Friday, October 7, 2011

စင်ကာပူတွင် အမှိုက်စွန့်ပစ်ပုံအကြောင်း

(၁) အချီး




ကျွန်တော်တို့အိမ်မှာ (ရန်ကုန်) ပြည်ရိပ်မွန်အိမ်ယာ၊ နာနတ်တောလမ်းတွင် ရှိ၏။ အခြားနေရာများတွင်တော့ မပြောတတ်။ ကျွန်တော်တို့ရပ်ကွက်တွင် အမှိုက်စွန့်ပစ်ပုံမှာ ညဘက် ၈ နာရီလောက်တွင် အိမ်တိုင်းမှ အမှိုက်အိတ်များကို ဆွဲလာကာ လမ်းထိပ်၊ နာနတ်တောလမ်းမကြီးပေါ်တွင် ပုံထားကြရ၏။ အမှိုက်များမှာ ထိုနေရာတွင် လူသွားပလက်ဖောင်းများပေါ် တစ်ဝက်၊ ကတ္တရာလမ်းမကြီးပေါ်တချို့ အမှိုက်ပုံကြီးဖြစ်လျှက်ရှိ၏။ နံနက်အစောပိုင်းတွင် စည်ပင်သာယာမှ အမှိုက်ကားဖြင့် လာရှင်းသွားသည်။

သို့အတွက် အမှိုက်များစတင်ပုံချိန်မှစ၍ ခွေးများ၊ အမှိုက်ပုံမွှသူများလာကာ အမှိုတ်အိတ်များကို ခွဲကြ၊ ဖြဲကြ၊ မွှေကြ၊ နှောက်ကြ နှင့် အမှိုက်များမှာ မြင်မကောင်းအောင် ပွကုန်ပါတော့၏။ နံချက်ကတော့ ကမ်းကုန်၏။ နံနက်ပိုင်း အမှိုက်ကားက တော့ အမှိုက်အားလုံးကုန်အောင်သယ်၊ လမ်းတွင် အမှိုက်ဟူ၍ တစ်စမျှမကျန်အောင် ရှင်းလင်းသွားလင့်ကစား အမှိုက်ပုံခဲ့သော နေရာမှာ စိုထိုင်းညစ်ပတ်လျှက် အလွန်နံကာ ကျန်ခဲ့ပါသတည်း။

ဤကဲ့သို့သော နောက်တစ်နေရာမှာ လှည်းတန်းဈေးရှေ့ လမ်းမကြီးပေါ် ဖြစ်ပါသည်။ လမ်းသွားလမ်းလာများမှာ ထို အမှိုက်ပုံ နေရာမှ ဖြတ်သွားရသည်ဖြစ်သောကြောင့် အမှိုက်ပုံအကျန် အနံ့အသက်ဆိုးကို မနက်စောစောတွင် ရှုရှိုက်ကြရကုန်၏။ မည်သူမျှ ထို ညစ်ပတ်နေသောနေရာကို နင်းမသွားပါ။ အားလုံးရှောင်ရှားသွားကြသည်ချည်း ဖြစ်၏။ သို့သော် အနံ့ကိုမူ ရှောင်လို့မရ။ လေအဝှေ့တွင် လိုက်ပါလာသော ထိုအနံ့ဆိုးမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စသော ရောဂါပိုးများအတွက် ငါတို့ဒီမှာ ပျော်ပျော်ကြီးစံမြန်းနေကြသဟေ့ ဟု ကြွေးကြော်နေဘိသကဲ့သို့ ရှိတော့သည်။

ဤသည်မှာ ရန်ကုန်မြို့တော်စည်ပင်မှ အမှိုက်သိမ်းနည်းတစ်ခု ဖြစ်၏။ ကျွန်တော့်သဘောပြောပါဆိုလျှင် ဤနည်းကို မနှစ်သက်ပါ။ အမှိုက်ပုံဟူသည် ရောဂါပိုးများ အပျော်ဆုံးနေထိုင်ပေါက်ဖွားရာနေရာ ဖြစ်သဖြင့် လူနေရပ်ကွက်ထဲ အမှိုက်ပုံ ကြီးကို တစ်ညလုံးထားခြင်းသည် ရောဂါပိုးများကို မွေးမြူစုဆောင်းနေသကဲ့သို့ ဖြစ်ဘိ၏။

ယခင်ကမူ ညဘက် ၈ နာရီလောက်တွင် ခေါင်းလောင်းတီးသံ တညံညံနှင့် အမှိုက်များကို လာသိမ်းသည်။ ခေါင်းလောင်းသံ ကြားလျှင် သူသူငါငါ အမှိုက်များကို အမှိုက်ကားသို့သွားပစ်ကြ၏။ ထိုအခါ အမှိုက်ပုံမရှိ။ သို့သော်လည်း အမှိုက်အချို့ အမှိုက်ကားမှ ကျကျန်ခဲ့တတ်သည်။ ဘာပဲပြောပြော အမှိုက်ပုံကြီးပုံပြီးမှ လာရှင်းခြင်းထက် ဤနည်းက နည်းနည်း တော်သေးသည် ဆိုရမည်။

ခုခေတ်ပေါက် လူငယ်များတော့ မီလိုက်မည်မဟုတ်။ ကျွန်တော်တို့ ကျောင်းသားဘ၀ကမူ အလုံအမှိုက်ပုံကြီးနှင့် ပုဇွန်တောင် အမှိုက်ပုံကြီးမှာ တောင်ကြီးတမျှရှိ၏။ မည်မျှကြီးသနည်းဟူမူ ထိုအမှိုက်ပုံပေါ်တွင် ထွန်ယက်စိုက်ပျိုးကာ အမှိုက်ပုံကို ကျောပေးလျှက် တဲငယ်ကလေးများဆောက်လုပ် နေထိုင် အခြေချနေသူများပင် ရှိလေသေး၏။ ခုတော့ ထိုအမှိုက်ပုံကြီးများ ရှိသေးသည် မရှိတော့ပြီ ကျွန်တော်သေသေချာချာ မသိတော့ပါ။ ထိုဘက်များသို့ သိပ်မရောက်ဖြစ်သဖြင့် သတိမထားမိ။

မြစ်များချောင်းမြောင်းများအနီး နေသူများအဖို့ကတော့ အထွေအထူးလိုက်ရှာနေစရာမလို။ ထို မြစ်ချောင်းအင်းအိုင်များ သည်ပင် ၎င်းတို့အတွက် သဘာဝက ပေးထားသော အမှိုက်စွန့်ပစ်ရာနေရာအဖြစ် ခံယူထားလိုက်ကြတော့၏။ ကျွန်တော်တို့ လေးမျက်နှာဘက်တွင် မိုးတွင်းကာလ  ချောင်းများ၊ မြောင်းများအတွင်းမှ လှေစီးကာ ခရီးသွားကြရ၏။ ထိုသို့သွားရာတွင် လှေသည် ရွာများအတွင်းဖြတ်သွားသည်ဖြစ်အံ့။ လှေအတွင်းပါလာသူ ခရီးသည်များမှာ ၎င်းတို့အထက်တွင်မိုးလျှက်ရှိသည့် ချောင်းမြောင်းကမ်းနဖူးတစ်လျှောက် ဆောက်လုပ်ထားသော အိမ်သာများကို ရှုစားကြရမည်ဖြစ်၏။ ကံဆိုးသူများအဖို့ အိမ်သာတက်နေသူကိုပင် အောက်ဖက်မှ အတိုင်းသားရှုမြင်နိုင်ပါလိမ့်မည်။

ကျွန်တော်တို့ငယ်စဉ်က ချောင်းထဲတွင် ရေချိုးသည်။ တစ်ရွာလုံး သည်ချောင်းမှာပင် လာချိုးတာဖြစ်၏။ ရေတွင်းဆိုလျှင် လည်း အထွေအထူး တူးနေစရာမလို။ ချောင်းသဲသောင်ခုံပေါ်တွင် လက်နှင့် လေးငါးဆယ်ချက်မျှ ယက်လိုက်လျှင် ရေတွင်း ဖြစ်ပြီ။ သည်ရေကို အကြည်ခံကာ သောက်သုံးရေအဖြစ် သုံးကြတာဖြစ်၏။

ရွာသူရွာသားအားလုံးချိုးကြတာ ဆိုတော့ အ၀တ်များလည်း လျှော်ကြသည်ပေါ့။ သည်တော့ ကလေး သို့မဟုတ် ၀မ်းမထိန်း နိုင်သည့် အဖိုးကြီး၊ အဖွားကြီးများ ပါချလိုက်သဖြင့် အီအီးများပေနေသော အ၀တ်များကို ချောင်းအထက်ပိုင်းမှ လျှော်ချ လိုက်သည်။ ချောင်းအောက်ပိုင်းနေသူများက ထိုချောင်းရေထဲတွင်ပင် ပျော်ပျော်ကြီး ကူးခတ်ကာ ချိုးနေကြသတည်း။ ချောင်း ရေမှာ အရှင်ဖြစ်ရာ သည်ကိစ္စ မည်သူကမျှ ကွန်ပလိန်းလုပ်မနေ။ သူလည်းလျှော်၊ ငါလည်းလျှော်။ သူလည်းချိုး၊ ငါလည်းချိုး။ ရိုးနေပြီ။ (ယခုမူ ထိုချောင်းမှာ ချောင်းခြောက်ကြီး ဖြစ်နေပါပြီ။ မိုးတွင်း မိုးရွာမှ ရေကိုမြင်ရသည်။ မိုးကုန်သည်နှင့် ချောင်းမှာလည်း ရေခန်းပြီ။ ၀မ်းနည်းစရာပင်ဖြစ်ပါ၏)

ဒါ မဖြစ်စလောက်သော ရွာသူရွာသားအနည်းငယ် စွန့်ပစ်တာ။ သဘာဝက ပြန်ပြီးအလိုအလျှောက် သန့်စင်ပေးနိုင်သည် ဆိုအံ့။ မြစ်ကမ်းနဖူးများတွင် တည်ထားသော စက်ရုံများက အထိန်းအသိမ်းမရှိ စွန့်ပစ်လိုက်သော ရေဆိုးများကို မည်သို့ ဆိုမည်နည်း။

ကျွန်တော် RIT ကျောင်းသားဘ၀က သမိုင်းလမ်းဆုံအနီးတွင် သားရေစက်ရုံထင်သည်။ မမှတ်မိတော့ပါ။ ရှိသည်။ ထိုစက်ရုံက ထွက်လာသော ရေဆိုးများကို မည်သို့စွန့်ပစ်သည်တော့မသိ။ ဤအနီးရှိ မြောင်းအတွင်းမှ ရေများမှာမူ အလွန်တရာ နံစော် ညစ်ပတ်လျှက်ရှိသည်ကို ဖြတ်သွားဖူးသူတိုင်း သတိပြုမိပါလိမ့်မည်။ ဤရေများ သည်မျှနံနေရခြင်း၏ အဓိကလက်သည်မှာ သားရေစက်ရုံကြီးပင် ဖြစ်လိမ့်မည်ထင်ပါသည်။ ကျွန်တော်သေသေချာချာမသိပါ။

နတ်ချောင်း ဆိုတာ တာမွေဘက်တွင် ရှိသည်။ တာမွေဗလီ၊ အသောက နှင့် မေတ္တာညွန့်ရပ်ကွက်အကြား၊ ကားဘော်ဒီများ ထုလုပ်သောရပ်ကွက်ဖြစ်၏။ ဘာလမ်းပါလိမ့်၊ အထက်ပုဇွန်တောင်လမ်းလား၊ မေ့နေပြီ။ ထိုလမ်းမကြီးဘေးတွင် ကပ်လျှက် ရှိသည်။
နတ်ချောင်းရိုးတစ်လျှောက် ကမ်းနဖူးရှိအိမ်များမှာ မုံ့ဟင်းခါးဖတ် လုပ်ရောင်းသည်။ မုံ့ဟင်းခါးဖတ်လုပ်တာ သိသူများ သိကြပါလိမ့်မည်။ ဆန်ကို နူးအောင်စိမ်ကာ ကြိတ်၊ နောက်ရေစစ်ပြီး မုံ့နှစ်များရအောင်လုပ်။ ထိုမုံ့နှစ်များကို နန်းဆွဲတာ ဖြစ်ပါသည်။ မုံ့ဟင်းခါးဖတ်လုပ်ငန်းကား ရေကို အပေါသုံးကာ လုပ်ရခြင်းဖြစ်သည်။ ကျွန်တော်ကျောင်းပြီး၍ အလုပ်မရခင် ယောင်ချာချာဘ၀က ထိုမုံ့ဟင်းခါးဖတ်လောကထဲ ခေတ္တရောက်သွားသေးသည်။
အနှီ မုံ့ဟင်းခါးဖိုများမှ ထွက်လာသော ရေသိုးများကား အခြားသို့မရောက်။ နတ်ချောင်းအတွင်းသို့သာ ပျော်ပျော်ကြီး စီးဝင် ကြကုန်သတည်း။ ထိုမျှသာမကသေး။ ထိုရပ်ကွက်အတွင်း ကားဝပ်ရှော့များမှထွက်လာသော ဆီ၊ အက်စစ် စသည်တို့ ရောနေသော ရေဆိုးများကိုလည်း နတ်ချောင်းကပင် ခံယူရရှာသည်။
သို့တပြီးကား နတ်ချောင်းအတွင်းမှ ရေများကိုသာ အသင်စာရှုသူတို့ အနီးကပ်ရှုစားရမည်ဆိုပါလျှင် စားထားသမျှ အကုန်ပြန် ထွက်စရာအကြောင်းရှိပါသည်။
သကြားချက်စက်၊ အရက်ချက်စက်၊ စက္ကူစက် စသော အစိုးရစက်ရုံကြီးများမှ စွန့်ပစ်လိုက်သော ရေဆိုးများကို မည်သို့ပြုပြင် သည်။ ဤရေဆိုးများ စွန့်ပစ်ရေးအတွက် မည်သို့သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စံနှုံးများ သတ်မှတ်ထားသည်။ စက်ရုံများကကော လိုက်နာ၊ မလိုက်နာ၊ စွန့်ပစ်ရေ အရည်အသွေးကို ပုံမှန်တိုင်းမတိုင်း၊ တိုင်းထားသည့်မှတ်တမ်းများ ရှိမရှိ။ မှတ်တမ်းများရှိသည့်တိုင် ဤမှတ်တမ်းများသည် လက်ထဲတွေ့ရာ လျှောက်ရေးထားတာလား။ စနစ်တကျတိုင်းလို့ ရသည်များ ကို မှတ်တမ်းတင်ထားလား စသည်တို့ကို ကျွန်တော်လက်လှမ်း မမီသဖြင့် မသိရပါ။ အခွင့်ရလျှင် သိချင်ပါသည်။ မြစ်ချောင်းရေများ သန့်စင်ရေးတွင် ဤစက်ရုံများမှ စွန့်ပစ်ရေများကို ထိန်းသိမ်းရေးကိစ္စ အလွန်အရေးကြီးပါသည်။ အကယ်၍ ဘာမျှအရေးယူ ဆောင်ရွက်ခြင်းမရှိ ဆိုလျှင် အလျှင်အမြန် အရေးယူ ဆောင်ရွက်ဖို့ အရေးကြီးနေပါပြီ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများရော သတိထားမိပါလေစ။

(၂) စင်ကာပူတွင် အမှိုက်စွန့်ပစ်ခြင်း၌ အစိုးရမှ စီမံခန့်ခွဲထားပုံ



စင်ကာပူနိုင်ငံကလေးကား သေးငယ်၏။ လူနေထူထပ်၏။ စင်ကာပူနေ ၅ သန်းမျှသော လူအပေါင်း နေ့စဉ် စွန့်ထုတ်နေသည့် အမှိုက်နှင့် အညစ်အကြေးများကိုသာ စနစ်တကျ မစီမံပါမူ ယခုလောက်ရှိ စင်ကာပူကျွန်းကလေးမှာ အမှိုက်များအောက် ရောက်နေလောက်ပြီ။ 
သို့ဆိုလျှင် စင်ကာပူအစိုးရသည် အမှိုက်သိမ်းစနစ်ကို မည်ကဲ့သို့စီမံထားကြောင်း စိတ်ဝင်စားဖို့ မကောင်းပါသလော။ ကျွန်ုပ်တို့ နေ့စဉ်စွန့်ပစ်နေသော အမှိုက်များသည် လေလွင့်ဆုံးရှုံးသွားသည်မဟုတ်၊ အပြည့်အ၀ ပြန်လည်အသုံးချထားသည်ဆိုပါလျှင် အသင်တို့ အံ့သြလေမည်လား။ မအံ့သြပါနှင့်။ စင်ကာပူအစိုးရသည် အမှိုက်များကို ပြန်လည်အသုံးချရေးအတွက် ဥပဒေဖြင့် ပြဌာန်းထားပါသတည်း။ လေ့လာကြည့်ပါ။
ဤတွင်ဖော်ပြထားသော သတင်းအချက်အလက် အားလုံးသည် Singapore National Environment Agency (NEA) web site ဖြစ်သော http://app2.nea.gov.sg/topics_waste.aspx မှ ရယူထားခြင်း ဖြစ်ပါသည်။  
စင်ကာပူတွင် အမှိုက်ရှင်းလင်းရန်အတွက် စီမံချက်ချရေး၊ စီမံခန့်ခွဲရေး၊ အမှိုက်များ သုတ်သင်ရှင်းလင်းရေးအတွက် လည်းကောင်း၊ လိုအပ်သည့် စက်ကိရိယာများထောက်ပံ့ရေး၊ အမှိုက်များရှင်းလင်းရေး စသည်တို့ကိုလည်းကောင်း NEA က လုံးဝဥဿုံ တာဝန်ယူထားသည်။ ထို့ပြင် အမှိုက်ရှင်းလင်းရေးအတွက် လိုအပ်သော လိုင်စင်များ ထုတ်ပေးရေး၊ အမှိုက်များ စုဆောင်းရေး နှင့် တရားမ၀င် အမှိုက်စွန့်ပစ်မှုတို့ကို အရေးယူရေး စသည်တို့ကိုလည်း ဆောင်ရွက်ပါသေးသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် အမှိုက်စွန့်ပစ်မှု

စင်ကာပူတွင် လူဦးရေတိုးလာသည်နှင့်အမျှ အမှိုက်စွန့်ပစ်မှုမှာလည်း တစ်နေ့တခြား များပြားလာခဲ့သည်။ ၁၉၇၀ ခုနှစ်က အမှိုက်စွန့်ပစ်မှု တစ်နေ့လျှင် ၁၂၆၀ တန်မျှသာ ရှိသော်လည်း ၂၀၀၈ ခုနှစ်ရောက်လာသောအခါ တစ်နေ့လျှင် အမှိုက်တန်ချိန် ၇၇၈၇ ထိ တိုးတက်လာသည်။ ၂၀၁၀ ခုနှစ်အတွင်းက စင်ကာပူ အမှိုက်စွန့်ပစ်မှုမှာ တန်ချိန်သန်းပေါင်း ၂.၇၆ ထိ ရှိသည်။ ပြောရလျှင် ထိုအမှိုက်များကိုသာ တစ်နေရာထဲတွင် စုပုံလိုက်ပါက အမြင့် လူတစ်ရပ်စာ၊ အကျယ် ဘောလုံးကွင်း ၉၃၇ ကွင်းစာ အမှိုက်လွင်ပြင်ကြီး ဖြစ်သွားပေလိမ့်မည်။

စွန့်ပစ်အမှိုက်များကို နှစ်မျိုးနှစ်စားခွဲနိုင်သည်။

၁။ Solid Waste (အမှိုက်မာ ဟုပဲ ဆိုကြပါစို့။ ဥပမာ - မြေကြီး၊ ကျောက်၊ အုတ်၊ အင်္ဂတေ၊ ကွန်ကရိ)
၂။ Public Waste (Solid Waste မဟုတ်သောအမှိုက်အားလုံးကို ခေါ်သည်။ ဤအထဲတွင် အစားအသောက်အကြွင်းအကျန်၊ စက္ကူအားလုံး၊ ပလတ်စတစ်၊ သစ်သား၊ အ၀တ်အစား၊ အားလုံးပါသည်။)

တစ်နည်းအားဖြင့် မီးရှို့နိုင်သောအမှိုက်နှင့် မီးမရှို့နိုင်သောအမှိုက် ဟု ပြောလျှင်လည်း ရပါသည်။

မီးမရှို့နိုင်သော solid waste အမှိုက်များကို မြေဖို့ရာတွင် တိုက်ရိုက်သုံးသည်။ မီးရှို့နိုင်သော အမှိုက်များကို မီးရှို့ပစ်ပြီး မီးရှို့ရာမှရသောအပူကို လျှပ်စစ်ထုတ်သည်။ မီးရှို့ရာမှထွက်လာသော ပြာများကို မြေဖို့ရာတွင်သုံးသည်။

ကဲ၊ ဘယ်အရာများ အလေအလွင့်ဖြစ်သေးတုံး။ အားလုံးသူ့ဟာနှင့်သူ အသုံးတည့်သွားတာချည်း မဟုတ်ပါလော။

သည်နေရာတွင် မြေဖို့သည်၊ မြေဖို့သည် ဆိုသော စကားလုံးကို ထပ်ကာထပ်ကာ ကြားလာရသည်။ ဘာလုပ်ဖို့ မြေဖို့တာ ပါနည်း။ စင်ကာပူတွင် မြေရှားသည်။ သည်တော့ နယ်မြေထပ်ချဲ့စရာမရှိ။ ချဲ့မည်ဆိုလျှင် သမုဒ္ဒရာကို မြေဖို့သုံးဖို့ပဲ ရှိသည်။ သည်တော့ သမုဒ္ဒရာကို မြေဖို့သည်ပေါ့။ ပုံပြင်ပြောနေတာ မဟုတ်ပါ။ တကယ်ဖြစ်ပါ၏။ နည်းနည်းလောက်ပြောပြရလျှင် စင်ကာပူတွင် ကျွန်းပေါက်စနကလေးများ အများအပြားရှိသည်။ တစ်ကျွန်းနှင့်တစ်ကျွန်း သိပ်မဝေးလှသော ကျွန်းများကို ဆက်ကာ ကျွန်းကြီးတစ်ကျွန်းဖြစ်အောင် လုပ်သည်။ ထို့ပြင် လက်ရှိရှိနေသော ကျွန်းကို ဘေးမှမြေထပ်ဖို့ကာ ကျွန်းနယ်နိမိတ် ကို ချဲ့သည်။ ဥပမာပြောရလျှင် ယခုလက်ရှိ Jurong Island မှာ ကျွန်းကလေး ၇ ကျွန်းပေါင်းကာ ကျွန်းကြီးတစ်ကျွန်း လုပ်ထား ခြင်းဖြစ်ပါသည်။ ထို့ပြင် သိပ်မကြာခင်ကလေးကမှ မီးလောင်မှုဖြစ်သွားသော Shell Bukom ကျွန်းကိုလည်း နောက်ထပ် စက်ရုံကြီးတစ်ရုံ ထပ်ဆောက်ရန် ကျွန်ကလေးသုံးကျွန်းနှင့် ထပ်ပေါင်းလိုက်သည်။

၁၉၆၀၊ ၇၀ ပြည့်နှစ်များကမူ အမှိုက်ဟူသမျှ မြေဖို့ရာတွင်သုံး၏။ သို့သော် ၁၉၇၀ ပြည့်နှောင်းပိုင်းတွင် အမှိုက်အားလုံးကို မြေဖို့မည့်အစား မီးရှို့လို့ရသည့်အမှိုက်များကို မီးရှို့လိုက်ခြင်းဖြင့် စွန့်ပစ်အမှိုက်များ၏ (ထုထည်အားဖြင့်) ၉၀ ရာခိုင်နှုံးကို လျှော့ချနိုင်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤနည်းမှာ WTE (Waste – To – Energy) (အမှိုက်မှသည် စွမ်းအင်ဆီသို့) စနစ် ဖြစ်သည်။ ဤ WTE စက်ရုံများကို တစ်ခုပြီးတစ်ခု တည်ဆောက်လာလိုက်သည်မှာ ယခုဆိုလျှင် စင်ကာပူတွင် စက်ရုံ လေးရုံ ရှိနေပြီ ဖြစ်ပါသည်။ ပင်လယ်အတွင်း မြေဖို့စီမံကိန်းမှာမူကား Semakau Landfill Project ဖြစ်သတည်း။

အများပြည်သူစွန့်ပစ်အမှိုက်များ စုဆောင်းခြင်း (Public Waste Collection)

စင်ကာပူတစ်နိုင်ငံလုံးအား အမှိုက်သိမ်းရေးအတွက် နယ်မြေ ၉ ခု ကို အောက်ပါအတိုင်း ခွဲထားသည်။


ထိုနယ်မြေများတွင် အမှိုက်သိမ်းရန် ကန်ထရိုက်ရထားသည့် ကုမ္ပဏီ ၄ ခုရှိ၏။ ခုနစ်နှစ် ကန်ထရိုက်ဖြစ်သည်။

    Pasir Ris-Tampines, Bedok and Tanglin-Bukit Merah sectors

    Jurong sector
    Clementi, City, Hougang-Punggol and Woodlands-Yishun sectors
၎။ 800 Super Waste Management Pte Ltd
    Ang Mo Kio-Toa Payoh Sector
ထိုကုမ္ပဏီများမှာ အမှိုက်သိမ်းရန်အတွက် NEA မှ လိုင်စင်ရထားသော ကုမ္ပဏီများ ဖြစ်ပါသည်။ (ဆိုလိုသည်မှာ လိုင်စင်မရှိ သူများ အမှိုက်သိမ်းခွင့်မရှိ။)
အမှိုက်ကို Class A, Class B နှင့် Class C ဟု အမျိုးအစား သုံးမျိုး ခွဲထား၏။
Class A - အင်အော်ဂဲနစ် အမှိုက်များ၊ ဥပမာ - မြေကြီး၊ ကျောက်၊ အုတ်၊ ကွန်ကရိ၊ သစ်သား၊ သစ်ရွက်သစ်ကိုင်း စသည်
Class B - အော်ဂဲနစ် အမှိုက်များ၊ ဥပမာ - ပုပ်သိုးသွားနိုင်သော အစားအသောက်အကြွင်းအကျန်အမှိုက်များ
Class C - အမဲဆီများ၊ စက်ရုံများ၊ အင်ဂျင်များမှထွက်လာသည့် စက်ဆီများရောပါနေသော အနယ်အနှစ်များ၊ ရေဆိုးပြုပြင်ရေး  
             စက်ရုံများမှထွက်လာသည့် မကောင်းသော အညစ်အကြေးရေများ စသည်

တရားမ၀င်အမှိုက်စွန့်ပစ်မှုသည် ပြင်းထန်သော ဥပဒေချိုးဖောက်မှုဖြစ်သည်။ ဤသို့အမှိုက်စွန့်ခြင်းသည် အများပြည်သူ၏ ကျန်းမာရေးကို ထိခိုက်စေသည်။ သဘာဝကို ပျက်စီးစေသည်။ လိုင်စင်မရှိဘဲ၊ အမှိုက်စွန့်ရမည့်နေရာမဟုတ်ဘဲ  အမှိုက်စွန့် နေသည်ကို တွေ့ပါက NEA (ဖုံးနံပတ် - 1800 2255 632) သို့ သတင်းပေးရန် လူတိုင်းတွင် တာဝန်ရှိသည်။ ဤသို့သတင်းပေးရာတွင် - အမှိုက်စွန့်သည့် နေ့ရက်၊ အချိန်၊ နေရာ။ အမှိုက်စွန့်နေသော ယာဉ်၏နံပါတ်။ သင့်နာမည်နှင့် ဖုံးနံပါတ် စသည်တို့ကို ဖော်ပြပါ။
အမှိုက်မှသည် စွမ်းအင်ဆီသို့ (Waste To Energy Plants) သို့မဟုတ် (Incineration Plant)
လူပေါင်းများစွာ၊ စက်ရုံပေါင်းများစွာမှ စွန့်ပစ်လိုက်သော အမှိုက်များကို နိုင်နိုင်နင်းနင်း မည်သို့ စွန့်ပစ်မည်နည်း ဆိုသည်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းများတွင် WTE (Waste To Energy) နည်းပညာကို ရှာဖွေတွေ့ရှိခဲ့သဖြင့် နေအိမ်များ၊ စားသောက်ကုန်စက်ရုံများ၊ စားသောက်ဆိုင်များ၊ ဟော်တယ်များမှ စွန့်ပစ်လိုက်သော တန်ပေါင်းများစွာသော အမှိုက်များကို မီးရှို့ကာ စွမ်းအင်အဖြစ် ပြောင်းနိုင်ခဲ့သည်။
စင်ကာပူတွင် ပထမဦးဆုံး စတင်တည်ဆောက်သော WTE စက်ရုံမှာ Ulu Pandan Refuse Incineration Plant ဖြစ်၏။ ၁၉၇၉ ဒီဇင်ဘာတွင် စတင်လည်ပတ်နိုင်ပြီး တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၂၀၀ ကို ၀ါးမြိုပေးခဲ့သည်။ မူလက မီးရှို့စက် ၃ လုံးသာရှိရာမှ ၁၉၈၂ ခုနှစ်တွင် နောက်ထပ်တစ်လုံး ထပ်မံတပ်ဆင်ကာ တစ်နေ့လျှင် တန်ချိန် ၁၆၀၀ ထိ ရှို့နိုင်ခဲ့သည်။


စက်လည်ပတ်ပုံကို အကျဉ်းအားဖြင့် ဖော်ပြရလျှင် အမှိုက်များကို မီးရှို့လိုက်၏။ ထွက်လာသော အပူဖြင့် ဘွိုင်လာများအား မီး ထိုးပေးကာ ရေနွေးငွေ့တာဘိုင်များကိုလည်စေပြီး လျှပ်စစ်ထုတ်ယူသည်။ ထွက်လာသော လျှပ်စစ်မှ အချို့ကို စက်လည်ရန် သုံးပြီး ပိုသောလျှပ်စစ်ကိုမူ Singapore Power သို့ ပြန်ရောင်းသည်။ မီးရှို့ပြီး ထွက်လာသော ပြာများကိုမူ မြေဖို့သည့်နေရာသို့ ပို့လိုက်သည်။
စက်ရုံမှ ထုတ်လိုက်သော မီးခိုးတွင် အန္တရာယ်ရှိသော ဓါတ်ပစ္စည်း၊ အမှုန်အမှိုက်များ မကြွင်းကျန်စေရအောင်၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို ကာကွယ်ရေးအတွက် Electrostatic precipitators နှင့် flue gas cleaning unit များတပ်ဆင်ထား သည်။ ထွက်လာသော အမှုန်များ စင်ကာပူမြေပေါ်ပြန်မကျစေရေးအတွက် မီတာ ၁၅၀ မျှထိ မြင့်မားသော မီးခိုးခေါင်းတိုင်ကြီး များ ထားရှိပါသည်။


ထိုစက်ရုံများသို့ သွားရောက်လေ့လာလိုသူများ လေ့လာခွင့်လျှောက်ထား၍ သွားရောက်လေ့လာနိုင်ပါသည်။ မူလတန်း (primary)၊ အထက်တန်း (secondary) ကျောင်းသားကျောင်းသူများ၊ ဗဟုသုတရှာမှီးလိုသူများ မကြာခဏ လာရောက်လေ့လာသော စက်ရုံမှာ နောက်ဆုံးမှ ဆောက်လိုက်သော Tuas South Incineration Plant ဖြစ်ပါသည်။


တိုးလာသော လူဦးရေနှင့်ကာမိအောင် ၁၉၈၆  တွင် Tuas Incineration Plant ကိုလည်းကောင်း ၁၉၉၂  တွင် Senoko Incineration Plant ကိုလည်းကောင်း၊ ၂၀၀၀ ခုနှစ်တွင် Tuas South Incineration Plant ကိုလည်းကောင်း  ထပ်မံ တည်ဆောက်ခဲ့သည်။ ထိုစက်ရုံကြီးများမှာ တစ်နေ့လျှင် ၂၄ နာရီ။ တစ်နှစ်လျှင် ၃၆၅ ရက်နှုံးဖြင့် အဆက်မပြတ် လည်ပတ် နေတာ ဖြစ်ပါသည်။



Tuas Incineration Plant က မီးရှို့စက် ၅ လုံးဖြင့် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၇၀၀။ Senoko Incineration Plant က မီးရှို့စက် ၆ လုံးဖြင့် တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၄၀၀။ Tuas South Incineration Plant က မီးရှို့စက် ၆ လုံးဖြင့် တစ်နေ့လျှင် အမှိုက်တန်ချိန် ၃၀၀၀ အသီးသီး ၀ါးမြို လည်ပတ်နေခြင်း ဖြစ်၏။

ထိုစက် ၄ လုံးမှ တစ်နှစ်လျှင် လျှပ်စစ် ကီလိုဝပ် သန်းပေါင်း ၉၈၀ ထုတ်ပေးသည်။ ဤပမာဏမှာ စင်ကာပူတစ်နိုင်ငံလုံး၏ လျှပ်စစ်လိုအပ်ချက် ၂ ရာခိုင်နှုံး မှ ၃ ရာခိုင်နှုံးထိရှိသည်။ ထို့ပြင် စွန့်ပစ်သံ တန်ချိန် ၂၂၈၀၀ ကိုလည်း ပြန်လည်ရယူနိုင်သည်။


ထို Incineration plant အားလုံးမှာ စင်ကာပူ မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် တည်ရှိသည်။ ထိုအခါ အရှေ့ပိုင်းမှ အမှိုက်များကို အမှိုက်စက်ရုံများသို့ သယ်ရသော စရိတ်စကမှာ ကြီးမားလှသည်။ ထို့ကြောင့် ၁၉၈၆ ခုနှစ်တွင် Kim Chuan Transfer Station ကို တည်ဆောက်ကာ စင်ကာပူအရှေ့ခြမ်းမှ ထွက်သမျှ အမှိုက်များကို ထို station သို့ပို့၏။ ဤနေရာတွင် အမှိုက်များကို ဖိသိပ်ကာ တန် ၂၀ ကွန်တိန်နာများထဲထည့်ပြီးမှ incineration plant များသို့ပို့သည်။ သယ်ယူပို့ဆောင်ရသည့် စရိတ်စက အများကြီး သက်သာသွားသည်။


အမှိုက်များကို သယ်လာသော မော်တော်ယာဉ်ကြီးအား ၀င်ဝရှိ ကတ္တားတွင် တင်ကာ ချိန်လိုက်သည်။ ထို့နောက် အမှိုက်များ ကို စက်ရုံမှ အမှိုက်သွန်သောနေရာတွင် သွန်ချခဲ့၏။ ပြန်အထွက်တွင် ထိုကားကြီးကို ကတ္တားပေါ်တက်စေကာ ပြန်ချိန်ပြန် သည်။ ၀င်လာစဉ်က အလေးချိန်မှ ပြန်ထွက်လာသော အလေးချိန်ကို နှုတ်လိုက်လျှင် သယ်လာသော အမှိုက်တန်ချိန်ကို ရသည်။ ထိုတန်ချိန်ပေါ်မူတည်၍ ငွေချေရသည်။


 
တစ်နေ့တစ်နေ့ Incineration Plant များသို့ ရောက်လာသော အမှိုက်မှာ တန်ချိန် ၇၀၀၀ ခန့်ရှိပါသည်။ သည်အမှိုက်များ လာပို့ခြင်းအတွက် ပိုက်ဆံပေးရသည်။ အမှိုက်တစ်တန်လျှင် စင်ကာပူဒေါ်လာ ၇၇ ပေးရသည်။ အလကားပို့လို့ ရတာမဟုတ်။
Incineration Plant တစ်ခုအလုပ်လုပ်ပုံကို ပုံများဖြင့်ရှင်းပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါသည်။








ကားပေါ်မှသွန်ချလိုက်သော အမှိုက်များကို လက်ခံရာ သံပုံးကြီးအား မီးဖိုမှလေပူများဖြင့် အပူပေးထားသည်။ ထိုအခါ စိုနေသော အမှိုက်များ အတော်များများ ခြောက်သွားသည်။ ထိုနေရာမှထွက်လာသော အမှိုက်များကို အပိုင်းအစများ ဖြစ်သွားအောင် ကြိတ်ခြေ ဖြတ်တောက်ပစ်လိုက်သည်။ ထိုအမှိုက်များကို စက်လက်တံကြီးများဖြင့် မီးရှို့သည့်နေရာသို့ သယ်လာသည်။ ထို့နောက် စက်လက်တံကြီးများက အမှိုက်သယ်သည့် ခါးပတ်ပြားကြီးများပေါ် လောင်းချလိုက်သည်။ လမ်းတွင် ခါးပတ်ပြားအပေါ်၌ တပ်ဆင်ထားသော သံလိုက်ခါးပတ်များက အမှိုက်များနှင့် ရောပါလာသည့် သံတို၊ သံစများကို ဆွဲယူကာ သီးသန့်ဖယ်ထုတ်သည်။ ထိုသံမယ်နများကို အမှိုက်ပုံးသီးသန့်ဖြင့်ခံယူ သန့်စင်ကာ Nat Steel စသော သံမဏိစက်ရုံများသို့ ရောင်းသည်။



ပထမဆုံး တည်ဆောက်ခဲ့သော Ulu Pandan Plant ကို အနှစ် ၃၀ ကြာလည်ပတ်ခဲ့ပြီးနောက် ရပ်ခဲ့သည်။ ထို့နောက် စက်ရုံ များကို ၂၀၀၉ ခုနှစ်တွင် Design, Build, Won and Operate အဖြစ် ပြန်လည်ပြုပြင်ခဲ့သည်။


ကွန်ကရစ်၊ မြေ၊ ကျောက်၊ အုတ် စသော solid waste များထဲမှ ပြန်သုံးလို့ရသည့် ပစ္စည်းများကို ပြန်သုံးသည်။ ဥပမာ - အဆောက်အဦများမှ ထွက်လာသော ကွန်ကရစ်အမှိုက်များကို ထုချေကာ လမ်းခင်းရာတွင် ပြန်သုံးသည်။ ကျန်သော solid waste များနှင့် Incineration plant များမှထွက်လာသော ပြာများကို Tuas Marine Transfer Station (TMTS) သို့ ပို့သည်။ ထိုနေရာတွင် သယ်လာသော အမှိုက်မာများကို ကုန်းဖို့ရာသို့တင်ပို့ရန် ဇလားကြီးများ (long barges) အတွင်း ထည့်သည်။ ထို ဇလားကြီးများကို ဆွဲသင်္ဘော (tugboat) များဖြင့်တွန်းကာ စင်ကာပူကျွန်းမကြီးမှ ကီလိုမီတာ ၃၀ အကွာရှိ Semakau ကျွန်း သို့ မြေဖို့ရန်သယ်သွားသည်။ သင်္ဘောမောင်းချိန် ၃ နာရီခန့်ကြာသည်။
ဆီမာကူကျွန်းတည်ဆောက်ခြင်း (Semakau Landfill)




ဆီမာကူးကျွန်းဖို့ခြင်းလုပ်ငန်းကို ၁၉၉၉ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့သည်။ စုစုပေါင်း ၃၅၀ ဟက်တာ (၈၆၅ ဧက) ကျယ်မည်။ ၂၀၄၀ ထိ စင်ကာပူမှထွက်သော အမှိုက်များကို ဤကျွန်းဖို့ခြင်းအတွက် သုံးမည်။ ၂၀၀၈ ခုနှစ်တွင် မြေဖို့ခြင်း အတွက် တစ်ရက်လျှင် Incineration plant များမှထွက်သောပြာများ အပါအ၀င် solid waste တန်ချိန် ၂၀၀၀ သုံးခဲ့သည်။


အိမ်ထောင်ပရိဘောဂ စသော ကြီးမားသည့်ပစ္စည်းများ စွန့်ပစ်လိုလျှင်


လိုင်စင်ရ အမှိုက်သိမ်းသူ (licensed waste collector) များကို yellow book မှ ရှာ၊ ဆက်သွယ်ပြီး စွန့်ပစ်နိုင်ပါသည်။


ဥယျဉ်ပန်းခြံများမှ အမှိုက် (မြက်၊ သစ်ကိုင်း၊ သစ်ရွက် စသည်)


အမှိုက်များကို ပလတ်စတစ်အမှိုက်အိတ်များဖြင့် ကျနစွာထုပ်ပိုးချည်နှောင်ပါ။ သစ်ကိုင်းများကို ဖြတ်တောက်ပြီး သေသေ ချာချာ စည်းထားပါ။ တစ်နေ့လျှင် အမှိုက်အိတ် ၂ အိတ်ထက် ပိုမပစ်ပါနှင့်။


တိရိစ္ဆာန်အသေကောင်များစွန့်ပစ်ခြင်း


ခွေး၊ ကြောင် စသည်တို့သေပြီး စွန့်ပစ်လိုပါလျှင် ပလတ်စတစ်အထူအိတ်နှင့် ကျနစွာထုပ်ပိုးပြီး အမှိုက်ပုံးဘေးနားတွင် ပစ်ထားပါ။ သို့မဟုတ်က သဂြိုဟ်လိုသည်ဆိုပါလျှင် တိရိစ္ဆာန် သုဘရာဇာများရှိပါသည်။ Yellow Book တွင်ရှာပါ။


မှတ်ချက်။            ။ အမှိုက်များကို Incineration plant များသို့ သယ်လာခြင်းကို လက်မခံပါ။ သတ်မှတ်ထားသော အမှိုက်စွန့် လော်ရီများကိုသာ လက်ခံပါသည်။


မြန်မာပြည်မှာတော့ အမှိုက်ပစ်တာ စည်ပင်သာယာကို အခွန်ဆောင်ရ၊ မဆောင်ရ။ ဆောင်ရလျှင် တစ်လမည်မျှ ဆိုသည်ကို မသိပါ။ စင်ကာပူမှာတော့ PUB (ရေမီးခွန်) နှင့် တွဲလာပါသည်။ Bill စာရွက်ထဲတွင် ကြည့်လိုက်ပါ။ Refuse removal ဟု ပါပါလိမ့်မည်။ ကျွန်တော်တို့အိမ်အတွက် လစဉ် ၅ ကျပ် ၆၈ ပြားပေးရ၏။

အမှိုက်ပစ်ခကို ပုံသေတော့မှတ်မထားပါနှင့်။ နေရာလိုက်ကွာသွားတတ်ပါသည်။ သို့သော်လည်း အများကြီးတော့မကွာပါ။ ထို့ပြင် အိမ်မှပစ်သောအမှိုက်က တစ်ဈေး။ လုံးချင်းအိမ်များက တစ်ဈေး။ စားသောက်ဆိုင်များမှအမှိုက်က တစ်ဈေး။ လုပ်ငန်း များက အမှိုက်က တစ်ဈေး ဖြစ်ပါသည်။ ဥပမာပြရလျှင် - Tampines ဒေသမှ ဈေးနှုံးများ





စင်ကာပူတွင် အမှိုက်ပစ်ခြင်းအတွက် ပြဌာန်းထားသော ဥပဒေမှာ Environmental Management Act ဖြစ်ပါသည်။ ထိုဥပဒေ ကို အထောက်အကူပြုမည့် လုပ်ထုံးလုပ်နည်း (Code of Practice) များလည်းရှိပါသည်။ မည်သို့လုပ်ရမည်ကို ကိန်းဂဏန်း များဖြင့် ညွှန်ပြထားခြင်း ဖြစ်၏။


မည်သူမဆို စီးကရက်တို၊ တစ်ရှုးစသော အမှိုက်များပစ်လျှင် ပထမအကြိမ်မိခြင်းအတွက် ဒါဏ်ငွေ စင်းဒေါ်လာ ၃၀၀ တပ်ရိုက် ပါမည်။ ထို့ပြင် ကြီးမားသော အမှိုက်ပစ်တာ မိလျှင် CWO ထိမည်။ Corrective Work Order မြန်မာလိုတော့ အလုပ်ကြမ်း ခေါ်မည် ထင်ပါသည်။ လုပ်ရမည်မှာ ရောင်ပြန် လိမ္မော်ရောင်အင်္ကျီဝတ်ဆင်လျှက် လူမြင်ကွင်း မြို့လည်ခေါင်တွင် သတ်မှတ် ထားသော နာရီပြည့်အောင် အမှိုက်လှည်းရခြင်း ဖြစ်ပါ၏။


ဓါတုဗေဒ နှင့် အဆိပ်အတောက်၊ အန္တရာယ်ရှိသော အမှိုက်များစွန့်ပစ်ခြင်း (Hazardous Waste)


စင်ကာပူတွင် ဓါတုဗေဒပစ္စည်းများနှင့် အလုပ်လုပ်နေသော ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်ရှိသည်။ (ထိုကုမ္ပဏီများထဲတွင် ကျွန်တော် လက်ရှိလုပ်နေသော Union Alloy သည်လည်း တစ်ခုအပါအ၀င် ဖြစ်၏။ ကျွန်တော်တို့က ဖိုက်ဘာပိုက်များ ဆိုတော့ ပိုလီယက်စတာ၊ ဗင်နိုင်းယက်စတာ၊ အက်ဆီတုန်း၊ မီသိုင်းအီသိုင်းကီတုန်း စသည်တို့ဖြင့် လုပ်ရသည်။ ဤကား စကားချပ်)။ များသောအားဖြင့် ၎င်းတို့စွန့်ပစ်သည်မှာ အက်စစ်၊ ချွတ်ဆေး၊ သုတ်ဆေး၊ မှုတ်ဆေး၊ ဆီချေး၊ ဆေးချေး စသည်တို့ဖြစ်ပါသည်။


ဤအဆိပ်အတောက်ရှိသော အမှိုက်များကို လူသုံးပစ္စည်းအမှိုက်များနှင့် မရောပါလေနှင့်။ ဟိုပစ်၊ သည်ပစ် မပစ်ပါလေနှင့်။ အလွန် အန္တရာယ်များသည်။ အလေအလွင့် နည်းနိုင်သမျှနည်းအောင် စီမံပါ။ မဖြစ်မနေပစ်ရတော့မည် ဆိုလျှင် ဓါတ်ပြယ်အောင်လုပ်နိုင်လျှင် လုပ်ပါ။ ဥပမာ - အက်စစ်ကို ဘေ့စ်နှင့်ရောခြင်း၊ (ကျွန်တော်တို့ ဆေးများကိုမူ resin ကို catalyst ရောလိုက်ခြင်းဖြင့် အခဲဖြစ်သွားအောင်လုပ်ရသည်။)


ထိုအမှိုက်များကို သီးသန့်သိမ်းထားပါ။ လိုင်စင်ရ Licensed Hazardous Waste Collector (လိုင်စင်ရ အန္တရာယ်ရှိအမှိုက်များ သိမ်းဆည်းသူ) ကိုခေါ်ပြီး စွန့်ပစ်ပါ။ ထိုအမှိုက်သိမ်းသူတွင် အမှိုက်သိမ်းသူ၊ ကားမောင်းသူ၊ အမှိုက်သိမ်းမည့်ကား အားလုံး လိုင်စင်ရှိရသည်။ (ဤနေရာတွင် ဗဟုသုတအနေနှင့် ထည့်ပြောရလျှင် အန္တရာယ်ရှိသော ဓါတုပစ္စည်းများ သယ်ဆောင် လာသောကားသည် လမ်းတိုင်း မောင်းလို့မရ။ သတ်မှတ်ထားသော လမ်းကြောင်းမှသွား သွားရမည်။ ထို့ပြင် မိမိသွားမည့် အချိန်ကိုလည်း မော်တော်ယာဉ်ထိန်းရဲသို့ အကြောင်းကြားထားရသည်။ ဤသို့သယ်ယူနိုင်ရန် NEA တွင် ကြိုတင် ခွင့်ပြုမိန့် ရယူထားရသည်။ ခွင့်ပြုမိန့်ထဲတွင် ဖော်ပြထားသည့် ပမာဏအတွင်းသာ သယ်ခွင့်ရှိသည်။)


ထိုလိုင်စင်ရ အမှိုက်သိမ်းသူများစာရင်းကို NEA website တွင်ရှာနိုင်ပါသည်။


အန္တရာယ်ရှိအမှိုက်များစွန့်ပစ်ရေးအတွက် ၁၉၈၈ ခုနှစ်တွင် Environmental Public Health (Toxic Industrial Waste) Regulation ကို ပြဌာန်းခဲ့သည်။


(ဆက်ပါဦးမည်။)
6/10/11


13 comments:

အေကေတီ said...

သိပ်ကိုတန်ဖိုးရှိတဲ့ ပို့(စ်)လေးပါပဲ မှတ်သားသွားပါတယ်ခင်ဗျာ..

အေကေတီ said...

သိပ်ကိုတန်ဖိုးရှိတဲ့ အကြောင်းအရာလေးပါပဲ..မှတ်သားသွားပါတယ်ခင်ဗျာ

Tayarpg said...

အရမ်း ကောင်းပါတယ် ခင်ဗျာ။ မှတ်သားထားလိုက်ပါပြီ။

စံပယ်ပန်း said...

အတုယူစရာပါ ဦးအေးငြိမ်းရယ်..။ ဘယ်တော့များမှ ဒီလိုစံနစ်ကျကျ လိုက်လုပ်နိုင်ပါ့မလဲ မသိဘူး...။

Anonymous said...

Greatly appreciated to U Aye Nyein. Since I accidently found your article, I am a regularly visit to your blog for earlier post.


Win Ko

Anonymous said...

Greatly appreciated for your post. Since I found your post accidently in other blog, I am a regular visitor to read for your earlier posts.

With Regard,
Win Ko

Anonymous said...

အသိပညာကြွယ်ဝစရာ ဗဟုသုတရစရာကောင်းတဲ့ ပို့(စ်)
တွေ ဖတ်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

PS said...

ရန်ကုန်ကို စင်္ကာပူနဲ့ တူအောင်လုပ်မည့်သူများ ဖတ်သင့်တဲ့ Post ပါပဲ။ ဟုတ်တယ်လေ။ တုရင် အရင်လေ့လာရမယ်မဟုတ်လား။
ဒီလို ဗဟုသုတရတဲ့ Post တွေများများရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

PS said...

ရန်ကုန်ကို စင်္ကာပူလို လုပ်မည့် သူများ ဖတ်သင့်တဲ့ Post ပါဘဲ။ ဟုတ်ယ်နော် တုရင် အရင်လေ့လာရမယ် မဟုတ်ပါလား။ ဒီလို ဗဟုသုတရဖွယ် Post တွေက်ု အမြဲတမ်းရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

Great Thanks U Aye Nyein.

Moe Wai said...

It is a knowledgeable article. Thank you

Anonymous said...

မြန်မာနိုင်ငံအဲ့လိုလုပ်နိုင်လျင် ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံဖြစ်မည်။

Tha Ra Phi Nyunt said...

ဖတ်ရတာ အလွန်တန်ဘိုရှိပါတယ်...၁၉၉၀- ပါတ်ဝန်းကျင်မှာ ဂျိုဒေါင်က Hi Tech CO မှာ လုပ်ခဲ့ဘူးပါတယ်၊ စင်္ကာပူတနိုင်ငံလုံးက ဓါတုစွန်ပြစ်ပစ္စည်း နဲ့ စွန်ပြစ်စက်သုံးဆီများကို ပြန်လည်၍ ကုန်ချောထုတ်စက်ရုံပါ....ကျွန်တော့တာဝန်က စွန့်ပြစ် စက်သုံးဆီတွေကို ဒီဆယ်ဆီ ထုတ်ပေးရတာပါ....ကိုးရီးယားကလာတဲ့ စက်ထဲကို စွန့်ြ့ပစ် စက်သုံးဆီတွေထည့်ပြီး အပူချိန် ၁၈၀ံဒီဂရီပေးရင် အငွေ့ဖြစ်လာတာကို ပြန်လည်အအေးခံပြီး ဒီဆယ်ဆီအကြမ်းစားထုတ်ထာပါ တခါစက်လည်ရင် ၅-ရက်ကြာပါတယ်....အားလုံး အော်တိုတွေပါ အပူချိန် ဖိအား မီထိုစက်တွေအလုပ်မလုပ်..အားလုံးကို control room ထဲမှာရှိတဲ့ ကွန်ပြူတာမှာ ချက်နေပြီး လိုအပ်မှ အပြင်ရှိစက်ကိုသွား ဖွင်သင့်ပိတ်သင်တာလုပ်ရပါတယ်...