Sunday, October 30, 2011

မြန်မာပြက္ခဒိန် (၂)

(ယခင်ဆောင်းပါးမှ အဆက်)
 





ထို့ကြောင့် မြန်မာနှစ်တစ်နှစ်တွင် ရှိသောရက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

သာမန်နှစ် - (၃၀ x ၆) + (၂၉ x ၆) = ၃၅၄ ရက်

ဝါငယ်ထပ်နှစ် = သာမန်နှစ် + ဒုတိယ၀ါဆို = ၃၅၄ + ၃၀ = ၃၈၄ ရက်

ဝါကြီးထပ်နှစ် = ၀ါငယ်ထပ်နှစ် + ရက်ငင် = ၃၈၄ + ၁ = ၃၈၅ ရက်
 

၆။ မြန်မာနှစ်တစ်နှစ်၏ အစ

အင်္ဂလိပ်နှစ် တစ်နှစ်သည် ဇန္န၀ါရီလ ၁ ရက်နေ့တွင်စ၏။ မြန်မာနှစ်တစ်နှစ်သည် မည်သည့်ရက်တွင် စသနည်း ဆိုလျှင် မိတ်ဆွေမည်သို့ဖြေမည်နည်း။

မြန်မာနှစ်တစ်နှစ်၏ အစရက်သည် ပုံသေမရှိ။ သူစရမည့်ရက်အတိုင်း စပါသည်ဟု ဖြေရပါမည်။ နှစ်ဆန်းရက်သည်ပင် နှစ်၏အစရက် ဖြစ်တော့၏။ (ရှင်းတော့မှ ပိုရှုပ်သွားပြီ။) သည်လိုပါခင်ဗျား။

သည်နှစ် နှစ်ဆန်းရက်သိဘို့ ယမန်နှစ်က နှစ်ဆန်းရက်ကို သိဘို့လိုသည်။ ထိုနှစ်ဆန်းရက်ကို ၃၆၅ ရက်ထည့်ပေါင်းလိုက်ပါ။ ယခုနှစ်ဆန်းရက် ရမည်။ သို့သော် ယခုနှစ်သည် သာမန်နှစ်၊ ၀ါငယ်ထပ်၊ ၀ါကြီးထပ် ဆိုတာလည်း သိရန်လိုသည်။

ယခုနှစ်ကို ဥပမာထား၍ တွက်ပြပါမည်။

ယခု ၁၃၇၃ ခုနှစ် (၂၀၁၁ ခုနှစ်) ၏ နှစ်ဆန်းတစ်ရက်နေ့မှာ တန်ခူးလဆန်း ၁၄ ရက်၊ တနင်္ဂနွေနေ့ ဖြစ်၏။ သို့ဆိုလျှင် ၁၃၇၄ ခုနှစ်၏ နှစ်ဆန်း ၁ ရက်နေ့သည် မည်သည့်နေ့ဖြစ်မည်နည်း။

၁၃၇၃ ခုနှစ်ကို ၁၉ ဖြင့်စားလိုက်သော် အကြွင်း ၅ ရသဖြင့် ယခုနှစ်သည် သာမန်နှစ်ဟု အကြမ်းဖျဉ်းယူဆနိုင်ပါသည်။ သို့အတွက် သာမန်နှစ်တွင် ၃၅၄ ရက်သာရှိသည်။ နေနှစ်တစ်နှစ်တွင် ရှိသောရက်ပေါင်း ၃၆၅ ရက်ပြည့်ရန် ၁၁ ရက် ထပ်ပေါင်းရမည်။ ထို့ကြောင့် -

၁၃၇၃ တွင်ရက်များကို ပထမတွက်ယူရပါမည်။

တန်ခူးလဆန်း ၁၄ မှ လဆုတ် ၁၄ ထိ = ၁၆ ရက် (၁၃၇၃ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့သည် တန်ခူးလဆန်း ၁၄ ရက်)
ကဆုန်လ မှ တပေါင်းလအထိ = ၃၂၅ ရက်
ထို့ကြောင့် တန်ခူးမှ တပေါင်းထိ = ၁၆ + ၃၂၅ = ၃၄၁ ရက်။
၃၆၅ ရက်ပြည့်ရန် (၃၆၅ - ၃၄၁ =) ၂၄ ရက် လိုသေးသည်။
ယခု တပေါင်းကုန်သွားပြီ ဖြစ်သဖြင့် တန်ခူးကိုဆက်ယူပါ။
(တန်ခူး လဆန်း ၁ မှ ၁၅ ထိ = ၁၅ ရက်) + (လဆုတ် ၁ မှ ၉ ထိ = ၉ ရက်) = ၂၄ ရက်
ယခု ၁၃၇၃ ခုနှစ်သည် တန်ခူးလပြည့်ကျော် ၉ ရက်နေ့တွင် အဆုံးသတ်မည် ဟု သိပါပြီ။

ထိုအခါ ၁၃၇၄ ခုနှစ်၏ နှစ်ဆန်း ၁ ရက်နေ့သည်ကား တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့ပင်ဖြစ်တော့သည်။
သို့သော် ဖြစ်ပုံက သည်နှစ်တွင် ဖုဋတနင်္ဂနွေ (True Sun) သည် အ၀င်နောက်ကျ (ည ၉ နာရီ ၅၃ မိနစ်ကျမှဝင် - တစ်နည်းအားဖြင့် သင်္ကြန်ကျ) ပြီး မဓျတနင်္ဂနွေ (Mean Sun) မိဿရာသီသို့ ကူးပြောင်းချိန်မှာ နောက်တစ်နေ့  (နံနက် ၁ နာရီ ၅၈ မိနစ် ၇ စက္ကန့်) သို့ ကူးသွားသည်။ သို့အတွက် သင်္ကြန် ၂ ရက်ကြတ်သည်။ အကျိုးကား နှစ်ဆန်းရက်ကို နောက်တစ်နေ့သို့ ရွှေ့လိုက်ရ ခြင်း ဖြစ်၏။ ထို့ကြောင့် ၁၃၇၄ ၏ နှစ်ဆန်းရက်ကို တန်ခူးလပြည့်ကျော် ၁၁ ရက်နေ့ဟု သတ်မှတ်သည်။ အမှန်ဆိုရလျှင် မနက်အစောကြီးကတည်းက သင်္ကြန်တက်နေပြီ ဖြစ်သဖြင့် ထိုနေ့  (တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့) သည်ပင် နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သင့်ပါသည်။ သို့သော် ပြက္ခဒိန်ထဲတွင်တော့ လဆုတ် ၁၁ ရက်နေ့ကိုပဲ နှစ်ဆန်း ၁ ရက်နေ့အဖြစ် ယူထားတာ တွေ့ရသည်။ ကျွန်တော်ကတော့ သိပ် သဘောမတွေ့လှပါ။
ဤဥပမာကိုကြည့်ပါ။ ၁၃၇၃ ခုနှစ်သည် တန်ခူးလဆန်း ၁၄ ရက်တွင် နှစ်ဆန်းပြီး ၁၃၇၄ ခုနှစ်သည် တန်ခူး လပြည့်ကျော် ၁၁ ရက်နေ့တွင် နှစ်ဆန်းမည်။
ထို့ကြောင့် ကျွန်တော်က မြန်မာနှစ်တစ်နှစ်၏ အစရက်သည် သူစရမည့်ရက်တွင် စပါလိမ့်မည်ဟု ပြောခဲ့ခြင်း ဖြစ်ပါ၏။ 
တဖန် ၁၃၇၃ ခုနှစ်တစ်နှစ်ထဲတွင် တန်ခူးက နှစ်ခါ ပါနေသည်။ နှစ်ဆန်းစက တစ်ခါ၊ နှစ်ကုန်ခါနီးတော့ တစ်ခါ။ သည်တော့ -
ဟေ့၊ မင့်သမီးဘယ်နေ့မွေးသလဲကွဲ့ ဟု တစ်စုံတစ်ယောက်သောသူသည် မေးလာသည်ဖြစ်အံ့။
၁၃၇၃ ခုနှစ် တန်ခူး လဆုတ် ၄ ရက်နေ့ကွဲ့ ဟု ဖြေလျှင် ၁၃၇၃ ခုနှစ်အတွင်း နှစ်ဦးပိုင်းတွင်လည်း တန်ခူးလဆုတ် ၄ ရက်နေ့ ရှိသည်။ နှစ်နှောင်းပိုင်းတွင်လည်း တန်ခူးလဆုတ် ၄ ရက်နေ့ရှိသည်။ ရမ်းတုတ်ထည့်လိုက်လျှင် တစ်နှစ်နီးပါး လွဲနေပေရော့ မည်။ သည်တော့ ခွဲခွဲခြားခြား သိအောင် ၁၃၇၃ ခုနှစ် ဦးတန်ခူးလဆုတ် ၄ ရက်နေ့ကွဲ့ ဟု သေသေချာချာ ဖြေဘို့ရာ အရေးကြီးပါသည်။

သည်လို တန်ခူးလ နှစ်ခုအားခွဲခြားနိုင်ရေးအတွက် နှစ်ဦးပိုင်းမှ တန်ခူးကို ဦးတန်ခူး၊ နှစ်နှောင်းပိုင်းမှ တန်ခူးကို နှောင်းတန်ခူး ဟု ခေါ်ရသည်။ တန်ခူးဆိုရုံမျှနှင့် မပြည့်စုံနိုင်။

ယခု မြန်မာနှစ်တစ်နှစ် မည်သည့်နေရာတွင် စသည်ကို ရေးရေးမျှ သိပါပြီ။
အတိအကျတွက်လိုသေးသည် ဆိုသူများ သင်္ကြန်တွက်ရိုးကို လေ့လာရပါမည်။ မခဲယဉ်းပါခင်ဗျား။
ယခုနှစ် သင်္ကြန်ကျချိန်၊ တက်ချိန်များကို တစ်နှစ်စာကွက်တိနှင့် ပေါင်းထည့်လိုက်။ နောက်နှစ် သင်္ကြန်ကျချိန်။ တက်ချိန်များ ရပါလိမ့်မည်။
ဥပမာ - ၁၃၇၂ ခုနှစ် နှောင်းတန်ခူး လဆန်း ၁၃ ရက်၊ မြန်မာစံတော်ချိန် ည စက် - ၇ နာရီ၊ ၄၅ မိနစ်၊ ၃၁ စက္ကန့်တွင် သင်္ကြန် တက်၏။
သို့ဆိုလျှင် နောက်သင်္ကြန်တက်ရက်သည် မည်သည့် နေ့ရက်၊ အချိန် ဖြစ်မည်နည်း။
ထိုနေ့ရက် အချိန်မှ နေနှစ်တစ်နှစ်ကြာချိန် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ်၊ ၃၆ စက္ကန့်၊ ၃၃ ၀ိစက္ကန့်၊ ၃၆ အနုစက္ကန့် ကို ထည့်ပေါင်းလိုက်သော် နောင်နှစ် သင်္ကြန်ကျချိန် ရပါလိမ့်မည်။ တွက်မပြတော့ပါ။ မိမိဘာသာ တွက်ကြည့်နိုင်ပါသည်။ မခဲယဉ်းပါ။ အလွန်အင်မတန်း သေးငယ်လှသည့် ၃၃ ၀ိစက္ကန့်၊ ၃၆ အနုစက္ကန့်တို့ကို မေ့ထားလိုက်ပါ။
(မှတ်ချက်။   ။ မြန်မာပြက္ခဒိန်သည် သူရိယသိဒ္ဓန္တကို အခြေခံထားသည်ဖြစ်ရာ နှစ်တစ်နှစ်၏ တာကိုလည်း သူရိယသိဒ္ဓန္တအတိုင်းသာ ယူပါသည်။)
သင်္ကြန်တက်ချိန်ကိုသိပြီဆိုလျှင် သင်္ကြန်တက်ပြီးသည်၏ သည်မှာဘက်သည် နှစ်ကူးချိန်ဖြစ်ပြီဟု သိပါလေ။
ဆိုလိုသည်မှာ ၁၃၇၂ ခုနှစ် နှောင်းတန်ခူး လဆန်း ၁၃ ရက်၊ မြန်မာစံတော်ချိန် ည စက် - ၇ နာရီ၊ ၄၅ မိနစ်၊ ၃၁ စက္ကန့်တွင် ၁၃၇၂ ခုနှစ် ကုန်ဆုံးပြီး ၁၃၇၃ ခုနှစ်သည် ထိုနေ့ည စက် - ၇ နာရီ၊ ၄၅ မိနစ်၊ ၃၂ စက္ကန့်တွင် စ၏။
သို့သော် ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ချိန်ကို စောင့်ပြီးတော့သာ Happy New Year ဟု အော်ကြသူတွေများသည်။ မြန်မာနှစ်ကူးချိန်ကို စောင့်ပြီး အဘယ်မြန်မာသည် မင်္ဂလာပါ နှစ်သစ်ကြီး ခင်ဗျား ဟု ကြွေးကြော်ကြတာ အသင်မြင်ဖူးပါ သနည်း။ ကြွေးကြော်ဘို့ မဆိုထားနှင့် သည်အချိန်တွင် နှစ်ကူးသည်ဟုပင် မြန်မာ တစ်သိန်းလောက်လိုက်မေး၊ တစ်ယောက်သိ ဘို့ရှားပါသည်။ အစောပိုင်းကပြောသလို ဗေဒင်ပညာရှင်ကြီးများနှင့် ပြက္ခဒိန် ပညာရှင်ကြီးများသာ သိမည်ဖြစ်ပါသည်။ ကျွန်တော့်ကို မေးလျှင်လည်း တကူးတက ကြည့်မထားဘဲ ပြောနိုင်မည်မဟုတ်မှာ သေချာလှပါသည်။
ကျေးဇူးအထူးတင်ပါသည် ကိုဝဏ္ဏကို ခင်ဗျား  -
ပြက္ခဒိန်အကြောင်းရေးမည်ဆိုတော့ အင်တာနက်တွင် ရှိရှိသမျှသော ပြက္ခဒိန်နှင့် ပတ်သက်သမျှ website များလိုက်ရှာသည်။ အတော်များများ တွေ့ရပါ၏။ ထိုဆိုဒ်များထဲမှ တစ်ခုမှာ အလွန် အင်မတန် အသုံးဝင်လှပါသည်။ အင်္ဂလိပ် - မြန်မာ နှစ် ၁၀၀ ပြက္ခဒိန် software လေးဖြစ်ပါ၏။ ကိုဝဏ္ဏကို ဖန်တီးထားတာဟု ယူဆရပါသည်။ ကျေးဇူးကြီးလှပါသည် ခင်ဗျား။

ကျွန်တော့်တွင်ရှိသော နှစ် ၁၀၀ ပြက္ခဒိန်နှင့် တိုက်ကြည့်တော့ နှစ်တော်တော်များများ မှန်တာတွေ့ရပါသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် တစ်ရက်လွဲနေပါသည်။ နောက်အချိန်ရလျှင် နှစ်အားလုံးကို ကျွန်တော်ပြန်စစ်ကြည့်ပါမည်။ သည်မျှ သူလုပ်နိုင်တာ ကိုပင် အလွန်ချီးကျူးရမည် ဖြစ်၏။
 

ကျွန်တော်သဘောမကျသောအချက်
 
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က စီစဉ်တွက်ချက်သည် ဆိုသော သူရိယသိဒ္ဓ န္တ မဟာသင်္ကြန်စာ တွင် မြန်မာနှစ်ကို အခြေခံကာ၊ မြန်မာနှစ်အတိုင်း ဟောထားသော ဟောချက်များပင်ဖြစ်သော်လည်း ပြက္ခဒိန်ကိုမူ ခရစ်နှစ်အတိုင်း ဖော်ပြထား သည်ကို ကျွန်တော်သဘောမကျနိုင်ပါ။ မြန်မာနှစ်နှင့် ခရစ်နှစ်သည် သုံးလကျော်လွဲနေသည်။ သင်္ကြန်စာတွင်သာ ၁၃၇၃ ခုနှစ်အတွက် သင်္ကြန်စာဟု ရေးထာသည် ဖြစ်သော်လည်း ပြက္ခဒိန်ကို ၂၀၁၁ ခုနှစ်ဖြင့်ပြ၏။ ၂၀၁၁ ခုနှစ်တွင် ၁၃၇၂ တစ်ခြမ်း နှင့် ၁၃၇၃ တစ်ခြမ်း ရောပါနေသည်ဖြစ်ရာ သင်္ကြန်စာနာမည်ကို ၁၃၇၂၊ ၁၃၇၃ သင်္ကြန်စာဟု ပြင်ဘို့သာ ကောင်းတော့သည်။ သို့သော် အဟောအားလုံးမှာ ၁၃၇၃ ခုနှစ်အတွက် ဖြစ်ရကား သည်သို့ပြောင်းသည်ထက် မြန်မာလို ၁၃၇၃ ခုနှစ်၏ ပြက္ခဒိန်ကို သာပြသင့်ပေသည်။ ၂၀၁၁ ကိုပါ ပါစေလိုသော် ၂၀၁၁ ဇန္န၀ါရီလမှ စပြပါလေ။ ဘာပြဿနာမှ မရှိ။ သို့သော်လည်း အပြင် လောကတွင် မိန်းကလေး ချောချောကလေးများနှင့် ပြက္ခဒိန်များမှာ ရေတွက်မကုန်နိုင်အောင် များလှပေရကား နေရာ အခက်အခဲရှိမည့် သင်္ကြန်စာတွင် ၂၀၁၁ တစ်နှစ်လုံး အပြည့်အစုံထည့်ရန် လိုကိုမလိုအပ်ပါ။ ၁၃၇၃ ခုနှစ်ကိုသာ ဦးစားပေး ဖော်ပြသင့်ပေသည်။ ပညာရှိ သတိဖြစ်ခဲ ဖြစ်နေဟန်တူ၏။

ပြက္ခဒိန် အကြံပေးအဖွဲ့နှင့် နီးစပ်သူများ ထောက်ပြကြပါကုန်။


၇။ မြန်မာပြက္ခဒိန်  (အလွယ်) တွက်နည်း
(ဤဆောင်းပါးကလေးဖြင့် ဘကြီးမောင်ဟိန်းအား ရှိခိုး ကန်တော့ပါသည်။)

ယခုလောက်ဆိုလျှင် စာဖတ်သူ အတော်များများ မြန်မာပြက္ခဒိန်ကို လက်လံကာ ပြန်ပြေးကြကုန်ပြီ ထင်ပါသည်။ မပြေးဘဲ ဇွဲနဘဲနှင့်ဆက်ဖတ်နေသူများအတွက် ဆက်လက်လျှာရှည်ခွင့်ပြုပါခင်ဗျား။ သည်လိုမှ မပြောလိုက်ရလျှင် ကျွန်တော် စားမ၀င်၊ အိပ်မပျော်ဖြစ်မှာ စိုးသည့်အတွက် ဖြစ်ပါသည်။

ကျွန်တော် ၅ တန်း၊ ၆ တန်းကျောင်းသားဘ၀က ကွင်းကောက်ဟူသော ဧရာဝတီတိုင်းအတွင်းမှ တောမြို့ကလေးတွင် ကျောင်းတက်ခဲ့ရပါသည်။ ထိုစဉ်က ကျွန်တော်တို့ အိမ်ခေါင်းရင်း နှစ်အိမ်ကျော်၌ မြန်မာ့ ဘိန္ဓောဆေးဆရာကြီး ဘကြီး မောင်ဟိန်း တို့မိသားစု နေထိုင်ပါသည်။ မြန်မာ့ဆေးဟူသည် ဗေဒင်နက္ခတ်အသွားအလာများနှင့်ပါ နှိုင်းယှဉ်တွက်ချက် ကုသ သည်ဖြစ်ရာ ဘကြီးမောင်ဟိန်းက မြန်မာဗေဒင်ကို အတော်လေးတီးမိခေါက်မိ ရှိသည်။
ထိုအခါ သူက ကျွန်တော့်ကို သူတတ်သော ဗေဒင်ပညာကို (လက်ဆန်းဗေဒင်) နည်းနည်းချင်း သင်ပေးသည်။ ကဗျာ၊ လင်္ကာကလေးများ ကျက်ခိုင်းသည်။ သို့သော် ကျွန်တော်က ၁၂ နှစ်၊ ၁၃ နှစ်သားအရွယ်၊ ကလေးမျှဖြစ်ရာ ယူရကောင်းမှန်း မသိ။ ဘကြီးကိုကြောက်သဖြင့်သာ သင်အံ ကျက်မှတ်ရသော်လည်း ဘာတွေမှန်းမသိတော့ နည်းနည်းကြီးလာသည်နှင့် အကုန်မေ့ကုန်တော့သည်။ ဗေဒင်ကဗျာများ ဖြစ်သဖြင့်လည်း အလွန်ကျက်ရခက်ပါ၏။
သို့သော် ကျွန်တော် ၁၀၉၊ ၁၁၀ ဘ၀နှင့် ရန်ကုန် ပလက်ဖောင်းတကာ လျှောက်သွားနေစဉ် တင်မမခိုင် ၏ မြန်မာ့ဇာတာ ဟူသောစာအုပ်ကို ဖတ်မိသည်မှအစ။ ဗေဒင်ကို တစ်စိုက်မတ်မတ်၊ ထမင်းမှန်းမသိ၊ ဟင်းမှန်းမသိ လေ့လာပါလေတော့၏။ ထိုအခါကျမှ ဘကြီးမောင်ဟိန်းကို သတိရသည်။ သို့သော် သူတို့က ယခင်အိမ်နေရာတွင် မရှိတော့ပြီ။ အသက်ရှင်လျှက်များ ရှိပါသေး၏လောဟု ကျွန်တော့်မှာ အလွန်ပူပင်ကာ ဘကြီးမောင်ဟိန်း ရှာပုံတော်ဖွင့်ရသည်။ နောက်တော့ တောရွာကလေး တစ်ရွာ၌ ဘုန်းကြီးဝတ်ကာ အေးအေးချမ်းချမ်း နေနေသော ဘကြီးကို သွားတွေ့ပါသည်။ ကျွန်တော် ၀မ်းသာလိုက်ပုံမှာ ပြောစရာမရှိတော့။
သည်လောက် သင်တန်းတွေ ဗေဒင်စာအုပ်တွေ အများကြီးရှိနေပါလျှက်ကနဲ့ အဘယ်ကြောင့်များ ဘကြီးမောင်ဟိန်းကို တကူး တက၊ မရကုတ်ကလိုက်ရှာရပါသနည်း။ အကြောင်းရှိ၏။
မြန်မာဗေဒင်သည် မြန်မာပြက္ခဒိန်နှင့် တိုက်ရိုက်ဆက်စပ်နေ၏။ သည်တော့ မြန်မာပြက္ခဒိန်အကြောင်း ကျွန်တော် သေသေချာချာ သိချင်သည်။ စာအုပ်များလိုက်ရှာ၊ လူပုဂ္ဂိုလ်များ (ကျွန်တော်တက်နေသော သင်တန်းမှ ဆရာများ) ထံ ချဉ်းကပ်မေးသည့်တိုင် ကျွန်တော်သိချင်တာများ စုံစုံစေ့စေ့ မသိရပါ။ ကျွန်တော်ကား တစ်ခုခုကို သိချင်ပြီဆိုလျှင် အရူးအမူးဖြစ်တတ်သော သဘောရှိလေရာ စာအုပ်ဆိုင်တကာ၊ လူတကာ သည်မြန်မာပြက္ခဒိန်အကြောင်း မွှေနှောက်ရှာ ဖွေပါသည်။ လိုချင်တာမရ။
သည့်အတွက် ငယ်ငယ်တုံးက ကျွန်တော့်ကို အင်မတန် ပျင်းစရာကောင်းလှသော ခက်ခဲလှသည့် ကဗျာများ ကျက်ခိုင်းသူ ဘကြီးမောင်ဟိန်းကို အပူတပြင်းလိုက်ရှာရခြင်းဖြစ်သည်။ ဘကြီးက အသက်ကြီးလှပြီ။ မတော်၊ သေသွားမှ ဒုက္ခ။ သူသိထား တာတွေ သူနှင့်အတူပါသွားလျှင်ဖြင့် သည်ပညာများ အကုန်ဆုံးကုန်တော့မည်။ သည့်အတွက် ကျွန်တော် ဘကြီးကို မရမက လိုက်ရှာခြင်း ဖြစ်ပါသည်။
ဘကြီးက ကျွန်တော် သိလိုသည်များကို နှုတ်တိုက်ချပေး၏။ ကျွန်တော်က ကိုယ့်ခေါင်းကို မယုံသည့်အတွက် သူရွတ်ပြ သည်များကို စာဖြင့်လိုက်ရေးထားပါသည်။ သူကလည်း ၀မ်းသာအားရဖြင့် အကုန်ပြောပြပါသည်။ အနို့ သည်ပညာများ သူသေလျှင် ဆက်ခံမည့်သူမရှိတော့မှာ သူကလည်း အင်မတန်စိုးရိမ်နေသူ မဟုတ်ပါလော။
အောက်တွင် ကျွန်တော် ဘကြီးမောင်ဟိန်းထံမှ ရခဲ့သော မြန်မာပြက္ခဒိန်တွက်နည်း (အလွယ်နည်း) ကို ဖော်ပြလိုက်ပါသည်။

ပထမ သည်လင်္ကာများကို အလွတ်ကျက်ပါ။

နှစ်သီတံ လင်္ကာ

၁၂၀၁ - ၁၂၁၀။    သူ မင်း ချစ် သည် သံ၊ စာ တန်း ထုတ် လုပ် အံ။
၁၂၁၁ - ၁၂၂၀။    ဒို့ လူ စု ထွန်း လျှံ၊ လာ ဦး နေ လို အံ။
၁၂၂၁ - ၁၂၃၀။    အ ပြစ် ချင်း အ မြန်၊  ကြူ ကြူ သံ ပြန် ကြွေး။
၁၂၃၁ - ၁၂၄၀။    သူ သူ ဇာ နှောင့် နှေး၊ လှိုက် ဆူ တုန် လို့  ဆွေး။
၁၂၄၁ - ၁၂၅၀။    တွန် လှ လှ အ ပြေး၊ မောင် ကြီး အ ပြ ကြွေး။
၁၂၅၁ - ၁၂၆၀။    အ ပြေး ကြ ချေ သော်၊ မိန့် ခွန်း သွန် သွန် ဆော်။
၁၂၆၁ - ၁၂၇၀။    နန်း လူ ဆံ ဆံ တော်၊ လှိုက် ဆူ တုန် လို့  လှော်။
၁၂၇၁ - ၁၂၈၀။    အ မ မောင် ခေါ် အုံး၊ မောင် ကြီး ခေါ် သံ ဆုံး။
၁၂၈၁ - ၁၂၉၀။    ကျေး သား သာ ဆန် နော်၊ သာ ဆော် နန်း နှင့် လုံး။
၁၂၉၁ - ၁၃၀၀။    အ နှုံး လူ လူ အောင်၊ မြ လေး အ မွှာ မောင်။
၁၃၀၀ - ၁၃၁၀။    ငွေ အိုး ပြိုင် ချင် ချေ၊ သင် ဆံ စိတ် ထား လေ။
၁၃၁၁ - ၁၃၂၀။    စာ တော် တင် လေ အောင်၊ အ ပြိုင် လား အုံး မောင်။
၁၃၂၁ - ၁၃၃၀။    လူ အောင် မင့် မောင် ကြီး၊ သစ် သီး ဆေး ကြော သံ။
၁၃၃၁ - ၁၃၄၀။    ဆီ ဆန် ထန်း လာ စေ၊ တော သူ ညံ ထွန်း ထွေ။
၁၃၄၁ - ၁၃၅၀။    လာ အေ့ အ မေ လေး၊ အေး မိ မောင် ကံ သာ။




၁၃၅၁ - ၁၃၆၀။    မိုး ခါ သွန်း သော် ညား၊ ငါး ဟာ စုန် ဆန် တာ။
၁၃၆၁ - ၁၃၇၀။    ရွာ ဆီ နီး တယ် လား၊ အံ့ သြ ဘွယ် ခါ ခါ။
၁၃၇၁ - ၁၃၈၀။    သင် ဖျာ ကို သုတ် ပါ။

(၁၃၅၀ ထိ ဘကြီးမောင်ဟိန်း နှုတ်တိုက်ချပေးထားသော လင်္ကာများ ဖြစ်ပါသည်။ ၁၃၀၀ ခုနှစ်နောက်ပိုင်းလင်္ကာများမှာ ဘကြီးမောင်ဟိန်း စီကုံးထားတာ ဖြစ်ပြီး ၁၃၅၁ နောက်ပိုင်း လင်္ကာများမှာ ကျွန်တော် ကိုယ့်ဟာကိုယ် စီကုံးထားတာ ဖြစ်ပါသည်။ ၀ါသနာပါသူများ (နေ့နံများမလွဲစေဘဲ) မိမိဘာသာ စိတ်ကြိုက် ပြန်လည်သီကုံးနိုင်ပါသည်။)
 
နှစ်သီတံလင်္ကာ ဆက်စီနည်း


နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သော ပြက္ခဒိန်ထွက်လာသောအခါ ၀ါထပ်မထပ်၊ ၀ါကြီးထပ်၊ ၀ါငယ်ထပ် စသည်ကို သိရသည်။ ဤအပေါ်အခြေခံပြီး အထက်ပါ လင်္ကာကို ဆက်စီသွားရမည်။  ဥပမာ ၁၃၄၉ ခုနှစ်သည် ၀ါမထပ်။ ထို့ကြောင့် ၁၃၄၉ ဖြစ် သော (ကံ) မှ ထောက်၍ ပဉ္စပွတ် (သာ) နှင့် လင်္ကာစီသည်။ ထိုအခါ (ကံ သာ) ဖြစ်လာ၏။ ၁၃၇၁ သည် ၀ါငယ်ထပ်နှစ် ဖြစ်၏။ ထို့ကြောင့် ၁၃၇၁ ၏ အက္ခရာသင်္ချာ (သင်) မှ နောက်တစ်နှစ်ကို သတ္တပွတ်ဖြစ်သော (ဖျာ) ဟု စီလိုက်သည်။ မိတ်ဆွေများလည်း ဤနည်းအတိုင်း မိမိဘာသာ ဆက်လက်စီကုံးသွားနိုင်ပါသည်။
လသီတံလင်္ကာ
တန်ခူး -  ရှေ့ သို့ တည်
ကဆုန် -  ဥ သြ အို
နယုန်  - စိ စိ စို
ဝါဆို - လှည့် လည် ပတ်
နောက်ဝါထပ် - တစ် သင်း ထောင်
ဝါခေါင် - သာ အောင် ခင်း
တော်သလင်း - နင်း ကာ ဆွတ်
သီတင်းကျွန် - က လပ် မှုန်
တန်ဆောင်မုန်း - ဉာဏ် မ ဟော်
နတ်တော် - ဖျား နာ အို
ပြာသို - သိ အောင် ခဲ
တပို့တွဲ - အံ စာ လောင်း
တပေါင်း - ငွေ ရင်း မာ။     


ဤလသီတံလင်္ကာတွင် တစ်လချင်းစီအတွက် အက္ခရာသုံးလုံးစီပါ၏။ ဥပမာ - တပေါင်း - ငွေ ရင်း မာ။
ထိုအက္ခရာသုံးလုံးတွင် ပထမ အက္ခရာသည် သာမန်နှစ်အတွက်ဖြစ်၏။ ဒုတိယ အက္ခရာသည် ၀ါငယ်ထပ်နှစ်အတွက် ဖြစ်၏။ တတိယ အက္ခရာသည် ၀ါကြီးထပ်နှစ်အတွက်ဖြစ်၏။
ဥပမာ - တပေါင်း - ငွေ ရင်း မာ တွင် တပေါင်းလအတွက် သာမန်နှစ်ဖြစ်လျှင် ငွေ ကိုယူပါ။ ၀ါငယ်ထပ်နှစ်ဆိုလျှင် ရင်း ကိုယူပါ။ ၀ါကြီးထပ်နှစ်ဖြစ်လျှင် မာ ကိုယူပါ။

အဓိပ္ပါယ် ရှင်းလင်းချက်

၁။ နှစ်သီတန်လင်္ကာမှ မိမိလိုသော နှစ်ကို ကောက်ယူပါ။

ထိုနှစ်၏ အက္ခရာသင်္ချာနှင့် ရှေ့တစ်နှစ်၏ အက္ခရာသင်္ချာကို လက်ချိုးပြီး ရေတွက်ပါ။

ပဉ္စပွတ်ကျသော် ၀ါမထပ်သော ရိုးရိုးနှစ်ဟု မှတ်ပါ။

အလိုရှိသော လ၏ လသီတံလင်္ကာ အစအက္ခရာ သင်္ချာနှင့် ပေါင်းပါ။ ထိုနှစ်ရပ်ပေါင်းရလဒ်ကို ၇ နှင့်စားပါ။ အကြွင်းသည် လိုသောနှစ်၏၊ လ၏ ဆန်းနေ့ ထွက်၏။

၂။ လိုသောနှစ်၏ အက္ခရာသင်္ချာနှင့် နောက်တစ်နှစ်၏ အက္ခရာသင်္ချာကို လက်ချိုးရေပါ။ သတ္တပွတ်ကျသော် ၀ါငယ်ထပ်နှစ် ဖြစ်၏။ လသီတံလင်္ကာမှ အလယ်လုံးကို ရော၍ ၇ နှင့်စား။ အကြွင်းသည် လိုသော နှစ်၏၊ လ၏ ဆန်းနေ့ ထွက်၏။

၃။ လိုသောနှစ်၏ အက္ခရာသင်္ချာနှင့် နောက်တစ်နှစ်၏ အက္ခရာသင်္ချာကို လက်ချိုးရေပါ။ အဌပွတ်ကျသော် ၀ါကြီးထပ်နှစ် ဖြစ်၏။ လသီတံလင်္ကာမှ အဆုံးလုံးကို ရော၍ ၇ နှင့်စား။ အကြွင်းသည် လိုသော နှစ်၏၊ လ၏ ဆန်းနေ့ ထွက်၏။

မှတ်ချက်။            ။ ပဉ္စပွတ် ဟူသည် ၅ ကို ခေါ်သည်။ သတ္တပွတ် ဟူသည်ကား ၇ ကို ခေါ်ခြင်းဖြစ်ပြီး အဌပွတ် ဟူသည် ၈ ဖြစ်၏။

ဥပမာ - ၁။ ၀ါမထပ်သော သာမန်နှစ် တွက်ပုံ

၁၃၄၉ ခု တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် အမျိုးသားနေ့သည် မည်သည့်နေ့ဖြစ်သနည်း။

နှစ်သီတံလင်္ကာတွင်ကြည့်လျှင် ၁၃၄၉ ခုနှစ်မှာ (ကံ) ဖြစ်၏။ သူ့ရှေ့မှ တစ်နှစ်မှာ (သာ) ဖြစ်၏။ ထို့ကြောင့် (ကံ) မှ (သာ) ထိ လက်ချိုးရေလျှင် (ကံ = ၂ လာ၊ ၃ ဂါ၊ ၄ ဟူး၊ ၅ တေး၊ ၆ ကြာ) ဟု ၅ ရ၏။ တစ်နည်း ပဉ္စပွတ် ဖြစ်၏။ ထို့ကြောင့် ၁၃၄၉  ခုနှစ်သည် သာမန်နှစ်ဖြစ်ကြောင်း သိရသည်။

ထိုအခါ ၁၃၄၉ ခုနှစ်၏ အက္ခရာသင်္ချာဖြစ်သော (ကံ = ၂) ကို တန်ဆောင်မုန်းလ၏ လသီတံလင်္ကာမှ ရှေ့ဆုံးအလုံးဖြစ်သော (ဉာဏ် = ၃) ဖြင့် ပေါင်းပါ။ ၂ + ၃ = ၅ ဟု ရ၏။ ၎င်းကို ၇ ဖြင့်စားသော် အကြွင်း ၅ ပင်ရပေလိမ့်မည်။ ၎င်းကိုကြည့်ခြင်းဖြင့် ၁၃၁၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့သည် ကြာသပတေးနေ့ဖြစ်ကြောင်း သိရပြီ။

၁ ရက်နေ့  ကြာသပတေး၊ ၂ ရက် သောကြာ စသဖြင့် ရေတွက်သွားပါက ၁၃၄၉ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့သည်  တနင်္ဂနွေဖြစ်ကြောင်း သိရပေပြီ။

ဥပမာ - ၂။ ၀ါငယ်ထပ်နှစ် တွက်ပုံ

၁၃၂၈ ခုနှစ် ကဆုန်လပြည့် နေ့သည် မည်သည့်နေ့ ဖြစ်သနည်း။

နှစ်သီတံလင်္ကာတွင်ကြည့်လျှင် ၁၃၂၈ ခုနှစ်မှာ (ဆေး) ဖြစ်၏။ သူ့ရှေ့မှ တစ်နှစ်မှာ (ကြော) ဖြစ်၏။ ထို့ကြောင့် (ဆေး) မှ (ကြော) ထိ လက်ချိုးရေလျှင် (ဆေး = ၃ ဂါ၊ ၄ ဟူး၊ ၅ တေး၊ ၆ ကြာ၊ စနေ၊ ၁ နွေ၊ ၂ လာ) ဟု ၇ ရ၏။ တစ်နည်း သတ္တပွတ် ဖြစ်သည်။ ထို့ကြောင့် ၁၃၂၈ ခုနှစ်သည် ၀ါငယ်ထပ်နှစ်ဖြစ်ကြောင်း သိရသည်။

ထိုအခါ ၁၃၂၈ ခုနှစ်၏ အက္ခရာသင်္ချာဖြစ်သော (ဆေး = ၃) ကို ကဆုန်လ၏ လသီတံလင်္ကာမှ အလယ်လုံးဖြစ်သော (သြ = ၁) ဖြင့် ပေါင်းပါ။ ၃ + ၁ = ၄ ဟု ရ၏။ ၎င်းကို ၇ ဖြင့်စားသော် အကြွင်း ၄ ပင်ရပေလိမ့်မည်။ ၎င်းကိုကြည့်ခြင်းဖြင့် ၁၃၂၈ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်ကြောင်း သိရပြီ။

၁ ရက်နေ့  ဗုဒ္ဓဟူး၊ ၂ ရက် ကြာသပတေး စသဖြင့် ရေတွက်သွားပါက ၁၃၂၈ ခုနှစ် ကဆုန်လပြည့်နေ့သည်  ဗုဒ္ဓဟူးနေ့ ဖြစ်ကြောင်း သိရပေပြီ။


ဥပမာ - ၃။ ၀ါကြီးထပ်နှစ် တွက်ပုံ

၁၃၁၅ ခုနှစ် ၀ါခေါင်လဆန်း ၁၀ ရက်နေ့သည် မည်သည့်နေ့ ဖြစ်သနည်း။
နှစ်သီတံလင်္ကာတွင်ကြည့်လျှင် ၁၃၁၅ ခုနှစ်မှာ (အောင်) ဖြစ်၏။ သူ့ရှေ့မှ တစ်နှစ်မှာ (အ) ဖြစ်၏။ ထို့ကြောင့် (အောင်) မှ (အ) ထိ လက်ချိုးရေလျှင် (အောင် = ၁ နွေ၊ ၂ လာ၊ ၃ ဂါ၊ ၄ ဟူး၊ ၅ တေး၊ ၆ ကြာ၊ စနေ၊ ၁ နွေ) ဟု ၈ ရ၏။ တစ်နည်း အဌပွတ် ဖြစ်၏။ ထို့ကြောင့် ၁၃၁၅ ခုနှစ်သည် ၀ါကြီးထပ်နှစ်ဖြစ်ကြောင်း သိရသည်။

ထိုအခါ ၁၃၁၅ ခုနှစ်၏ အက္ခရာသင်္ချာဖြစ်သော (အောင် = ၁) ကို ၀ါခေါင်လ၏ လသီတံလင်္ကာမှ နောက်ဆုံးအလုံးဖြစ်သော (ခင်း = ၂) ဖြင့် ပေါင်းပါ။ ၁ + ၂ = ၃ ဟု ရ၏။ ၎င်းကို ၇ ဖြင့်စားသော် အကြွင်း ၃ ပင်ရပေလိမ့်မည်။ ၎င်းကိုကြည့်ခြင်းဖြင့် ၁၃၁၅ ခုနှစ် ၀ါခေါင်လဆန်း ၁ ရက်နေ့သည် အင်္ဂါနေ့ဖြစ်ကြောင်း သိရပြီ။

၁ ရက်နေ့ အင်္ဂါ၊ ၂ ရက် ဗုဒ္ဓဟူး စသဖြင့် ရေတွက်သွားပါက ၁၃၁၅ ခုနှစ် ၀ါခေါင်လဆန်း ၁၀ ရက်နေ့သည်  ကြာသပတေးဖြစ်ကြောင်း သိရပေပြီ။

၈။ အွန်လိုင်းပြက္ခဒိန်များ

အင်တာနက်တွင် မြန်မာပြက္ခဒိန်များတင်ထားတာ တွေ့ရပါသည်။ ပထမတစ်ခုမှာ
http://www.myanmarcalendar.info/ ၌ ဖြစ်၏။

နောက်တစ်ခုမှာ http://myanmarcalendar.org   ၌ ဖြစ်၏။

နိဂုံး


အထက်ပါ မြန်မာပြက္ခဒိန် အလွယ်တွက်နည်းတွင် အင်္ဂလိပ် နှစ်နှင့် မြန်မာသက္ကရာဇ်ကို ဆက်စပ်နည်း မပါပါ။ မြန်မာနှစ်များတွင် မည်သည့်ရက်အတွက် မည်သည့်နေ့ဖြစ်သည်မျှသာ သိနိုင်ပါသည်။ ထို့ကြောင့် ပြည့်စုံကောင်းမွန်သည်ဟု မဆိုနိုင်ပါ။ သို့သော် ခုနှစ်၊ လ၊ ရက်များကို သိလျှင် နေ့ကို တွက်နိုင်သဖြင့် တစ်နည်းကောင်းပါသည်။ မြန်မာပြက္ခဒိန်ကို စိတ်ဝင်စားသည့် ကိုဇင်မင်း၊ ကိုဝဏ္ဏကိုတို့ကဲ့သို့ ခေတ်ပညာတတ်လူငယ်များသည် ပိုမိုဆန်းသစ်သော နည်းများတီထွင်ကာ ပြည့်စုံ၊ မှန်ကန်၊ ကောင်းမွန်သော ပြက္ခဒိန်တွက်နည်းတစ်ရပ်ကို ဖော်ထုတ်ကြပါရန် တိုက်တွန်းလိုက်ပါသည်။  

ဤသည်ကား အလွန်ရှုပ်ထွေးလှသော မြန်မာပြက္ခဒိန်အကြောင်း မိတ်ဆက်ဖြစ်ပါသည်။ အတွက်အချက် လုံးဝ မပါသေးပါ ခင်ဗျား။ မြန်မာပြက္ခဒိန်ဆိုတာ ဘာလဲ ဆိုတာကို မြန်မာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ သိရှိ လေ့လာနိုင်စေရန် အပင်ပန်းခံ ကြိုးစားအားထုတ်လိုက်ပါသည်။

ဆက်လက်လေ့လာနိုင်ကြပါစေကုန်။

အေးငြိမ်း

30/10/2011, 1:46 am
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027

1 comment:

ထူးထူး said...

ကိုအေးငြိမ်း ခင်ဗျား
ယခုလို- မြန်မာ ပြက္ခဒိန် အကြောင်းကို အခြေခံကျကျ ထိထိ မိမိ ရှင်းပြပေးတဲ့ အတွက် အင်မတန် ကျေးဇူးတင်ပါတယ်။
ဆက်လက် ရေးသားပါ ခင်ဗျား။
မိုးတား ဆိုက် motaa.info မှာ- အနှစ် ၃၀၀ စာ ပြက္ခဒိန် တင်ပေးထားတာ တွေ့ရပါတယ်။