Sunday, October 2, 2011

ပြန်ရေး ခက်ခက်

 

ကျွန်တော်က ‘စင်ကာပူ “ရေ” ’ ဟုရေးပြီး တင်လိုက်သောအခါ ဖတ်သူများထဲမှ ကိုလူသာလင်းက အောက်ပါအတိုင်း စာရေးလှာပါသည်။

+++++++++++++++++++++++++++++++++++++

စာအရေးအသားတော့ ကောင်းလှပါသည်။ တိုင်းပြည်တည်ဆောက်တယ်ဆိုတာ အုပ်ချုပ်သူအစိုးရမှာဘဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊၊ တိုင်းပြည်တည်ဆောက်ရာမှာ ကျွမ်းကျင်ပညာရှင်များစွာ လိုအပ်ပါတယ်။ ဒီတော့ ပညာရှင်များပြန်လာခဲ့ကြပါ။ ဒီမှာ စင်ကာပူလောက်တော့ လခ မကောင်းမှာတော့သေချာပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်ပြောသလို မိမိတို့ရဲ့နောင်လာနောက်သားတွေကို ဆောင်းပါးရှင်ပြောတဲ့အင်းလေးပုံပြင်မပြောရစေဖို့ ငါတို့မှာလဲ တာဝန်ရှိတယ်လို့ခံယူရင်ဘဲဖြစ်ဖြစ် Singapore မှာရခဲ့တဲ့ Technical Know-how တွေယူခဲ့ပါ။ ဒါပါတီနိုင်ငံရေး မဟုတ်ပါဘူး။ အမျိုးသားရေးပါ။ ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ ကျွမ်းကျင်ပညာရှင်တွေလိုမှာဖြစ်ပြီး တည်ဆောက်ရေး ကာလမှာလဲ အဲဒီပညာရှင်တွေကို ရွှေပေါ်မြတင်မထားနိုင်မှာတော့ သေချာပါတယ်။ နောင်လာနောက်သားတွေ ကောင်းစားဖို့အတွက် ပေးဆပ်ရဦးမှာဘဲ။

နှမ်းတစ်လုံးကောင်းလို့ဆီမထွက်ပေမဲ့ အဲဒီနှမ်းကောင်းတွေ နိုင်ငံခြားရောက်နေတော့ နှမ်းပိန်/ နှမ်းဖျင်းတွေဘဲ ဒီမှာကျန်နေတော့ ဆီမပြောနဲ့ နှမ်းဖတ်တောင် ကောင်းကောင်းထွက်မှာမဟုတ်ပါဘူး။

အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်။

+++++++++++++++++++++++++++++++++++++

စာရေးလာသော ကိုလူသာလင်းကို ကျေးဇူးအထူးတင်ပါသည်။

နိုင်ငံခြားရောက်နေမိသော ကျွန်တော်တို့လူတစ်စု၏ ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုတ် ဖြစ်နေသောအဖြစ်ကို အနည်းငယ် ပြောပြလိုပါသည်။

ပထမပိုင်း - စားဝတ်နေရေးကိစ္စ

ကျွန်တော် စင်ကာပူကို ၁၉၉၈ ခုနှစ်တွင်ရောက်၏။ ရောက်စ ပထမ ၆ နှစ်လောက်က ကျွန်တော့်တွင် ဘာအနှောင်အဖွဲ့မှ မရှိ။ လူပျိုဘ၀။ အလုပ်လုပ်သည်။ နိုင်ငံခြားရောက် မြန်မာအများစုကဲ့သို့ပင် အလုပ်လုပ်ပြီး ရလာသောလခထဲမှ ကိုယ်သုံးစရာ အနည်းငယ်ချန်ကာ မိသားစုထံ အကုန်ပြန်ပို့သည်။ နိုင်ငံခြားတွင် နှစ်ရှည်လများနေဘို့ဆိုတာ ယောင်လို့တောင် အိပ်မမက်ခဲ့ စဖူး။ အချိန်ရှိသမျှ မြန်မာပြည်ကြီးကို လွမ်းနေတာဖြစ်သည်။

၆ နှစ်လောက်လုပ်ပြီးတော့ နေရေးထိုင်ရေးလည်း ချောင်လည်လာပြီ။ လက်ထဲတွင်လည်း ရွှေတိုငွေစကလေးများလည်း စုမိ လာပြီဆိုတော့ မမကလည်း ပြန်လာခဲ့ဘို့၊ ငါတို့ဒီမှာတင် လုပ်ကိုင်စားသောက်ပြီး စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါးနေကြဘို့ မကြာခဏ ပြောပါသည်။ သည့်အတွက် ကျွန်တော်လည်း ရန်ကုန်ပြန်ရောက်ခိုက်များတွင် ဘာလုပ်ရကောင်းမလဲဟု လက်လှမ်းမီသမျှ လေ့လာစုံစမ်း၊ မိတ်ဆွေများ၏ အလုပ်ထဲတွင် ရှယ်ယာလေးများအနည်းအကျဉ်းထည့် လုပ်ကြည့်ပါသည်။

ကျွန်တော်က လူပျိုဆိုပေမင့် ကျွန်တော်တို့မောင်နှမများမှာ အကုန်စုနေကြတာဖြစ်သလို အိမ်ထောင်ကျသွားသော နှမများ၏ သားသမီးများကိုလည်း ခေါ်ယူမွေးထားသေးသည်။ ညီမအငယ်နှစ်ယောက်က သားတစ်ယောက်၊ သမီးတစ်ယောက်စီ မွေးထားသဖြင့် ကျွန်တော့်မှာ ကျောင်းတက်နေသော ကလေး ၄ ယောက်ရှိသည်။ အကြီးဆုံးက ဆယ်တန်းအောင်၊ အငယ်ဆုံးက မူကြို။ သည်တော့ သူတို့အပါအ၀င် ကျွန်တော်တို့မိသားစုမှာ စုစုပေါင်း ၁၀ ယောက်ရှိသည်။ သူတို့အားလုံး၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စ အ၀၀မှာ ကျွန်တော့်ပုခုံးပေါ်တွင် ရှိသည်။

တစ်လတစ်လ ထိုအသုံးစရိတ်များကာမိအောင် မည်သည့်အလုပ်မျိုးလုပ်ပြီး ရှာရပါမည်နည်းဟု စုံစမ်းသည်။ ယခင် နိုင်ငံခြား မထွက်ခင်က အစိုးရ၀န်ထမ်းလုပ်ခဲ့သဖြင့် အပြင်အလုပ် ဘာမှမလုပ်တတ်။ ကျွန်တော့်လို အူပုံမျိုးနှင့်သာ အပြင်စီးပွားရေး လုပ်လို့ကတော့ ရှိသမျှအကုန်ပြောင်လမ်း မြင်သည်။ ၀န်ထမ်းလုပ်ပါပြီတဲ့။ မည်သူသည် ကျွန်တော့်အား လခ ၅ သိန်းပေးကာ ခန့်ပါမည်နည်း။

(စီးပွားရေးနှင့်ကျွန်တော် အပေါက်အလမ်းမတည့်ပုံကို အနည်းအကျဉ်းပြောပြရလျှင် - ကျွန်တော်က စီးပွားရေးလုပ်ငန်းကို ဝေဿန္တရာမင်းကြီးစိတ်မျိုးနှင့် လုပ်သည်။ သည်တော့ ၂၀၀၇ ခုနှစ်လောက်က အရမ်းမရင်းနှီးသော မိတ်ဆွေတစ်ဦး စပ်လာ သဖြင့် စိတ်ပင်မပါလှသော်လည်း အားနာပါးနာလုပ်လိုက်သည်။ လူပင်ဖတ်ဖတ်သီအောင် ပင်ပန်းတာမဟုတ်။ စင်ကာပူဒေါ်လာ ၃၅၀၀ လည်း ရှုံးလိုက်သေးသည်။ ယခု ၂၀၁၀ ခုနှစ်တွင် လည်း အလွန်အင်မတန်ရင်းနှီးသော သူငယ်ချင်းတစ်ဦးက အကူအညီတောင်းသည်နှင့် ပေါင်းလုပ်လိုက်သည်။ ဘာကမှ လုပ်စရာမလို။ ပိုက်ဆံစိုက်ထုတ် ပေးလိုက်ခြင်းသာ ဖြစ်၏။ ဤတွင်လည်း စင်ကာပူဒေါ်လာ ၇၀၀၀ ကျော်ရှုံးသည်။ ဘာမှလုပ်တာမဟုတ်ပါ။ ပိုက်ဆံပေးထား။ ပိုက်ဆံပြန်ယူ။ သည်မျှသာ ဖြစ်၏။ ငွေကြေးဈေးနှုံးကြောင့် ရှုံးခြင်းဖြစ်သည်။ သူငယ်ချင်းက ပြန်ပေးပါမည်ဆိုသည့်တိုင် ယခုထိ ဘာသံမှ မကြားရသေး။)

ရေဆင်းတွင်ရှိစဉ်ကလည်း ကျွန်တော်တို့မောင်နှမတတွေ အသေးစားစီးပွားရေးလုပ်ငန်းလေးများ လုပ်ကြည့်ပါသည်။ အဆင်မပြေပါ။ ဤသည့်အတွက်ပင် ကျွန်တော်စင်ကာပူသို့ ထွက်လာခဲ့ရခြင်း ဖြစ်သည်။

စီးပွားရေးလောကထဲဝင်ကြည့်ရန် မြန်မာပြည်၌ ကျွန်တော်လိုက်စုံစမ်းနေသည်ကို အပေါင်းအသင်းများက အားမပေးပါ။ လက်တွေ့စီးပွားရေး လောကတွင် ကျင်လယ်နေသော သူတို့ကိုယ်တိုင်ပင်လျှင် ယက်ကလယ်လိုက်နေသောကြောင့် ဖြစ်ပါသည်။ သည်တော့ စင်ကာပူကို မချစ်သော်လည်း တတိယအကြိမ် အောင့်ကာနမ်းပြီး ပြန်လာခဲ့ရပြန်ပါသည်။

နှစ်တွေကြာလာတော့ အခြေအနေတွေလည်း တစ်မျိုးပြောင်းလာသည်။ အာရုံမလာလှသော စင်ကာပူတွင် ဘယ်သောအခါမှ ကြာရှည်နေလိမ့်မည်မဟုတ်ဟု တွက်ဆထားသော ကျွန်ုပ်၊ ၂၀၀၇ ခုနှစ်ကုန်တွင် အိမ်ထောင်ကျလိုက်သောအခါ စင်ကာပူတွင် အမြဲနေရဘို့ အကြောင်းဖန်လာတော့သည်။ ကျွေးမွေးပေးကမ်းရသည့်တာဝန်မှာ ယခင်ကထက် ပိုသွားသည်။

ကလေးတွေကလည်း တဖြည်းဖြည်း အရွယ်ရောက်လာသည်။ ကျူရှင်စရိတ်က တစ်လတစ်လမနည်းလှ။ ကိုယ့်ကလေး အတွက်သာမဟုတ်။ ကိုယ်နှင့်နီးစပ်ပတ်သက်နေသော ကလေးများအတွက်ပါ (တာမွေမှတစ်ယောက်၊ မြောင်းမြမှ တစ်ယောက်) ထောက်ပံ့နေရသေးသည်။ နောက်ပြီး အသက်ရလာသော ကျွန်တော်တို့မောင်နှမများထံ ရောဂါများ တစ်ခုပြီးတစ်ခု ကပ်ရောက်လာသဖြင့် ကျန်းမာရေးစရိတ်ကလည်း တစ်လတစ်လ ၂ သိန်း ၃ သိန်းလောက်ကုန်သည်။ ကုန်ဈေးနှုံးတွေကလည်း တက်ပြီးရင်း တက်လာသည်။

ဝပ်ပါမစ်ဘ၀က ရသမျှလခကလေးနှင့် ရွှေတိုငွေစ ကလေးများပင် စုနိုင်သော ကျွန်ုပ်မှာ ယခု တစ်လတစ်လ အသုံးစရိတ်ပင် အနိုင်နိုင်ဖြစ်နေရသည်။ ကျွန်တော့်အတွက် ကုန်ကျစရိတ်မှာ တစ်နေ့ထမင်းနှစ်နပ်၊ မနက်စာ ပေါင်မုံ့ ၃ ချပ်ကို ယိုသုတ်စား သည်။ တစ်နေ့ကော်ဖီနှစ်ခွက်သောက်သည်။ (ဆိုင်မှဝယ်သောက်တာမဟုတ်၊ ကော်ဖီပုလင်း၊ ကော်ဖီမိတ်ပုလင်းနှင့် ကိုယ့်ဟာ ကိုယ် ဖျော်သောက်တာဖြစ်၏။) တစ်ပတ်တစ်ခါ ဂျာနယ်၊ မဂ္ဂဇင်းများ (အများဆုံး ၅ ကျပ် ဖိုး) ၀ယ်သည်။ အိမ်နှင့်ပြောရန် ဖုံးကဒ် ၂ ကဒ်ဝယ်သည်။ အလုပ်သွားပြန် ကားရထားခကုန်သည်။ သည်မျှသာ ဖြစ်၏။ တခြား အပိုကုန်မည့်အလုပ်၊ ဘာမှ မလုပ်။ ကျွန်တော်ကား အလှပြင်ပစ္စည်းများ၊ ရွှေငွေလက်ဝတ်ရတနာများ၊ အ၀တ်အစားများကို အနည်းငယ်မျှ စိတ်ဝင်စားသူ မဟုတ်။ ကျွန်တော့်တွင် မှန်၊ ရေမွှေး ဘာညာသာရကာ၊ ဘာဆိုဘာမှ မရှိ။ မှန်တောင် တစ်လနေလို့ တစ်ခါမကြည့်ဖြစ်။ ခေါင်းတောင် မနက်အလုပ်သွားခါနီးမှ ကပျာကယာ ကောက်ကက် ဖီးလိုက်တာဖြစ်သည်။ ဘောင်ဘီတစ်ထည်ဝယ်ထားလျှင် အနည်းဆုံး ၃ နှစ်လောက်ဝတ်သည်။ ညီမဖြစ်သူက အင်္ကျီများ ချုပ်ပေးသည်။ နောက်ပြီး အလျဉ်းသင့်လျှင် သင့်သလို လှူသည်။ သို့သော် ပြောပလောက်အောင် မဟုတ်ပါ။

သို့သော် ယခု ကျွန်တော့်အသုံးစရိတ်အပါအ၀င် မြန်မာပြည်မှ အသုံးစရိတ်စုစုပေါင်းမှာ စင်ကာပူဒေါ်လာ ၃၀၀၀ ခန့် ရှိသည်။ နောက်ပြီး တူမတစ်ယောက်မှာ နီအန်းပိုလီတွင် တက်နေသည်။ နောက်တစ်ယောက်မှာ ယခု ဆယ်တန်း။ နောက် တစ်နှစ်ကျော်တွင် ထပ်ရောက်လာဦးမည်။ သားဖြစ်သူကလည်း ယခု ၅ နှစ်။ နောက် ၂ နှစ်ဆိုလျှင် စင်ကာပူကို ကျောင်းတက် ရအောင်လာမည်။ မြန်မာပြည်တွင် အလုပ်လုပ်ပြီးရှာလို့ သည်စရိတ်များကို ကာမိပါ့မလား ဆိုတာ ကျွန်တော့်အတွက် မဟာ စိန်ခေါ်မှုကြီး ဖြစ်သည်။

နောက် သံကြိုးနှင့်အချည်ခံထားရသော ကိစ္စနှစ်ခုရှိသေး၏။ အိမ်ဝယ်ခြင်းနှင့် အာမခံထားခြင်း ဖြစ်၏။ တရုတ်မအပြောကောင်း သည်နှင့် သားအတွက်နှင့် ကျွန်ုပ်အတွက် အာမခံနှစ်ခုကို အစဉ်းစားအဆင်ခြင်မရှိ၊ ဈေးကြီးကြီးနှင့် ၀ယ်လိုက်မိ၏။ သည့်အတွက် နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့ရောက်တိုင်း စင်ကာပူဒေါ်လာ တစ်သောင်း ခုနစ်ထောင်ကျော် သွင်းနေရသည်။ နောက်ပြီး အိမ်ဝယ်ထားသည့်အတွက်လည်း လစဉ်တစ်ထောင်ကျော် ကြွေးဆပ်နေရသည်။

အိမ်ကိစ္စနှင့် အိမ်အာမခံဆိုကာ အမျိုးသမီးအတွက် တစ်လ ၃၉၀ အာမခံပေးရသည်။ ထိန်းသိမ်းစရိတ်က တစ်လ ၆၇ ကျပ်၊ ကျွန်တော့်အတွက် အိမ်အာမခံက မလာသေး။ လာခါနီးပြီ။ အနည်းဆုံးတော့ ၃၉၀ ပေးရမည်။ နောက်ပြီး လုပ်ငန်းအတွက်ဆို ကာ Medisave အတွက် တစ်လကို ၃၉၀ လတိုင်းပေးနေရသည်။

ကိုလူသာလင်းခင်ဗျား -

သည်လောက်ဆိုလျှင် ပေးစရာများပတ်လည်ဝိုင်းနေသော ကျွန်တော်တို့ ဒုက္ခကို ရိပ်စားမိလောက်ပါပြီ။ ကျွန်တော်တို့ မြန်မာပြည်ပြန်လာဘို့ဆိုသည်မှာ ကိုလူသာလင်းပြောသလို အပြောလွယ်သလောက် အလုပ်ခက်နေပါသည်။ အခြား မိတ်ဆွေများလည်း ကျွန်တော့်လိုပင် ရှိပါလိမ့်မည်။ သို့သော် တစ်ယောက်နဲ့တစ်ယောက် ထပ်တူတော့ ဘယ် လာတူနိုင်ပါ လိမ့်မည်နည်း။

သို့ဖြစ်ပါသဖြင့် ယခုမှ စင်ကာပူရောက်လာသူ ညီ၊ ညီမ၊ တူ၊ တူမငယ်များအား ကြိုတင် သတိပေးလိုသည်မှာ မိမိတို့သည် အမိ မြန်မာပြည်ကိုသာ ချစ်ပါသည်။ နိုင်ငံခြားတွင် အမြဲနေဘို့ရန် စိတ်ကူးမရှိပါ ဆိုလျှင် ကျွန်တော်တို့ကဲ့သို့ နှောင်ကြိုးများနှင့် ချည်နှောင် ပိတ်မမိနေစေရန် ကြိုးစားပါ။ အလုပ်လုပ်။ အချိန်တန်တော့ လခထုတ်။ ကိုယ့်အသုံးလောက်ပဲချန်ထား။ ကျန်တာ အကုန်ပြန်ပို့။ သည်လိုနေတာ ဘာအနှောင်အဖွဲ့မှ မရှိ။ အင်မတန် စိတ်ချမ်းသာပါသည်။ ပြန်ချင်သည့်အချိန် ကောက်ကက်ပြန် လိုက်လို့ရသည်။

+++++++++++

ဒုတိယပိုင်း - ကျွန်တော်တတ်ထားတာနဲ့ မြန်မာပြည်ကို ဘယ်လို အလုပ်အကျွေးပြုနိုင်မလဲ

ဦးစွာ ကျွန်တော်နှင့် ကျောင်းနေဘက်များကို ဆန်းစစ်ကြည့်ပါမည်။

ကိုနွယ်ဝင်း - HR Manager, DHL

ကိုအောင်ကြည်စိုး - ဓါတ်ငွေ့သုံးမီးဖို၊ မီးဖိုသုံးဓါတ်ငွေ့။ အောက်ဆီဂျင်ရောင်းသည်။

ကိုဌေးဝင်း - ဆောက်လုပ်ရေးလုပ်ငန်းရှင်

ဗိုလ်မှုးသန်းဌေး (Third Yr RIT တုံးက ကျွန်တော့်အခန်းဖော်၊ ယခု ကျွန်တော်တို့ အခန်းအပေါ်ထပ်တွင်နေထိုင်) - ဘာကုမ္မဏီမှ မန်နေဂျာ ဆိုလား



ဆိုတော့ သည်မိတ်ဆွေများလုပ်နေတာတွေသည် မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေးအား မည်ကဲ့သို့ အထောက်အကူ ပြုနေပါ သနည်း ဟု ဆန်းစစ်စရာရှိပါသည်။ အငြင်းပွားစရာ ဖြစ်လာမည့် ကျွန်တော့်အမြင်များကို မရေးတော့ပါ။ မိတ်ဆွေများ မိမိဘာသာ သုံးသပ်ကြည့်နိုင်ပါသည်။

သို့ဆိုလျှင် ကျွန်တော်ဆိုလျှင်ကော ဘာလုပ်မလဲ။ ဘာလုပ်ပေးနိုင်မလဲ။

ကျွန်တော်ဖြစ်စေချင်သည်များကတော့ အများအပြားရှိပါသည်။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ ပြည်၊ မကွေး၊ စစ်ကိုင်း၊ တောင်ကြီး၊ ကျောက်ပန်းတောင်း စသော မြို့ကြီးများကို မြို့နှင့် တူအောင် လုပ်ချင်ပါသည်။ ထိုအထဲတွင် -

လမ်းများကို စနစ်တကျဖောက်လုပ်ခြင်း၊ စနစ်ကျသော အမှိုက်ရှင်းလင်းရေးစနစ်တစ်ခု ထားရှိခြင်း၊ ရေဆိုးထုတ်စနစ်ကို စနစ် တကျ စီမံထားရှိခြင်း၊ မီးကာကွယ်ရေးအတွက် စနစ်တကျ တပ်ဆင်ထားခြင်း၊ မီးပေး၊ ရေပေးစနစ်ကို စနစ်တကျ ပံ့ပိုးပေးခြင်း၊ ဈေးများ၊ စားသောက်ဆိုင်များကို စနစ်တကျ နေရာချထားပေးခြင်း၊ ဆေးရုံဆေးခန်းနှင့် ကျောင်းများကို ဆေးရုံနှင့် တူတူတန်တန်၊ ကျောင်းနှင့်တူတူတန်တန် ပံ့ပိုးပေးခြင်း၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးစနစ်ကို စနစ်တကျ စီမံပေးခြင်း -

စသည်တို့ပါပါသည်။

သည်ကိစ္စများမှာ နတ်ရေကန်ထဲ ကန်ချလိုက်သလို ၀ုန်းကနဲ ထဖြစ်လာနိုင်သော ကိစ္စမဟုတ်။ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ရမည် ဖြစ်ပါသည်။ ကျွန်တော်တို့တိုင်းပြည်တွင် ဘာမှမလုပ်ပဲ အနှီဆယ်စုနှစ်ပေါင်းများစွာကို အလဟဿ ဖြုန်းတီးပစ်ခဲ့ပြီးဖြစ်ပါသည်။

သည်အရာများလုပ်ဖို့ရာ အဓိကကျသောအရာမှာ လုပ်ပေးချင်သော စေတနာဖြစ်ပါသည်။ တိုင်းပြည်ကိုချစ်ပါ ဆိုသော စာသားမဟုတ်။ ပရောဂျက်ကို မှီပြီး တစ်ဆွေလုံးတစ်မျိုးလုံးချမ်းသာအောင် လုပ်ဖို့မဟုတ်။ တကယ်အလုပ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဟု ၀ိုင်းဝန်းအဖြေရှာကြဘို့ ဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဟူသော စာလုံးကြီးကို ပြူးနေအောင်ရေးကာ လမ်းလေးခွတွင် ထောင်ထားဘို့ထက် မြို့လယ်ခေါင်တွင် မိုးရွာတိုင်းလျှံနေသော ရေတွေထွက်သွားအောင် ရေမြောင်းတွေကို ဘယ်လိုပြန်ပြင်ရမလဲဟူသော စီမံချက်များက ပိုအရေးကြီးပါသည်။

ရေတွေစီးတော့မှ မြောင်းတွေလိုက်ဖော်တာ၊ မီးလောင်တော့မှ မီးသတ်ကားခေါ်တာ ဘာအင်ဂျင်နီယာပညာမှ တတ်စရာ မလို။ လူတိုင်းလုပ်တတ်ပါသည်။ ကျွန်တော်တို့ရွာမှ လူများသွားမေးလျှင်တောင် သိသည်။

ရေမြောင်းဖောက်တယ်ဆိုတာ တစ်မြို့လုံးအတိုင်းအတာနှင့် drainage network ချပြီး ဘယ်နေရာက ဘယ်လောက်ရေတွေ စီးလာမလဲ၊ အဲဒီရေတွေကို ဘယ်နေရာရောက်အောင် ဘယ်လိုပို့မလဲ။ ညစ်ပတ်နေတဲ့ရေတွေ သန့်သွားအောင် ဘယ်လို လုပ်မလဲ၊ အဲဒီရေတွေကို မြစ်ထဲကို အန္တရာယ်မရှိပဲစွန့်ပစ်နိုင်အောင် ဘယ်လို စက်တွေတပ်မလဲ စသည်ဖြင့် အစိုးရက စီမံကိန်း ကြီးချကာ လုပ်ရမှာ ဖြစ်ပါသည်။ ၅ ပေအကျယ်၊ ၅ ပေအနက် မြောင်းမတူးရင် ဆောက်လုပ်ခွင့်ပါမစ် မချပေးဘူးဆိုခြင်းအပေါ် ငါတို့ထုတ်လိုက်တဲ့အမိန့်ဟာ သဘာဝရောကျရဲ့လားဟု ပြန်လည်သုံးသပ်သင့်ပါသည်။

အရေးကြီးသည်မှာ တတ်သိနားလည်သူများကို နေရာပေးခြင်း၊ တတ်သိနားလည်သူများကလည်း ဘယ်သူ့ကိုမှ ဖားလျားမနေ ဘဲ၊ မှန်သည့်အရာများ၊ လုပ်သင့်သည့်များကို စေတနာထားကာ ပွင့်ပွင့်လင်းလင်းတင်ပြခြင်း၊ လူကြီးဆိုသူများကလည်း မှားနေသည်ကို မှားနေပါသည်ဟု အကျိုးသင့် အကြောင်းသင့် ထောက်ပြလာလျှင် လက်ခံနိုင်စွမ်းရှိရမည် ဖြစ်ခြင်း။ ငါတတ်လှပြီဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ကိုယ့်တိုင်းပြည်ကွက်ကွက်ကလေးကိုပဲ ကြည့်မနေဘဲ နိုင်ငံတကာ စံနှုံးများကို မျက်စိဖွင့်နားစွင့်ကြည့်ကာ အမြင်ကျယ်ကျယ် လုပ်ဆောင်ကြရန်လိုခြင်း စသည်တို့ ပါဝင်ပါသည်။

အင်ဂျင်နီယာတစ်ဦး၏အလုပ် ဟူသည် မြို့မဈေးကြီးမှ စုပေါင်းအမှိုက်သိမ်းပွဲသို့ သွားရောက်စစ်ဆေးကာ လိုအပ်သည်များကို ညွှန်ကြားနေခြင်းမဟုတ်။ သူ့ဟာသူ အမှိုက်သိမ်းနေတာ အင်ဂျင်နီယာနှင့် ဘာဆိုင်လို့ သွားစစ်နေရမည်နည်း။ အမှိုက်သိမ်း တာ ဘာတွေလိုလို့ ဘာတွေညွှန်ကြားရမည်နည်း။

အင်ဂျင်နီယာ၏ တာဝန်နှင့်ဝတ္တရားမှာ စနစ်ကျသော မြို့ပြအမှိုက်သိမ်းစနစ်ကို ရေးဆွဲအကောင်အထည်ဖော်ရေး၊ မိမိရေးဆွဲ ပေးလိုက်သော စံချိန်စံညွှန်းများအတိုင်း လက်တွေ့လုပ်မလုပ် စသည်တို့ဖြစ်သည်ဆိုသည်ကို ထို စည်ပင်အင်ဂျင်နီယာများ သိထားရန် အရေးကြီးပါသည်။ ထိုသို့သိပါမှလည်း မြို့ပြအမှိုက်သိမ်းစနစ် ဆိုတာဘာလဲဟု လေ့လာမိမည် ဖြစ်၏။

နောက်တစ်ခု မချင့်မရဲဖြစ်ရသည်မှာ တိုင်းပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုံးလုပ်ကိုင်နေသော စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှ လယ်သမားများ၏ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများကို လိုက်မေးကြည့် လိုက်စမ်းပါ။ ဤ ၂၀၁၁ ခုနှစ်တွင် ကျွန်တော်တို့တိုင်းပြည် လယ်သမားများသည် ခေတ်မီစိုက်ပျိုးရေးစနစ်များကို အဘယ်မျှ လေ့လာမိထားပါသနည်း။ သို့ဆိုလျှင် ယခင်က သောင်းဂဏန်းမျှသော စိုက်ပျိုးပညာပေးစခန်းများသည် တောင်သူတွေကို ပညာမပေးဘဲ ဘာတွေလုပ်နေတာပါနည်း။ ဒါ ကျွန်တော်မသိသော ကိစ္စဖြစ်၏။

ပိုက်ဆံရှိလို့ လက်တွန်းထွန်စက် ၀ယ်သုံးတယ်ပဲ ထားပါဦး။ ဤစက်ကို စနစ်တကျသုံးတတ်ပါသလား ဟုမေးလျှင် သူတို့မည် ကဲ့သို့ ဖြေမည်သင်ထင်ပါသနည်း။ ခေတ်မီစိုက်ပျိုးရေးစနစ် ဆိုရာတွင် အပင်ကို ဓါတ်မြေသြဇာ ကျွေးတတ်ရုံမျှမဟုတ် ဆိုသည်ကို သူတို့အားလုံး သိထားရန်လိုပါသည်။ စက်မှုလယ်ယာစနစ် ထူထောင်ခြင်းဆိုသည်မှာ လယ်သမားများကို အရစ်ကျနှင့် လက်တွန်းထွန်စက်၊ စပါးချွေစက်များရောင်းချပေးရုံ မျှသာမဟုတ်ဆိုသည်ကို ကျွန်တော့် ညီတော်နောင်တော်၊ ကျွန်တော့်မိတ်ဆွေ စက်မှုလယ်ယာ အရာရှိကြီးများ သိမသိဆိုသည်ကို ကျွန်တော် မသိပါ။ သို့သော် လက်တွေ့တွင်တော့ သည်အတိုင်းသာ ဖြစ်ပါသည်။ သို့မဟုတ် သူတို့က ငါတို့မှာ ဘာဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မှ ရှိတာမဟုတ်ဘူးကွ။ အထက်လူ ကြီးခိုင်းတဲ့အတိုင်း လုပ်နေရတာ ဟု ပြောသည်ဖြစ်အံ့။ ထိုအထက်လူကြီးများအား ဖြစ်သင့်ဖြစ်ထိုက်သည်များကို တင်ပြပိုင်ခွင့် မရှိတော့ပြီလော။ ငါတို့က ဘာမှတင်ပြပိုင်ခွင့်ရှိတာမဟုတ်ဘူး။ ညွှန်ကြားသမျှ လုပ်ရတဲ့ တစ်လမ်းသွားစနစ်ပဲ ဟု ဆိုလျှင်တော့လည်း မပြောတတ်ပါ။

ဒါဆို မင်းကိုယ်တိုင်မလုပ်ဘဲ ဘာ့ကြောင့် သူများသွားအပြစ်တင်နေရသလဲ။ သူတို့နေရာ မင်းဝင်လုပ်ကြည့်ပါလား ဟု မေးပါ ခင်ဗျား။

ကျွန်တော် ကျောင်းပြီးတော့ အများသူငါနည်းတူ တစ်နိုင်ငံလုံးမှ နှစ်စောင်ထဲသာရှိသော နိုင်ငံပိုင်သတင်းစာကိုဝယ်၊ တတိယ နောက်ဆုံးစာမျက်နှာမှ အလုပ်ခေါ်သောစာမျက်နှာကို မနက်တိုင်း ပြူးပြဲကြည့်၊ ၀န်ထမ်းရွေးချယ်ရေးမှ ခေါ်လာသော အလွန် ပါးရှားလှသည့် အလုပ်နေရာကလေးများကိုလျှောက်၊ တတ်နိုင်သမျှ ရေးဖြေ၊ နှုတ်ဖြေတွေ လုပ်။ ၁၉၈၆ ဘွဲ့ချိန်မှ စတင်လှုပ် ရှားလိုက်တာ လေးနှစ်အကြာ ၁၉၉၀ ကျမှ စိုက်ပျိုးရေးတက္ကသိုလ်တွင် လက်ထောက်ကထိက အလုပ်ကိုရခဲ့သည်။

ကျွန်တော်လျှောက်ခဲ့၊ ဖြေခဲ့သော အလုပ်စာမေးပွဲများတွင်၊ စက်မှုလယ်ယာ၊ ရထား၊ ကုန်သွယ်လယ်ယာ၊ စက်မှု(၁)၊ စက်မှု (၂) စသည့်နေရာများ ပါပါသည်။ အလုပ်မရခဲ့ပါ။ ကျွန်တော့် ဆားဗစ်ကို နိုင်ငံတော်မှ အလိုမရှိခဲ့ပါ။ အပြင်လူတစ်ဦးအနေနှင့် သူတို့အလုပ်ကို ၀င်စွက်ဖက်ဖို့မဆိုထားနှင့်။ စက်ရုံအတွင်း ၀င်လျှင်သော်မှ အထဲမှ တစ်ယောက်ယောက်က ထောက်ခံပေးမှ ၀င်လို့ရတာဖြစ်ပါသည်။

သည်တော့ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အတွက် ကျွန်တော်ဘယ်လိုလုပ်ပေးလို့ ရပါမည်နည်း။

မလေးရှားမှ စားအုန်းဆီ ဒေါ်လာလေးသန်းဖိုး ၀ယ်ယူတင်သွင်းရသည့် သတင်းကိုဖတ်ပြီး ကျွန်တော်အလွန် အသည်းပြာလှ ပါသည်။ ငတို့ဆီက လယ်သမားတွေ ပြည်တွင်းစားဖို့ဆီ အလုံအလောက်မထုတ်နိုင်ဘူးလား။ ဘာ့ကြောင့်လဲ၊ စိုက်စရာမြေ မရှိလို့လား။ ရှိတဲ့မြေတွေက ပဲ၊ နှမ်း၊ နေကြာ စိုက်လို့မရလို့လား။ မြေရှိသည့်တိုင် ရာသီဥတု အခြေအနေမပေးလို့လား။ စိုက်ပျိုးစရိတ် မရှိလို့လား။ စိုက်နိုင်သည့်တိုင် ထုတ်လုပ်စရိတ်ကို မကာမိလို့မစိုက်တာလား။ ကျွန်တော်မသိပါ။ စိုက်ပျိုးရေး ပညာရှင်များ သုတေသနပြုကြ၊ လေ့လာကြ၊ အဖြေထုတ်ကြရန် မသင့်ပါသလော။

ကျွန်တော် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်ကို စိုက်ပျိုးရေးတက္ကသိုလ်တွင် ၇ နှစ်ကြာမျှ ပို့ချခဲ့ရပါသည်။ အထင်မကြီးပါ နှင့်။ နာမည်ခံလောက်၊ လူကြားကောင်းရုံလောက်သာ ဖြစ်ပါသည်။ ကျွန်တော်သင်ပေးလိုက်သော ထိုပညာများကို ကျွန်တော့် တပည့်များသည် စိုက်ပျိုးရေးနယ်ပယ်တွင် ၁% တောင်မှ ပြန်လည်အသုံးချနိုင်မည် မဟုတ်ဟု ကျွန်တော်ရဲရဲကြီး အာမခံပါသည်။ Minor subject အနေနှင့် ကျွန်တော်သင်ပေးလိုက်တာများသည် ပြန်လည်အသုံးချလို့ရော ရနိုင်ပါ၏လော ဟု မေးခွန်းထုတ်စရာ ရှိပါသည်။ တကယ်သုံးမည်ဆိုလျှင်တော့ နည်းနည်းပါးပါး သုံးလို့ရပါသည်ဟု ဖြေရမည် ဖြစ်ပါ၏။

တကယ်ဆို လူသန်းပေါင်း ၅၀ ကျော်ရှိသော ကျွန်တော်တို့တိုင်းပြည်မှ ၃၅ သန်းမျှသော ပြည်သူများ အားထားနေရသည့် စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်သည် အဓိကအရေးကြီးသော ဘာသာရပ်တစ်ခု မဖြစ်သင့်ပါ သလော။ သို့သော် ကျွန်တော်တို့တိုင်းပြည်ရှိ ရာဂဏန်းမျှသော တက္ကသိုလ်များတွင် ထိုဘာသာရပ်ကို ကြားပင်မကြားဘူးကြ သည်မှာ ဆန်းပြားလှပေစွ။ ရှိလာခဲ့သည့်တိုင် သင်ပေးမည့်ဆရာများကို မည်သည့်နေရာက ရနိုင်ပါမည်နည်း။ သင်ရမည့် material များ ရှိသလား၊ စာအုပ်စာတမ်းများ ရှိသလား၊ သည်အရာများရှိသည့်တိုင် စိတ်ဝင်တစားလေ့လာသင်ယူကြမည့် ကျောင်းသားကျောင်းသူများ ရှိပါမည်လား၊ ရှိသည့်တိုင် သင်ပေးလိုက်သော ပညာများကို လက်တွေ့ပြန်လည် အသုံးချဘို့ စိတ်ကူးပါမည်လား။ အသုံးချလိုသည့်တိုင် အသုံးချဘို့ရန် အခွင့်အရေး ရပါမည်လား။

ဦးအေးငြိမ်းရယ်၊ သူများတိုင်းပြည်သွားလုပ်၊ လခကောင်းကောင်းလေးရ၊ စာတွေဖတ်ပြီး လေနဲ့ချည်းလျှောက်လုပ်ပြနေတာ မျိုးတော့ လူတိုင်းလုပ်တတ်တာပေါ့ဗျာ။ သူများချည်းလျှောက် အပြစ်တင်နေရအောင် အဲဒါတွေအတွက် ခင်ဗျားကိုယ်တိုင် ဘာတွေလုပ်ပေးဖူးပါသလဲ လို့ မေးပါ။ ပြောပါ။ အပြစ်တင်ပါ ခင်ဗျား။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကျွန်တော် စက်မှုလယ်ယာဖြစ်ထွန်းလာရေးအတွက် ကိုယ်တတ်ထားတာလေးတွေနှင့် မည်သို့များ လုပ်ပေးနိုင်မလဲ ဟု စုံစမ်းကြည့်ပါသည်။ ကျွန်တော်လုပ်ချင်သည်က ထွန်စက်လာဝယ်မည့်တောင်သူများကို ထိုထွန်စက်ကို မည်ကဲ့သို့ အသုံးပြုရမည်။ အသေးစားပြုပြင်ထိန်းသိမ်းမှု မည်ကဲ့သို့လုပ်ရသည်။ ကြံ့ခိုင်ရေးအတွက် မည်ကဲ့သို့ လုပ်ရသည်။ စနစ်ကျသော ထွန်ယက်ခြင်းဆိုတာ ဘာကိုခေါ်သည်။ သည်ကဲ့သို့ ထွန်ရေးရအောင် စက်ကို မည်ကဲ့သို့ ချိန်ညှိပေးရသည် အစရှိသည်တို့ကို သင်တန်းပေးလိုခြင်း ဖြစ်ပါသည်။ ထို့ပြင် ဤအတွက်လည်း စာအုပ်ရေးချင်သည်။ ယခင်ရေးခဲ့ဖူးသော ကျွန်တော့် ပို့စ်များကို ဖတ်ကြည့်ပါ။

I Have a Dream


အလုပ်မရှိ အလုပ်ရှာ၊ မဟုတ်တာ လုပ်နေသော ကျွန်ုပ်




ကျွန်တော်တို့လုပ်ပေးချင်သည့်တိုင် ကျွန်တော်တို့ကို စီမံခန့်ခွဲနိုင်ခွင့်၊ ဒါမှမဟုတ်ရင်တောင် အကြံပေးပိုင်ခွင့် ပေးပါမည်လား။ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့် မည်မျှထိပေးပါမည်နည်း။ ကျွန်တော်တို့စားဝတ်နေရေးအတွက် ထိုက်သင့်အားလျော်သော ၀င်ငွေ တစ်ခုတော့ရရမည် ဖြစ်ပါသည်။ ဤသို့လုပ်ခြင်းဖြင့် မိသားစုစားဝတ်နေစရိတ် အလုံအလောက် ရနိုင်ပါမည်လား။ မတရားသဖြင့်ရသော တိုင်းပြည်ဘဏ္ဍာကိုမူ နှမ်းတစ်စေ့မျှ အလိုမရှိပါ။

ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး စက်မှုလယ်ယာအတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းကလေးများ လုပ်ပေးလို့ရပါသည်။ သို့သော် ဤသို့လုပ်ရန် ငွေအရင်းအနှီးမဆိုထားနှင့်။ လောလောဆယ် တင်နေသောကြွေးများကိုပင် တစ်လတစ်လ အနိုင်နိုင် ဆပ်နေရသည်။

ပထမတော့ လယ်ထွန်စက်ရောင်းနေသော ကုမ္ပဏီများနှင့်ပူးပေါင်းကာ သူတို့က စက်ရောင်း၊ ကျွန်တော်က နည်းပညာပံ့ပိုး၊ လုပ်ပေးရန် စိတ်ကူးမိပါသည်။ သို့သော် ဤသို့လုပ်ရန် မြန်မာပြည်ပြန်နေမှ ဖြစ်မည်။ ဤသို့လုပ်ပြီး မည်မျှလောက်သော ၀င်ငွေ ရနိုင်ပါမည်နည်း။ သို့ဆိုလျှင် လောလောဆယ် လတိုင်းဆပ်နေရသော ကြွေးများကိစ္စ ဘယ်လိုလုပ်ခဲ့ရမည်နည်း။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုလူသာလင်း ခင်ဗျား -



ဤသည်မှာ အပြောလွယ်ပြီး အလုပ်ခက်နေသော ကျွန်တော်တို့ ပြည်တော်ပြန်ရေး ကိစ္စဖြစ်ပါသည်။

သည်တော့ ကျွန်တော်လုပ်နိုင်တာဖြစ်သည့် အပြင်မှနေကာ လေသေနတ် ပစ်နေရခြင်း ဖြစ်ပါသည်။

ဤသို့ပစ်ခြင်းမှာလည်း မြန်မာပြည်ကြီး ကောင်းစားသည်ကို မြင်လိုလှသော စေတနာအပြည့်နှင့် ဖြစ်ပါသည်။



ကျွန်တော်တို့လည်း ပြည်တော်ပြန်နိုင်ရေး လမ်းစများကို ရှာဖွေလျှက်ရှိပါသည်။ တချို့တလေမှလွဲ၍ နိုင်ငံခြားရောက်နေသူ မြန်မာအများမှာ ကိုယ့်နိုင်ငံပြန်ဘို့ နေ့စဉ်နှင့်အမျှ ချောင်းနေသူများဖြစ်သည်။ မြန်မာပြည်အတွင်းရှိ အချို့သော ကျွဲခြေရာခွက် အတွင်းမှ ဖားငယ်ကလေးများ စွပ်စွဲသကဲ့သို့ ကျွန်တော်တို့မှာ တိုးတက်သောနိုင်ငံတွင်နေ၊ အစားကောင်းစား၊ အ၀တ်ကောင်း ၀တ်ကာ မြန်မာပြည်ကြီးကို မေ့၊ မြန်မာပြည်မှ သင်ပေးလိုက်သော ပညာတွေနှင့် သူများတိုင်းပြည်ကို အလုပ်အကျွေးပြုနေတာ မဟုတ်။ အခွင့်အရေးရသည်နှင့် မြန်မာပြည်ကို အနှေးနှင့်အမြန် ပြန်ပြေးလာကာ သူများတိုင်းပြည်က (ကိုယ့်ပိုက်ဆံနှင့်ကိုယ်) သင်လာခဲ့သော ခေတ်မီနည်းပညာများနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တအား ပါဝင်မည့် သူများချည်းသာ ဖြစ်ကြောင်း အပေါင်းအသင်းများသို့ ကြေငြာမောင်း ခတ်လိုက်ပါလေ - - - ။                  

(၀ှူး၊ မောလိုက်တာ)



မှတ်ချက်။            ။ ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့် သိသမျှ၊ တွေးမိသမျှကလေး ရေးပါသည်။ ဝေဖန်၊ အကြံပြုစာ များကို ကြိုဆိုပါသည်။



အားလုံးကို ကျေးဇူးတင်ပါသည်။



အေးငြိမ်း

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: 97303027

11 comments:

Anonymous said...

Very Nice --> အခွင့်အရေးရသည်နှင့် မြန်မာပြည်ကို အနှေးနှင့်အမြန် ပြန်ပြေးလာကာ သူများတိုင်းပြည်က (ကိုယ့်ပိုက်ဆံနှင့်ကိုယ်) သင်လာခဲ့သော ခေတ်မီနည်းပညာများနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တအား ပါဝင်မည့် သူများချည်းသာ ဖြစ်ကြောင်း

စံပယ်ပန်း said...

ဘာကို ဘယ်လိုပြောရမှန်းပင် မသိပါ..။ မုန့်လုံးပင် စက္ကူကပ်သလား..။ စက္ကူပင် မုန့်လုံးကပ်သလား မသိတော့ပါ..။

Ko Ye said...

I agree Ko Aye Nyein but you should continue writing for our country and people.Don't care anybody complain, no need to care.
anyway thanks for your post.....

chan myae said...

အရမ်းကို လေးစားမိပါတယ်
စာရေးသူကို .......။
စိုက်ပျိုးရေးကို တိုးတက်အောင်ပဲလုပ်ပါ
ကျွန်တော်တို့တိုင်းပြည် ချမ်းသာလာမှာ အမှန်ပါပဲ
ကမ္ဘာမှာ စားစရာအရမ်းရှားပါးလာနေတဲ့ အချိန်မှာ
ကျွန်တော်တို့ မှာ စိုက်စရာနေရာတွေ အများကြီးရှိနေပါတယ်.. အဓိကလိုနေတာ နည်းပညာပါ
ဒါကို သေချာလေး လေ့လာသုံးသပ်ပြီး အဆင်ပြေအောင်ပဲ လုပ်ပေးလိုက်ပါ တိုင်းပြည်တိုးတက်လာမှာ အမှန်ပါပဲ....

Anonymous said...

လေးစားအားကျရပါသောစာရေးသူခင်ဗျာ...
ဘယ်သူတွေဘာပြောပြော..ကျနော်ကတော့ စာရေးသူရဲ့ပို့(စ်)တွေကို နှစ်ချိုက်သဘောကျပါတယ်ဗျာ။
ရေးသားတင်ပြတာတွေ ကောင်းလွန်းလို့ပါ။ အပြုသဘော
ဆောင်တယ်လို့မြင်ပါတယ်။

Anonymous said...

ကိုအေးငြိမ်းခင်ဗျား။
အကို လုပ်သင့်တာ လုပ်နေတာပါ။
ယ္ခု လောက် အများသိစေရန် ရေးသားခြင်းပင်၊ မသိသေးသူများ၊အကျိုးပြုလုပ်ငန်းလုပ်ကိုင်လိုသူများ လဲ တဖက်တလမ်းမှ အကြံဥာဏ်များရရှိနိုင်ပါတယ်။ အချိန်ပေး၊ကြိုးစားရေးသားတာကိုလည်း
ကျေးဇူးအထူးတင်ပါတယ်။ နောက်နောင်လဲ အတွေးအမြင်၊ အကြံဥာဏ်ကောင်းများ ဆက်လက်ရေးသားနိုင်ပြီး၊ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာစွာ
မိသားစုအရေး၊ တိုင်းပြည်အရေး ဆောင်ရွက်နိုင်ပါစေ။

Anonymous said...

အားလုံးဖတ်နိုင်အောင် ရှယ်လိုက်ပါတယ် အစ်ကို

ချစ်ဖူး said...

ဆရာ့စာတွေဖတ်ရတာ တကယ်ကို သဘောကျ နှစ်ခြိုက်မိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ အားပေးနေပါတယ်ဆရာ။

aung than nyunt said...

တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးကိုမျှော်ကိုးလို့  အစ်ကိုရေးနေတဲ့ စာတွေ အတွက်နဲ့ တင်ပဲအစ်ကိုတော်တော် တာဝန်ကြေလှပါပြီ၊

မသဒ္ဓါ said...

စိုက်ပျိုးရေးနဲ့ တိုင်းပြည်သစ် ကို ပြန်ထူထောင်၍ ရနိုင်ပါသည်။ သို့သော်နည်းပညာ နှင့် သွင်းအားစု လိုသည်။ ဈေးကွက်ရှာတတ်ရမည်။ မျိုးကောင်းမျိုးသန့်  သုံးရမည်။ Farm Management ကိုတတ်ရမည်။ သွင်းအားစု ကို သွင်းနိုင်မှသာ အထွက်ကောင်း ရောင်းပမ်းလှ ဈေးရမည်။ လူဦးရေသာ တိုးတိုးလာ ၍ မြေဧကသည် မတိုးသောကြောင့် ( မတိုးတဲ့အပြင် နှစ်စဉ် မြို့  ပြစီမံကိန်းများဖြင့် တနေ့ တခြား ဆုတ်ယုတ်နေပါသည်.) ဤနေရာတွင် နည်းပညာ မသုံး၍ အတွက်နှုန်း မတိုးတက်နိုင်ပါ။ လယ်သမားသည် မြေရှိသော်လည်း နည်းပညာ နည်းပါးသည်။ တသက်လုံးလက်မှုလယ်ယာလုပ်လာရာမှ စက်မှူ လယ်ယာ အဖြစ်သို့  နေ့ ခြင်းညခြင်း ပြောင်း၍ မရနိုင်။ သို့ သော် သင်ကြားပေး၍ ရသော အရာ ဖြစ်၏ ။ ဘယ်သူမှ တသက်လုံး လက်ဖြင့် မစိုက်လိုကြ။ ပြောင်းလဲမှုကို လိုလားကြသည်။ အစိုးရမှ လယ်သမားများကို စိုက်စရိတ် ငွေချေးပေး ရမည်။ ပံ့ပိုးပေးရမည်။ မြန်မာ့ စိုက်ပျိုးရေးပညာရှင် များက နယ်ဆင်း တိုးချဲ့နည်းပညာပေးရမည်။ ထွက်ကုန်များကို agriculture cooperatives များဖွဲ့စည်း၍ ဈေး နှုန်း ညှိနှိုင်း ရောင်းချသိုလှောင်ခြင်း။ value added, packing , grading , shipping . marketing , export လုပ်ခြင်း။ food processing နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ (postharvest technology ) များဖြင့် shelf live နှင့် quality control လုပ်ပေးရမည်။ cold storage facilities ရှိရမည်။ shipment အတွက် transportation ကောင်းရမည်။ sanitation, water quality, food safety system ထားရမည်။ plant protection လုပ်ရာတွင်သုံးသည့် ပိုးသတ်ဆေး မှိုသတ်ဆေး ။ မြေမှိုင်းတိုက်ခြင်း။ Fumigation စသော Chemicals, fertilizers များသုံးရာတွင်လည်း label, Material safety data sheets, worker protection standard, restrict re-entry, preharvest interval, pesticides chemical တွေရဲ့ seasonal allow usage limit မကျော်အောင် စံနစ်တကျ သုံးတတ်အောင် laws & regulation ထားပေးသင့်သည်။ ရေအောက်ရေ ညစ်ညမ်း ပတ်ဝန်းကျင်ညစ်ညမ်းရင် စိုက်ပျိုးကုန်တွေ လည်း စားသုံးသူတွေ အတွက် အဆိပ်သင့်လာစေနိုင်တာပါဘဲ။ ပြောရရင် အများကြီးပါ။ food ဆိုတာ လူတွေ အတွက် မရှိမဖြစ်လိုအပ်တာမို့  စိုက်ပျိုးရေးက အလွန် အရေးကြီးပါသည်။ တနေ့ ပြန်ဖြစ်ရင်ပေါ့။ ကျမလည်း တတ်သမျှ ကူညီပါ့မည်။ တကယ်လို့  အကြောင်းကြောင်းကြောင့် ကျမ မပြန်ဖြစ်ရင်တောင် အလည်ပြန်မဲ့ အချိန်တွေ မှာ ကိုယ့်ထမင်း ကိုယ်စား. Workshop, seminar နဲ့  training လေးတွေ လုပ်ပေးနိုင်ပါသည်။ နိုင်ငံတော် အစိုးရကလည်း ခွင့်ပြုရင်ပေါ့လေ။ မသေ ခင် တတ်သမျှတော့ ဝေမျှ ပေးခဲ့ ချင်ပါသေး သည်။ အိမ်မက်ဘဲပေါ့လေ။ ဖြစ်လာပါစေဘဲ ဆုတောင်းပါတယ်။

Anonymous said...

လယ်တောမှာ မွေး လယ်တောမှာ ကြီး ပညာ ဆုံးခန်းတိုင်အောင် မသင်ရ အင်တာနက်ဆိုတာ ဘာမှန်းမသိရ မိုးခေါင်လို့ မလေးရှားလာ အလုပ်လုပ်လို့သာ ဒါတွေ ဒီလိုပါလား လို့ သိရတာပါ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ