဖြစ်ရအောင် လုပ်ငန်းများကို ညဘက်တွင် လုပ်ကြပါသည်။ လမ်းအပြီးပြန်ခင်းပေးခြင်းကိုမူ ပြန်ဖို့ထားသော မြေသားများ အသားသေအောင် သီတင်းပတ်အနည်းငယ်ကြာသည်ထိ စောင့်ဆိုင်းပြီးမှ ပြန်ခင်းပါသည်။ ထိုအတောအတွင်း ယာဉ်လမ်းကြောင်းကို ယာယီခင်းပေးထားရပါသည်။

            ယာဉ်တိုက်မှုနှင့် မတော်တဆမှုများမဖြစ်အောင် လမ်းလုပ်ငန်းခွင်၌ ဆိုင်းဘုတ်များထောင်ခြင်း၊ ခြံခတ်ခြင်းစသည်တို့ အလုံအလောက် ပြုလုပ်ပေးထားရပါမည်။



၂၊ ၂၊ ၂။ မတ်စောက်သော နေရာများသို့ ဖြတ်သန်းသွယ်တန်းခြင်း



            မတ်စောက်သောနေရာတွင် ပိုက်ကို ခွင့်ပြုထားသည်ထက် ပိုမကွေးစေရန် ဆင်ခြေလျှောများဖောက်လုပ် ပေးရပါမည်။ ပိုက်လိုင်း သွယ်တန်းပြီးသွားသောအခါမှ မူလ ဆင်ခြေလျှောအတိုင်းရအောင် မြေပြန်ဖို့ပေးရပါသည်။



ပိုက်လိုင်းသွယ်တန်းနေစဉ် မိုးရွာပြီး မိုးရေဖြင့်တိုက်စားမှုမဖြစ်စေရန် မြောင်းတစ်လျှောက် ရေတားတမံများ ပြုလုပ်ပေးထား ရပါမည်။



၂၊ ၂၊ ၃။ ချောင်း၊ မြောင်းများကို ဖြတ်သန်းသွယ်တန်းခြင်း



            ချောင်းမြောင်းများကို ဖြတ်သန်းဖောက်လုပ်ခြင်းတွင်လည်း မြောင်းတူးခြင်းနှင့် လိုဏ်ဖောက်ခြင်းဟု နှစ်မျိုးရှိပါသည်။ ပိုက်လိုင်း ဖောက်ချိန်တွင် ချောင်းမြောင်းများအတွင်း ရေစီးနေပါက လိုဏ်ဖောက်လုပ်ခြင်းက ပိုကောင်းပါသည်။ ဤနည်းမှာ အကုန်အကျ ပိုနည်းသလို ချောင်းရေများ နောက်ကျိခြင်းမှလည်း ကင်းဝေးပါသည်။ မြောင်းတူးခြင်းနှင့်စာလျှင် အန္တရာယ်လည်း ပိုနည်းသည်။

            ချောင်း၊ မြောင်းများ၏ ကြမ်းခင်း မြေသားအောက်မှ လိုဏ်တူးရာတွင် ဦးစွာ အပေါက်သေးသေးဖြင့် တူးပါသည်။ နောက်မှ ထိုအပေါက်ကို အလိုရှိသော အချင်းအထိရရန် ချဲ့ယူခြင်းဖြစ်ပါသည်။ ဤသို့တူးရာတွင် အန္တရာယ်မရှိသော ဓါတုဆေးနှင့် ရေ (ဘန်တိုနိုက် နှင့်ရေ) ကို လွန်သွားအား ချောဆီအဖြစ် ထိုးပေးရန်၊ တူးပြီးသား မြေစာများကို အပြင်သို့ထုတ်ပေးရန်၊ တူးပြီးသားတွင်းကို ပိတ်ဆို့မနေစေ ရန်တို့အတွက် တွန်းပို့ပေးသည်။ ထိုအရည်ကို စလာရီ (slurry) သို့မဟုတ် လိုဏ်တူးရွှံ့ရေ (drilling mud) ဟု ခေါ်သည်။

            သို့သော် ပိုက်လိုင်းပြေးချိန်၌ ချောင်းမြောင်းများအတွင်း ရေမရှိပါက မြောင်းတူးချခြင်းက ပိုမြန်၊ ပိုတွက်ချေကိုက်ပါသည်။ ရေစီးနေ သော ချောင်း၏ ကြမ်းပြင်မြေသားကို မြောင်းတူးပြီး ပိုက်ချမည်ဆိုပါက လုံလောက်သော အစီအမံများ ဦးစွာ စီစဉ်ထားရမည်။ ဖြစ်နိုင်လျှင် ရေကို အခြားတစ်ဖက်မှ စီးသွားစေရန် (ပိုက်ကြီးများဖြင့်) လမ်းလွှဲပေးရပါမည်။ နောက်တစ်နည်းမှာ ချောင်းအထက်တွင် ယာယီဆည်တစ်ခု တည်ဆောက်ပြီး ချောင်းအောက်ဖက်သို့ ပိုက်များဖြင့် ရေလမ်းလွှဲပေးခြင်း ဖြစ်ပါသည်။ ဤနည်းကို flume, dam-and-pump method ဟုခေါ်၏။




ပိုက်ချပြီးသောအခါ ပိုက်ရေတွင်ပေါ်မလာစေရန် ပိုက်သားကို ကွန်ကရစ်မံခြင်း သို့မဟုတ် ပိုက်အပေါ် ကွန်ကရစ်များဖြင့် ဖိထားခြင်း စသည် တို့ လုပ်ပေးရန် လိုပါသည်။ လိုဏ်တူးနေစဉ် သို့မဟုတ် မြောင်းတူးနေစဉ် ပိုက်ကို ဂဟေဆော်ခြင်း၊ ဂဟေဆက်များကို ဓါတ်မှန်ရိုက်ခြင်း၊ ရေထည့်စမ်းသပ်ခြင်း၊ ဆေးသုတ်ခြင်း စသည့် လုပ်စရာရှိသည်များကို ရာနှုံးပြည့်၊ ခိုင်လုံစိတ်ချရအောင် ဦးစွာဆောင်ရွက် ထားရန်လိုပါသည်။ သို့မှသာ လိုဏ် သို့မဟုတ် မြောင်းတူးပြီးသွားသောအခါ ပိုက်ကို အဆင်သင့်ချနိုင်မည်။

            အားလုံးပြီးစီး၍ လိုဏ်အတွင်းချရန် အဆင်သင့်ဖြစ်နေသော ပိုက်ကို ဒလိမ့်တုံးများပေါ် တင်ထားရပါမည်။ သို့မှသာ လိုဏ်တူးပြီး သွားသောအခါ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ပိုက်လုံးကို လိုဏ်အတွင်း ဆွဲချနိုင်မည်။ လိုဏ်ခေါင်းပြီးသွားလျှင် ပိုက်ကို ဘူဒိုဇာဖြင့်သော် လည်းကောင်း၊ ဆွဲမော်တာ (Winch) ဖြင့်သော်လည်းကောင်း ဆွဲသွင်းရပါသည်။ ပထမဦးစွာ ဓါတ်ငွေ့ပိုက်ကို အကာအကွယ်ပေးမည့် အကာပိုက် (outer casing pipe) ကို ဦးစွာဆွဲသွင်းသည်။ ပြီးမှ ဓါတ်ငွေ့ပိုက်လိုင်းကို အထဲမှ ဆွဲသွင်းပါသည်။

            အထက်တွင်ဆိုခဲ့သကဲ့သို့ ချောင်းကြမ်းပြင်အောက်မှ လိုဏ်တူးကာ ပိုက်ကိုပြေးခြင်းကား ချောင်းရေစသည်တို့ကို မထိခိုက်သဖြင့် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။




မည်သည့်နည်းကိုသုံးသည်ဖြစ်စေ စက်ကိရိယာများထားရန်၊ ပိုက်များထားရန်၊ ပိုက်လိုင်းဆင်ရန် စသည်တို့လုပ်ရန်အတွက် ချောင်းတစ်ဖက်တစ်ချက်တွင် လုပ်ငန်းနေရာ လိုပါသည်။ ထိုနေရာသည် ချောင်းကမ်းပါးမှ အနည်းဆုံး ပေ ၅၀ အကွာအဝေးတွင်ရှိရမည်။ ချောင်းကိုပိုက်လိုင်းဖြတ်တော့မည်ဆိုသည်နှင့် ပထမဦးဆုံးလုပ်ရမည်မှာ ချောင်းဟိုဘက်သည်ဘက် ဖြတ်သန်းသွားလာနိုင်ရန် တံတားထိုး ခြင်းဖြစ်ပါသည်။ တံတားဆိုရာတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များဖြတ်သန်းသွားလာနိုင်သော တံတားဖြစ်ရပါမည်။



၂၊ ၂၊ ၄။ ရွှံ့ညွံအိုင်များ၊ စိမ့်တောများကို ဖြတ်သန်းခြင်း



            ပိုက်လိုင်းသည် ဓါတ်ငွေ့ထုတ်လုပ်ရာမှ သုံးမည့်နေရာထိ သွယ်တန်းရမည်ဖြစ်ရာ နေရာဒေသအမျိုးမျိုးကို ဖြတ်သန်းရမည် ဖြစ်သည်။ ထိုအထဲတွင် စိမ့်စမ်း၊ ရွှံ့အိုင်များကိုလည်း ဖြတ်သန်းရပေမည်။ ထိုအခါတွင် ပိုက်ကိုထိုဒေသရှိရေငွေ့၊ မြေအနေအထားတို့မှ တိုက်စားသည့်ဒဏ်ကို ခံနိုင်အောင်ပါ ထည့်သွင်းစဉ်းစားရမည်။ များသောအားဖြင့် လိုဏ်တူးကာ ဖြတ်သန်းပါသည်။ လိုဏ်တူးပြီးဖြတ်သန်း ခြင်းမှာ ၂၊ ၂၊ ၃။ တွင်ပြဆိုခဲ့ပြီးသော ချောင်းများကို ဖြတ်သည့်နည်းနှင့် အတူတူပင်ဖြစ်ပါသည်။

            သို့သော် မြေကြီးမှာ ရွှံ့အိုင်ဖြစ်သဖြင့် ပျော့နေမည်။ ထို့ကြောင့် စက်ယန္တရားများနှင့် ပိုက်အလေးချိန်ကိုခံနိုင်ရန် မြေကြီးပေါ်တွင် သစ်သားချောင်းများ ဖြန့်ခင်းထားရန် လိုပါသည်။ အထူးသဖြင့် ရွှံ့အိုင်ရှိရာသို့ ယန္တရားကြီးများ ချဉ်းကပ်မည့်နေရာ လမ်းတစ်လျှောက်ကို သေချာစွာခင်းရန် လိုပါသည်။ ပုံမှန်အားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းဧရိယာအကျယ်ကို ၇၅ ပေအကျယ် ခင်းသည်။ ထို့ပြင် ယန္တရားကြီးများ ရပ်နားရန်၊ ပိုက်များချရန်၊ ဆင်ရန် စသည်တို့အတွက်လည်း လုပ်ကွက်ဧရိယာသတ်မှတ်ရပါသည်။



အရေးကြီးသည်မှာ ပိုက်လိုင်းဖောက်လုပ်ရန် မြေရှင်းစဉ်၊ လမ်းဖောက်စဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မြေနေရာများအတွက် တည်ဆောက်ရေးလုပ်ငန်းများလုပ်စဉ် အပင်များကို လိုသည်ထက် ပိုမခုတ်မိစေရန်၊ မြေကြီးကိုလည်း လိုသလောက်သာတူးရန်၊ မြေစာ များကို သတ်သတ်မှတ်မှတ်ပစ်ရန်စသဖြင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းနိုင်သမျှထိန်းရန် လိုပါသည်။ လုပ်ငန်းများအားလုံး ပြီးစီးသွားသောအခါတွင်လည်း မူလအခြေအနေအတိုင်းပြန်လည်ရရှိအောင် ပြုပြင်ပေးခဲ့ရပါမည်။

ပိုက်လိုင်းသည် ဆင်ခြေလျှောအတိုင်း ဆင်းသွားမည်ဆိုပါက မိုးရေတိုက်စားမှုဒဏ်ကိုခံနိုင်ရန် ရေတားများလုပ်ပေးရမည်။



၂၊ ၂၊ ၅။ မိုင်းခွဲခြင်း



            မြောင်းဖော်ရန်၊ လိုဏ်ဖောက်ရန် အဆင်မပြေသောနေရာများ၌ ကျောက်တောင်ကို မိုင်းခွဲရန် လိုကောင်းလိုပါလိမ့်မည်။ ဤသို့မိုင်းခွဲရန် လိုအပ်လာလျှင် မိုင်းခွဲမည့်အစီအစဉ်ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြကာ ကြိုတင်ခွင့်ပြုမိန့် ရယူထားရမည်။ အနီးပတ်ဝန်းကျင်ရှိ လူများ အားလုံးကို အသိပေးအကြောင်းကြားထားရမည်။ မိုင်းခွဲခြင်းကြောင့် ဘေးအန္တရာယ် မဖြစ်အောင် လိုအပ်သော အစီအမံမှန်သမျှ အားလုံး လုပ်ဆောင်ထား၊ ကြိုတင်ကာကွယ်ထားရမည်။ မိုင်းခွဲခြင်းကို နေ့ပိုင်းတွင်သာ လုပ်ရမည်။ မိုင်းခွဲရာမှ ထွက်လာသော ကျောက်တုံးကျောက်ခဲများကို စနစ်တကျစုပုံရှင်းလင်းရမည်။



၂၊ ၂၊ ၆။ ခြံစည်းရိုးများ နှင့် ကျွဲနွားစားကျက်များ



            ပိုက်လိုင်းသည် ခြံစည်းရိုးများ၊ ကျွဲနွားစားကျက်များ၊ မြောင်းများ၊ ၀င်းတံခါးများ စသည်တို့ကို ဖြတ်သန်းဖောက်လုပ်ရမည်ဆိုလျှင် ပိုင်ရှင်များနှင့် ဦးစွာညှိနှိုင်းရပါမည်။ ဖြစ်နိုင်သမျှ ခြံစည်းရိုးများ၊ ၀င်းတံခါးများမှ အနည်းဆုံး ၁၀ ပေခွာကာ သွယ်တန်းရမည်။ ကျွဲနွား စားကျက်များကို မပျက်စီးအောင်ထိန်းသိမ်းရမည်။ ပျက်စီးခဲ့သော် ပြန်လည်စိုက်ပျိုးပေးရမည်။ ၀င်းခြံများကို ဖျက်ကာ သွယ်တန်းရန် လိုပါက ဆောက်လုပ်ရေးလုပ်ငန်းများပြီးသွားသောအခါ ထိုခြံဝင်း၊ တံခါးအားလုံးကို မူလအနေအထားအတိုင်း ပြန်လည်တပ်ဆင်ပေးရမည်။

           

၂၊ ၂၊ ၇။ အခြားပိုက်လိုင်းများဘေးမှ သွယ်တန်းခြင်း



            မိမိဓါတ်ငွေ့ပိုက်လိုင်းအား အခြားပိုက်လိုင်းတစ်ခုဘေးမှ ယှဉ်ပြိုင်သွယ်တန်းရမည်ဆိုပါက ထိုပိုက်လိုင်းပိုင်ရှင်အား ကြိုတင် အကြောင်းကြားရမည်။ မူလပိုက်လိုင်းကို မထိခိုက်စေရန် အတားအဆီး၊ အကာအရံများလုပ်ပေးရန် လိုကောင်းလိုပါလိမ့်မည်။ မူလပိုက်လိုင်း မှ ၃ ပေအတွင်း မြေတူးရန်လိုပါက လူအားဖြင့်သာ ပေါက်တူး၊ ပေါက်ပြားစသည်တို့ဖြင့် သတိထား၍ တူးရပါမည်။ (စက်များမသုံးရပါ။) မူလပိုက်လိုင်းမှ ပေ ၂၀ အတွင်း ဓါတ်ငွေ့ပိုက်လိုင်းကို ပြေးရမည်ဆိုလျှင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်နေစဉ် မူလပိုက်လိုင်းပိုင်ရှင် အား ပိုက်လိုင်းရှိ ဖိအားကို လျှော့ချခိုင်းခြင်း၊ အရည်စီးနှုံးကို ကန့်သတ်ခိုင်းခြင်း စသည်တို့ တောင်းဆိုနိုင်ပါသည်။

            မူလပိုက်လိုင်း၏ နေရာအတိအကျမသိဘဲ မြေတူးခြင်း၊ မိုင်းခွဲခြင်း စသည့်ဆောက်လုပ်ရေးလုပ်ငန်းများ မလုပ်ရ။ မူလပိုက်လိုင်း အပေါ်တည့်တည့်မှ မြေတူးစက်သုံးပြီး မြေတူးခြင်း လုံးဝမပြုလုပ်ရ။ မိမိတို့ပိုက်လိုင်းတည်ဆောက်နေစဉ် မူလပိုက်လိုင်းပိုင်ရှင်ဘက်မှ ကိုယ်စားလှယ်တစ်ယောက်လွှတ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုနေရန် လိုပါလိမ့်မည်။ မိမိတို့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းများကို မူလပိုက်လိုင်းပိုင်ရှင်အနေဖြင့် စစ်ဆေးကြည့်ရှုခွင့်ရှိပါသည်။ လိုအပ်ပါက ၎င်း၏ညွန်ကြားချက်များ ရယူရပါမည်။     

            မူလပိုက်လိုင်းမှ ပေ ၃၀၀ အတွင်း မိုင်းခွဲရန် ကိစ္စပေါ်လာပါက မူလပိုက်လိုင်းပိုင်ရှင်၏ ခွင့်ပြုချက်ရယူရပါမည်။ မူလပိုက်လိုင်းပိုင်ရှင်၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရဘဲ မိုင်းခွဲခြင်းမပြုရပါ။ မိုင်းခွဲရာတွင်လည်း မူလပိုက်လိုင်းနှင့် ကိရိယာများ၊ အနီး ပတ်ဝန်းကျင်တို့ကို မထိခိုက်စေရန် လိုအပ်သော အတားအဆီးမှန်သမျှ အားလုံးလုပ်ပေးရမည်။

            မူလရှိနေပြီးသားပိုက်လိုင်းအနီး ပေ ၃၀၀ အတွင်း ဓါတ်ငွေ့လှောင်ကန်တည်ဆောက်မည်ဆိုလျှင် မူလပိုက်လိုင်းပိုင်ရှင်၏ စာဖြင့်ရေးထားသော ခွင့်ပြုချက်ရယူရပါမည်။ မူလပိုက်လိုင်းပိုင်ရှင်အနေနှင့် မိမိပိုက်လိုင်းအနီး ဓါတ်ငွေ့လှောင်ကန်တည်ဆောက်ခြင်းကို ငြင်းဆိုပိုင်ခွင့်ရှိပါသည်။ သို့မဟုတ် ဓါတ်ငွေ့လှောင်ကန်တည်ဆောက်မှု ဒီဇိုင်းကို တောင်းဆိုပိုင်ခွင့်၊ လက်မှတ်ရ အင်ဂျင်နီယာများနှင့် စစ်ဆေးပိုင်ခွင့်ရှိပါသည်။

            မည်သည့်ဆောက်လုပ်ရေး ယဉ်ယန္တရားမှ မူလပိုက်အပေါ်ဖြတ်သန်းသွားလာခြင်း မပြုရပါ။ မူလပိုက်တည်နေရာကို ထင်ထင် ရှားရှားမြင်နိုင်ရန် ဆိုင်းဘုတ်ထောင်၊ သို့မဟုတ် ခြံခတ်ထားပါ။ မိမိတို့ဆောက်လုပ်ရေးလုပ်ငန်းအားလုံးပြီးသွားပြီဆိုမှ မူလပိုက်လိုင်းကို မူလ ဖိအားနှင့် အရည်စီးနှုံးအတိုင်း ပြန်တင်ရန် သတင်းပို့နိုင်ပါသည်။





၂၊ ၃။ မြေပေါ်အဆောက်အအုံများ



            မြေပေါ်အဆောက်အအုံများအကြောင်း အသေးစိတ်မဖော်ပြတော့ပါ။ ၎င်းတို့တွင် -



Ø  ဓါတ်ငွေ့တွန်းစက်စခန်း (Compressor Station)

Ø  ဓါတ်ငွေ့စီးနှုံးတိုင်းတာရေးစခန်း (Meter Station)

Ø  အထိန်းဗားများ စခန်း (Control Valves)

Ø  ဆက်သွယ်ရေးစခန်း နှင့် တာဝါတိုင်များ (Telecommunications Towers)

Ø  ပိုက်လိုင်းတိုက်စားမှု ထိန်းသိမ်းရေး နှင့် တိုင်းတာရေးစခန်း (Corrosion Protection and Detection Systems)  - တို့ပါဝင်ပါသည်။



ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းပုံ နည်းစနစ် အကျဉ်းချုပ် ဤတွင် ပြီးပြီ။




ကျေးဇူးတင်ပါသည်။





အေးငြိမ်း

၁၅ - ၆ - ၁၂၊ ည ၁၁ နာရီ ၅ မိနစ်

No comments: