Saturday, October 8, 2011

စင်ကာပူတွင် အမှိုက်စွန့်ပစ်ပုံအကြောင်း (အဆက်)

ပြီးခဲ့သော ပို့စ်တွင် Incineration Plant များအကြောင်း ပြောခဲ့ပါသည်။ ထိုစက်ရုံများနှင့်ပတ်သက်၍ စိတ်ဝင်စားစရာအချက် အများအပြားရှိပါသည်။ သို့သော် စာဖတ်သူများ ပျင်းသွားမှာစိုးသည့်အတွက် သိသင့်သလောက်သာ ဖော်ပြပြီး အသေးစိတ် အချက်အလက်များကို ချန်လှပ်ခဲ့ပါသည်။


အမှိုက်ပစ်ခြင်းတွင်လည်း သိသင့်သည်များကိုသာ ရွေးချယ်ဖော်ပြသွားပါမည်။ သုတေသနစာတမ်းကြီးကဲ့သို့ ရှိရှိသမျှ အားလုံး ဖော်ပြသွားရန် မရည်ရွယ်ပါ။ ပိုမိုအသေးစိတ်သိလိုသူများ NEA website နှင့် သက်ဆိုင်ရာ link များတွင် ရှာဖွေဖတ်ရှုနိုင် ပါသည် ခင်ဗျား။


၃။ 3R System


အမှိုက်စွန့်ပစ်ခြင်းတွင် အရေးကြီးသော စနစ်တစ်ခုမှာ 3R စနစ်ဖြစ်ပါသည်။ ၎င်းတို့မှာ -


၁။ Reduce - စွန့်ပစ်အမှိုက်များကို လျှော့ချရေး

၂။ Reuse - ပြန်သုံးလို့ရသည့် ပစ္စည်းများကို ပြန်သုံးရေး

၃။ Recycle - ပြန်ပြုပြင်သုံးလို့ရသည့် ပစ္စည်းများကို ပြန်ပြုပြင်ကာ သုံးစွဲရေး - တို့ဖြစ်၏။


NEA က 3R နှင့်ပတ်သက်၍ ပညာပေးစာစောင်များ၊ ဟောပြောပွဲများ၊ လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်ပေးပါသည်။ အမှိုက် များကို မည်ကဲ့သို့ reduce လုပ်ရမည်ကိုလည်း လမ်းညွှန်စာအုပ် ထုတ်ဝေပေးထားပါသည်။ NEA website တွင် အခမဲ့ down load လုပ်ယူနိုင်ပါသည်။ ထို့အပြင် ကျောင်းသားလူငယ်များ၊ ကလေးများအတွက် 3R နှင့်ပတ်သက်သည့် လှုပ်ရှားမှုများ၊ ကစားခုန်စားပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများ ကျောင်းများနှင့် NEA ပူးပေါင်းကာ မကြာခဏ ပြုလုပ်ပေးပါသည်။


ပျက်စီးလာနေသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် တကမ္ဘာလုံးတွင် ဤစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ဆောင်ရွက်လာနေပါသည်။ ပြောရလျှင် ဤစနစ်ကို အဓိကကျင့်သုံးရမည့်တိုင်းပြည်များမှာ ဖွံ့ဖြိုးပြီးသော

တိုင်းပြည်များသာ ပိုဖြစ်ဖို့များပါသည်။ ကျွန်တော်တို့မြန်မာပြည်တွင် သူတို့မပြောခင်ကတည်းက ဤစနစ်ကို တွင်ကျယ်စွာ

သုံးနေပြီ ဖြစ်၏။ ကျွန်တော် ကိုးတန်းကျောင်းသားဘ၀က သတင်းစာစက္ကူများကိုဝယ်၊ အိတ်ချိုးကာ ဈေးဆိုင်များသို့ ပြန်သွင်းပါသည်။ အသေးသုံးအတွက် အပိုဝင်ငွေရ၏။


၃၊ ၁။ Reduce



စွန့်ပစ်အမှိုက်များလျှော့ချရေးသည် အလွန်ကျယ်ပြန့်ပါသည်။ ကမ္ဘာပေါ်တွင် အစာရေစာငတ်မွတ်ခေါင်းပါးမှုကြောင့် ကလေးငယ်ပေါင်း ၆ သန်းသည် နှစ်စဉ်သေဆုံး နေရသည်။ ကမ္ဘာ့လူဦးရေ၏ ၁၄% ဖြစ်သော ၉၂၅ သန်းမျှသော လူများသည် အစာရေစာ မ၀လင်မှုကြောင့် သေအံ့မူးမူးဖြစ်နေရသည်။


Reduce လုပ်ရာတွင် အစားအသောက်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ စင်ကာပူတွင် စွန့်ပစ်အမှိုက်များ၏ ၂၀% မှာ အစားအသောက်အမှိုက်ဖြစ်သည်။ အစားအသောက်အမှိုက်ကိုလည်း လျှော့ချရန်လိုပါသည်။ လူများစွာတို့သည် စားလို့ရသည့် အစားအစာများကို အလဟဿဖြုန်းတီးပစ်နေကြသည်။



ဤနေရာ၌ Reduce လုပ်ရမည့် အချို့အချက်များကို ဖော်ပြထားပါသည်။


အစားအသောက်များကို ပန်းကန်ထဲမချန်ခဲ့ပါနှင့်။ သင့်သလောက်သာမှာပြီး အားလုံးကုန်အောင်စားပါ။

ရေသန့်ပုလင်းဝယ်မည့်အစား tap water ကိုသာသောက်ပါ။

ထမင်းကို မကျန်အောင်ချက်ပါ။ ကျန်သဖြင့် လွှင့်ပစ်ရမည့် ထမင်းဟင်းများကို လျှော့ချပါ။ မပစ်ရပါစေနှင့်။

မိတ်ဆွေများနှင့် စားသောက်ဆိုင်များတွင် စားလျှင် ကုန်နိုင်သလောက်သာမှာပါ။ သို့မဟုတ် လျှော့မှာပါ။ ပိုမမှာပါနှင့်။

အသီးအရွက်၊ အသားငါးများဝယ်ပြီဆိုလျှင် မိမိ ဘာချက်မည်ကို စဉ်းစားပြီးမှ ကုန်နိုင်သလောက် ချင့်ချိန်ဝယ်ပါ။

အသီးအရွက်များကို ဦးစွာချက်ပါ။ မကုန်နိုင်မခမ်းနိုင် မချက်ပါနှင့်။ ကုန်နိုင်သလောက်သာ ခန့်မှန်းချက်ပါ။

စာရွက်ကို တစ်ဖက်အစား နှစ်ဖက်သုံးပါ။

တစ်ဖက်လွတ်စက္ကူများကို အကြမ်းရေးစက္ကူအဖြစ် ပြန်သုံးပါ။

သတင်းစာစက္ကူများကို ကုန်ထုတ်ရာတွင် ပြန်သုံးပါ။

ဈေးဝယ်ရာတွင် တစ်ခါသုံးပလတ်စတစ်အိတ်များအစား ခြင်းတောင်း၊ အ၀တ်အိတ်များကိုသာသုံးပါ။

တစ်ခါသုံး ပန်းကန်၊ ခွက်ယောက်၊ ဇွန်းခက်ရင်း၊ တူ များအစား ကြွေပန်းကန်၊ ကြွေရည်သုတ်ပန်းကန်၊ သံမဏိဇွန်း၊ ခက်ရင်း၊ တူများသုံးပါ။

အိမ်တွင် tissue အစား လက်သုတ်ပုဝါသာသုံးပါ။

ပန်းကန်ဆေးရာတွင် ရေကို ချွေတာသုံးပါ။ ဖြစ်နိုင်လျှင် ဇလုံနှင့်ခံကာ ဆေးပါ။

မလိုအပ်ပဲ ရေကို စိမ်မချိုးပါနှင့်။

အသုံးမပြုသည့်အခါ မီးများကို ပိတ်ထားပါ။

အဲယားကွန်းအစား ပန်ကာကိုသာ သုံးပါ။

ကိုယ်ပိုင်ကားအစား အများပြည်သူပိုင် ဘတ်စ်ကား၊ ရထားများကိုသာ စီးပါ။

တစ်ခါသုံးဓါတ်ခဲအစား ပြန်လည်အားသွင်း၍ရသော Rechargable battery ကိုသုံးပါ။




မလိုအပ်ပဲ အီးမေးစသောစာများကို print မထုတ်ပါနှင့်။ soft copy နှင့် save လုပ်ထားပါ။
ကျေးလက်တောရွာများတွင် သစ်ရွက်များကို မီးရှို့ပစ်မည့်အစား သစ်ရွက်ဆွေးမြေသြဇာလုပ်၍ သုံးခြင်း၊ မိုးရေကိုခံ၍ သုံးခြင်း၊ ချိုးရေများကို ပြန်ခံကာ အိမ်သာဆေးရေအဖြစ်သုံးခြင်း စသည်တို့လည်းပါဝင်သည်။

စင်ကာပူတွင် Serangoon နှင့် Kitchener Road ထောင့်တွင်ရှိသော City Square mall မှာ စင်ကာပူ၏ ပထမဦးဆုံးသော Eco Mall ဖြစ်သည်။ ဘာထူးသနည်းဆိုလျှင် အိမ်သာများကို ရေမသုံးပဲ သန့်စင်သည်။ အလင်းရောင်ကို သဘာဝအလင်းမှ အများဆုံးရယူထားပြီး မီးထွန်းခြင်းဖြင့်ကုန်ကျမည့် လျှပ်စစ်ကို လျှော့ချထားသည် စသဖြင့် ဖြစ်ပါသည်။ သွားရောက် လည်ပတ်ကြည့်ရန် တိုက်တွန်းပါသည်။

ယခုအခါ အစိုးရမှ လျှပ်စစ်စွမ်းအင်ကို ချွေတာရန် စင်ကာပူတစ်ဝှမ်း အများပြည်သူသုံးမီးများကို စွမ်းအင်အစားသက်သာသော LED မီးလုံး၊ မီးချောင်းများဖြင့် လိုက်လံ အစားထိုးတပ်ဆင်နေပါသည်။ ယခုဆောက်သော အဆောက်အအုံများတွင် နေစွမ်းအင်မှ လျှပ်စစ်ထုတ်သည့် solar panel များတပ်ဆင်နေပါသည်။ လိုရင်းမှ ဘေးချော်သွားမည်စိုး၍ ဤနေရာတွင် အကျယ်မဖော်ပြတော့ပါ။

၃၊ ၂။ Reuse

စင်ကာပူတွင် တီဗီများ၊ ကွန်ပြူတာ မော်နီတာများ၊ ပန်ကာများ၊ ရေခဲသေတ္တာ အပျက်များ၊ အ၀တ်လျှော်စက် အပျက်များ၊ ကုလားထိုင်၊ စားပွဲစသော အိမ်ထောင်ပရိဘောဂများအား တိုက်အောက်များ၌ ပစ်ထားသည်ကို မကြာခဏ တွေ့ရပါသည်။ ဖွံ့ဖြိုးမှုနည်းသေးသော တိုင်းပြည်များတွင်တော့ ဤကဲ့သို့ လွယ်လွယ်နှင့် လွှင့်ပစ်ဖို့မတတ်နိုင်။ ပြန်ပြင်သုံးကြသည်။ ကုန်ကုန် ပြောရလျှင် ကုလားထိုင် ခြေထောက်ကျိုးနေတာတောင် လွှင့်မပစ်ရက်။ ခြေတုတစ်ခုပိုးရိုက်ကာ သုံးသေးသည်။ ဖြုန်းတီးမှု အများဆုံးကား ဖွံ့ဖြိုးသော တိုင်းပြည်များပင် ဖြစ်ပါသည်။ သူတို့ပစ်လိုက်သော ပစ္စည်းများမှာ သုံးမည်ဆိုလျှင် နှစ်အတန်ကြာ သုံးလို့ရသေးသော ပစ္စည်းများချည်း ဖြစ်၏။

စင်ကာပူမှ စွန့်လိုက်သော အ၀တ်ဟောင်းများကို ကျွန်တော် မြန်မာပြည်သို့ ကီလိုရာနှင့်ချီကာ ပို့ဖူးပါသည်။ ထိုအ၀တ်များမှာ အနည်းဆုံး ၃ - ၄ နှစ်တော့ ၀တ်လို့ရသေးသော အ၀တ်များဖြစ်ပါသည်။ ယခင်လ (စက်တင်ဘာ၊ ၂၀၁၁) က ကျွန်တော့်တူမ ရန်ကုန်ပြန်မည် ဆိုသောအခါ ရုံးမှအဖွားကြီးက သူ့ယောက်ျား မ၀တ်တော့သော အနောက်တိုင်းဝတ်စုံ (suit) များ ပေးလာပါ သည်။ တစ်ပတ်နွမ်းဆိုသော်လည်း အတော်ကြီးလတ်ပါသေးသည်။ ဘောင်းဘီများကို ဖယ်လျှက် ဂျာကင်များကို ကျွန်တော်တို့ရွာမှ အဖိုးကြီး၊ အဖွားကြီးများအား ပေးလိုက်ပါသည်။ ကျွန်တော်တို့ရွာက တောင်ခြေနားကပ်နေသဖြင့် ဆောင်းတွင်းအခါ အလွန်အေးလှသည်။ သည်ဂျာကင်များကို အဖိုးကြီး၊ အဖွားကြီးများ အနည်းဆုံး ၅ နှစ်လောက်တော့ ၀တ်နိုင်သေးသည်။ ဤသို့သော အ၀တ်များကို သူတို့သာပစ်ရမည်။ ကျွန်တော်တို့ရွာသားများကတော့ အင်္ကျီကုတ်ပြဲ နေတာတောင် ဖာထေးဝတ်ရသည်။

ကျွန်တော်တို့တိုင်းပြည်တွင်မူကား ပီဘိ သုံးလို့ကို ဘယ်လိုမှ မဖြစ်နိုင်တော့သည့် အဆုံးကျမှ ပစ်ကြတာများပါသည်။ Reuse အတွက် ပညာပေးပါဆိုလျှင် စင်ကာပူနိုင်ငံသားများကိုသာ ပေးရန်လိုပါလိမ့်မည်။ ကျွန်တော်တို့ တိုင်းပြည်မှ လူများကတော့ ဘ၀ပေးအသိနှင့်ပင် reuse လုပ်နေရသည်။

စင်ကာပူမှ 3R Reuse ပညာပေးအစီအစဉ်တွင် အထက်တွင် ကျွန်တော်ရေးခဲ့သည်များကို ဖော်ပြထားတာသာ ဖြစ်ပါသည်။

၃၊ ၃။ Recycle


သူတို့က ခုမှ recycle တာ။ ကျွန်တော်တို့ recycle တာ ကြာပါပေါ့။ စက္ကူဟောင်းများဝယ်ပြီး   
  စက္ကူအသစ်ပြန်ထုတ်တာ ကျွန်တော်ကျောင်းသားဘ၀ကတည်းက။ သို့သော် သည်စက္ကူများမှာ ရေထိလို့မရ။ မှင်ထွက်သော (ဘောပင်မဟုတ်) ဖောင်တိန်ဖြင့်စာရေးလို့မရ။ စာရွက်သားမှာ ပီဘိနူးနူးညံ့ညံ့ကလေးဖြစ်သည်။ ရပ်ကွက်ထဲတွင် (ယခင်ကတော့ သည်အလုပ်ကို ကုလားများသာ လုပ်သည်။ ယခုတော့ မြန်မာများလည်း လုပ်သည်။) ဘော်တယ်ကုလားများ
   သံခြင်း တွန်းလှည်းကလေးကို တွန်းကာ ပုလင်းဝယ်ဒယ်၊ ဒန်အိုး၊ ဒန်ခွက်ဝယ်ဒယ်၊ ကြေးဝယ်ဒယ်၊ သတင်းစာစက္ကူဝယ်ဒယ်၊ ဗလာစာအုပ်ဝယ်ဒယ် ဟု အော်သံကို ရန်ကုန်တွင် နေဖူးသူတိုင်း ကြားဖူးပါလိမ့်မည်။
ဤသည်ကား  recycle ပင် ဖြစ်ပါတော့၏။





သံဖြူပုံး (ရေနံဆီပုံး၊ စားဆီပုံးစသည်) များကို ရေနံဆီမီးခွက်၊ ဆီချင်ခွက်၊ ကတော့ စသည်တို့ လုပ်သည်။ ကြံကြံဖန်ဖန် ယခုခေတ်တွင် ခေတ်စားလာသော ဘီယာဗူးနှင့် အအေးဗူးခွံများကို ဖြတ်တောက်၊ ဆက်ကာ သွပ်မိုးကဲ့သို့လုပ်မိုးသည့် သတင်းကိုပင် ဖတ်လိုက်ရလေသေး၏။ သာကေတဘက်တွင် ထင်ပါသည်။ နောက်ပြီး စက်ချုပ်ရာမှ ထွက်လာသော ဖြတ်စ ပိတ်စကလေးများကို စပ်ကာ လုံချည်၊ ခေါင်းအုံးစွပ်၊ ကန့်လန့်ကာ စသဖြင့် ချုပ်သည်။ ယုတ်စွအဆုံး ဖခင်ဖြစ်သူ၏ လုံချည် အဟောင်းကိုပင် ပိုင်းကာ ကလေးငယ်များအတွက် ပုဆိုးချုပ်ပေးသည်။ ရေအိုးရွက်လျှင် ခေါင်းခုလုပ်ရသည်။ ဤခေါင်းခုများ စုတ်သွားလျှင်ပင် လက်နှီးစုတ်လုပ်လို့ရသေးသည်။

၃၊ ၄။ မည်သည်တို့သည် recycle ပစ္စည်းများဖြစ်သနည်း


စက္ကူ၊ သစ်သား၊ သံချောင်း၊ သံပြား၊ လျှပ်စစ်ဝါယာကြိုး၊ ကြေးချောင်း၊ ကြေးပြား၊ ပုလင်း၊ အအေးဗူးခွံ၊ ပလတ်စတစ်၊ အ၀တ်ဟောင်း စသည်တို့ ပါ၏။ ထိုပစ္စည်းများအနက် လူကြိုက်အများဆုံးနှင့် ဈေးအကောင်းဆုံးရသည်မှာ သံနှင့်ကြေး ဖြစ်သည်ကို ယုံမှားသံသယ ရှိစရာမလို။ အအေးဗူးများ၊ ဘီယာဗူးများကို ပစ်တော့မည်ဆိုလျှင်တော့ အတွင်းတွင် ကြွင်းကျန်နေသော အအေး၊ ဘီယာများကို အကုန်အစင် သွန်ပစ်ပြီးမှ ပစ်ပါ။ ထိုအရည် အကြွင်းအကျန်များကား ဘက်တီးရီးယား ပိုးမွှားများအကြိုက်ဖြစ်ပေ၏။

ပေကျံနေသော (ဥပမာ ထမင်းထုပ်ထားသောစက္ကူ) သည် recycle အဖြစ်သုံးလို့မရ။ နှပ်သုတ်ထားသော တစ်ရှုး၊ ကက်ဆက် တိပ်ခွေ၊ မီးသီးမီးချောင်း၊ ကြွေအိုးကြွေခွက်၊ တစ်ခါသုံး ပလတ်စတစ်ခွက်များ စသည်တို့ကို recycle လုပ်လို့မရ။
ထို့ပြင် recycle လုပ်လို့မရသော အမှိုက်များကို recycle များနှင့်ရောမပစ်ပါနှင့်။ အထူးသဖြင့် အစားအသောက် အမှိုက်များကို recycle ပုံးများအတွင်း မပစ်ပါနှင့်။



စင်ကာပူတွင် သံရည်ကြိုစက်၊ ပလတ်စတစ်စက်ရုံ စသော recycle စက်ရုံအများအပြား ရှိသည်။ မိတ်ဆွေတို့ လမ်းသွားရင်း အမှတ်တမဲ့ လမ်းဘေးများသို့ မျက်လုံးကစားကြည့်ပါ။ အထူးသဖြင့် Tuas ဘက်တွင် ဖြစ်၏။ စွန့်ပစ်သံများ ၀ယ်သည် ဟူသော ကြော်ငြာများ ခြံစည်းရိုးများ၌ ကပ်ထားသည်ကို တွေ့နိုင်ပါသည်။

၂၀၁၀ ခုနှစ်တွင် စင်ကာပူမှ စွန့်ပစ်အမှိုက် တန်ချိန် ၆.၅၁၇ သန်း အနက် ၅၈% ဖြစ်သော တန်ချိန် သန်းပေါင်း ၃.၇၅၇ ကို recycle ပြန်လုပ်နိုင်ခဲ့ပါသည်။ 


 
Recycle အမှိုက်ပုံးများကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။




၃၊ ၅။ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချရေး စီမံကိန်း (Recycling Programmes)
စင်ကာပူတွင် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချရေး စီမံကိန်း ကို ၂၀၀၁ ခုနှစ် ဧပြီလမှ စတင်ခဲ့သည်။ လိုင်စင်ရ အမှိုက်သိမ်းသူ များသည် ပြန်လည်အသုံးချနိုင်သော ပစ္စည်းများကို သတ်မှတ်ထားသော ရက်များတွင် နံက် ၇း၃၀ မှ ည ၇း၀၀ နာရီထိ အိမ်တိုင်ယာရောက် လိုက်လံသိမ်း ဆည်းသည်။ ဤသို့မသိမ်းမှ ပြန်သုံးပစ္စည်းများထည့်ရန် အိတ်များကို ၎င်းတို့က ကြိုတင် ပေးထားသည်။ 
၂၀၀၇ ခုနှစ် သြဂုတ်လမှစကာ ဘုံအမှိုက်ပစ်စခန်း (CRD – Centralised Recycling Depository) များကို ဘလောက် ၅ ခုလျှင် တစ်ခုကျ ထားပေးသည်။ ဤနေရာများတွင် မိမိအတွက် အသုံးမလိုတော့သည့် recyle ပစ္စည်းများ သွားပစ်နိုင်သည်။ သူတို့က တစ်လလျှင် နှစ်ကြိမ်လာသိမ်းသည်။

သိမ်းပြီးသော recycle ပစ္စည်းများကို မည်ကဲ့သို့ လုပ်သနည်း။


၎။ Singapore, Litter Free (အမှိုက်ကင်းစင်၊ စင်ကာပူတခွင်)



စင်ကာပူနိုင်ငံကို အမှိုက်ကင်းစင်သော နိုင်ငံတစ်ခုဖြစ်လာအောင် အစိုးရမှ ဥပဒေများဖြင့် ကြပ်ကြပ်မတ်မတ် ကိုင်တွယ် လုပ်ဆောင်လျှက်ရှိပါသည်။

ပထမဦးဆုံးပြောလိုသည်မှာ ဒါဏ်ကြေးများဖြစ်ပါ၏။

ပုံသေမှတ်မထားပါနှင့်။ ဒါဏ်ကြေးကို ၂၀၀ မှ ၅၀၀၀ ထိ တပ်ရိုက်နိုင်ပါသည်။ မည်သည့်အချိန်၊ မည်သည့်ပစ္စည်းကို မည်သည့် နေရာတွင် စွန့်ပစ်သနည်း ဆိုသည့်အပေါ်မူတည်ကာ ဒါဏ်ကြေးသတ်မှတ်ခြင်းဖြစ်သည်။ ပထမအကြိမ်မိလျှင် ၂၀၀ လောက်ပဲ ရိုက်မည်။ ဒုတိယအကြိမ်ဆိုလျှင် ၁၀၀၀ ဖြစ်နိုင်သည်။ နောက်တစ်ကြိမ်ဆိုလျှင်တော့ ဒါဏ်ကြေး ၅၀၀၀ နှင့် အလုပ်ကြမ်း (CWO – Corrective Work Order) ၁၂ နာရီ ထိမည်။ အောက်ပါပုံများမှာ ဤကဲ့သို့သော ဒါဏ်ထိသူများဖြစ်ပါ၏။





Hawker Center များမှ အမှိုက်များကို ပစ်စလက်ခတ်ပစ်လျှင်မူ ဒါဏ်ငွေ ၄၀၀၀ နှင့် ထောင်သုံးလထိ ချနိုင်ပါသည်။
ဤအမှုများထဲမှ တစ်မှုမှာ ပစ္စည်းပစ္စယများကို ပြူတင်းပေါက်ဘောင်ပေါ်နှင့် အ၀တ်လှန်းသော တန်းများပေါ်တင်ထားခြင်း လည်းပါပါသည်။ စင်းဒေါ်လာ ၂၀၀၀ ဒါဏ်ရိုက်၏။ အဘယ်ကြောင့်ဆိုသော ဤသို့တင်ထားခြင်းဖြင့် မတော် ဤပစ္စည်းများ လမ်းသွားလမ်းလာများအပေါ် ပြုတ်ကျပါက သေနိုင်သောကြောင့် ဖြစ်ပါသည်။


စည်းကမ်းမဲ့ အမှိုက်ပစ်သည့်အမှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးလာနေပါသည်။ ၂၀၀၆ ခုနှစ်က အမှုပေါင်း ၇၀၂၇ (အလုပ်ကြမ်း ဒါဏ်ပေးခံရသောအမှု - ၁၂၂ မှု) ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အမှိုက်ပစ်မှု - ၃၀၂၁၄ မှု၊ အလုပ်ကြမ်းအမှု - ၁၀၅၂ မှု ဖြစ်၏။ ဤကား ဖမ်းမိသော အမှုများဖြစ်သည်။ ဖမ်းမမိသော အမှုများကာ ဆယ်ဆမျှပင် မကနိုင်ပါ။

(စကားစပ်၍ ပြောရလျှင် ညက ကျွန်တော် NTUC သို့ ဈေးဝယ်သွားသည်။ ညဘက် စာထိုင်ရေးရတာ ညောင်းညာလာသဖြင့် အညောင်းပြေအညာပြေ လမ်းလျှောက်ရင်းလည်းဖြစ်၏။ ကျွန်တော်တို့တိုက်နား ကွက်လပ်ရှိ အပန်းဖြေစရာထိုင်ခုံတွင် စင်ကာပူ လူငယ်သုံးဦး ဘီယာများသောက်၊ အစာများလည်း စားနေသည်ကို အသွားတွင်တွေ့ရသည်။ ည ၁၂ နာရီခန့် ကျွန်တော် ပြန်လာတော့ ထိုနေရာ၌ ၎င်းတို့စားသောက်ပြီး ထားခဲ့သော ဘီယာဘူးခွံများ၊ ကြက်ကြော်ဘူးခွံများ၊ အားလူးဘူးခွံ များ၊ တစ်ရှုးများ ပွစာကြဲနေသည်ကို တွေ့ရသည်။)

အမှိုက်ပစ်မှုများကို သုတေသနပြုသောအခါ အောက်ပါအတိုင်းတွေ့ရ၏။ (၂၀၀၈ ခုနှစ်)

အသက် ၂၁ နှစ်အောက် အမှိုက်ပစ်သူ - ၂၇၉
အသက် ၂၁ မှ ၃၀ ကြား အမှိုက်ပစ်သူ - ၃၇၄
အသက် ၃၁ မှ ၄၀ ကြား အမှိုက်ပစ်သူ - ၁၇၈
အသက် ၄၁ မှ ၅၀ ကြား အမှိုက်ပစ်သူ - ၁၆၆
အသက် ၅၀ အထက် အမှိုက်ပစ်သူ - ၅၅

လူငယ်များမှာ မဆင်မခြင်အမှိုက်ပစ်သူများဖြစ်ပြီး အသက်ကြီးလာသည်နှင့်အမျှ ဆင်ခြင်လာသည်ကို ဤဇယားက သက်သေပြနေပါသည်။

အမှိုက်ပစ်ခြင်းကြောင့် ဒါဏ်ရိုက်ခံရသော အမှုများကို စစ်ဆေးရာတွင် အမှုများအနက် ၉၀ ရာခိုင်နှုံးမှာ စီးကရက်တို ပစ်မှု ဖြစ်၏။ ထို့ကြောင့် NEA က သောက်ပြီးသား စီးကရက်တိုများပစ်နိုင်ရန် စီးကရက်အမှိုက်ခွက်ပါသော အမှိုက်ပုံး ၆၀၀၀ ကို စင်ကာပူတစ်ဝှမ်း ချထားပေးခဲ့ပါသည်။




Ministry of the Environment and Water Resources (MEWR) မှ ပတ်ဝန်းကျင်ကျန်းမာရေး (Environmental Health) အတွက် ၂၀၀၈ ခုနှစ်တွင် စင်းဒေါ်လာ ၁၀၀၆.၇ သန်း သုံးစွဲခဲ့သည်။ ဤအထဲတွင် Dangue Fever, လမ်းများသန့်ရှင်းရေး၊ အမှိုက်ကင်းစင်သော စင်ကာပူဖြစ်ရေး၊ ဆေးလိပ်သောက်မည့်နေရာများ သတ်မှတ်ရေး။ စားသောက်ဆိုင် (Hawker Centre) များကို စီမံခန့်ခွဲရေး၊ လေကောင်းလေသန့်ရရှိရေး၊ သုဿာန် စသည်တို့ပါဝင်ပါသည်။

အမှိုက်တစ်မျိုးတည်းအတွက်သုံးသောငွေမှာ စင်းဒေါ်လာ ၁၃၂.၂ သန်း ဖြစ်၏။ နည်းလှသော ငွေပမာဏမဟုတ်ပါ။ ဤသည်ကို ကြည့်ခြင်းဖြင့် စင်ကာပူသည် နိုင်ငံသန့်ရှင်းရေး၊ ကျန်းမာရေးအတွက် မည်မျှ အလေးထားဆောင်ရွက်နေသည်ကို သိနိုင်ပါသည်။

NEA ကလည်း အခြားအဖွဲ့များနှင့်ပေါင်းကာ Singapore Litter Free Campaign များကို ငွေကုန်ကြေးကျခံကာ ပြုလုပ်ပေး လျှက်ရှိပါသည်။ 3R အတွက် ပညာပေးစာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ဆုပေး ဒါဏ်ပေးစနစ် ကျင့်သုံးခြင်း စသည်တို့ကို တစ်နှစ်ပတ်လုံး မပြတ်ပြုလုပ်ပေးလျှက်ရှိ၏။




၅။ နိဂုံး

စင်ကာပူအား အမှိုက်ကင်းစင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးအတွက် အစိုးရမှ မည်သို့ဆောင်ရွက်နေသည်ကို အကျဉ်း အားဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ အကျယ်ကိုမူ NEA နှင့် အခြား link များတွင် ဆက်လက်လေ့လာနိုင်ပါသည်။ သိပ်ပင်မရှည်လှသော်လည်း ဤစာတစ်ပုဒ် ဖြစ်လာအောင် ကျွန်တော်အတော်လေး ကြိုးစားအားထုတ်ယူရပါသည်။ ကျွန်တော်ပေးချင်သော အချက်များပါလို၍ တစ်ကြောင်း၊ မလိုအပ်သည်များနှင့် ဖောင်းပွမနေစေရန် ရေးလိုက်၊ မကြိုက်သည်များကို ပြန်ဖျက်လိုက် လုပ်နေရ၍တစ်ကြောင်း တို့ကြောင့် ဖြစ်၏။ အချက်အလက်များရှာရာတွင် NEA website တစ်ခုတည်းမဟုတ်ဘဲ အခြား link များနှင့် blog များ၊ သတင်းစာများ တွင်လည်း မွှေနှောက်ရှာရပါသေး၏။ ပိုက်ဆံပင် မရသော်ငြားလည်း ဤသို့ရေးလိုက်ရခြင်းကို ကျွန်တော် ကျေနပ်ပါသည်။

ပိုက်ဆံမရဘဲ ဘာကိစ္စ သည်လောက်တောင် အပင်ပန်းခံ၊ အိပ်ပျက်ခံလုပ်နေရသလဲ ဟု တစ်ဦးတစ်ယောက်သည် မေးလာခဲ့သည်ဖြစ်အံ့။ အလုပ်မရှိ၊ အကိုင်မရှိ။ မနေနိုင်မထိုင်နိုင်၊ လက်ယားနေသဖြင့် ရေးတာမဟုတ်ပါ။

ကျွန်တော်ရေးလိုက်သည်ကို တစ်စုံတစ်ယောက်သည် ဖတ်မိငြားသည်ဖြစ်အံ့။ ထိုသူသည် သူသာနှစ်သက်မည်ဆိုလျှင် အခြားတစ်ဦးဦးကို လက်ဆင့်ကမ်းမည်ဖြစ်သတည်း။ ထိုအခါ ဤသို့လက်ဆင့်ကမ်းသည်ကို ဖတ်လိုက်ရသော သကောင့် သားကလေးတစ်ဦးသည် တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် ရန်ကုန်စည်ပင်မှ အရာရှိကြီး ဖြစ်လာအံ့။ ထိုအခါ သူဖတ်မိသော ဤစာများမှနေ၍ အင်း၊ ငါလည်း ငါအစွမ်းရှိသရွေ့ ရန်ကုန်မြို့တော်ကြီးကို သန့်ရှင်းသပ်ယပ်ပြီး စည်းစနစ်ကျလာတဲ့ မြို့ကြီး ဖြစ်လာအောင် လုပ်မှဖြစ်မယ် ဟု တွေးမိငြားသည်ဖြစ်အံ့။

သို့မဟုတ် ယခုပင်လျှင် ရန်ကုန်စည်ပင်မှ တစ်စုံတစ်ယောက်သော အရာရှိ/အင်ဂျင်နီယာသည် ဤစာကို ဖတ်မိသည်ဖြစ်အံ့။ ၎င်းသည် အထက်လူကြီးများကို တင်ပြကာ ၎င်းတို့လုပ်နေသော အမှိုက်သိမ်းစနစ်ကို သည့်ထက်ပိုမိုကောင်းမွန်သော စနစ်တစ်ခုဖြစ်လာအောင် ကြိုးစားလာမည် ဖြစ်အံ့။

ထိုအခါ ကျွန်တော်အပင်ပန်းခံ ရေးသားရကြိုးနပ်ပြီ ဖြစ်ပါသတည်း။

မည်သည်နှင့်တူသနည်းဆိုလျှင် လူတစ်ဦးသည် စာတစ်စောင်ကို ပုလင်းထဲ အလုံပိတ်ထည့်ကာ စင်ကာပူ ပင်လယ်ကမ်းစပ်မှ နေ၍ ဂျာမဏီရှိ မိတ်ဆွေထံရောက်အောင် ပင်လယ်ထဲ မျှောလိုက်သကဲ့သို့လည်းကောင်း။ မုဆိုးတစ်ဦးသည် တောအစပ်မှ နေ၍ တောနက်ထဲမှသမင်ကို ယော်ရမ်းမှန်းမျှော်ကာ မြားဖြင့် ပစ်လိုက်သကဲ့သို့လည်းကောင်း ဖြစ်ပါသည်။

ကျွန်တော်တို့ မမွေးခင်၊ ယခင်ကာလများက ရန်ကုန်မြို့တော်ကြီးကား အရှေ့တောင်အာရှတွင် အသန့်ရှင်းဆုံး မြို့တော်ကြီး ဖြစ်ခဲ့သည်။ ရထားများမှာလည်း အလွန် အချိန်မှန်သည်။ လမ်းမီးများ ထွန်းချိန်၊ ပိတ်ချိန်လည်း မှန်လှသည် စသဖြင့် နာမည်ကျော်ခဲ့သည်ဟု ဖတ်မှတ်မိပါသည်။ ကိုလိုနီအမွေအနှစ်လက်ကျန်များ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

ယခု ဖြစ်ပျက်နေသော အခြေအနေကိုကြည့်ပြီး ယခင်အခြေအနေများနှင့် နှိုင်းယှဉ်ကာ တစ်စုံတစ်ယောက်က မင်းတို့ဗမာတွေ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နိုင်လောက်တဲ့ အရည်အချင်းမရှိသေးပါဘူးကွာ ဟု ကဲ့ရဲ့သဂြိုဟ် အတင်းဆိုလာသည်ဖြစ်အံ့။ ကျွန်တော်ကအစ ရှိရှိသမျှ မြန်မာအားလုံးမှာ လက်သီးလက်မောင်းတန်းလျှက် ဟေ့ကောင်၊ မင်း ဘာစကားပြောတာလဲ၊ မိုက်ရင်ထွက်ခဲ့ ဟု လူမိုက်စကားပြောမှာ သေချာပါ၏။ အနို့၊ သူပြောတာ ဟုတ်မဟုတ် ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ကြဘို့ လိုပါပြီ။

သို့ဆိုလျှင် အပြောမခံလိုသော ပညာတတ်အမည်ခံ ကျွန်တော်တို့ မြန်မာအမျိုးသားအားလုံး စည်းလုံးညီညွတ်စွာ (မည်သူ့ကိုမှ လက်ညှိုးထိုး၊ အပြစ်ဖို့မနေဘဲ) တိုင်းပြည်ကြီး လူလူသူသူဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ရာ အချိန်တန်ပါပြီ။

အချုပ်အားဖြင့် -
အင်တာနက်နှင့်ထိတွေ့နေသော တက်သစ်စ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးကလေးများသည် အမှိုက်ကို မည်ကဲ့သို့ စည်းစနစ်ကျစွာ ပစ်ရမည်။ ပစ္စည်းများကို စနစ်တကျ လျှော့ချ၊ သုံးစွဲခြင်းဖြင့် မည်ကဲ့သို့ ပတ်ဝန်းကျင်ကို အထောက်အကူပြုရာ ရောက်သည်ဟူသော အသိကလေး အနည်းငယ်မျှရသွားပြီ ဆိုလျှင်ပင် ကျွန်တော် ကျေနပ်ပါပြီ။

သန့်ရှင်းသပ်ယပ်စွာနေထိုင်ခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းသူများ ဖြစ်လာကြပါစေကုန်သတည်း။

အေးငြိမ်း
၈ အောက်တိုဘာ ၂၀၁၁၊ နေ့လည် ၂ နာရီ ၂၂ မိနစ်
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: (65) 97303027





5 comments:

Mg Ogga said...

ကောင်းပါတယ် ဗျာ အတော်လေးပြည့်ပြည့်စုံစုံရေးထားလို့ ကျေးဇူး

Anonymous said...

very useful post.
thanks a lot for your time in writing this.
hope this post will be published in the journals in our country!

စံပယ်ပန်း said...

thanks for your sharing

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ
အားသေးဘူးထင်ပါရဲ့  အသစ်မတွေ့ လို့ လေ-
သစ်ပင်တွေကိုပြုစုပျိုးထောင်တဲ့ စင်္ကာပူရဲ့ အကြောင်းကို
မှတ်တမ်းမှတ်စုကလေးများရေးထားတာရှိခဲ့ ရင်တင်ပေးပါ
အုံးဗျာ-စင်္ကာပူမှာအပင်တွေခုတ်တာကအစ-ပန်းတွေပွင့်
စေချင်တာအဆုံးစိတ်ဝင်စားလို့ ပါ။

Aye Nyein said...

ကိုဂျစ်တူးရေ -

ကျွန်တော် တခြားမဂ္ဂဇင်းတစ်စောင်အတွက် ရေးပေးနေရလို့ပါဗျာ။
သူတို့မဂ္ဂဇင်းမှာ ဖော်ပြမှာမို့လို့ ကျွန်တော့် blog မှာ တင်လို့မကောင်းလို့ပါ။ သူတို့မဂ္ဂဇင်းထဲ ပါပြီးမှပဲ တင်ပါ့မယ်။
အခု စင်ကာပူက ရေမြောင်းတွေအကြောင်း ရေးနေပါတယ်။

ကျေးဇူးတင်ပါတယ်။