Friday, December 2, 2011
မြန်မာစာသည် တို့စာ (၁)
မြန်မာစာသည် တို့စာ (၁)
ဖွင့်ဟ၀န်ခံချက်
ဤဆောင်းပါးကို ရေးလိုက်ခြင်းဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် သိလှပြီ၊ တတ်လှပြီ၊ မြန်မာစာကို ကျွမ်းကျင်လှပြီ၊ ကျွန်တော်ရေးသမျှ ခြောက်ပြစ်ကင်း သဲလဲစင်သည်ဟု ဆိုလိုရာမရောက်ကြောင်း ဦးစွာပထမ ပြောလိုပါသည်။ ကျွန်တော်ရေးရသည့် အဓိကရည်ရွယ်ချက်မှာ မြန်မာများဖြစ်သော ကျွန်တော်တို့သည် ကိုယ့်စာဖြစ်သော မြန်မာစာကို တန်ဖိုးထားလေးစားကာ ရေးသား၊ ပြောဆိုကြရန် တိုက်တွန်းလိုရင်းမျှသာ ဖြစ်ပါသည်။
            ကျွန်တော်ရေးခဲ့သည်များမှ အမှားများကိုလည်း ထောက်ပြဝေဖန် အကြံပြုကြရန် မေတ္တာရပ်ခံလိုပါသည်။ အမှားကိုသိမှ အမှန်ပြင်နိုင်မည်။ မှားသည်ကို မှားမှန်းမသိလျှင် တစ်သက်လုံး အမှားကြီးနှင့် နှစ်ပါးသွားနေရတော့မည်။ တစ်စုံတစ်ယောက်က ထောက်ပြဝေဖန်လိုက်သဖြင့် ပြင်လိုက်လျှင် လမ်းမှန်ပေါ်ရောက်လာနိုင်သည်။
            ဤဆောင်းပါးတွင် မြန်မာစာ အရေးအသား၊ အပြောအဆို တိုးတက်လာစေရေးအတွက် ကျွန်တော် လေ့လာမိသမျှ၊ တတ်သမျှ၊ မှတ်သမျှကလေးနှင့် တင်ပြပါမည်။ တစ်စုံတစ်ယောက်၏ အမှားကိုထောက်ပြလျှင်လည်း အပြစ်တင်ရန်၊ ရှုတ်ချရန် မဟုတ်ဘဲ အမှန်ဖြစ်စေလိုသော စေတနာနှင့်သာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
            ယခုခေတ်တွင် ကွန်ပြူတာကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်သည်သာမက အင်တာနက်မှာလည်း လက်လှမ်းတမီ တွင်ရှိနေသည်ဖြစ်ရာ အင်တာနက်တွင် လူကြီးလူငယ် တော်တော်များများ စာတွေဖတ်ကြ၊ ရေးကြ၊ ဆွေးနွေးကြ၊ ဝေဖန်ကြ၊ နှီးနှောကြ လုပ်လာတာတွေ့ရသည်မှာ ၀မ်းသာစရာ ကောင်းပါသည်။ ဤသို့တစ်ဦးအမြင်ကို တစ်ဦးဆွေးနွေး၊ ဝေဖန်ခြင်းမှ အသိသစ်၊ အမြင်သစ်များ ရလာသည်။ မိမိအားနည်းချက်၊ မိမိအမှားကို သိလာနိုင်သည်။ အမှားကိုသိပြီး အမှန်ပြင်လိုက်ခြင်း ဖြင့် တိုးတက်လာနိုင်သည်။
            ကျွန်တော် မြန်မာစာဆရာတစ်ဦးမဟုတ်ပါ။ မြန်မာစာပေ ပညာရှင်တစ်ဦးလည်း မဟုတ်ပါ။ သို့သော် မြန်မာစာကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်ပါသည်။ အင်တာနက် စာမျက်နှာပေါင်းများစွာတွင် မြန်မာလို ဖြစ်ကတတ်ဆန်း ရေးထားသည်များကို တွေ့ရသောအခါ ကျွန်တော်စိတ်မချမ်းသာပါ။ သည်အကြောင်း မကြာခဏ ကျွန်တော်တွေးမိပါသည်။ မြန်မာ website ပေါင်း များစွာကို မွှေနှောက်ဖတ်ရှုတိုင်းလိုလိုပင် ဖြစ်ပါ၏။
            မြန်မာစာ အားနည်းနေရခြင်းအပေါ် ကျွန်တော်တွေးမိသည့် အချက်အချို့ကို တင်ပြပါမည်။
ပထမဦးဆုံးနှင့် အဓိကအကျဆုံး တရားခံမှာ မြန်မာနိုင်ငံ ပညာရေးစနစ်ဖြစ်ဖို့ များပါသည်။ အများသူငါအသိ ဖြစ်သဖြင့် အကျယ်မချဲ့လိုတော့ပါ။ လိုရင်းကိုသာ ဆိုပါမည်။ ယခုပညာရေးစနစ်တွင် ဆယ်တန်းမှလွဲ၍ အတန်းတိုင်းကို အကျမရှိ၊ ရာနှုံးပြည့်အောင်စနစ် သတ်မှတ်ထားပါသည်။ မည်သည့်ရည်ရွယ်ချက်နှင့် ဤမူကို ချမှတ်ထားမှန်း ကျွန်တော် နားမလည်ပါ။ ရလဒ်မှာ ကျောင်းသားများ ဆယ်တန်းထိရောက်လာသည့်တိုင် မြန်မာ၊ အင်္ဂလိပ်၊ ပထ၀ီ၊ သမိုင်း၊ သိပံ္ပ၊ သင်္ချာ။ မည်သည့်ဘာသာရပ်ကိုမှ မယ်မယ်ရရ မတတ်တော့ခြင်း ဖြစ်ပါသည်။
လက်ရှိရန်ကုန်တွင် ဆယ်တန်းတက်နေသူ တူမလေးပြောပြသဖြင့် ဆရာဆရာမများမှာ ကျောင်းတွင် စာကို သေသေချာချာ မသင်ဟု သိရပါသည်။ သို့သော် ကျွန်တော်တို့ဒေသဖြစ်သည့် လေးမျက်နှာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများမှာမူ နေ့မအား၊ ညမအား၊ အားကြိုးမာန်တက် သင်ကြားပို့ချနေသည်ကို တွေ့ခဲ့ရပါသည်။ မြန်မာပြည်မှ ဆရာ၊ ဆရာမများ စာကိုကောင်းကောင်းမသင်ဟု ၀ါးလုံးရှည်နှင့် သိမ်းရမ်းဘို့တော့ မသင့်ပါ။ ကောင်းကောင်း မသင်သည့် ကျောင်းများရှိသလို၊ သေသေချာချာ သင်ပေးသော ကျောင်းများလည်း ရှိပါသည်။
မအောင်မနေရ ပညာရေးစနစ်ကြောင့် ကျောင်းသားများမှာ စာကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ၊ အချိန်တန်ရင် အောင်မှာပဲ ဟု စိတ်ထဲတွင်စွဲထားလေရာ စာကိုစိတ်မ၀င်စားတော့ပဲ၊ စာမေးပွဲအောင်ရုံလောက်သာ ကျက်မှတ်ကြပါတော့သည်။ ကျက်မှတ်သည်ဆို တော်သေး။ ခိုးချသည်က ပိုဆိုးပါသည်။ ဆရာ၊ ဆရာမဟူသည် ကျောင်းသားကို စာကြိုးစားလာစေရန် အတင်းချုပ်ချယ်၊ ကြိမ်းမောင်း မာန်မဲ၍မရ။ ကျောင်းသားကိုယ်နှိုက်က ကြိုးစားချင်စိတ်ရှိရန် လိုပေသည်။
ဤတွင်စကားစပ်မိ၍ ကျောင်းသားကို ရိုက်မိသဖြင့် အတိုင်ခံရကာ အလုပ်ပြုတ်သွားသော ဆရာမတစ်ဦးအကြောင်း အနည်းငယ်ပြောလိုပါသည်။ ထိုဆရာမမှာ အခြားသူမဟုတ်။ ကျွန်တော်နှင့် အလွန်ခင်မင်ရင်းနှီးသော အတန်းဖော်တစ်ဦး ဖြစ်ပါသည်။ ငယ်စဉ်ကတည်းက စာတော်သည်။ စာသင်ရတာကိုလည်း အလွန်ဝါသနာပါသည်။ ဖြစ်ပုံမှာ သူသင်သည်ကို ကြိုးစားပမ်းစား မသင်ယူ၊ မလေ့လာသော ကျောင်းသားတစ်ဦးအား စေတနာလွန်ကာ ရိုက်နှက်ဆုံးမမိခြင်း ဖြစ်၏။ ဤသည်ကို ကျောင်းသားမိဘများက  တိုင်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်ပါသည်။ သည်သတင်းကြားတော့ ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိပါသည်။
ကျောင်းသားများ အကျများလျှင် ဆရာ၊ ဆရာမများမှာ ထုချေလွှာတင်ရမည်။ ကျောင်းအုပ်ကြီး အထောင်းခံရမည်။ သည်တော့ မည်သူသည် အမိုက်ခံကာ စာမေးပွဲကို အကျများအောင် လုပ်ပါမည်နည်း။ မ,ပေါင်းတစ်ထောင် သားသမီးများ အားလုံးကို မည်ကဲ့သို့ အောင်, အောင် သင်ပါမည်နည်း။ သည်ကြားထဲ ကျောင်းသားများကလည်း စာမကြိုးစားပြန်ဆိုတော့ နောက်ဆုံး ဆရာ၊ ဆရာမများ လုပ်စရာ တစ်နည်းသာရှိပါသည်။ စာမသင်ဘဲ မေးခွန်းပေး၊ အလွတ်ကျက်ခိုင်းကာ ဖြေသည့်နည်း ဖြစ်ပါလိမ့်မည်။ ကျွန်တော် မသိပါ။ မေးခွန်းပေး အလွတ်ကျက်ပြီး ဖြေခိုင်းတာတောင် ရာနှုံးပြည့် အောင်မည်ဟု အာမ, မခံနိုင်။ ကျသူများရှိပါလိမ့်မည်။ ထိုကျသူများကိုတော့ မဖြစ်ဖြစ်သည့်နည်းနှင့် အောင်စေရန် နောက်တစ်ခါ ပြန်ဖြေခိုင်းပြီး အအောင်ပေးလိုက်ရသည်။ 
ကျွန်တော်ပြီးခဲ့သည့်အခေါက် ၂၀၁၁ ခုနှစ် ဇန္န၀ါရီလက မွေးရပ်မြေသို့ပြန်စဉ် ကျွန်တော်တို့ဒေသမှ အထက်တန်း ကျောင်းအုပ်ဆရာကြီးက ဆယ်တန်းရောက်လာတာတောင် A ကနေ Z အထိ အစအဆုံးမသိတဲ့သူရှိတယ် ဟု ကျွန်တော့်ကို ပြောပြပါသည်။ ဤသည်မှာ အထက်ပါ ပညာရေးစနစ်၏ နောက်ဆက်တွဲ ရလဒ်များ ဖြစ်ပါသည်။
            ယနေ့ခေတ် ကလေးသူငယ်များ၏ ပညာရေးအပေါ် အားမရ၍ ကျွန်တော် ကျောင်းသင်ပြဌာန်းစာအုပ်များကို လေ့လာကြည့်ပါသည်။ ရန်ကုန်မှ ကျွန်တော်တို့အိမ်တွင် အတန်းပေါင်းစုံမှ ပြဌာန်းစာအုပ် အားလုံးလိုလိုရှိပါသည်။ ၀ါသနာအရ ကျွန်တော် စုဆောင်းထားခြင်း ဖြစ်၏။ ဆရာကြီးများမှ ရွေးချယ်ပြဌာန်းထားသည်ဖြစ်ရာ ပြဌာန်းထားချက်များမှာ မဆိုးလှဟု ဆိုရပါမည်။ သို့သော် ဤပြဌာန်းစာအုပ်များကို ကျောင်းသူ၊ ကျောင်းသားများသည် သေသေချာချာရော လှန်ကြည့်ကြရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ ကျောင်းမှ ပေးလိုက်သော စာမေးပွဲတွင်မေးမည့် မေးခွန်းနှင့် အဖြေကို ကျက်လျှင် စာမေးပွဲအတွက် လုံလောက်နေပြီဖြစ်ရာ ဤစာအုပ်များကို အပင်ပန်းခံ လေ့လာရန် လိုပါဦးမည်လား။
            ထို့ထက် ကျောင်းသားဦးရေရှိသလောက် ပြဌာန်းစာအုပ်များကို ရောင်းချပေးနိုင်ပါသလား။ ရောင်းချပေးနိုင်သည့်တိုင် ကျောင်းသား၊ ကျောင်းသူများသည် ပြဌာန်းစာအုပ်ဝယ်ရန် တတ်နိုင်ကြပါသလား။ သို့ဆိုလျှင် ဆယ်တန်းသာရောက်လာသည်၊ အချို့ကျောင်းသား၊ ကျောင်းသူများမှာ ပြဌာန်းစာအုပ်ကိုပင် မမြင်ဖူးလိုက်သူ၊ မည်သည့်စာများကို သင်လို့သင်လိုက်ရမှန်းမသိ သူ အတော်များစရာ အကြောင်းရှိပါသည်။
            အတန်းငယ်များကိုထားလျှက် ၅ တန်းမှ ၉ တန်းထိ ကျောင်းသားများကို မင်းတို့ အင်္ဂလိပ်စာမှာ ဘာတွေသင်ရသလဲ၊ ပထ၀ီမှာ ဘာတွေသင်ရသလဲ၊ သမိုင်း၊ သိပ္ပံ၊ မြန်မာစာ ဘာသာရပ်များမှာ ဘာတွေသင်ရသလဲ ဟု လိုက်လံ မေးမြန်းစူးစမ်း၊ စာရင်းကောက်ကြည့်ရန် သင့်လှပါသည်။ စိတ်ဝင်စားစရာ ရလဒ်များ ထွက်ပေါ်လာပါလိမ့်မည်။ မေးခွန်းကို ကျက်ဖြေသော ကလေးငယ်တစ်ဦးအနေနှင့် ၎င်းဘာတွေကျက်လို့ ဘာတွေသင်နေရမှန်း မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။
            ဤသည်မှာ ယနေ့တက်သစ်စ လူငယ်များ မြန်မာစာ အားနည်းရခြင်း အဓိကအကြောင်း ဖြစ်ပါလိမ့်မည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာစာသည် တို့စာ (၂)
            ယခင်အပတ်က ယနေ့လူကြီး၊ လူငယ်များ မြန်မာစာ အဘယ်ကြောင့် အားနည်းနေရသည်ကို အကျဉ်းချုပ် ပြောပြခဲ့ ပါသည်။ ဤသည်မှာ ကျွန်တော်တွေးမိတာလေးကို တင်ပြခြင်းဖြစ်ပါ၏။ သို့သော်လည်း ထစ်ကနဲရှိတိုင်း ခေတ်နှင့်စနစ်အပေါ် လက်ညှိုးထိုးနေမည့်အစား ကာယကံရှင်များကိုယ်နှိုက်ကရော ကြိုးစားပမ်းစား လေ့လာလိုက်စားကြပါသလား ဟု ဆန်းစစ် ကြည့်ပါ။ လက်တစ်ဆုပ်စာ လူနည်းစုမှလွဲ၍ အများစုမှာ နေသာသလို နေသွားကြတာ ဖြစ်ပါသည်။ အို - ဒါတွေမတတ်လို့လဲ ဘာမှမဖြစ်ပါဘူး။ အချိန်တန်ရင် ဘွဲ့တစ်ခုတော့ရမှာပဲ ဟုသာ ခပ်ပေါ့ပေါ့တွေးကြပါသည်။ ငါတို့ မြန်မာတွေပဲ၊ မြန်မာလို မရေး တတ်စရာ ဘာရှိသလဲ ဟုလည်း ထင်ကြပါမည်။
            အနာသိလျှင် ဆေးရှိရမည် ဖြစ်၍ ဆေးကိုရှာရန် ဦးစွာ အနာကိုသိမှ ဖြစ်ပေမည်။
အနာကား ပထမပိုင်းတွင် ပြောခဲ့သကဲ့သို့ ပညာရေးစနစ်နှင့် ကျောင်းသားများ ပညာရေးအပေါ်ထားရှိသည့် သဘောထားပင် ဖြစ်ပါသည်။ ဤအနာကို မကုစားနိုင်သရွေ့ကာလပတ်လုံး သည်အတိုင်းဆက်သွားမည်သာ ဖြစ်ပါ၏။
ယခု မြန်မာစာအကြောင်း ဆက်ပါမည်။
            အများဆုံးတွေ့ရသော အမှားများမှာ စာလုံးပေါင်းအမှား၊ သဒ္ဒါအမှား၊ အသုံးအနှုံးအမှားများ ဖြစ်ပါသည်။
            ပထမဦးစွာ စာလုံးပေါင်းအမှား ကို လေ့လာကြည့်ပါမည်။ စာလုံးပေါင်းအမှားများတွင် တွေ့ရသည်များမှာ မည်သည့် အက္ခရာကို မည်သည့်နေရာတွင် သုံးရမည်ကို မသိခြင်း၊ ယရစ်၊ ယပင့်၊ ရေးချ၊ အသတ် များမှားခြင်း၊ ပါဠိသက် ဝေါဟာရများ ကို နားမလည်ဘဲ သုံးခြင်း စသည်တို့ပါဝင်ပါသည်။ ထို့ပြင် ကွန်ပြူတာနှင့်ရေးခြင်း ဖြစ်သည့်အတွက် စာလုံးလက်ကွက်အားလုံး ကို မသိသဖြင့် မှားခြင်းလည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။
            မြန်မာစာသည်ကား အင်္ဂလိပ်စာကဲ့သို့ အက္ခရာ ၂၆ လုံးသိရုံမျှနှင့် ရိုက်လို့မရ။ သဝေထိုး၊ ယပင့်၊ ယရစ်၊ ရေးချ၊ ရှေ့ထိုး၊ နောက်ပစ်၊ အသတ်၊ ပါဠ်ဆင့် စသည် များစွာရှိပေရာ ထိုအသေးအဖွဲကလေးများအားလုံးကို မသိဘဲ မြန်မာစာကို သေသေချာချာ ရိုက်တတ်ဖို့ရာ မလွယ်ပါ။ သို့သော်လည်း ဤစာလုံးကလေးများကို သိရန်မခက်ပါ။ မည်သည့်စာလုံးမဆို လက်ကွက်များရှိသည်။ မိမိက ထိုလက်ကွက်ဇယားကို print ထုတ်ကာ စာကြည့်စားပွဲရှေ့တွင် ကပ်ထားလျှက် စာရိုက်သည့် အခါတိုင်း ရည်ညွှန်းရန်သာ လိုပါသည်။ ဤသို့မဟုတ်ဘဲ လက်ကွက်ဇယားကို မကြည့်၊ ဖြစ်ကတတ်ဆန်းရိုက်မည် ဆိုလျှင်တော့ စာလုံးပေါင်းအမှန်ကိုသိသည့်တိုင် မှားမြဲ မှားနေဦးမည်သာ ဖြစ်သည်။
            အောက်ပါနမူနာများကို ကြည့်ပါ။
အဘယ်ကြောင့် ဤကဲ့သို့ရေးသည်ကို ကျွန်တော်မသိပါ။ ရေးသူသည် တက္ကသိုလ်ကို စာလုံး မပေါင်းတတ်၍လား။ သို့မဟုတ် က္က နှင့် ဣ ကို တူသည်ဟု ယူဆ၍ပဲလား။ သို့မဟုတ် ပါဠ်ဆင့်  -္က ကိုပဲ မရေးတတ်၍လား။ တစ်ခုခု ဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ရေးထားသည်ကို (စိုက်ပျိုးရေး တက်ကသိုလ်) ဟု ဖတ်လို့မရပါ။ (စိုက်ပျိုးရေး တအိသိုလ်) ဟုသာ ဖတ်ရပါမည်။ (ဣ) ကို (အိ) ဟု အသံထွက်သည်။ တက္ကသိုလ် သည် အဆင့်မြင့်ပညာများကို သင်ကြားပေးရာ နေရာဌာန ဟု အဓိပ္ပါယ်ရသော်လည်း တဣသိုလ် (တအိသိုလ်) တွင် ဘာအဓိပ္ပါယ်မှ မရှိပါ။
            နောက်တစ်ခု ကြည့်ပါဦး။ မဟာဇနက္ကဇာတ်တော်ကို ရေးထားခြင်းဖြစ်ပါသည်။ သင်္ဘောပျက်တော့ ဘုရားအလောင်း မင်းသား မည်ကဲ့သို့လုပ်ကိုင်သည်ကို ဖော်ပြထားခြင်း ဖြစ်၏။
ဤစာပိုဒ်ကို ဖတ်ကြည့်ပါ။ ဘုရားလောင်း မင်းသားသည် ထိုင်ခုံတစ်ခုကို သယ်သွားကာ ရွက်တိုင်ထိပ်မှ ပစ်ချလိုက်သည်ဟု အဓိပ္ပါယ်ရ၏။
            မည်မျှ လွဲပါသနည်း။ အဖြစ်မှန်မှာ အလောင်းတော်မင်းသားသည် ရွက်တိုင်ထိပ်ပေါ်တက်ကာ သင်္ဘောနှင့်ဝေးနိုင် သမျှ ဝေးဝေးသို့ ခုန်ချလိုက်ခြင်း ဖြစ်၏။ အဘယ်ကြောင့် ထိုင်ခုံကို ရွက်တိုင်ထိပ်မှ ပစ်ချရပါမည်နည်း။
            နောက်တစ်ခုကတော့ ကဗျာအကြောင်း ဆွေးနွေးထားတာ ဖြစ်ပါသည်။ မြန်မာကဗျာကို ချစ်မြတ်နိုးပါလျှက် မြန်မာစာကို သေသေချာချာ မသင်ယူခြင်းအပေါ် အတော်စိတ်ပျက်မိပါသည်။
ယခုခေတ် လူငယ်များမှာ (လုပ်တတ်တယ်၊ ပြောတတ်တယ်၊ သီချင်းဆိုတတ်တယ်) စသဖြင့် ပြောကြရာတွင် အဘယ်ကြောင့် (လုပ်တက်တယ်၊ ပြောတက်တယ်၊ သီချင်းဆိုတက်တယ်) ဟု ရေးကြမှန်း ကျွန်တော် နားမလည်ပါ။ ဖြစ်နိုင်သည်မှာ တရုတ်များစကားပြောတာကို အတုခိုးကာ စကားမပီတော့ခြင်း ဖြစ်မည်။ အင်တာနက် စာမျက်နှာအများအပြား ၌ပင် ဤကဲ့သို့ သုံးနေကြတာ တွေ့ရပါသည်။ ဤအထဲတွင် ပညာတတ်ဆိုသူများပါ ပါနေခြင်းကို ကျွန်တော် အံ့သြလို့မဆုံးပါ။
            တက်တယ် ဆိုသည်မှာ အပေါ်သို့တက်ခြင်း၊ သတိမေ့မျောသွားခြင်း၊ လက်ရှိအခြေအနေထက် ပိုမြင့်လာခြင်း စသည့် အဓိပ္ပါယ်ရှိသည်။
            တတ်တယ် ဆိုခြင်းမှာ တစ်ခုခုကို လုပ်တတ်ကိုင်တတ်ခြင်း၊ အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်ခြင်း ဖြစ်၏။ စကားပြောတတ်သည်၊ စာရေးတတ်သည်၊ သွားတတ်သည် စသဖြင့် ဖြစ်ပါသည်။
            အထက်ပါစာပိုဒ်၌ပင် (ကျတော်) (သာမာန် စကားများကို) ဟုလည်း မှားထားပါသည်။ ဤတွင်လည်း အဘယ်ကြောင့် (ကျတော်) ဟု သုံးထားမှန်း မသိပါ။ ထွင်တာလား။ ကျွန်တော် ဟု သုံးရမှာ ကျွန်စော်နံသည် ဟု ထင်လို့ပဲ လား၊ သူမှသိပါမည်။ (သာမာန်) ဆိုသည်မှာလည်း မှားလေ့မှားထရှိသော စာလုံးတစ်ခု ဖြစ်၏။ (သာမန်) ဟု ရေးမှ မှန်ပါမည်။
အောက်ဆုံးစာကြောင်းကိုလည်း ကြည့်လိုက်ပါဦး။ (အနည်းဆုံးဖတ်သူတစ်၇ှိပါတယ်၊ကဗျာဆရာပါ၊ကဗျာဆရာကကဗျာပျောက်တာကို အမှုမထားပါဘူး.)
ဤစာပိုဒ်ကို ဖတ်ပြီး အသင်မည်ကဲ့သို့ နားလည်ပါသနည်း။ ကျွန်တော့်အနေနှင့်မူ သူဘာပြောချင်မှန်း မသိပါ။
ဤတွင် မှားနေတာတစ်ခု ရှိပါသေးသည်။ (၇ နှင့် ရ) ကို မကွဲခြင်း ဖြစ်၏။ ဤသည်မှာလည်း တော်တော်များများ တွေ့ရ သော အမှားများအနက် တစ်ခုဖြစ်ပါသည်။ (၇) သည် ဂဏန်း (ခုနစ်) ဖြစ်၏။ (ရ) သည် (ရကောက်) ဖြစ်၏။
၁၉၄၇၊ ပြောင်းကြွ တမလွန် - တွင် (၇) ကို သုံးပါသည်။ ရွှေငွေလက်ဝတ်လက်စား တွင် (ရ) ကို သုံးရပါမည်။ (ရေ) သည် သောက်စရာ၊ ဆေးကြောစရာအရည် ဟု အဓိပ္ပါယ်ရသော်လည်း (ေ၇) တွင် ဘာအဓိပ္ပါယ်မှ မရှိပါ။ သတိထားကြရန် ဖြစ်ပါသည်။ ၇ ကို key board မှ ဂဏန်း 7 ကို သည်အတိုင်း နှိပ်ရသည်။ ရ ကိုလိုချင်လျှင် ထို key ကိုပင် shift ခံကာ နှိပ်ရ ပါသည်။ ထို့ကြောင့် (ရေ၊ ရထား၊ ရွှေ၊ ရန်ကုန်၊ မရဘူး၊ မရှိဘူး) စသည်တို့ရေးသည့်အခါတိုင်း shift ခံနှိပ်ဖို့ မမေ့ပါနှင့်။ 
နောက်တစ်ခုပြောလိုသည်မှာ တရားတော်များကို ပြန်လည်ရေးသူများ၊ ရှင်းပြသူများ ဖြစ်ပါသည်။ ရှင်းပြသူများအား အထူးပြောလိုသည်မှာ မိမိရှင်းပြမည့် တရားတော်ကို မိမိရရ၊ သေသေချာချာ သိသည်ဆိုလျှင် မပြောလို။ ကိုယ်လည်း သေချာ ဂဏမသိဘဲ မရေးပါနှင့်ဟု ပြောလိုပါသည်။ မြန်မာပြည်တွင် ဗုဒ္ဓစာပေများကို သင်ယူလေ့လာ၊ စာပေများလည်း ရေးသားနေသူ ရဟန်းရှင်လူ သိန်းပေါင်းများစွာရှိပါသည်။ သိသူများရေးပါလိမ့်မည်။ မိမိမသိသော အကြောင်းအရာဖြစ်လျှင် အနည်းငယ်မျှပင် ဖြစ်စေ၊ မရေးပါနှင့်ဟု ပြောလိုပါသည်။
ထို့ပြင် ထိုတရားတော်များကို ပြန်လည်ကူးရေးသောအခါ၌လည်း မူရင်းစာလုံးပေါင်းများကို မှန်မှန်ကန်ကန် ကူးရေးဘို့လိုပါလိမ့်မည်။  မိမိမသိလျှင်၊ မသေချာလျှင် သိသူကိုမေးပါ။ အရမ်းကာရော မရေးပါနှင့်။ အောက်ပါစာပိုဒ်ကလေး ကို ဖတ်ကြည့်ပါ။
(အဘိဓမ္မာတရား၌ ရေတွက်ထားသော ဖြစ်နိုင်သောစိတ် (၈၉) မျိုးအားလုံး အဓိပ္ပတိ တက်နိုင်ခြင်းတော့ မဟုတ်ပါ။ ဥပမာ မောဟခေါင်းဆောင်သော ၀ိစိကစ္ဆ စေတသိက်ချုပ်ချယ်ခံရထားသော စိတ်(သို့လောသို့လောစိတ်))
ပထမ (အဘိဓမ္မာတရား၌ ရေတွက်ထားသော ဖြစ်နိုင်သောစိတ် (၈၉) မျိုးအားလုံး) ဟု ဖော်ပြထားတာ မှားသည်။ ရေးသင့်သည်မှာ (စိတ် (၈၉) မျိုးစလုံး) ဟု ရေးရမည် ဖြစ်ပါသည်။
နောက်တစ်ခု (အဓိပ္ပတိ) ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်ရပါသနည်း။ (အဓိပတိ) ဖြစ်ရပါမည်။ (အဓိပ္ပတိ တက်နိုင်ခြင်းတော့) ကို မည်ကဲ့သို့ နားလည်ရပါမည်နည်း။
နောက်တစ်ခု (မောဟခေါင်းဆောင်သော ၀ိစိကိစ္ဆ စေတသိက်) တွင်လည်း (၀ိစိကိစ္ဆာ) ဖြစ်ရပါမည်။
စာနှစ်ကြောင်းမျှ၌ပင် ဤမျှမှားနေလျှင် တရားတစ်ပုဒ်လုံးဆိုပါက မည်သို့ရှိချိမ့်မည်နည်း။
သက္ကရာဇ် ၁၁၄၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ဘိုးတော်မင်းတရားကြီးက မြန်မာစာရေးထုံးနှင့် ပတ်သက်၍ အမိန့်ပြန်တမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ အမိန့်ပြန်တမ်းမှာ -
“ရှေးထုံးတမ်းနှင့် မညီဘဲ ရေးထုံးပျက်လျှင် အမှတ်သညာပျက်မည်။ အမှတ်သညာပျက်လျှင် အနက် အဓိပ္ပါယ် ပျက်မည်။ အနက်အဓိပ္ပါယ် ကွဲလွဲဖောက်ပြန်လျှင် တရားကျမ်းဂန် တိမ်းယိမ်းမည်။ တရားကျမ်းဂန် တိမ်းယိမ်းလျှင် သာသနာတော်၏ အရင်းခံဖြစ်သော စာပေပရိယတ္တိ ဆုတ်ယုတ်မည်။ စာပေပရိယတ္တိ ဆုတ်ယုတ်လျှင် ရဟန်း၊ ပြည်သူတို့ အကျင့်ပျက် ဆင်းရဲကြီးစွာရောက်မည်။
ပုဒ်၊ အက္ခရာ၊ အသတ်၊ အပင့်၊ အရစ်၊ ရှေးရိုးရေးထုံးမကျ၊ ကွဲလွဲ၊ ထူးခြား ချို့ယွင်း တိမ်းယိမ်းအောင် ပြင်ဆင်သူတို့ကို လွှတ်တော်က အပြစ်အလျောက် ထိုက်သင့်ရာ စီရင်စေ။” - - ဟူ၍ ဖြစ်ပါသည်။  
            ယခုဖြစ်ပျက်နေသည်များကိုသာ ဘိုးတော်မင်းတရားကြီး ကြားသိရပါက မည်သို့ရှိလိမ့်မည်နည်း ဟုသာ သိလိုလှပါတော့သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာစာသည် တို့စာ (၃)
မြန်မာစာအရေးအသားများ မှားရခြင်း အကြောင်းတစ်ခုမှာ စာကိုသေသေချာချာ လေးလေးစားစားမရေးဘဲ ဖြစ်ကတတ်ဆန်း ရေးခြင်းဖြစ်၏။ အောက်တွင်ရေးထားသောစာကို ကြည့်ပါ။ ဘာသာရေးနှင့် ပတ်သက်၍ တရားဓမ္မ၊ ဗုဒ္ဓပုံတော် စသည်တို့ကို သူငယ်ချင်းများသို့ ပြန်လည်ဝေငှသော email ဖြစ်ပါသည်။
သူရေးပုံအရ သူတော်တွေစဉ်ကုန်ပြီး မသူတော်တွေပဲ ကျန်တော့သည်။ ကောင်းမြတ်သောသူကို (သူတော်စင်) ဟု ခေါ်သည်။ (စဉ်) ကို (လွင့်စဉ်သွားသည်) (ပြောနေစဉ်၊ ဆိုနေစဉ်) စသဖြင့် သုံးသည်။
နောက်တစ်ခုမှာ ဘာသာရေးစာပေများ ရေးသားကြရာ၌ အတွေ့ရများသော အမှားဖြစ်သည်။ (သဒ္ဒါ) ဟူသောအသုံးဖြစ်၏။ လူအများသည် (သဒ္ဒါ) နှင့် (သဒ္ဓါ) ကိုမကွဲပြားကြ။
သဒ္ဒါ ဟူသည် ပါဠိစာလုံးဖြစ်၏။ သဒ္ဒ မှ ဆင်းသက်လာသည်။ (သဒ္ဒ) မှာ မြန်မာလို (အသံ) ဟု အဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်ရှိသောအသံကို အစွဲပြု၍ ရေးသားထားသောကြောင့် သဒ္ဒါဟု ခေါ်သည်။ (ရည်ညွန်း။    ။ ၂၀၀၅ ခုနှစ်၊ ဇွန်လထုတ်၊ မြန်မာစာအဖွဲ့ ၏ မြန်မာသဒ္ဒါကျမ်း၊ စာမျက်နှာ ၁။ စာကြောင်းရေ ၁၂)
သဒ္ဓါ = ဘုရားစသော အာရုံတို့၌ ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း သဘောတရား
သဒ္ဓါ၏ ကြည်လင်ခြင်းလက္ခဏာ ပြဿနာ (မိလိန္ဒပဉှာ မှ)
မိလိန္ဒမင်းသည် အသျှင်ဘုရားနာဂသေန၊ သဒ္ဓါသည် အဘယ်လက္ခဏာရှိပါသနည်း” ဟု မေးလျှောက်၏။ “မင်းမြတ်၊ သဒ္ဓါသည် ကြည်လင်စေခြင်းလက္ခဏာလည်း ရှိ၏၊ ကုသိုလ်အဖို့သို့ ပြေးဝင်ခြင်း လက္ခဏာလည်း ရှိ၏” ဟု ဖြေကြား တော်မူ၏။ “အသျှင်ဘုရား၊ သဒ္ဓါသည် အဘယ်သို့လျှင် ကြည်လင်စေခြင်း လက္ခဏာ ရှိပါသနည်း” ဟု (မေးလျှောက်၏)။ “မင်းမြတ် သဒ္ဓါဖြစ်သည်ရှိသော် နီဝရဏတို့ကို ကင်းကွာစေ၏။ နီဝရဏကင်းသောစိတ်သည် ကြည်လင်၏။ အထူးသဖြင့် သန့်စင်၏။ မနောက်ကျု။ မင်းမြတ်၊ ဤသို့လျှင် သဒ္ဓါသည် ကြည်လင်စေခြင်းလက္ခဏာလည်း ရှိ၏” ဟု (ဖြေကြားတော်မူ၏)။
            ဤမျှဆိုလျှင် (သဒ္ဒါ) နှင့် (သဒ္ဓါ) မည်မျှကွာကြောင်း သိလောက်ပြီ။
            နောက်တစ်ခု (ဖူမျော်လိုက်ကြပါအုံ့ …..)။ ဤစာရေးသူကို ကျွန်တော်မသိပါ။ ထို့ကြောင့်လည်း သူ့ ပညာ အရည်အချင်းကို မသိပါ။ (ဖူးမြော်) ကိုပင်မှန်အောင်မရေးတတ်။ (လိုက်ကြပါအုံ့) ဆိုသည်မှာ နောက်ပြီးရေးတာလား၊ မလေးမစားရေးတာလား၊ ကပျက်ကချော်ရေးတာလား၊ မသိလို့မှားတာလား။ တစ်ခုခုဖြစ်ပါလိမ့်မည်။ ကျွန်တော်မသိပါ။
            အောက်ဖော်ပြပါ နမူနာများမှာ ယခင်အပတ်က ဖော်ပြခဲ့သော နမူနာ ကို ထုတ်ယူထားသည့် စာမျက်နှာမှပင် ဖြစ်ပါ၏။ ထိုစာကား အမှားပေါင်း သောင်းခြောက်ထောင်နှင့် ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ဤဆောင်းပါးရေးရန် အများ သိသင့်သိထိုက်သည့် အနည်းငယ်မျှကိုသာ ထုတ်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။
ဤသည်မှာလည်း အမှားများသော အသုံးဖြစ်ပါသည်။ သူ့စာလုံးပေါင်းကို အသံထွက်ကြည့်ပါမည်။ (လင်္ကျာရံ) ကို ဖြန့်ရေးလိုက်လျှင် (လင်ကျာရံ) ဖြစ်ပါမည်။ (လင်ကျာ) ဟူသော အသုံးအနှုံး မြန်မာစကား နှင့် စာတွင် မရှိပါ။ စာလုံးပေါင်း အမှန်မှာ (လက်ျာ) ဖြစ်ပါသည်။ သို့ဆိုလျှင် (လက်ျာ) ကို မည်သို့ အသံထွက် မည်နည်း။
            ဤတွင် ကြားဖြတ်၍ရှင်းစရာတစ်ခုရှိပါသည်။ြ -  သည် (ရ) နှင့် အလားသဏ္ဌာန်တူပြီး -ျ သည် (ယ) နှင့် သဏ္ဌာန် တူသည်။
            ထို့ကြောင့် (လက်ျာ) ကို ဖြန့်ရေးလိုက်လျှင် (လက်ယာ) ဟု ရပါမည်။ ထို့ကြောင့် (လက်ျာ) ကို (လက်ယာ) ဟု ဖတ်ရပါမည်။ လက်ယာဟူသည် မြန်မာလို ညာဘက် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ ညာလက်ရုံးဖြစ်သော အရှင် သာရိပုတ္တရာ ကို လက်ျာရံ ဟု ခေါ်ခြင်းဖြစ်ပါသည်။ ဤသည်ကို မသိသော အချို့သူများက (လက်ျာ) ဟု ရေးထားသည်ကို (လက်ကျာ) ဟု မှားယွင်းစွာ အသံထွက်ကြပါသေးသည်။ ဤစာလုံးပေါင်း၊ အသံထွက်နှင့် ပတ်သက်၍ ကျွန်တော် ကျောင်းသားဘ၀က သူငယ်ချင်းများနှင့် အကြီးအကျယ် အငြင်းအခုံဖြစ်ခဲ့ဖူးပါသည်။  
            ဤတွင် စကားစပ်၍ ပြောလိုသည်မှာ (ယောက်ျား) ဟူသော စာလုံးပေါင်း ဖြစ်ပါသည်။ (ယောက်ျား) ကိုလည်း တော်တော်များများ မှန်အောင် မပေါင်းတတ်ပါ။ များသောအားဖြင့် (ယောက်ျား) ကို (ယောင်္ကျား) ဟုသာ စာလုံးပေါင်းတာ တွေ့ရပါသည်။ (ယောင်္ကျား) ကို ဖြန့်ရေးလိုက်လျှင် (ယောင်ကျား) ဖြစ်သွားပါမည်။ (ယောင်ကျား) ဆိုမှတော့ ဟိုယောင်ယောင်၊ ဒီယောင်ယောင် ဖြစ်နေသော ယောင်ခြောက်ဆယ် သကောင့်သားများသာ ဖြစ်ဖို့များပါသည်။ ကျားကျားလျားလျား ယောက်ျားများ ဖြစ်ဘွယ်မရှိ။ (ယောက်ျား) ဟူသောစာလုံးပေါင်းမှာ (ကကြီး) နှစ်လုံးကို ချုံ့ရေးထားခြင်း ဖြစ်၏။ (ယောက်ျား = ယောက်ကျား) တွင် (ယောက်) မှ (က်) ကို (ကျား) မှ (က) နှင့်ပေါင်းကာ (က်ျား) လုပ်လိုက်ခြင်းဖြစ်၏။ အလားတူပင် (နငယ်) နှစ်လုံးကိုပေါင်းကာ (နံနက်ခင်း) ကို (နံက်ခင်း) ဟုလည်း ရေးပါသေးသည်။ သဘောချင်း အတူတူပင် ဖြစ်ပါ၏။
            နောက်တစ်ခု -
ဤတွင်ပါသော (မကောင်းမှု့)၊ (ဖတ်ရှု့)၊ (အေးချမ်းမှု့) အားလုံးမှားသည်။ ဤသည်မှာလည်း အမှားများသော အသုံး တစ်ခု ဖြစ်၏။ (မ - ဟထိုး၊ တစ်ချောင်းငင် - မှု) ဖြစ်၏။ သူ့စာလုံးပေါင်းနှင့်သူ ပြည့်စုံပြီးသား ဖြစ်သည်။ အဘယ်ကြောင့် စေတနာတွေပိုကာ (အောက်ကမြစ်) ကို ထပ်ထည့်လိုပါသနည်း။ အကြောင်းမှာ မြန်မာအသုံးကို သေသေချာချာ နားမလည်သောကြောင့် ဖြစ်၏။
            (သူနဲ့ငါနဲ့ သူငယ်ချင်းတွေပဲကွာ။ ဒါပေမဲ့ ဟိုစာအုပ်ကလေး ငှားပါဆိုတော့ မငှားချင်ဘူး။ သူ့ပစ္စည်းကျတော့ သိတတ် လိုက်တာ။) ဆိုသော စာကြောင်းကို ကြည့်ပါ။ (သူ) ဆိုသည်မှာ မိမိ၏ သူငယ်ချင်းကို ရည်ညွှန်းပါသည်။ ထိုသူငယ်ချင်း၏ စာအုပ်ကို (သူ့ပစ္စည်း) ဟု ညွှန်းပါသည်။ ဤတွင်ပါသော (သူ့) ဆိုသည်မှာ (သူ၏) ဟု အဓိပ္ပါယ်ရသည်။ ပိုင်ဆိုင်မှုကို ညွှန်းသည်။ (သူ့ပစ္စည်း = သူ၏ပစ္စည်း) ဖြစ်သည်။
            သို့သော် ဖတ်ရှု၊ အမှုကိစ္စ၊ အေးချမ်းမှု၊ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ မကောင်းမှု စသည်တို့တွင် အောက်ကမြစ် ထည့်စရာ မလိုပါ။  
            ထို့အတူပင် (အလှူ့ရှင်မှန်းသိအောင်၊ မဏ္ဍပ်တိုင် တက်ပြတယ်) ဟု ဆိုရာ၌ (အလှူ့ရှင်) ဟူသည် (အလှူ၏ အရှင်) တစ်နည်းအားဖြင့် (ကုန်ကျသမျှအားလုံးခံကာ အလှူပွဲကျင်းပပေးသူ) ဟု အဓိပ္ပာယ်ရ၏။ ဤတွင်ပါသော (အောက်ကမြစ်) သည်လည်း (၏) ဖြစ်ပြီး (ပိုင်ဆိုင်မှု) ကိုညွှန်းပါသည်။
            နောက်တစ်ခုကို ကြည့်ပါ။
(ကျွန်နုပ်ဘလော့များ) ကို မည်ကဲ့သို့ ဖတ်ရပါမည်နည်း။ (ဆောင်း၇ာသီအတွက်အလှအပအကြောင်း) ကိုရေးသူမှာ လူငယ်တစ်ဦးဖြစ်ပါမည်။ သူရေးထားသည်မှာ စာစီစာရိုက်ကို သေသေချာချာ မလေ့လာဘဲ သိသမျှနှင့် ဖြစ်သလိုရေးထားမှန်း သိသာပါသည်။
            (ဆောင်း၇ာသီ) ဟု ရေးထားသည်ကို ကြည့်ခြင်းဖြင့် (၇) နှင့် (ရ) ကို ကွဲကွဲပြားပြား နားမလည်သေးကြောင်း သိနိုင်ပါသည်။ ဤသည်မှာ သူတစ်ဦးတည်း မဟုတ်ပါ။ ကျွန်တော်ဖတ်မိသည့် မြန်မာအင်တာနက် စာမျက်နှာ အတော် များများ၊ ကျွန်တော့်ထံရောက်လာသည့် email အတော်များများတွင်လည်း ဤကဲ့သို့ပင် တွေ့ရပါသည်။
(၇) သည် ဂဏန်းသင်္ချာတွင်သုံးသော (ခုနစ်) ဖြစ်၏။ ရကောက်မှာ (ရ) ဖြစ်ပါသည်။ မတူပါ။ ၇ တွင် ပါးစပ်ထဲ၌ အဆံမပါ။ ခြေထောက်ကွေးသည်။ (ရ) တွင် ပါးစပ်ထဲ၌ အဆံပါပြီး ခြေထောက်ဖြောင့်သည်။ 
(ဒါပေမယ့်) ဟူသည့်စာလုံးပေါင်းမှာလည်း အမှားများသော စာလုံးဖြစ်၏။ (ဒါပေမယ့်) မဟုတ်ပါ။ (ဒါပေမဲ့) ဖြစ်ပါသည်။ (မယ့်) ကိုမည်သည့်နေရာတွင် သုံးပါသနည်း။ ရှေးခေတ်က မိန်းကလေးတို့သည် မိမိကိုယ်ကိုညွှန်းရာ၌ (ယခုခေတ် မိန်းကလေးများ ကြီးကြီး၊ ငယ်ငယ်၊ သမီး၊ သမီး ဟု ညွှန်းသကဲ့သို့) (မယ်) ဟု သုံးသည်။ မိန်းကလေးများကို လည်း (မယ်) ဟု သုံးသည်။ ထို့ကြောင့် (ကျွန်မတစ်ယောက်တည်း) ဟုပြောလိုသည့် အခါများတွင် (မယ့်တစ်ကိုယ်တည်း) ဟု သုံးသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၃၀-၁၁-၂၀၁၁
3 comments:
ဂျစ်တူး ( မုံရွာ ) said...
ဆရာအေးငြိမ်း
ကျန်းမာပါစေမင်္ဂလာပါ
ကောင်းလိုက်တဲ့ စာတွေဗျာ-ကျနော် ဘလော့ကအမှားတွေကိုလည်း နမူနာ အဖြစ်ယူသုံးပေးပါဗျာ-
ဆရာကိုကျေးဇူးတင်လွန်းလို့ ပါ။
ကျနော်ကတော့ မြန်မာစာကို တိုးတက်စေချင်ပေမဲ့ ယခုအထိမြန်မာနိုင်ငံကထုတ်တဲ့  သဒ္ဓါစာအုပ် တွေကိုသူငယ်တန်းကစပြီး ဆယ်တန်းအထိ စာအုပ်တွေမှာပြီးလေ့လာ
နေတုံးပါ။ ဆရာရဲ့ အတွေ့ အကြုံတွေ လေ့လာမှု့ တွေ တန်ဘိုးထားမှု့ တွေကိုသိပ့် အားရကျေနပ်မိပါတယ်။ ဆရာကိုလည်းအပြင်မှာ တွေ့ ချင်မိပါသေးတယ်။
ဆရာကျန်းမာပါစေ
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
Lun Lunn said...
ဦးအေးငြိမ်း ခင်ဗျာ ...
ဦးအေးငြိမ်းရဲ့ စာကို အခုမှ စဖတ်ဖူးပေမယ့် မြန်မာစာနဲ့ ပတ်သက်ပြီး ထားရှိသော စိတ်စေတနာ၊ ခံစားမှုကတော့ ထပ်တူထပ်မျှ တူညီတာကြောင့် ကျေးဇူးတင်ကြောင်း ပမာဏ ပြောကြားပါရစေ။
မြန်မာစာ စာလုံးပေါင်း အမှားအယွင်း အင်မတန် ဆိုးဝါးနေတာကို ပပျောက်အောင် English Spelling ကို စာရိုက်ရင် အလိုအလျောက် အမှားပြသလိုမျိုး သို့ စစ်ဆေးနိုင်သလိုမျိုး မြန်မာစာလုံးပေါင်းကိုလည်း စစ်ဆေးနိုင်အောင် လုပ်ပေးနိုင်မယ့် ပရိုဂရမ် ပေါ်ပေါက်လာအောင် တတ်သိပညာရှင်များ ပူးပေါင်းပြီး လုပ်ဆောင်ပေးနိုင်ရင် အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။
အောက်ဖော်ပြပါ စာပုဒ်တွေက စာရေးသူ မတော်တဆ အမှားလို့ ထင်မြင်ယူဆမိပါတယ်။
၂။ စာပေပရယတ္တိ ဆုတ်ယုတ်မည်။ စာပေပရိယတ္တိ ဆုတ်ယုတ်လျှင် ရဟန်း၊ ပြည်သူတို့ အကျင့်ပျက် ဆင်းရဲကြီးစွာရောက်မည်။
ပထမ စာပေပရယတ္တိမှာ လုံးကြီးတင် ကျန်သွားတယ်။
၂။ ပုဒ်၊ အက္ခရာ၊ အသတ်၊ အပင့်၊ အရင်
အဲ့င်္ဒီမှာ အရင် ဆိုတာ အရစ်ကို ဆိုလိုတာလားလို့။
လေးစားခင်မင်စွာဖြင့်
စိုးထွန်း
အေးငြိမ်း said...
ဟုတ်ပါတယ်ကိုစိုးထွန်းရေ -
၁။ (စာပေပရိယတ္တိ)ပါ ခင်ဗျား။ လုံးကြီးတင်ကျန်သွားတာပါ။
၂။ ပုဒ်၊ အက္ခရာ၊ အသတ်၊ အပင့်၊ (အရစ်) ဖြစ်ပါတယ်။ စာလုံးပေါင်းမှားပြီး (အရင်) ဖြစ်သွားတာပါ။
ခုလိုထောက်ပြပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။
အခုပြင်လိုက်ပါပြီ။
တခြားမှားတာတွေရှိရင်လဲ ထောက်ပြပေးဘို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။
ကျေးဇူးတင်ပါတယ်။
အေးငြိမ်း