စင်ကာပူအကြောင်းတွေချည်း တောက်လျှောက်ရေးလိုက်၊ မြန်မာပြည်က ဟာကွက်တွေ ထောက်ပြလိုက်နဲ့ စာဖတ်ပရိတ် သတ်တော့ အတော်လေး မျက်စိနောက်လောက်ပြီ ထင်ပါ့။ တချို့ဆို မေတ္တာတွေများတောင် ပို့နေမလား မသိဘူး။ ဖြစ်စေချင် တဲ့ စေတနာရှေ့ထားပြီး ရေးတာပါ။
ဒီတော့ ဒီတစ်ခါ မြန်မာပြည်က အကြောင်းရေးမယ်။ အရေးကြီးပေမဲ့ ဘယ်သူမှ အလေးမထားတာ။ ပြောရရင် မြန်မာ့ထုံးစံ အတိုင်း ကြည့်ကျက်လုပ်နေကြတဲ့အကြောင်းပါ။ ဒါလည်း စနစ်တကျလေး ဖြစ်လာစေချင်တဲ့စေတနာနဲ့ ရေးတာပါ။ ခုထိတော့ ဒီကိစ္စဘယ်သူမှ ရေးကြီးခွင်ကျယ်လုပ် ပြောတာ မကြားရသေးပါဘူး။
ခု ကျွန်တော်ရေးကြီးခွင်ကျယ်လုပ် ပြောပြစေ။ သည်းခံခွင့်လွှတ် ဖတ်တော်မူကြပါခင်ဗျား။
နိဒါန်း
ယနေ့ခေတ်တွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ တစစပျောက်ကွယ် လိုက်လာနေသည်ဟု ကျွန်တော် ဒီလိုပဲ ခံစားမိပါ၏။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုတွင် ကိုယ်ပိုင်စာရှိသည်။ ကိုယ်ပိုင် အက္ခရာရှိသည်။ ကိုယ်ပိုင် အချင်အတွယ်၊ အတိုင်းအတာ ရှိသည်။ ကိုယ်ပိုင်နာရီရှိသည်။ ကိုယ်ပိုင် ပြက္ခဒိန်ရှိသည်။ ပြောရလျှင် မြန်မာပြည်ဖြစ် ကိုယ်ပိုင်ယဉ်ကျေးမှု အပြည့်အ၀ ရှိသည်။ ဒါဖြင့် အခု အဲဒါတွေ ဘယ်သူတွေများ သေသေချာချာသိသေးလဲ မေးကြည့်ပါ။ လူ ၁၀၀၀ လိုက်မေးလျှင် ၁ ယောက် သိဘို့ခဲယဉ်းပါသည်။ အားလုံး ယောင်ဝါးဝါးချည်း ဖြစ်မှာ သေချာလှပါသည်။
သူများမပြောပါနှင့်။ ကျွန်တော်ကိုယ်နှိုက်တောင်မှ မြန်မာလို ဒီနေ့ဘယ်နှရက်လဲ ဟု လာမေးလျှင် မဖြေနိုင်ပါ။ နေ့ကို မဆိုထားနှင့်။ နှစ်ကိုတောင်မှ တပ်အပ်သေချာ မပြောနိုင်ပါ။ အင်း၊ ၁၃၇၀ လောက်ထင်တယ် ဟု ဖြန်းပြီး ဖြေရမည် ဖြစ်ပါသည်။
သို့ဖြစ်ရသည့်အကြောင်းများတွင် အင်္ဂလိပ်၊ ဒတ်ချ်၊ ပေါ်တူဂီ၊ ပြင်သစ် စသောတိုင်းပြည်များက ကမ္ဘာလှည့်ကာ ကိုလိုနီပြုပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ စသည်တို့ကို ယူဆောင်ဖြန့်ဝေခဲ့ခြင်းကြောင့် လည်းကောင်း၊ ၎င်းတို့၏ စနစ်မှာ အရှေ့တိုင်းမှ စနစ်များထက် ပိုမိုလွယ်ကူ၊ စည်းစနစ်ကျနသောကြောင့် လည်းကောင်း ဖြစ်မည်ထင်ပါသည်။ ဥပမာ - အင်္ဂလိပ်စာ နှင့် တရုတ်စာ ယှဉ်ကြည့်လိုက်လျှင် အင်္ဂလိပ်စာက ပိုလွယ်သည်ဆိုတာ မည်သူမှ ငြင်းမည်မဟုတ်ပါ။
နောက်တစ်ခု ကျွန်တော်ဉာဏ်မမီသည်မှာ အရှေ့တိုင်းက လူတွေက ဘာဖြစ်လို့ အနောက်တိုင်းကလူတွေထက် ပိုညံ့နေရ သလဲ၊ အဲလေ ညံ့တယ်ခေါ်မလားတော့ မပြောတတ်ဘူးပေါ့။ ယခု လူသားအားလုံးကို အကျိုးပြုနေသော တီထွင်ဆန်းသစ်မှု အားလုံးကို သေသေချာချာ စာရင်းချကြည့်လိုက်လျှင် အနောက်တိုင်းမှချည်းလိုလို ဖြစ်ပါသည်။ အရှေ့တိုင်းမှ တီထွင်တာ လက်ညှိုးထိုးပြရလောက်အောင် မရှိပါ။ အရှေ့တိုင်းဆိုလျှင် တောင်ကိုးရီးယားနှင့် ဂျပန်ကို လက်ညှိုးထိုးပြစရာရှိပါသည်။ သို့သော်လူသားထုတစ်ရပ်လုံးကို အကြိုးပြုသည့်တီထွင်မှုမျိုးများ မလုပ်နိုင်ခဲ့ပါ။ (ကျွန်တော်မသိတာလည်း ဖြစ်နိုင်ပါသည်။ သိသူများ ထောက်ပြခဲ့ကြပါ။)
သည်တော့ အကျိုးဆက်က အရှေ့တိုင်းယဉ်ကျေးမှုများကို အနောက်တိုင်းယဉ်ကျေးမှုများက ဝါးမြိုလိုက်သည်။ အရှေ့တိုင်း ယဉ်ကျေးမှုများမှာ အသက်ယဲ့ယဲ့မျှကျန်ကာ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေပြီ။ ယခု အရှေ့တိုင်းနိုင်ငံများအားလုံး အနောက်တိုင်း ယဉ်ကျေးမှုကို လက်ခံကျင့်သုံးကာ မိမိရိုးရာ ပုဆိုး၊ လုံချည်များကို ချွတ်လျှက်၊ ကျားကျား မမ အကုန် ဘောင်းဘီတွေ ဖြစ်ကုန်သည်။ မြန်မာတို့၏ တိုက်ပုံကို မည်သည့်နိုင်ငံကမှ အတုခိုးကာ အမြတ်တနိုးဝတ်တာမရှိ။ မြန်မာများ၊ အဲလေ မြန်မာသာမကပါဘူး၊ အရှေ့တိုင်းက နိုင်ငံ့ ခေါင်းဆောင်ကြီးများ၊ ကြီးကြီးမာစတာကြီးများ ခရီးသွားပြီဟေ့၊ ဘယ်ဆယ်မီနာ တက်ပြီဟေ့ဆိုလျှင်တော့ အနောက်တိုင်း ဝတ်စုံ အပြည့်နှင့် ဖြစ်ပါသည်။
ယခုပင်လျှင် မြန်မာပြည်က ဂျာနယ်များကို ကြည့်လိုက်ပါ။ မြန်မာ စာဖတ်ပရိသတ်အတွက် ရည်ရွယ်ကာ မြန်မာပြည်တွင် ထုတ်ပြီး မြန်မာများသာဖတ်သော မြန်မာပြည်ထဲတွင်သာ ဖြန့်သည့် ဂျာနယ်နာမည်များ အဘယ်ကြောင့် အင်္ဂလိပ်နာမည် ဖြစ်သွားရပါသနည်း။ အထဲဖတ်ကြည့်လိုက်တော့လည်း အင်္ဂလိပ်လို ရေးထားသောသတင်း၊ အင်္ဂလိပ်လိုရေးထားသော ဆောင်းပါး တစ်ပုဒ်မျှမပါ။ သို့သော် ခေါင်းစဉ်တပ်တာကတော့ Policy Article, Perspective, Life Style။ ကြည့်ရသည်မှာ ပေါင်မုံ့ကို ငါးပိချက်ဆမ်းစားသလိုမျိုး ဖြစ်နေပါသည်။ သည်မျှသာမက မုံ့နာမည်၊ ဆိုင်နာမည်၊ ဟော်တယ်နာမည်များမှာလည်း အင်္ဂလိပ်နာမည်ပေးမှ ပိုရောင်းကောင်းသလား။ မြန်မာလို နာမည်ပေးရမှာပဲ ရှက်လေရော့သလားမသိ။ အဆိုတော်များ နာမည်ကရော။ အချို့သီချင်းများဆိုလျှင် ကျွန်တော့်မှာ မည်သည်က အဆိုတော်နာမည်၊ မည်သည်ကသီချင်းနာမည်ကို ကောင်းကောင်း မဝေခွဲနိုင်။ ကလေးများကို မေးရသည်။ နောင်ဆိုလျှင် တိုင်းရင်းဆေးဆရာကြီးများ ရောင်းသော မြန်မာ ဘယဆေးများကိုပါ အင်္ဂလိပ်နာမည် ပေးမည်ထင်ပါသည်။ ယခုတောင်ရှိနေပြီလား မပြောတတ်။
နောက်ပြီး ကျွန်တော့် email ထဲ ရောက်ရောက်လာသည့် မြန်မာပြည် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပညာရပ်ဆိုင်ရာ ဟောပြောပွဲ ဖိတ်စာ။ ပြောမည့်သူကလည်း မြန်မာ၊ နားထောင်မည့်သူများကလည်း မြန်မာများ၊ ပြောမှာကလည်း မြန်မာလို။ သဟာနှင့်များ တောင် အဘယ်ကြောင့် ဘိုလို ကြော်ငြာပါသနည်း။ နိုင်ငံတကာမှ ဧည့်သည်များကို လာစေလိုလို့လား။ ဒါမှမဟုတ် နိုင်ငံတကာကို ငါတို့ဒါတွေလုပ်နေတယ် ဆိုတာ သိစေချင်လို့လား။ သို့မဟုတ် ဟောပြောပွဲခေါင်းစဉ်ကို မြန်မာလိုပေးဘို့ မြန်မာ စာလုံးရှာမရလို့လား။ မြန်မာလိုပေးလိုက်လျှင် ဖတ်ရထောင့်သွားမှာ စိုးသည့်အတွက်လား။ ကျွန်တော်သေသေချာချာ မသိပါ။ ဒါ အင်တာနက်က ကြော်ငြာတာဗျ။ ကွန်ပြူတာတွေမှာ မြန်မာစာလုံးမရှိရင် ဖတ်မရမှာစိုးလို့ အင်္ဂလိပ်လို ကြော်ငြာရတာပါ ဟု ဇွတ်အတင်း မငြင်းပါနှင့်။ မြန်မာကိုင်သော ကွန်ပြူတာမှန်သမျှ မြန်မာစာလုံးရှိသည်။
သည်လိုပြောလိုက်လို့ ကျွန်တော့်ကို ရှေးရိုးစွဲ၊ တယူသန်၊ ခေတ်နောက်ပြန်ဆွဲလိုသူ ဟု မယူဆစေလိုပါ။ ကျွန်တော် စင်ကာပူတွင်နေတာ ဆယ်နှစ်ကို တော်တော်များများ စွန်းခဲ့ပါပြီ။ ယခု စင်ကာပူက ကလေးတွေ ဘယ်လိုဖြစ်နေသနည်း။ ကျွန်တော်ချီးကျူးမိသည်မှာ အိန္ဒိယအမျိုးသမီးများ ဖြစ်ပါသည်။ ဘယ်သူတွေ ဘယ်လိုဝတ်ဝတ်၊ သူတို့ဆာရီကို စွဲစွဲမြဲမြဲ ဝတ်သည်ကို ကျွန်တော်ကတော့ အလွန်သဘောကျ၊ ချီးကျူး၊ လေးစားပါသည်။ ကျွန်တော်ကိုယ်နှိုက်သည်ပင်လျှင် အပြင်ကို ပုဆိုးဝတ်သွားရမှာ စိတ်ထဲမှာ တမျိုးဖြစ်နေပါသည်။ အကြိမ်များစွာ ပုဆိုးဝတ်ရန် ကြိုးစားကြည့်ပါသည်။ အိမ်ကထွက်ပြီးမှ တဖန်ပြန်ဝင်ကာ ပြန်ချွတ်ခဲ့သည်ချည်း ဖြစ်၏။
ကျွန်တော်ယခုပြောလိုသည်မှာ သည်ယဉ်ကျေးမှုအကြောင်းမဟုတ်။ သို့သော် ယဉ်ကျေးမှု မှေးမှိန်လာသည်နှင့်အမျှ ထို ယဉ်ကျေးမှုနှင့် နှီးနွယ်ပတ်သက်နေသည့် အတိုင်းအတာ၊ အသုံးအနှုံးများပါ ပျောက်ကွယ်သွားမည့် အန္တရာယ်အကြောင်း ပြောလိုရင်းမျှသာ ဖြစ်ပါသည်။ ပထမဦးစွာ ပြောလိုသည်မှာ မြန်မာ ပြက္ခဒိန်အကြောင်း ဖြစ်ပါသည်။
မြန်မာ ပြက္ခဒိန်
၁။ နိဒါန်း
မြန်မာပြက္ခဒိန်အကြောင်း မပြောမီ အတိတ်ကာလက စိတ်မကောင်းစရာ ဖြစ်ရပ်ကလေးတစ်ခု ပြောခွင့်ပြုပါ။ ကျွန်တော် စိုက်ပျိုးရေး တက္ကသိုလ်တွင် ကျောင်းဆရာလုပ်နေစဉ်က ဖြစ်ပါသည်။ ကျောင်းသားများကို မြန်မာပြက္ခဒိန်အကြောင်း ဘယ်လောက်သိသလဲဟု မေးကြည့်သောအခါ တစ်ယောက်ဆို တစ်ယောက်မှမသိပါ။ ထို့ကြောင့် အင်း၊ တိုင်းပြည်အုပ်ချုပ်မဲ့ အလောင်းအလျာတွေက ကိုယ့်မြန်မာပြက္ခဒိန်အကြောင်း ကောင်းကောင်းမသိဘူးဆိုတာ သိပ်မနိပ်သေးဘူး ထင်တယ်။ ဒီကောင်တွေ သင်တန်းပေးမှဘဲ ဟု ပူစရာမရှိ ကြံဖန်ပူကာ မြန်မာပြက္ခဒိန် တွက်နည်းသင်တန်းဖွင့်မည်။ တက်လိုသူများ မောင်ဘယ်သူ၊ မဘယ်သူသို့ ဘယ်နေ့နောက်ဆုံးထား စာရင်းပေးကြပါ ဟု အတန်းထဲတွင်လည်း ကြေငြာ၊ အဆောင်များ တွင်လည်း ကြော်ငြာကပ် လုပ်ပါလေတော့၏။
စာရင်းပိတ်ရက်ရောက်သော် မျှော်လင့်တကြီးနှင့် အဆောင်များသို့ စာရင်းသွားယူ၏။ ကျောင်းသား ၃ - ၄၀၀ ကျော် ရှိသည့် အနက် မြန်မာပြက္ခဒိန် တွက်နည်းသင်တန်းကို တက်လိုသူမှာ ၁ ဦးကြီးများတောင်ဟု သိရပါသည်။ ကျွန်တော့်မှာ ကိုယ့်အပြစ်နှင့်ကိုယ် ဘာစကားမှ မပြောနိုင်ဘဲ ကုပ်ကုပ်ကလေး ပြန်ခဲ့ရဖူးပါသည်။ သင်တန်းဖွင့်ရန်ရည်ရွယ်ပြီး ရေးထားသော သင်တန်းမှတ်စုများ၊ လက်ရေးနှင့်ဖောက်ထားသော ဖယောင်းစာရွက်များအားလုံး အလဟဿ ဖြစ်သွား ရသည်။ သည်ကစပြီး နောင် ပြက္ခဒိန်ကိစ္စ မည်သူ့ ကိုမှ စကားမစရဲတော့ပါ။ အတော်လေး နောင်ကြဉ်သွားပါသည်။
ယခုလည်း အမှတ်မရှိ။ ဖတ်ချင်တဲ့လူဖတ်၊ မဖတ်ချင်တဲ့လူနေ ဟု လက်ညောင်းခံ၊ ဇက်ညောင်းခံ။ အိပ်ရေးပျက်ခံကာ ရေးလိုက်ပြန်ပါသည်။ ဒါတွေသိတော့ရော ဘာတိုးထူးလာမလဲ ဟု တစ်စုံတစ်ယောက်သောသူသည် မေးလာငြားအံ့။ ကျွန်တော့်တွင် ဖြေစရာစကားမရှိပါ။ သိထားတော့ ကောင်းတာပေါ့ကွာ ဟု ပြောရအောင်ကလည်း ဘာကောင်းတာလဲဗျ ဟု ပြန်မေးလာလျှင် မည်ကဲ့သို့ ဖြေရပါမည်နည်း။
သည်တော့ ဖတ်ချင်သူများ ဖတ်ပါ။ ဘာတွေမှန်းလည်း မသိဘူး ဟု မဖတ်ချင်သူများမှာ အပြစ်မရှိပါ။ ကျွန်တော်ရေးမိ၊ အပြစ်ရှိသည် ဟုသာ ပြောရပါမည်။ မရှင်း၍ မေးလိုသူများ y_nyein@yahoo.com.sg သို့ မေးနိုင်ပါသည်။ မေးလာသူကို ကော်ဖီတိုက်ကာ ဖြေပေးပါမည်။ သို့သော် ကျွန်တော့် စာအုပ်စာတမ်းများမှာ ရန်ကုန်တွင် ကျန်ခဲ့ပါသဖြင့် ယခု မှတ်မိသမျှ၊ ရှိသမျှလေးနှင့် ရေးလိုက်ပါသည်။ ကင်းကွာနေတာ ကြာပြီဖြစ်သဖြင့်လည်း အားလုံးလိုလို မေ့ကုန်ပါပြီ။
ပြက္ခဒိန်အတွက် ဖတ်ရန် အကောင်းဆုံးနှင့် အပြည့်စုံဆုံးစာအုပ်မှာ ဦးအုံးကြိုင် ရေးသည့် မြန်မာပြက္ခဒိန် သုတေသနကျမ်း ဖြစ်ပါသည်။ စာပေဗိမာန် မှ ထုတ်၏။ ယခု ကျွန်တော့်လက်ထဲတွင် မရှိ။ ရန်ကုန်အိမ်တွင် ကျန်ခဲ့ပါသည်။ အခြားစာအုပ်မရှိ၍ သာ ပြည့်စုံသည်ဆိုရသော်လည်း အရမ်းအပြည့်စုံကြီးတော့ မဟုတ်ပါ။
ကျွန်တော့်တွင် မှီငြမ်းစရာစာအုပ်မပြည့်စုံ၍ အချို့အချက်အလက်များကို kyaw kyaw thant site : http://kyaw3.multiply.com/ နှင့် ဝဏ္ဏကို၏ blog : http://kowunnako.blogspot.com/ တို့မှ ယူငင်သုံးစွဲထားပါသည်။ ကိုကျော်ကျော်သန့်နှင့် ကိုဝဏ္ဏကို တို့က ပြက္ခဒိန် နှင့် မြန်မာပြက္ခဒိန်အကြောင်း ရှင်းပြရန် ကြိုးစားထားပါသည်။ သို့သော် နှစ်ခုလုံး အဆုံးထိမရောက်ပဲ တစ်ဝက်တစ်ပျက်နှင့် ရပ်ထားတာတွေ့ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်ပါ၏။ နျူမာန် (မိုးတား) တွင်လည်း အနည်းငယ်ပါပါသည်။ သို့သော်သူက ပြက္ခဒိန်အကြောင်းထက် ဗေဒင်အကြောင်း အဓိကထားရေးတာဖြစ်၏။
မြန်မာပြက္ခဒိန်တွက်နည်းမှာ ရှုပ်ထွေးလှသည်ဖြစ်ရာ သည်ဆောင်းပါးတစ်ပုဒ်ထဲနှင့် အကုန်ဖော်ပြဘို့ရာ မဖြစ်နိုင်။ ကျွန်တော် အကုန်ချရေးပြလျှင်သော်မှ စာဖတ်သူတော်တော်များများ နားလည် နိုင်စရာမရှိ။ မြန်မာပြက္ခဒိန်မှာ ကောင်းကင်နက္ခတ် အသွားအလာများကို အခြေခံထားသည် ဖြစ်ရာ မြန်မာပြက္ခဒိန် တွက်လိုသူတို့ နက္ခတ်အသွားအလာကိုပါ တီးမိခေါက်မိ ရှိထားရန် လိုပါသည်။ အထူးသဖြင့် ဗေဒင်ပညာကို ကျကျနန လေ့လာဖူးသူများသာ သေသေချာချာ သဘောပေါက် နားလည်လိမ့်မည်။ ကျွန်တော်ပြောတာ မယုံလျှင် စရုံစထားပြီး အဆုံးမသတ်ရသေးသော ကိုကျော်ကျော်သန့် blog သို့ သွားဖတ်ကြည့်ပါ။ http://kyaw3.multiply.com/journal/item/482
ထိုဆောင်းပါး၏အဆက် ရှိလိုရှိငြား ရှိသမျှလိုက်ဖွင့်ကြည့်တာတော့ မတွေ့ပါ။ အခြားတစ်နေရာတွင် ရှိနေလျှင်တော့လည်း မပြောတတ်ပါ။ ကိုဝဏ္ဏကို၏ blog တွင် ယခင်က တော်တော်ပြည့်ပြည့်စုံစုံ ပါသည်ထင်ပါသည်။ ယခု ဘာမှ ဖွင့်လို့မရတော့ သည်ကို ထောက်လျှင် ပြန်ဖျက်လိုက်တာထင်ပါသည်။
ကျွန်တော့်ကို တွက်ပြစမ်းပါဆိုလျှင်လည်း စာအုပ်ကြည့်ပြီးမှ တွက်တတ်ပါသည်။ အလွန်များပြားရှုပ်ထွေးလှသဖြင့် အလွတ်ရဘို့ မလွယ်ပါ။ တွက်တတ်လိုသူများ အထက်တွင်ပြောခဲ့သည့် ဦးအုံးကြိုင် ၏ မြန်မာပြက္ခဒိန် သုတေသနကျမ်း ကို ရှာဖွေဝယ်ယူ လေ့လာပါဟု တိုက်တွန်းပါသည်။ ယခု ကျွန်တော်ရေးမည်မှာ မြန်မာပြက္ခဒိန်အကြောင်း မိတ်ဆက်မျှသာ ဖြစ်ပါ၏။
၂။ ပြက္ခဒိန် ဆိုတာ ဘာလဲ
ပြက္ခဒိန်မဟုတ်ပါ။ ပြက္ခဒိန် ဆိုတာ မြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်။ အမှန်မှာ ပါဠိစကားလုံး ပက္ခဒိန ဖြစ်၏။
ပက္ခ + ဒိန => ပက္ခဒိန => ပက္ခဒိန် => ပြက္ခဒိန်
ပက္ခ ဆိုသည်မှာ လဆန်း၍သွားခြင်း၊ ဆုတ်၍သွားခြင်းကို ခေါ်ခြင်းဖြစ်သည်။ လဆန်းပက္ခ၊ လဆုတ်ပက္ခ ဟု ဆိုသည်။
ဒိန ဟူသည်မှာ နေ့ဖြစ်၏။ ထို့ကြောင့် ပက္ခဒိန ဟူသည် လဆန်းခြင်း၊ ဆုတ်ခြင်းတို့ကို ရေတွက်ထားသော နေ့များ ဖြစ်သည် ဟု အဓိပ္ပါယ်ရသည်။ သည့်အတွက် ယခု ခရစ်ပြက္ခဒိန် (calendar) ကို ပြက္ခဒိန်ခေါ်ခြင်းမှာ မမှန်ပါ။ အဘယ်ကြောင့် မှားသနည်း။ ပြက္ခဒိန်ဟူသည် လသွားနှုံးကို အခြေခံကာ လဆန်း၊ လဆုတ်ရက်များကို ဖော်ပြသည်။ မြန်မာ ပြက္ခဒိန်က လဆန်း ဘယ်နှရက်၊ လပြည့်၊ လဆုတ် ဘယ်နှရက်၊ လကွယ် ဟု ဖော်ပြသဖြင့် ပြက္ခဒိန်ဟု ခေါ်တာ မှန်သည်။ ခရစ်ပြက္ခဒိန်က နေသွားနှုံးကို အခြေခံသည်။ လဆန်း၊ လဆုတ်ရက်ကို မဖော်ပြနိုင်။ သည့်အတွက် ခရစ်ပြက္ခဒိန်ကို ဘာသာပြန်စရာ စာလုံးရှား၍သာ ပြက္ခဒိန်ခေါ်ရသော်လည်း မမှန်။ မှားသည်။
ယခင်ကမူ ပက္ခဒိန် ရေးလိုရေး၊ ပြက္ခဒိန်ရေးလိုရေး၊ အမျိုးမျိုးရေးကြသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်ထောင်စု နိုင်ငံတော် ပြက္ခဒိန် တော်ဆက်အဖွဲ့က ပြက္ခဒိန် ဟု စာလုံးပေါင်းရမည် ဟု ဆုံးဖြတ်သည်မှ အစ ပြက္ခဒိန်ဟုသာ တစ်မျိုးထည်း သုံးစွဲကြလေတော့သည်။
မြန်မာပြက္ခဒိန်မှ လ များမှာ လ သွားနှုံးကို အခြေခံသဖြင့် စန္ဒြမာသ ဟု ခေါ်သည်။
စန္ဒြ = လ + မာသ = လ (ရက် ၃၀ တစ်လ စသည်)
ခရစ်ပြက္ခဒိန်မှ လ များမှာ နေ သွားနှုံးကို အခြေခံသဖြင့် သူရိယမာသ ဟု ခေါ်သည်။
သူရိယ = နေ + မာသ = လ (ရက် ၃၀ တစ်လ စသည်)
မြန်မာပြက္ခဒိန်တွင် တစ်လ ဟု ခေါ်ခြင်းမှာ ကောင်းကင်ပေါ်မှ လသည် အသစ်ပေါ်လာသည်။ တဖြည်းဖြည်း ပြည့်လာသည်။ ထို့နောက် အပြည့်ဆုံးသို့ရောက်လာပြီး ပြန်ဆုတ်သွားသည်။ နောက်ဆုံးကွယ်ပျောက်သွားသည်။ ဤကဲ့သို့ လတစ်ခု၏ ဖြစ်စဉ်တစ်ခု ပြည့်သွားခြင်းကြောင့် တစ်လ ခေါ်သည်။ လ၏ ဖြစ်စဉ်အပေါ် အခြေခံတွက်ချက်ထားသည်။
ခရစ်ပြက္ခဒိန်မှ တစ်လသည် ဘာကို အခြေခံထားပါသနည်း ဟု မေးလျှင် အဖြေမရှိ။ တစ်နှစ်ကို ၁၂ ပိုင်းပိုင်းကာ တစ်လကို ရက် ၃၀ လုပ်လိုလုပ်၊ ၃၁ လုပ်လိုလုပ်၊ ၂၈ ရက် လုပ်လိုလုပ် သတ်မှတ်ကာ တစ်နှစ်ရှိ ၃၆၅ ရက်ပြည့်အောင် ချိန်ကိုက် ထားခြင်းသာ ဖြစ်ပါသည်။
ထို့ကြောင့် ပြောကြစတမ်းဆို မြန်မာပြက္ခဒိန်မှ တစ်လက ပိုပြီး အဓိပ္ပါယ်ရှိသည်။ သို့သော် ကမ္ဘာသွားနှုံးနှင့် လသွားနှုံးက မတူ။ ထိုအခါ ကမ္ဘာက နေကိုတစ်ပတ်ပတ်ပြီးချိန်၊ တစ်နှစ်၊ ၃၆၅ ရက် တွင် လက ကမ္ဘာကိုပတ်တာ ၃၇၆ ရက်လောက် ဖြစ်နေ သည်။ ရက်ချင်းလွဲတော့ နေ ကို အခြေခံပြီးယူထားသည့် တစ်နှစ်နှင့် ညီစေရန် လ ကို အခြေခံပြီးတွက်ထားသည့် မြန်မာပြက္ခဒိန်အား ရက်၊ လများ ပြန်ပြီး ချိန်ညှိပေးရသည်။
ထူးဆန်းသည်မှာ လချင်း၊ နှစ်ချင်းလွဲသော်လည်း တနင်္ဂနွေ၊ တနင်္လာ စသော နေ့များတွင်မတော့ ခရစ်မှာလည်း ခုနစ်ရက်၊ မြန်မာ၊ ဟိန္ဒူ တို့မှာလည်း ၇ ရက် အဘယ်ကြောင့် လာပြီး တိုက်တိုက်ဆိုင်ဆိုင် တူနေရပါသနည်း။ အဘယ်ကြောင့် ခရစ်မှ Sunday နှင့် မြန်မာမှ တနင်္ဂနွေ လာတူနေရပါသနည်း။ ( Sun = နေမင်း။ တနင်္ဂနွေ = နေမင်း)။ သမ္မာကျမ်းစာ ပထမ စာမျက်နှာတွင်တော့ ဘုရားသခင်သည် လောကကြီးကို ၆ ရက်ဖန်ဆင်းပြီး သတ္တမမြောက်နေ့တွင် နားသည်ဟု ဖော်ပြ ထားသည်။ သို့အတွက် တစ်ပတ်ကို ၇ ရက်ထားတာ ဖြစ်မည်။ ခုတော့ သေသေချာချာမသိသေးပါ။ ထပ်ပြီး လေ့လာရ ပါဦးမည်။
၃။ ခရစ်ပြက္ခဒိန် (ဂရေဂေါရီယန် ပြက္ခဒိန်)
မြန်မာပြက္ခဒိန်အကြောင်း ပြောလိုရင်းဖြစ်၍ ခရစ်ပြက္ခဒိန်သမိုင်းကြောင်းကို အကျယ်မခဲ့ျတော့ပြီ။ ခရစ်ပြက္ခဒိန်ကား ကမ္ဘာသုံး ဖြစ်နေပြီ။ သို့ဖြစ်၍ ဗဟုသုတရရုံ သိသင့်သလောက် အနည်းငယ်မျှသာ ပြောပါမည်။
ခရစ်ပြက္ခဒိန်မှာ နေသွားနှုံးကို အခြေခံထားသည်။ ကမ္ဘာကနေကို တစ်ပတ်ပတ်ရန်ကြာချိန်၊ တစ်နည်း အားဖြင့် စထွက်ခဲ့သော အမှတ်သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရန် ကြာသည့်အချိန်ကို တစ်နှစ်ဟု ခေါ်သည်။ သင်္ချာအခေါ်အားဖြင့် ၃၆၀ ဒီဂရီ စက်ဝန်းတစ်ပတ်ပတ်ရန် ကြာချိန်ကို တစ်နှစ်ဟု ခေါ်သည်။ ထိုအချိန်မှာ သူရိယသိဒ္ဓ န ္တကျမ်းလာတွက်နည်း နှင့် သိပ္ပံနည်း အရတွက်နည်း အနည်းငယ်ကွာပါသည်။ သူရိယသိဒ္ဓ န ္တနည်းအရ တစ်နှစ်တွင် ၃၆၅ ရက်၊ ၆ နာရီ ၁၂ မိနစ်၊ ၃၇ စက္ကန့် ရှိ၏။ သိပ္ပံနည်းအရမူ ၃၆၅ ရက်၊ ၅ နာရီ ၄၉ မိနစ်၊ ၄၆ စက္ကန့် ရှိ၏။ နည်းနည်းကွာသည်။
ခရစ်ပြက္ခဒိန်ပေါ်ဦးစက အေးလွန်း၍ အလုပ်မလုပ်နိုင်သော ၂ လကို ထည့်မရေတွက်။ တစ်နှစ်တွင် ဆယ်လသာရှိသည်။ လ အမည်များမှာ နတ်ဘုရားများ၊ ဘုရင်များ၏ အမည်များ ဖြစ်သည်။ ယခုကဲ့သို့ January, February မဟုတ်သေး။ ဗဟုသုတ အဖြစ် ပြောရလျှင် Januarius, Februarius, Martius, Aprilis, Maius, Junius, Julius, Augustus, September, October စသဖြင့် ဖြစ်သည်။ နောက်ကျမှ လအမည်များကိုလည်း ယခုသုံးနေသည့် January စသည်သို့ပြောင်းလိုက်ခြင်း ဖြစ်၏။
ရှေးရောမလူမျိုးတို့၏ ပြက္ခဒိန်တွင်ရှိသော ဆယ်လမှာ -
မတ်လ - ၃၁ ရက်
ဧပြီလ - ၂၉ ရက်
မေလ - ၃၁ ရက်
ဇွန်လ - ၂၉ ရက်
ကွင်းတီးလစ် - ၃၁ ရက်
ဆက္ကတီးလစ် - ၂၉ ရက်
စက်တင်ဘာလ - ၂၉ ရက်
အောက်တိုဘာလ - ၃၁ ရက်
နိုဝင်ဘာလ - ၂၉ ရက်
ဒီဇင်ဘာလ - ၂၉ ရက် - စသဖြင့် ဖြစ်သည်။
နောက်သော် ရောမဘုရင် နူမာပွန်ပီလိယပ် က ဇန်နဝါရီ (၂၉ ရက်) နှင့် ဖေဖော်ဝါရီ (၂၈ ရက်) ဟု နှစ်လ ထပ်တိုးလိုက်သည်။
ယခင်အီဂျစ်နက္ခတ်ပညာရှင်များ တီထွင်ခဲ့သော ပြက္ခဒိန်မှာ ရာသီဥတုနှင့် မညီညွတ်သဖြင့် ဘီစီ ၄၆ ခုနှစ်တွင် ရောမခေတ်၊ ဂျူလိယက်ဆီဇာဘုရင်က နေသွားနှုံး တစ်နှစ် ၃၆၅ ရက်နှင့် ကိုက်ညီစေရန် ပြင်ဆင်ရေးဆွဲခဲ့သည်။ ဘုရင်၏နာမည်ကိုအစွဲပြုကာ ထိုပြက္ခဒိန်ကို ဂျူလီယန် ပြက္ခဒိန်ဟု ခေါ်၏။
ဆီဇာဘုရင်က နက္ခတ်ပညာရှင် ဆီးဂျင်းနစ်၏ အကြံပေးချက်ဖြင့် ရက်၊ လများကို ပြန်လည်ချိန်ညှိကာ ဘီစီ ၄၅ ခုနှစ်၏ နွေဦးရာသီကို မတ်လဟု သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစခဲ့သော ပြက္ခဒိန်မှာ လက်ရှိသုံးနေသော ပြက္ခဒိန်ပင် ဖြစ်ပါတော့သည်။
သို့သော် အေဒီ ၁၅၈၂ ခုနှစ်တွင် လက်ရှိသုံးနေသော ပြက္ခဒိန်သည် အမှန်ရှိရမည်ရက်နှင့် ၁၀ ရက်လွဲနေသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီ (၁၃) က ထို ၁၀ ရက်ကို ပြန်ညှိရန် ၁၅၈၂ ခုနှစ် မတ်လ ၁၁ ရက်ကို ၂၁ ရက်ဟု ပြင်ဆင်ခဲ့သည်။ ထို့နောက်တွင်တော့ ယနေ့တိုင် ပြင်ဆင်ခြင်း မရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုကဲ့သို့ ရက်များ အမှားမှားအယွင်းယွင်း မဖြစ်စေရန် သာမန်နှစ်များကို ၄ နှင့်စားလျှင် ရက်ထပ်နှစ် (ဖေဖော်ဝါရီ ၂၉)၊ ရာစုနှစ်များ (၁၁၀၀၊ ၁၅၀၀၊ ၁၉၀၀၊ ၂၁၀၀ စသည်) ကို ၄၀၀ ဖြင့်စား၍ ပြတ်သောနှစ်အား ရက်ထပ်နှစ် သတ်မှတ်ရမည်ဟု စည်းမျဉ်း ချမှတ် ခဲ့သည်။ ဆိုလိုသည်မှာ ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ နှစ်များမှာ ၄ ဖြင့်စား၍ ပြတ်သော်လည်း ၄၀၀ ဖြင့်စား၍ မပြတ်သောကြောင့် ရက်ထပ်နှစ် မဟုတ်။ ၁၆၀၀၊ ၂၀၀၀ ပြည့်နှစ်များသာ ၄၀၀ ဖြင့်စား၍ ပြတ်သောကြောင့် ရက်ထပ်နှစ်၊ ဖေဖော်ဝါရီ ၂၉ ဖြစ်သည်။
ထိုပြက္ခဒိန်မှာ ယခုသုံးနေသော ကမ္ဘာသုံး ပြက္ခဒိန်ပင် ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီက ပြင်ဆင်ခဲ့သဖြင့် ဂရေဂေါရီယန်ပြက္ခဒိန်ဟု ခေါ်ကြသည်။
ကမ္ဘာသုံးပြက္ခဒိန်ကား ရှင်းလင်းလွယ်ကူ၏။ အများသိကြသည့်အတိုင်း -
ဇန္နဝါရီ၊ မတ်၊ မေ၊ ဇူလိုင်၊ သြဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ - ၃၁ ရက်
ဧပြီ၊ ဇွန်၊ စက်တင်ဘာ၊ နိုဝင်ဘာ - ၃၀ ရက်
ဖေဖော်ဝါရီ - ၂၈ (ရက်ထပ်နှစ် မှာ ၂၉) - ဖြစ်သည်။
ရက်ထပ်နှစ်ဟူသည် ခုနှစ်ကိုတည်။ ၄ နှင့်စား။ ပြတ်သောနှစ်သည် ရက်ထပ်နှစ် ဖြစ်၏။
ရာစုနှစ်ဆိုလျှင် ၄၀၀ နှင့်စား။ ပြတ်သည့်နှစ်သည် ရက်ထပ်နှစ် ဖြစ်၏။
အလွယ်မှတ်ရလျှင် ငယ်ငယ်က ကျက်ခဲ့ရသည့် လင်္ကာကလေးအတိုင်း “ဧဇွန်နိုစက် - ၃၀ ရက်” ဟု မှတ်လိုက်ရုံသာ ဖြစ်ပါသည်။ လွယ်လှ၏။
ဒါဖြင့်ရင်ဗျာ။ ကျွန်တော့်သားက ၁၉၉၇ ခုနှစ် မတ်လ ၉ ရက်နေ့က မွေးတာ ဘာနေ့သားလဲဆိုတာ ပြက္ခဒိန် မကြည့်ဘဲ ခင်ဗျား ပြောနိုင်ပါ့မလား ဟု ပညာစမ်းလာသည်ဖြစ်အံ့။ ကျွန်တော်က သူ့ကို အသာလေးပြုံးပြကာ တနင်္ဂနွေသားပါခင်ဗျာ ဟု ဘာပြက္ခဒိန်မှ လိုက်ရှာနေစရာမလိုဘဲ၊ ဘာစာရွက်ကိုမှလဲ လှန်လှောမနေဘဲ လက်တမ်းပြောပြလိုက်မည် ဖြစ်၏။
ဘာ့ကြောင့်ဤကဲ့သို့ပြောနိုင်ရပါသနည်း။ ၁၉၈၈ ခုနှစ်က ဗိုလ်ချုပ်ဈေး အပေါ်ထပ်၊ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ မှ ပို့ချ သော ဝေဒသင်တန်းများတွင် တက်ရောက်ပညာဆည်းပူးစဉ် ခင်မင်ခဲ့ရသော ကိုခင်မောင်ဇော်က ကျေးဇူးပြုခဲ့သော နည်း ကလေးကြောင့် ဖြစ်ပါသည်။ ကျေးဇူးပါ ကိုခင်မောင်ဇော်ခင်ဗျား။
၁။ အောက်ပါ လင်္ကာကလေးကို အလွတ်ကျက်ပါ။
၁၉၀၁ မှ ၁၉၉၉ ခုနှစ်ထိ
အ လှူ ရှင် ထီ ကြီး ပေါက် ထို ဇန် သာ ၁ ၄ ၆
၂၀၀၀ ခုနှစ်မှ ၂၀၉၉ ခုနှစ်ထိ
ထက် စိုး စံ သန် အောင် လို့ သာ ကီ မျိုး တို့ ဆီ မှာ
အက္ခရာတစ်လုံးစီသည် လ တစ်လချင်းကို ကိုယ်စားပြု၏။
ဇန္နဝါရီလ အ = ၁ ထက် = ဝ
ဖေဖော်ဝါရီလ လှူ = ၄ စိုး = ၃
မတ်လ ရှင် = ၄ စံ = ၃
ဧပြီလ ထီ = ၇ သန် = ၆
မေလ ကြီး = ၂ အောင် = ၁
ဇွန်လ ပေါက် = ၅ လို့ = ၄
ဇူလိုင်လ ထို = ၇ သာ = ၆
သြဂုတ်လ ဇန် = ၃ ကီ = ၂
စက်တင်ဘာလ သာ = ၆ မျိုး = ၅
အောက်တိုဘာလ ၁ တို့ = ဝ
နိုဝင်ဘာလ ၄ ဆီ = ၃
ဒီဇင်ဘာလ ၆ မှာ = ၅
၂။ မွေးခုနှစ် နောက်ဆုံး ၂ လုံးကို ၄ နှင့်စားပါ။
၃။ ရလဒ်ကို မွေးခုနှစ် နောက်ဆုံး ၂ လုံးဖြင့် ပြန်ပေါင်းပါ။
၄။ မွေးရက် ထပ်ပေါင်းပါ။
၅။ လ - လင်္ကာမှ ဂဏန်းထပ်ပေါင်းပါ။
၆။ ပေါင်း၍ရသော ရလဒ်ကို ၇ နှင့်စားပါ။
၇။ အကြွင်းသည် လိုသောနေ့ ဖြစ်၏။
နမူနာတွက် ပုံစံ (၁) ရက်မထပ်နှစ်များ
၁၉၉၇ ခုနှစ် မတ်လ ၉ ရက် သည် မည်သည့်နေ့ဖြစ်သနည်း။
၉၇ ကို ၄ နှင့်စားပါ။ ရလဒ် ၂၄ ဖြစ်၏။ ထို ၂၄ ကို ခုနှစ်ဖြစ်သော ၉၇ နှင့်ပေါင်းပါ။ မွေးရက် ဖြစ်သော ၉ နှင့်ထပ်ပေါင်းပါ။ လ လင်္ကာမှ မတ်လအတွက် ကိန်းသင့်ဂဏန်းဖြစ်သော ၄ နှင့် ထပ်ပေါင်းပါ။ ၁၃၄ ရမည်။ ထို ၁၃၄ ကို တစ်ပတ်တွင်ရှိသော ရက်ပေါင်းဖြစ်သော ၇ နှင့်စားပါ။ အကြွင်း ၁ သည်ကား မွေးနေ့ဖြစ်၏။ ၁ ဖြစ်သည့်အတွက် တနင်္ဂနွေသား ဖြစ်သည်။
အ၊ အာ၊ အိ၊ အီ၊ ဥ၊ အူ၊ ဧ၊ အဲ၊ သြ၊ အော်၊ အံ၊ အား - ၁
က၊ ခ၊ ဂ၊ ဃ၊ င - ၂
စ၊ ဆ၊ ဇ၊ ဈ၊ ည - ၃
တ၊ ထ၊ ဒ၊ ဓ၊ န - ၇၊ ဝ
ပ၊ ဖ၊ ဗ၊ ဘ၊ မ - ၅
ရ၊ ယ၊ လ၊ ၀ - ၄
သ၊ ဟ - ၆
၁၉၉၉ ခုနှစ်နှင့် ၎င်းမတိုင်မီနှစ်များအတွက်
နမူနာတွက် ပုံစံ (၂) ခုနှစ်ကို ၄ နှင့်စား၍ ပြတ်သည့် ရက်ထပ်နှစ်များ - ၁
ရက်ထပ်နှစ်များတွင် ဖေဖော်ဝါရီလ ၂၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိကို အကြွင်းအတိုင်းယူပါ။
၁၉၉၆ ခုနှစ် မတ်လ ၉ ရက်သည် မည်သည့်နေ့ဖြစ်သနည်း။
နမူနာတွက် ပုံစံ (၃) ခုနှစ်ကို ၄ နှင့်စား၍ ပြတ်သည့် ရက်ထပ်နှစ်များ - ၂
ရက်ထပ်နှစ်များတွင် ဇန္နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်ထိရက်များကို အကြွင်းမှ ၁ နှုတ်ပြီးယူပါ။
၁၉၉၆ ခုနှစ် ဇန္နဝါရီလ ၁၇ ရက်သည် မည်သည့်နေ့ဖြစ်သနည်း။
၂၀၀၀ ပြည့်နှစ်နှင့် ၎င်းနောက်နှစ်များအတွက်
နမူနာတွက် ပုံစံ (၄) ရက်မထပ်သော သာမန်နှစ်များ
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၁ ရက်သည် မည်သည့်နေ့ဖြစ်သနည်း။
နမူနာတွက် ပုံစံ (၅) ရက်ထပ်နှစ်များ - ၁
ရက်ထပ်နှစ်များတွင် ဖေဖော်ဝါရီလ ၂၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိကို အကြွင်းအတိုင်းယူပါ။
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်သည် မည်သည့်နေ့ဖြစ်သနည်း။
နမူနာတွက် ပုံစံ (၆) ရက်ထပ်နှစ်များ - ၂
ရက်ထပ်နှစ်များတွင် ဇန္နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်ထိရက်များကို အကြွင်းမှ ၁ နှုတ်ပြီးယူပါ။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်သည် မည်သည့်နေ့ဖြစ်သနည်း။
No comments:
Post a Comment