Friday, December 9, 2011

တောင်းပန်ပါ၏။

Blog ကြွလာမိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဘာမှန်းမသိတဲ့ ကိစ္စတွေကြောင့် ခုတလော ညတိုင်း အိမ်ကို ၁၀ နာရီလောက်မှ ပြန်ရောက်ပါတယ်။ နောက်ပြီး ဂျာနယ် အတွက်လည်း ဆောင်းပါးတွေ ရေးပေးနေရ၊ စာတွေဖတ်ပေးရ၊ ပြင်ပေးရ နဲ့ မအားလပ်နိုင်တဲ့အတွက် စာရေးတာ တော်တော် ကျဲသွားပါတယ်။ နောက်ပြီး ထုတ်ဝေသူတောင်းထားတဲ့ ရေခဲသေတ္တာနဲ့ အဲယားကွန်း စာအုပ်အတွက်လည်း တစ်နေ့ကို အနည်းဆုံး တစ်မျက်နှာတော့ ပြီးအောင်ရေးမယ် လို့ ဆုံးဖြတ်ပြီး မဖြစ်မနေရေးရ၊ ရေးဘို့ဖတ်ရ၊ အချက်အလက်တွေစု၊ ပုံတွေစု နေရတာလည်း တော်တော်အချိန်ကုန်ပါတယ်။


ဂျာနယ်အတွက် စာတွေဖတ်ပေးတော့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ရေးတဲ့သူတွေဟာ ပညာတတ်တွေပါပဲ။ ဒါပေမဲ့ မြန်မာစာကို အမြီး အမောက်တည့်အောင် ရေးနိုင်တဲ့သူ တော်တော်နည်းတယ်လို့ ပြောရမလိုဖြစ်ပါတယ်။ ကျွန်တော် သူများတွေကို နှိမ်ပြောခြင်း မဟုတ်ပါ။ တက်လူငယ်တွေ မြန်မာစာပေမှာ တော်တော်အားနည်းလာတာကို ပြောလိုရင်း ဖြစ်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက်တော့ ပြင်ပေးပါတယ်။ ဒါပေမဲ့ အားလုံးစင်းလုံးချောလုပ်ပေးဘို့ မလွယ်ပါ။ ဒါတောင် အတော်ဇက်ကျောတက်၊ မျက်စိညောင်း၊ အိပ်ရေးပျက်ပါတယ်။ ကိုယ်တိုင်လုပ်ရတော့မှ ရန်ကုန်က မဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာတွေကို ကိုယ်ချင်းစာမိပါတော့တယ်။


ကျွန်တော်ရေးချင်တာတွေ၊ မိတ်ဆွေတွေက တောင်းဆိုထားတာတွေ အများကြီးရှိပါတယ်။ အားတိုင်းစုထားတဲ့ အချက်အလက်ကလေးတွေလည်း ရသင့်သလောက် ရနေပါပြီ။ အဲဒါတွေထဲမှာ -


၁။ ကိုသန့်ဇင်တို့မေးနေတဲ့ စင်ကာပူမှာ အိမ်ဝယ်ခြင်းအကြောင်း (အဆက်) - အချက်အလက်တွေ အားလုံးစုပြီးပါပြီ။ ဘယ်လိုရေးမယ် ဆိုတာလဲ format ချပြီးပါပြီ။ ရေးမယ် ရေးမယ်နဲ့ မရေးနိုင်သေးပါ။ ရေးဖြစ်ရင် အဲဒီအကြောင်း ပထမဦးစားပေး ရေးပါမယ်။

၂။ ကိုမင်းမင်းမေးထားတဲ့ CPF - ဒါလဲ အချက်အလက်တွေ စုထားတာ ရသင့်သလောက် ရပါပြီ။ မနှေးအမြန် ရေးပါမယ်။

၃။ ဘယ်သူပါလိမ့်၊ Myanmar in Singapore ထဲမှာလား မသိ၊ တောင်းဆိုထားတာ။ စင်ကာပူမှာ အသုဘချတဲ့ အကြောင်း၊ ဒါလဲ အချက်အလက်တော်တော်များများ စုပြီးပါပြီ။ စင်ကာပူမှာ သေရတာ မြန်မာပြည်ထက် အများကြီးရှုပ်ပါတယ်။ မြန်မာပြည်မှာ ရပ်ကွက်ထောက်ခံစာယူပြီး ကျော်သူတို့လက်ထဲ အပ်လိုက်ရင် ကိစ္စပြီးပေမဲ့ ဒီမှာ အဲသလောက် မလွယ်တဲ့အကြောင်း ရေးချင်တာ လက်ယားနေပါတယ်။ မဖြစ်မနေ ရေးမှာပါ။

၎။ စင်ကာပူမှာ စီးပွားရေးလုပ်ငန်း စထောင်ချင်တဲ့လူတွေအတွက် ဘာတွေသိထားရမလဲ။ ဘယ်လိုစည်းကမ်းကလနားတွေ ရှိသလဲ။ ဒါလဲ အချက်အလက်တော်တော်များများ စုထားပေမဲ့ မစဖြစ်သေးပါ။ ဒါကို ဦးနေမင်းဟိန်းက တောင်းဆိုတာပါ။

၅။ မြန်မာပြည်ကြီးကို စည်းစနစ်ကျတဲ့ တိုင်းပြည်ကြီး ဖြစ်စေချင်ပါတယ်။ ကြုပ်ကျက်လိတဲ့ စနစ်ကြီးကို မြေလှန်ပစ်ချင် ပါတယ်။ အဲဒီအတွက် မြန်မာအင်ဂျင်နီယာအသင်းကို စံနှုံးတွေလုပ်ဘို့ တိုက်တွန်းပါတယ်။ အဲဒီအတွက် လိုတဲ့ စာအုပ်စာတမ်း အချက်အလက်တွေ ကျွန်တော် စုပေးပါမယ်လို့ ပြောထားပါတယ်။ အဲဒီအတွက် သူများတွေဘယ်လိုလုပ်ထားသလဲ ဆိုတာ သိရအောင် စင်ကာပူက စံနှုံးတွေကို မိတ်ဆက်ထားတဲ့ ဆောင်းပါးရှည်ကြီးတစ်စောင် ရေးချင်ပါတယ်။ မြန်မာအင်ဂျင်နီယာ တွေလဲ သိရအောင်ပါ။

၆။ ကျောင်းတွေမှာ ပြဌာန်းနိုင်တဲ့အထိ ဂဟေဆော်နည်း အတတ်ပညာ ဆိုတဲ့စာအုပ်ကိုလည်း အတော်လေး ပြည့်ပြည့်စုံစုံ၊ အားကိုးရလောက်တဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့အထိ အချိန်ယူပြီး ပြုစုချင်ပါတယ်။ တစ်နှစ်ကျော်တော့ အနည်းလေး ကြာမှာပါ။ အခန်း (၁) ကို စရေးတာ ၄ -၅ မျက်နှာလောက်လည်းရောက်ရော မဆက်နိုင်တော့တာ ဒီနေ့ထိပါပဲ။

အဲဒါ ခု လောလောဆယ် ကျွန်တော် ကြွေးတင်နေတဲ့ အရာတွေပါ။

အချိန်ရသလောက် နည်းနည်းချင်း ရေးသွားပါမယ်။

Post အသစ်မျှော်ပြီး ရောက်လာတဲ့သူတွေကို အရမ်းအားနာပါတယ်။

အချိန်ဆင်းရဲလှတဲ့ စင်ကာပူအကြောင်း သိသူတွေကတော့ နားလည်မှာပါ။


အားလုံးကို ကျေးဇူးတင်ပါတယ်။


အေးငြိမ်း

၉ ဒီဇင်ဘာ ၂၀၁၁

ည ၁၁း၁၀ နာရီ

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ဆရာငြိမ်း
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဆရာရေးထားတဲ့ အချက်အလက်တွေကြောင့်ပိုပြီးပိုပြီးလေးစားမိရင်းလေးစားမိလာပါတယ်။
ဆရာအခက်အခဲတွေကိုလည်းသိရလို့ ကျေးဇူးတင်ပြီး
ရင်းကျေးဇူးတင်ရင်းပါဘဲဗျာ-
အလုပ်တဖက်နဲ့ “စေတနာ ” ထားပြီးစာတွေရေး-စာတွေဖတ်နေတဲ့ ဆရာကိုဘာမှမလုပ်ပေးနိုင်တာကိုလည်းဘာမှမတတ်နိုင်ခဲ့ ပြန်ပါဘူး။
စာတွေရေး--စာတွေဖတ်နေတဲ့ အတွက် ဇတ်ကျောတက်တာရော မျက်လုံးကိုလည်းဂရုစိုက်ပါအုံး။
ဖြစ်နိုင်ရင်တော့ “ ဆား ” ကိုသင့်သလောက်ပုံပြီး ခြေထောက်ကို “ ဆား ” နင်းပေးရင်တော့ ဇတ်ကျောတက်တာရောမျက်လုံးအတွက်ပါကောင်းပါ
တယ်။ ကျနော့်လက်တွေ့ ပါခင်ဗျာ။
ဆရာစီကိုစာတွေရေးနေပေမဲ့ 
နဲနဲတော့ခပ်လန့်လန့်ဘဲဗျ-သတ်ပုံမှားတာတွေ စာအထားအသိုမကောင်းတာတွေရှိနေမှာအမှန်ပါဘဲ။
အဲဒီအတွက်ကြိုတင်ပြီး ခွင့်လွတ်ပေး ပါလို့ တောင်းပန်ထားပါရစေဗျာ-
တတ်နိုင်သလောက်တော့ မှန်အောင်ရေးသွားပါတယ်။
လေးစားစွာဖြင့်
ဂျစ်တူး-