၁၉၈၈၊ ၈၉၊ ၉၀ ခုနှစ် အရေးအခင်း ကာလများ၌ ကျွန်ုပ်သည် BBC, VOA, AIR စသည့် သတင်းဌာနများမှ ထုတ်လွှင့်ချက်များကို တစ်ရက်မပြတ် နားဆင်ခဲ့လေ၏။
မြန်မာ့အသံနှင့် မြဝတီတို့သည်လည်း လိမ်ဆင်သတင်းများကို (မြန်မာနိုင်ငံကြီး မည်မျှ သာယာဝပြောကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် မည်မျှယုတ်မာ၍ မြန်မာပြည်ကြီးကို ဖျက်ဆီးရန် မည်ကဲ့သို့ ကြိုးစားနေကြောင်း စသည်) မပြတ်ထုတ်လွှင့်လျက်ရှိရာ ၎င်းတို့၏ သတင်းများကို မည်သူမျှ နားမထောင်ကြချေ။
BBC အသံလွှင့်ချက်များ၌ ဦးလေးကြီးဦးဖေသန်း၏ မေးပါများ စကားရအပြင် ဒဿနပန်းခင်းဟူသည့် အစီအစဉ်လည်း ပါလေရာ BBC က ထုတ်လွှင့်သည့် အစီအစဉ်အားလုံးအနက် ကျွန်ုပ်သည် ထို ဒဿနပန်းခင်းကို အကြိုက်ခဲ့ဆုံးဖြစ်သည် ဟု မှတ်မိနေပါသည်။ ဒဿနပန်းခင်းလာမည့်အချိန်၌ ကျွန်ုပ်သည် ခဲတံနှင့် ဗလာစာအုပ်ကို အဆင်သင့်ကိုင်ကာ စောင့်နေခဲ့လေ၏။
ထိုအထဲ၌ ကျွန်ုပ်ရင်ထဲ၌ ယနေ့ထိတိုင် စွဲမြဲနေသည့် ဦးဖေသန်း၏ ဟောပြောချက်တစ်ခုမှာ အောက်ပါအတိုင်းဖြစ်၏။
“ဒီမှာ ဒီမှာ၊ ခဏ နားဆင်ကြည့်စမ်းပါ။ လူ့ဘဝကြီးမှာလေ၊ အသက်ပျောက် သေဆုံးခြင်းဆိုတဲ့ အဖြစ်ဆိုးကြီးကလွဲလို့ အရာရာဟာ ပြုပြင်လို့ ကုစားလို့ ရတဲ့အရာချည်းပါဘဲ။”
အလွန်မှတ်သားစရာကောင်းသော စကားကလေးတစ်ခု ဖြစ်၏။
ဤလောကကြီးတွင် အသက်ထက် အရေးကြီးတာ ဘာများ ရှိပါသနည်း။
သေပြီဆို ပြီးပြီ။ ကိစ္စအားလုံး ပြီးသွားပြီ။ ဘာမှလုပ်လို့မရတော့။
ဆိုလိုသည်မှာ အသက်ရှင်နေသမျှ လုပ်လို့ရ၏။ အသက်ရှင်နေလျှင် တတ်နိုင်သမျှ လုပ်လို့ရသေး၏။
ထို့ကြောင့် ဘာကြီးပဲဖြစ်နေနေ၊ ဘယ့်ကလောက်ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဖြစ်စေ အသက်ရှင်နေဘို့ပဲ လို၏။
များမကြာသေးမီ ကာလတစ်ခုက မြန်မာကောင်လေးတစ်ယောက် တိုက်ပေါ်မှ ခုန်ချသွားခဲ့၏။
သူ့မှာ စိတ်ဖိစိမှုတွေ အများအပြား ဖြစ်ခဲ့၏။
သူတည်ဆောက်ခဲ့သမျှတို့ ပျက်ပြုန်းကုန်၏။
သူချစ်ခင်သူတို့ သေကြေပျက်စီးကုန်ကြ၏။
၎င်းသည် လူငယ်ဖြစ်သဖြင့် (စိတ်ကြီးသည်နှင့်လည်း တူပါသည်။) စိတ်ကိုမထိန်းနိုင်တော့၍ ထွက်ပေါက်ရှာသွားတာ ဖြစ်၏။ လုပ်မိလုပ်ရာ လုပ်သွားတာ ဖြစ်၏။
ဤပြဿနာအားလုံး၏ အရင်းအမြစ်မှာ ခွေးအောင်လှိုင်ဖြစ်၏။
ခွေးအောင်လှိုင်လုပ်သဖြင့် ၎င်းသည် ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောနှင့် ဒဲ့တိုးရ၏။
၎င်းရည်မှန်းထားသည်တို့ အေးချမ်းမေ ဖြစ်ကုန်၏။
အဆုံးမတော့ တိုက်ပေါ်က ခုန်ချလိုက်လေတော့သတည်း။
(၂)
လူ့ဘဝဟူသည် ဒုက္ခသုက္ခများနှင့် ပြည့်နှက်လျက်ရှိ၏။
အဆင်ပြေသူများ ရှိသလို အဆင်မပြေသူများလည်း ဒုနှင့်ဒေး ရှိ၏။
ငွေရေးကြေးရေး အဆင်ပြေနေသူများပင်လျင် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနိုင်၏။
မည်သူသည် ပြဿနာနှင့် လွတ်လွတ်ကင်းကင်း နေနိုင်ပါသနည်း။
လူမှန်လျှင် ပြဿနာရှိ၏။
အရေးကြီးသည်မှာ ပြဿနာကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ဟူသည့် နည်းလမ်းဖြစ်၏။
ပြဿနာတစ်ခုဖြစ်လာပါက ခေါင်းအေးအေးထားပြီး ဘာကြောင့် သည်ပြဿနာဖြစ်ရသနည်း ဆိုသည့် အရင်းအမြစ်ကို ရှာရ၏။ နောက်ပြီး ပြဿနာကို အရင်းအမြစ်က ရှင်းပစ်ရ၏။
အဆင်မပြေသည်တို့ ကြုံတွေ့ရသည့်အခါ စိတ်ညစ်ခြင်း၊ စိတ်ပူခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ် မချမ်းမသာဖြစ်ခြင်း၊ စိတ်သောကရောက်ခြင်း၊ ပူဆွေးဝမ်းနည်းခြင်းတို့သည် လူ့စိတ်သဘာဝ ဖြစ်၏။
သို့သော် ထို “စိတ်ညစ်ခြင်း၊ စိတ်ပူခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်မချမ်းမသာဖြစ်ခြင်း၊ စိတ်သောက ရောက်ခြင်း၊ ပူဆွေးဝမ်းနည်းခြင်း” တို့သည် လူကို ကောင်းကျိုးပြုစေသည့် အရာများ မဟုတ်။
စိတ်ပူခြင်း၊ စိတ်ညစ်ခြင်းအားဖြင့် ပြဿနာများကို မပြေလည်စေနိုင်။ အခြေအနေကို ပို၍ပင် ဆိုးရွားစေနိုင်ပါသေး၏။
စိတ်ပူနေသည့်အခါ စိတ်ညစ်နေသည့်အခါတွင် အကျိုးအကြောင်း၊ အဆိုးအကောင်းကို မှန်မှန်ကန်ကန် မတွေးခေါ်နိုင်၊ မစဉ်းစားနိုင်၊ မဆင်ခြင်နိုင်။
ပြဿနာကို ခေါင်းအေးအေးထားပြီး ဘာလုပ်သင့်သည်ကို စဉ်းစားလျက် အကောင်းဆုံးလုပ်ခြင်းဖြင့်သာ ပြဿနာ ပြေလည်နိုင်မည်။
နောက်တစ်ခုမှာ ဖြစ်ပြီးသမျှကိစ္စတွေကိုတွေးပြီး စိတ်ညစ်ခြင်း၊ မဖြစ်သေးတာတွေကို တွေးပြီး စိတ်ပူခြင်းတို့ မပြုပါနှင့်။
ဖြစ်ပြီးသည့်ကိစ္စတွေသည် အားလုံးပြီးသွားပြီ။ ဘာလုပ်လို့ ရပါသေးသနည်း။ ဘာမှလုပ်လို့မရတော့ပါ။ ဘာမှ လုပ်လို့မရ တော့တာတွေကို တွေးပြီး စိတ်ညစ်နေခြင်းအားဖြင့် ထိုအရာများ ပြန်ရလာမည်၊ ပြန်ကောင်းလာမည်မဟုတ်။ ကိုယ်သာ စိတ်ဆင်းရဲရမည်။
ဘာမှလုပ်လို့မရတော့သော ကိစ္စများအတွက် အဘယ်ကြောင့် စိတ်ဆင်းရဲ ခံနေရပါမည်နည်း။
နောက်ပြီး မဖြစ်သေးသည့်ကိစ္စများအတွက်လည်း ဘာမှ တွေးပြီး စိတ်ပူနေစရာမလို။
နောင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်။
ကိုယ်မသိနိုင်သည့် ကိစ္စကြီးအတွက် စိတ်ပူနေလို့ ပိုကောင်းသွားနိုင်ပါမည်လား။
သေချာသည်မှာကား စိတ်ပူနေသည့်အတွက် ကိုယ်စိတ်ပူနေသည့်ကိစ္စ အဆင်ပြေသွားမည်၊ ပိုကောင်းလာမည် မဟုတ်ခြင်းပင် ဖြစ်၏။ စိတ်ပူရသည့်အတွက် စိတ်မချမ်းသာတာ၊ စိတ်ဆင်းရဲတာသာ ရှိမည်။ အခြေအနေကတော့ ပိုကောင်းလာစရာ အကြောင်းမရှိ။
သို့အတွက် ပြီးပြီးသားကိစ္စတွေအတွက် စိတ်ဆင်းရဲမနေပါနှင့်။ ပြီးတာတွေ ပြီးသွားပြီ။ ဘာဆိုဘာမှ လုပ်လို့မရတော့။
ဖြစ်မလာသေးသည့် ကိစ္စများအတွက်လည်း စိတ်ပူမနေပါနှင့်။ မဖြစ်သေးတာကို ဘာလုပ်လို့ရပါမည်နည်း။ ဘာမှ လုပ်လို့မရ။
အတိတ်ဟူသည် ပစ္စုပ္ပန်ဟောင်းများ ဖြစ်၏။ ပစ္စုပ္ပန်ကောင်းလျှင် အတိတ်ကောင်းမည်။ အတိတ်ကောင်းလျင် ဘာ နောင်တမှ ရနေစရာမလို။ ဘာစိတ်ဆင်းရဲစရာမှ ရှိမှာမဟုတ်။ အရေးကြီးသည်မှာ ပစ္စုပ္ပန်တည့်တည့်၌ နေဘို့လို၏။ ငါ အခုဘာလုပ်နေသလဲ ဆိုတာ သိနေဘို့ လို၏။
ဥပမာ - အိပ်ပြီဆိုလျင် ငါအိပ်နေပါလားဆိုတာ သိနေရမည်။ ဘာမှ ရှေ့ရေးနောက်ရေး၊ သားရေးသမီးရေး၊ ငွေရေး ကြေးရေးများ တွေးနေစရာ အကြောင်းမရှိ။ အိပ်သည့်အခါ ခေါင်းကိုရှင်းထားလိုက်ပါ။ ဘာမှ မစဉ်းစားပါနှင့်။ အိပ်ဖို့ကိုပဲ ဂရုစိုက်ပါ။ ထိုအခါ စိတ်ချမ်းသာလက်ချမ်းသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမည်။
ထမင်းစားသည့်အခါ ထမင်းကိုသာ ဂရုစိုက်စားပါ။ တခြား ဘာမှ မတွေးပါနှင့်။ ထိုအခါ လည်ချောင်းနင်တာ၊ ထမင်းသီးတာ၊ အရိုးစူးတာတို့ မဖြစ်ဘဲ ထမင်းကို ချောချောမွေ့မွေ့စားနိုင်မည်။ အရသာခံစားနိုင်မည်။ ကျေညက်စွာ စားနိုင်မည်။
စာဖတ်သည့်အခါ၌လည်း စာထဲမှာသာ စိတ်ကိုနှစ်ထားလိုက်ပါ။ ဘာတောင်တောင်အီအီမှ တွေးမနေပါနှင့်။
တစ်ခုခုလုပ်နေပြီဆိုလျှင် ထိုအရာကိုသာ ဂရုစိုက်လုပ်ပါ။ တခြား ဘယ်ကိုမှ စိတ်မရောက်ပါနှင့်။ ထိုအခါ အလုပ် မြန်မြန် ဆန်ဆန်ပြီးမည်။ ကောင်းကောင်းမွန်မွန် သေသေသပ်သပ် ပြီးမည်။
နောက်ပြီး ကိုယ်မတတ်နိုင်သည့် ကိစ္စများအတွက်လည်း ဘာမှ စိတ်အနှောက်အယှက် မဖြစ်ပါနှင့်။
ဥပမာ - ကိစ္စအရေးကြီးလို့ အလျင်စလို သွားရမည်ဆိုပါမှ ကားပိတ်နေလို့ မြန်မြန်သွားလို့မရ။ မီးပွိုင့်ကမိ ဆိုပါစို့။
ကားပိတ်နေတာ ဘာလုပ်လို့ရပါမည်နည်း။ မီးပွိုင့်မိတာ ဘာလုပ်လို့ ရပါသနည်း။ ဘာမှ လုပ်လို့မရပါ။
ဘာမှ လုပ်လို့မရတာကြီးကို စိတ်ဆိုး၊ စိတ်တို၊ စိတ်ညစ်နေလို့လည်း အလကားသာ ဖြစ်ပါသည်။ သင်စိတ်ဆိုး၊ စိတ်ညစ်၊ စိတ်တိုနေရုံနှင့် ကားပိတ်တာက ပြေလည်သွားမည်မဟုတ်၊ မီးပွိုင့်က စိမ်းလာမှာ မဟုတ်။ ကောင်းသည်မှာ -ထိုကားပိတ်နေစဉ်အတွင်း လုပ်စရာရှိတာတစ်ခုခု ကောက်လုပ်နေရုံ ဖြစ်ပါသည်။ ဘာမှ လုပ်စရာမရှိလျှင် Bee Gees ၏ Too Much Heaven သို့မဟုတ် ခင်ဝမ်း၏ ဆယ်လမွန်ငါးတို့အပြန် သို့မဟုတ် ခင်မောင်တိုး၏ ပန်းချစ်သူကို ဖွင့် နားထောင်ပြီး လိုက်ငြီးနေလိုက်ပါ။
အကယ်၍သာ အသင်သည် ရုပ်ရှင်ကြိုက်တတ်သူ ဖြစ်ပါက Stranger Things စီးရီးကိုသာ ကြည့်နေလိုက်ပါ။ ကားကြပ်တောင် မြန်တောင်မြန်သွားလိမ့်ဦးမည်။
အရေးအကြီးဆုံးမှာကား လက်ရှိအချိန်၌ အကောင်းဆုံးဖြစ်အောင် နေခြင်းပင်ဖြစ်၏။ စက္ကန့်တိုင်း စက္ကန့်တိုင်း၊ မိနစ်တိုင်း မိနစ်တိုင်းကို အသန့်ရှင်းဆုံးဖြစ်အောင် နေသွားဘို့လို၏။
မနက်မိုးလင်းလာသည်နှင့် မင်္ဂလာပါ လောကကြီး ဟု လောကကြီးကို နှုတ်ဆက်လျက် “ငါ ဒီနေ့ အကောင်းဆုံး၊ အသန့်ရှင်းဆုံးနေသွားမယ်” ဟု ဆုံးဖြတ်လိုက်ပါ။ ထိုနေ့သည် သင့်အတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်သွားပါလိမ့်မည်။
နောက်အရေးကြီးသည့် တစ်ချက်မှာ တတ်နိုင်သမျှ အကောင်းမြင်တတ်ပါစေ။ (Positive Thinking) အပြုသဘော တွေးပါ၊ တတ်နိုင်သမျှ အပျက်သဘော မတွေးပါနှင့်။
ဒုက္ခရောက်နေသည့်တိုင် အဲလေ ဒီဒုက္ခတွေဆိုတာ အမြဲဖြစ်နေမှာမှ မဟုတ်ဘဲ။ ခဏပါ။ နောက် အားလုံး ပြီးသွားပါ လိမ့်မယ်ဟုသာ ဖြေတွေးပါ။ ဒုက္ခရောက်နေတာကို ညည်းညူ စိတ်ပျက်နေလို့လည်း ထိုဒုက္ခမှ လွတ်သွားစရာ အကြောင်းမရှိ။ စိတ်ပျက်အားလျော့နေမည့်အစား ဤဒုက္ခကနေ လွတ်ရာလွတ်ကြောင်း၊ ပြေရာ ပြေကြောင်းများကို တွေးကြံလုပ်ဆောင်ခြင်းက ပိုအကျိုးရှိပါလိမ့်မည်။
ပြီးလျှင် မည်သည့်အခါမှ အအားမနေပါနှင့်။ အားနေသည့်စိတ်သည် အလကားနေရင်း မဟုတ်က မဟတ်ကများကို၊ အပျက်သဘောများကို တွေးနေမိတတ်၏။ အနို့ ရေဆိုတာ စုန်ဆင်းသည့် သဘောရှိသည်မဟုတ်ပါလော။ အထက်ကို တက်ဘို့ထက် အောက်ဆင်းဘို့က ပိုလွယ်သည်မဟုတ်ပါလော။
ဘာမှလုပ်စရာမရှိလျှင် အနည်းဆုံး စာဖတ်နေလို့ရ၏။ စာထဲ၌ စိတ်ကိုနှစ်ထားလိုက်ပါ။ စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ရွှေပြည်တော် မျှော်တိုင်းဝေးစသည့် စာအုပ်ကြီးများကို တနင့်တပိုး ဖတ်ပစ်လိုက်ပါ။
အနည်းဆုံးတော့ မဟုတ်တာတွေ၊ မကောင်းတာတွေ မတွေးမိနိုင်တော့။
အနောက်တိုင်း အဆိုအမိန့်တစ်ခုဖြင့် အဆုံးသတ်ပါမည်။ ငယ်ငယ်တုံးက မှတ်ထားတာဆိုတော့ ဘယ်သူပြောတာမှန်း မမှတ်မိတော့ပါ။
လောက၌ အဆင်မပြေမှုများနှင့် ကြုံသည့်အခါ ရယ်မောခြင်းဖြင့် ခွင့်လွှတ်နိုင်ပါစေ။
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၁ ဇွန်လ၊ ၂၀၂၅
No comments:
Post a Comment