Sunday, December 4, 2011

Civil Engineer ဆိုင်ရာစာတမ်းဖတ်ပွဲ

(၁)

၂၀၁၁ နိုဝင်ဘာ ၂၇ နေ့က စင်ကာပူနိုင်ငံ၊ Republic Polytechnic တွင် Society of Myanmar Civil Engineers in Singapore (SMCES) မှ “CIVIL ENGINEERING SEMINAR 2011, SINGAPORE” ကို ကျင်းပခဲ့၏။ ယခုအကြိမ်မှာ ဒုတိယ အကြိမ်ဖြစ်၏။ ပထမအကြိမ် seminar ကို ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၀ နေ့က ကျင်းပခဲ့သည်။ မြန်မာပြည်မှ ဆရာကြီးများနှင့် စင်ကာပူနိုင်ငံမှ အတွေ့အကြုံရင့် အင်ဂျင်နီယာကြီးများမှ မိမိတို့အတွေ့အကြုံ၊ ဗဟုသုတများကို မျိုးဆက်သစ် မြန်မာအင်ဂျင် နီယာများသို့ ပြန်လည်ဝေမျှပေးခြင်းဖြစ်၏။ အလွန်ကောင်းသော အစီအစဉ်ပါပေတည်း။


စင်ကာပူတွင် လုပ်ငန်းအမျိုးမျိုး၊ နယ်ပယ်အသီးသီး၌ ထောင်ပေါင်းများစွာသော မြန်မာအင်ဂျင်နီယာများ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိ၏။ ရာထူးကြီးငယ်မဟူ ၎င်းတို့ကျင်လည်ကျက်စားရသော လုပ်ငန်းများမှ အဖိုးတန်လှသော လုပ်ငန်း အတွေ့အကြုံများကို ရမည်မှာလည်း ယုံမှားသံသယဖြစ်စရာမလို။


ယခုလို ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကျင်းပပေးခြင်းဖြင့် အတွေ့အကြုံရင့်၊ လုပ်သက်ရင့် အင်ဂျင်နီယာကြီးများထံမှ ပညာရပ်များကို လူငယ်အင်ဂျင်နီယာများက သင်ယူလေ့လာနိုင်သည်။ မိမိလုပ်ငန်း၌ ပြန်လည် အသုံးချနိုင်သည်။ မိမိသိလိုသည်များကို မေးမြန်းနိုင်သည်။ လုပ်ငန်းခွင်ထဲ၌ ကြုံတွေ့နေရသော မိမိတို့အခက်အခဲများကို တင်ပြ၊ အကြံဉာဏ်များ ရယူနိုင်သည်။


ဟောပြောပွဲသို့ မြန်မာပြည်မှ ဆရာကြီး ဦးညီလှငယ် (အငြိမ်းစား ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်) လည်း တက်ရောက် ခဲ့သည်။ ၀ါရင့်အင်ဂျင်နီယာ ၇ ဦးမှ အောက်ပါအတိုင်း ခေါင်းစဉ် ၇ မျိုးဖြင့် ဟောပြောသွား၏။


၁။ Ko Thura Soe – Introduction to Demolition Works


၂။ Ko Aung Kyaw Thaike – Master Construction Programme & Progress Tracking for Marina Bay Sands Integrated Resort Project (MBSIR)


၃။ Ma Khine Khine Oo – Some Critical Geotechnical Considerations on the Use of Plaxis Software in Excavation Modelling


၎။ Ma Hnin Hnin Wai – Highlights on Insurance in Singapore

၅။ Ko Myint Oo – Installation of Marine Piles for Marine Structures

၆။ Ko Kyaw Zaya – Bored Tunnel Construction by Tunnel Boring Machine (TBM) & Related Case Studies of Slurry TBM Method


၇။ Ko Kyaw Thet Oo – Geotechnical Instrumentation in deep excavation and tunnelling works


ထို့ပြင် မြန်မာပြည် အရုဏ်ဦး ဆောက်လုပ်ရေးမှ ကမကထပြုကာ စင်ကာပူရောက်မြန်မာအင်ဂျင်နီယာများကို ဖိတ်ကြားလျှက် မြန်မာနိုင်ငံတွင်လည်း ဟောပြောပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန္န၀ါရီလ ၂၂ ရက် နေ့တွင် ကုန်သည်ကြီးများအသင်း ရုံးချုပ်၊ စည်းဝေးခန်းမ၌ ကျင်းပပါမည်။




(၂)

ယခုအခါ ပြုပြင်ပြောင်းလဲလာနေပြီ ဖြစ်သော မြန်မာနိုင်ငံကြီးတွင် မြန်မာနိုင်ငံလုပ်ငန်းရှင်ကြီးများက ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ လုပ်ကိုင်ရန် အားသန်လျှက်ရှိသည်၊ ကြိုတင်ပြင်ဆင်လျှက်လည်း ရှိသည်ဟု ဆိုပါသည်။ ထိုလုပ်ငန်းရှင်ကြီးများမှာ ငွေကြေးအရင်းအနှီးရှိသည်။ စက်ကိရိယာများ၊ ဆောက်လုပ်ရေး ပစ္စည်းများကို ၀ယ်ယူနိုင်သည်။ သို့သော် ၎င်းတို့စိုးရိမ်နေသည်မှာ သူတို့ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ်ပေးမည့် နိုင်ငံတကာ အတွေ့အကြုံရှိပြီးသား ဆောက်လုပ်ရေး အင်ဂျင်နီယာများ ရရှိရန် အခက်အခဲဖြစ်သည်။ ပြည်တွင်းရှိ အင်ဂျင်နီယာများနှင့် လုပ်၍ ဖြစ်နိုင်သော်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရာတွင် အခက်အခဲများ ရှိနိုင်သည်။ နိုင်ငံခြားသား အတတ်ပညာရှင်များကို ငှားရမည်ဆိုပါက ကုန်ကျစရိတ် အလွန်များမည်။

အခြားတစ်ဖက်တွင်လည်း စင်ကာပူမြေပေါ်တွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ကျက်စား လုပ်ကိုင်နေသော ၀ါရင့်၊ အတွေ့ အကြုံရင့်၊ ပညာရင့် မြန်မာဆောက်လုပ်ရေးအင်ဂျင်နီယာများမှာ ထောင်ပေါင်းများစွာရှိသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် လည်း အခွင့်အရေးသာပါက အမိမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် မိမိတို့ တတ်သိထားသည့် ခေတ်မီ နည်းပညာရပ်များနှင့် ပြန်လည်အလုပ်အကျွေးပြုလိုသည်။ သို့သော် မည်သည့်လုပ်ငန်းများ၌  မည်ကဲ့သို့ ပြန်လည်ဝင်ရောက်ရ ပါမည်နည်း။

ထို့အတွက် စင်ကာပူရောက်မြန်မာအင်ဂျင်နီယာများ နှင့် မြန်မာပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား ပေါင်းကူး ဆက်ဆံပေးရန် ကွက်လပ်တစ်ခုဖြစ်နေသည်။

ဤကွက်လပ်ကို ဖြည့်ပေးရန် အထက်တွင် ဖော်ပြခဲ့သော စင်ကာပူ Civil Engineer ဆိုင်ရာစာတမ်းဖတ်ပွဲ၌ မြန်မာ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးနေမင်းဟိန်း က Society of Myanmar Civil Engineers in Singapore (SMCES) အား အကြံ ပြုခဲ့သည်။ အကယ်၍သာ SMCES အနေနှင့် မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများနှင့် စင်ကာပူရောက် မြန်မာ အင်ဂျင်နီယာများကို ဆက်သွယ်ပေါင်းကူးပေးနိုင်မည်ဆိုပါက မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလွန်အကျိုး ရှိမည်ဖြစ်သလို Society of Myanmar Civil Engineers in Singapore (SMCES) အနေဖြင့် ဤကိစ္စကို အားသွန်ခွန်စိုက် ကြိုးပမ်းကြပါစေလိုကြောင်း ကျွန်တော်က ဤနေရာမှ ထပ်မံတိုက်တွန်းလိုက်ရပါသည်။


အေးငြိမ်း
၎-၁၂-၂၀၁၁ နေ့လည် ၁း၁၅ နာရီ

2 comments:

ဒူဒူကြီး said...

အကိုရေ "Civil Engineer ဆိုင်ရာစာတမ်း ဖတ်ပွဲ" post ကို၊ ဒူဒူတို့ မြန်မာအင်ဂျင်နီယာ ဖိုရမ် http://www.myanmarengineer.org/မှာ၊ ပြန်တင်ပေးချင်ပါတယ်။ ကူးယူဖော် ပြခွင့်ပြု ပါခင်ဗျာ။

အေးငြိမ်း said...

လွတ်လွတ်လပ်လပ် ဝေမျှနိုင်ပါသည် ကိုဒူကြီးခင်ဗျား။