Tuesday, June 19, 2012

Reckless Optimism ၊ Healthy Skepticism ၊ Domain Knowledge နှင့် အပ္ပမာဒတရား

ကျွန်တော် မကြာခဏစာရေးလေ့မရှိပါ။ ဤစာကိုလည်း ပထမ ရေးပြီးနောက် ပြန်သိမ်းထားခဲ့သည်။ သို့ရာတွင် ယခုအထိ မစဲနိုင်သေးသည့် အဓိပ္ပါယ်ကောက်ယူမှုများကြောင့် ပြန်လည်ဖော်ထုတ်ဖြစ်ပါသည်။ အကြောင်းမှာဤသို့ဖြစ်၏။ ဇွန်လဆန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum East Asia) သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခြင်းမှစသည်။ နိုင်ငံတကာအဆင့်အစည်းအဝေးဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်လိုပြောပါ၏။ သူ့မိန့်ခွန်းတွင် ပြောင်မြောက်သော စကားလုံးများ၊ ၀ိသေသ ပြုထားသော စကားလုံးများ ပါဝင်သည်ဖြစ်ရာ ပုံမှန်ကြားနေကျမဟုတ်သော ဝေါဟာရအချို့ကို ကြားလာရပါသည်။ ယင်းတို့မှာ အင်္ဂလိပ်ဘာသာစကားအရ ရှင်းလင်းတိကျသော အဓိပ္ပါယ်ကိုဆောင်သော်လည်း ရလာသည့်စကားလုံးတစ်ခုကို အမျိုးမျိုးလှည့်ပတ်ကာ စိတ်ဝင်စားစရာသတင်းအဖြစ်ဖန်တီးရသည့် မီဒီယာတို့အဖို့မှာမူ ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေပါတော့သည်။ ထိုမိန့်ခွန်းအပြီး နှစ်ပတ်ကျော်ကြာသည်အထိ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမီဒီယာများမှ မေးမြန်းကြသည်များတွင် What do you mean by reckless optimism? ဆိုသော မေးခွန်းများ ပါဝင်နေဆဲဖြစ်သည်။ ထိုမိန့်ခွန်းများကို မြန်မာပြည်တွင်းမှပြည်သူများသိရှိကြစေရန်ဆိုကာ သတင်းစာ၊ ဂျာနယ် အချို့တွင် ဘာသာပြန်ဆိုဆွေးနွေးကြရာ၌လည်း ကွဲလွဲမှုအချို့ကို တွေ့လာရပါသည်။




သတင်းစာ၊ စာစောင်အချို့တွင် Reckless Optimism ကို “အလွန်အကျွံအကောင်းမြင်ခြင်း” ဟူ၍လည်းကောင်း၊ Healthy Skepticism ကို “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဟူ၍လည်းကောင်း ဖော်ပြကြသည့်အပြင် ယင်းသို့သောပြန်ဆိုချက်ကိုအခြေခံ၍ ထပ်ဆင့်ရှင်းလင်းခြင်းများပြုလာကြသည့်အခါ  အချို့အဓိပ္ပါယ်ဖွင့်ချက်များမှာ လိုရင်းကိုမထင်ဟပ်သည့်ပြင် ဆန့်ကျင်ဘက်သဘောပင် သက်ရောက်စေပါတော့သည်။ မြန်မာပြည်၏ နိုင်ငံရေးအင်အားစုများအကြား ယုံကြည်မှုတိုးမြှင့်တည်ဆောက်ကာ တိုင်းပြည်ပြန်လည်ထူထောင်ရေးလမ်းကြောင်းပေါ် ဦးတည်နေသည့်ကာလတွင်  ထိုသို့သော လွဲမှား ကောက်ယူမှုများကြောင့် ခေါင်းဆောင်များ၏စိတ်အားထက်သန်မှုကို ထိခိုက်စေမည်မဟုတ်သော်လည်း ယင်းသို့ တစ်ဆင့်ပြန်ပေးသည့်သတင်းအချက်အလက်များကိုသာ အားကိုးနေရသည့် လက်အောက်ငယ်သားအများအတွက်မူ ထင်ယောင်ထင်မှားဖြစ်စေမည်မှာ စိုးရိမ်စရာဖြစ်ပါ၏။ ဤဆောင်းပါးတိုလေး၏ရည်ရွယ်ချက်မှာ ထိုသို့သော အဓိပ္ပါယ်ကွဲလွဲကောက်ယူချက်များကိုထောက်ပြရင်း မူလဆိုလိုရင်းနှင့်နီးစပ်မည့်ဘာသာပြန်ကိုတင်ပြကာ သံသယများ တတ်နိုင်သမျှလျော့ပါးကြစေရန် ဖြစ်ပါသည်။



အင်္ဂလိပ်ဝေါဟာရ Reckless ကို မြန်မာလို ကမူးရှုးထိုး၊ အရမ်းကာရော ဟုပြန်ဆိုလျှင် သင့်တော်မည်ထင်ပါသည်။ ဝေဖန်ပိုင်းခြားဆင်ခြင်သည့်သဘောမပါပဲ သတိလက်လွတ်ဆောင်ရွက်တတ်ခြင်းကို ဆိုလိုခြင်းဖြစ်မည် ထင်ပါ၏။ သို့ဖြစ်ရာ Reckless Optimism ကို “ကမူးရှုးထိုးအကောင်းမြင်ခြင်း” ဟုပြန်ဆိုပါက မူရင်းသဘောပါသည့် အဓိပ္ပါယ်ကိုရမည်ထင်ပါသည်။ ယနေ့ကြုံနေရသော ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများအား တုံ့ပြန်ရာတွင် အရမ်းကာရောမဖြစ်စေပဲ သတိနှင့်ယှဉ်၍အကောင်းမြင်ရန် ဆိုလိုရင်းဖြစ်ဟန်တူပါ၏။ ဤသည်မှာလည်း မြန်မာလူမျိုးများအကြား ရေပန်းစားသည့်စကားတစ်ခုဖြစ်သော “ကောက်ရိုးမီးစိတ်ဓာတ်” ဆိုသည်နှင့် ဆက်စပ်သည်ထင်ပါ၏။ အချင်းအရာအသစ်တစ်ခုကို အသေအချာလေ့လာစုံစမ်းခြင်းမပြုပဲ ခြေစုံပစ်ဆင်နွဲသည့်အလေ့၊ ဟုန်းကနဲထတောက်ကာ တစ်မုဟုတ်ချင်းပြန်လည်ကျဆင်းသွားတတ်သည့် အဖြစ်အပျက်များ စာရေးသူတို့အတွေ့အကြုံရှိခဲ့ဖူးပြီ။ ယနေ့ဖြစ်ပေါ်နေသောပြုပြင်ပြောင်းလဲရေးများ ရေရှည်ဆက်လက်ဖြစ်ထွန်းသွားရန်၊ “ကောက်ရိုးမီးတောက်သကဲ့သို့” မဖြစ်ရန် အရေကြီးလှ၏။ တစ်ဘက်တွင်မူ ကမူးရှုးထိုးအကောင်းမြင်ခြင်းများသည် စီးပွားရေးပူဖောင်းများကို ဖန်တီးနိုင်ကြောင်း အထူးပြောစရာမလိုတော့ပြီ။ မြန်မာ့စီးပွားရေးပွင့်လင်းလာတော့မည်ဆိုကာ မဟားဒရားမျှော်လင့်ချက်များဖြင့် ကောလာဟလများဖန်တီးကာ အိမ်ခြံမြေဈေးနှုန်းများဆွဲတင်ခဲ့ကြသည့်အတွက် ပူဖောင်းပေါက်ကွဲခဲ့သည်မှာမကြာသေး။ ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်းများ၊ မိုးပျံတံတားများစွာ အချိန်တိုအတွင်းဆောက်လုပ်တိုးတက်လာတော့မည်ဆိုသည့် အိပ်မက်များအငွေ့ပျံပျောက်ကွယ်ကာ ဖယောင်းတိုင်များဖြင်အစားထိုးဖြေသိမ့်လာရသည်မှာလည့်း နဖူးတွေ့ဒူးတွေ့ဖြစ်၏။ “သတိဆို ပိုသည်မရှိ” ဟူသည့်စကားသည် ဤနေရာ၌ဆီလျော်လေတော့သည်။



အခြားတစ်ဘက်၌မူ အလွန်အကျွံအကောင်းမြင်ခြင်း ဟု ပြန်ဆိုခြင်းသည် သည် Reckless Optimism နှင့် မဆန့်ကျင်သော်လည်း ယင်းနှင့်ပိုမိုနီးစပ်သည့်အင်္ဂလိပ်ဘာသာပြန်မှာ Overly Optimistic သို့မဟုတ် Excessive Optimism စသည်တို့ဖြစ်နိုင်ကြောင်း ထောက်ပြလိုပါသည်။ ဤကား အထအနကောက်ခြင်းမဟုတ်။ စကားလုံးများ၏အစေခံဖြစ်လိုခြင်းမဟုတ်။ “ကောင်းတာဖြစ်တဲ့ကိစ္စကို အကောင်းမြင်တာဘာဖြစ်လဲ။” “နည်းနည်းပါးပါးလွန်ကျွံသွားတော့လည်း ဘာဖြစ်လဲ။”  ဆိုသည့် စကားနာထိုးခြင်းများကို အားမပေးလိုသောကြောင့်ဖြစ်ပါသည်။



တစ်ဆက်တည်းတင်ပြလိုသည်မှာ ဘာသာပြန်သူများ၏ Domain Knowledge ခေါ် ဆိုင်ရာနယ်ပယ်နှင့် ပတ်သက်သည့်ဗဟုသုတ (ဆိုင်ရာဗဟုသုတ) ပင်ဖြစ်ပါသည်။ စာနယ်ဇင်းသမားများ၊ ဘာသာပြန်သူများ အနေဖြင့် သတိပြုရမည့်အချက်ဖြစ်ပါ၏။ စာရေးသူသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ရန်ကုန်မြို့တွင် တိုင်းမ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းများကို BBS ဦးအုံးခိုင်မှ ဖတ်ပြဆွေးနွေးသည့် သင်တန်းတစ်ခုကို တက်ဖူးပါ၏။ ထိုသင်တန်းများ၏ အနှစ်သာရမှာ အင်္ဂလိပ်စာဝေါဟာရတိုးပွားရန်သာမက Domain Knowledge အတွက် အမြင်ဖလှယ်ရေးနှင့်ပါ သက်ဆိုင်ကြောင်း ထင်မြင်မိပါသည်။ နာမည်ကြီးစာရေးဆရာတစ်ဦး၏ ဘာသာပြန်စာအုပ်တွင် တရုတ်ပြည်မှ Middle Kingdom အား အလယ်ခေတ်ဘုရင့်နိုင်ငံတော်ဟု ပြန်ဆိုထားသည်ကို တွေ့ဖူးပါ၏။ မူလဆိုလိုရင်းအဓိပ္ပါယ်မှာ တရုတ်ဧကရာဇ်၏အင်ပါယာကို စကြ၀ဠာ၏အလယ်ဗဟိုမှနိုင်ငံတော် (၀ါ) ဇမ္ဗူဒီပါ၏အလယ်ဗဟိုနိုင်ငံတော် ဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်ပေရာ “အလယ်ခေတ်ဘုရင့်နိုင်ငံတော်” ဆိုသည်မှာ လိုရင်းသို့မရောက်ဖြစ်နေတော့သည်။ ယင်းကား ဆိုင်ရာဗဟုသုတအားနည်းခြင်းနှင့်ပတ်သက်သည့် ဥပမာပင်တည်း။



Healthy Skepticism အား “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဟု ပြန်ဆိုလိုက်ခြင်းမှာမူ မူရင်းအဓိပ္ပါယ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်စေပါ၏။ အကောင်းမြင်ခြင်း (Optimism) ၏ ဆန့်ကျင်ဘက်မှာ အဆိုးမြင်ခြင်း (Pessimism) ဟူ၍ဖြစ်ပါသည်။ ခိုင်ခိုင်မာမာအဆိုးမြင်ဝါဒ ဆိုသည်မှာ “Strong Pessimism” ပင်ဖြစ်ပါတော့သည်။ စင်စစ် Skepticism ဆိုသည်မှာ အဆိုးမြင်ခြင်းမဟုတ်ပါ။ ယင်းကို သံသယထားခြင်း၊ ယတိပြတ်ဆုံးဖြတ်၍မရနိုင်သေးခြင်း၊ စောင့်ကြည့်လိုခြင်း ဟု အဓိပ္ပါယ်ဖွင့်နိုင်မည်ထင်ပါသည်။ ဤနေရာ၌လည်း ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ Skepticism တစ်လုံးတည်းမဟုတ်ပါ။ တစ်လုံးတည်းဆိုပါက သံသယဖြင့် စောင့်ကြည့်နေရမည် ဟု ဆိုလိုရာရောက်သည့်အတွက် အပြုသဘောမဆောင်ဟုပင် အငြင်းပွားဖွယ်ရာ ရှိပါသည်။ အရေးကြီးသည့်နေရာမှ ၀င်လာသည်မှာ Healthy ဟူသည့် အထူးပြုစကားပင် ဖြစ်ပါ၏။ Healthy နှင့်ပတ်သက်၍ စာရေးသူတို့ယဉ်ပါးသည့်အသုံးအနှုန်းများမှာ Healthy Diet “ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အစားအသောက်” (၀ါ) “အမှိုက်နည်းသောအစားအသောက်” ၊ Healthy Growth “ဘေးထွက်ဆိုးကျိုးနည်းသည့်ဖွံ့ဖြိုးမှု” (၀ါ) “လူ့ဘောင်အတွက်မျှတသည့်ဖွံ့ဖြိုးမှု” ဆိုသည်များပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ Healthy Skepticism ကို အဓိပ္ပါယ်ဖွင့်ပါက “အမှိုက်သရိုက်များနည်းပါးသည့်သံသယ” (၀ါ) “စေတနာကောင်းဖြင့်စောင့်ကြည့်နေရေး”  ဟု အနီးစပ်ဆုံးဆိုနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှ ဆောင်ပါးရှင်တစ်ဦး၏ “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဟုပြန်ဆိုချက်မှာ တက်တက်စင်အောင်လွဲသည့်အပြင် မကောင်းသည့်ဘက်သို့ပင်ရောက်နေပါတော့သည်။ ယနေ့အချိန် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်တို့အကြား ယုံကြည်မှုတည်ဆောက်နေသည့်အခါဖြစ်ပေရာ “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဆိုသည်ကို ဖတ်ရှုရသည့် တပ်မတော်သားတို့စိတ်ဝယ် မည်သို့အထင်ရောက်မည်နည်း။



ဤနေရာ၌ အခန့်သင့်၍ ကိုးကားလိုသည်မှာ တစ်ချိန်ကနာမည်ကြီးခဲ့သည့် တောတွင်းပြန်ရဲဘော်များပြုစုသော “သခင်သန်းထွန်း၏နောက်ဆုံးနေ့များ” စာအုပ်မှ အခန်းတစ်ခန်းဖြစ်ပါ၏။ ထိုစာအုပ်တွင် ရေးသားထားသည်မှာ ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း ဘ၀ဟစ်တိုင်လှုပ်ရှားမှုများ (တရုတ်ပြည်မှ ယဉ်ကျေးမှုတော်လှန်ရေး၏ဂယက်) ခေတ်စားခဲ့စဉ်အခါက တပ်နီရဲမေအချို့အနေဖြင့် ၎င်းတို့၏မကျေနပ်မှု၊ ဖိနှပ်ခံရမှုများကို ဖွင့်ဟထုတ်ကြရင်း စိတ်အားပြင်းထန်လွန်းသည့်အတွက် အချို့မှာ သတိလစ်မေ့မျောသွားကာ နှာနှပ်ယူရသည်အထိ ပေါက်ကွဲကြသည်ဟူသတတ်။ ဆက်လက်၍ရေးသားထားသည်မှာ ယင်းအဖြစ်ကို မြင်တွေ့ရသည့် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်ဘတင် (ဂိုရှယ်) မှ “ကလေးမကလေးတွေ ဟစ်တီးရီးယား (Hysteria) ဖြစ်ကုန်ကြတယ်ထင်တယ်” ဟု အင်္ဂလိပ်ဘာသာဖြင့် မှတ်ချက်ပေးခဲ့ရာ ရဲဘော်ဘတင်အား ဖယ်ရှားလိုသည့် ပါတီခေါင်းဆောင် သခင်သန်းထွန်းက အခွင့်ကောင်းယူပြီး Hysteria ကို လင်ထရူးခြင်းဟု ဘာသာပြန်ပေးလိုက်သည့်အတွက် ရဲနီမေတို့ဒေါသူပုန်ထကာ နောက်ဆုံးတွင် ရဲဘော်ဘတင်ကို အပြစ်ပေး သတ်ဖြတ်ပစ်ကြသည့်အခြေသို့ ရောက်ခဲ့ရသည့်အကြောင်းပင်ဖြစ်၏။



အဆုံးသတ်အနေဖြင့် တင်ပြလိုသည့်ဝေါဟာရတစ်ခုမှာ ဗုဒ္ဓဘာသာဝင်တို့နှင့် လွန်စွာအကျွမ်းဝင်သည့် အပ္ပမာဒ (၀ါ) မမေ့မလျော့မပေါ့မတန် ဟူသည့် စကားပင်ဖြစ်ပါ၏။ ရှည်ရှည်ဝေးဝေးဆိုရန်ကား မရှိပါချေ။ စာရေးသူ၏ ပုဂ္ဂလိကအမြင်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ Reckless Optimism နှင့် Healthy Skepticism တို့၏အနက်ကို အနှစ်ချုပ်ဘာသာပြန်ရလျှင် အပ္ပမာဒ နှင့်သဘောဆင်တူသည်ဟု ဆိုချင်ပါကြောင်း။


[ဌေးနိုင် တင်ပြသည်]

No comments: