၂၀၁၇ ခုနှစ်၏ တစ်ခုသော သာယာသည့်နေ့တစ်နေ့တွင် အကျွန်ုပ်သည် WSHM ၏ ကျေးဇူးဖြင့် ဆီဒိုးနားဟိုတယ်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းနေ့ ဟူသည့် အခမ်းအနားတစ်ခုကို မျက်စိလည် လမ်းမှားကာ ရောက်ရှိသွားလေသော ဟူသတတ်။
မြန်မာနိုင်ငံ စံနှုန်းအဖွဲ့နှင့် အခြားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကြီးများ တက်ရောက်လာကာ ဘယ်စံနှုန်းကတော့ဖြင့် ဘယ်သို့၊ ဘယ်စံနှုန်းကတော့ဖြင့် ဘယ်နည်း စသည်ဖြင့် စံချိန်စံညွှန်းများအကြောင်း အားရပါးရ ပြောပြကြသည်ကို နားထောင်ရလေရာ ကျွန်ုပ်မှာ မြန်မာပြည်ကြီး၏ ရှေ့ရေးအတွက် အထူးပင် အားတက်မိလေရာ ကြက်သီးမွေးညင်း များပင် အထူး ထလေသော ဟူ၏။
သို့တိုင် မြန်မာပြည်ကြီးအတွက် အလွန်မကျေမချမ်းနိုင်သော အရာတစ်ခုသည် ကျွန်ုပ်ရင်တွင်း၌ တနုံ့နုံ့နှင့် နှစ် အတန်ကြာ ကိန်းအောင်းလာခဲ့သည်ဖြစ်ရာ ကျွန်ုပ်၏ မကျေနပ်ချက်များကို ဤပွဲ၌ ဖော်ထုတ်ခွင့်ရတော့မည်ဖြစ်၍ ကျွန်ုပ်မှာ အထူး ဝမ်းသာမိလေ၏။
အလွန်လှပသော ဆလိုက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ဟိုစတင်းဒတ်၊ သည်စတင်းဒတ်များအကြောင်း အာပေါင်အာရင်းသန်သန် ပြောကြပြီးသကာလ အမေးအဖြေကဏ္ဍ၌ မေးကြ ဖြေကြလေ၏။ ကျွန်ုပ်ကိစ္စမှာ အတန်ငယ် ရှည်လျားသည့်ပြင် လူကြီးများ ဆံပင် (၇) ချောင်းလောက် ဖြူမည့်အရေးဖြစ်သည့်အတွက် ကျွန်ုပ်မှာ အားလုံး မေး/ဖြေ ပြီးသည်ထိ စိတ်ရှည်လက်ရှည် စောင့်နေလေ၏။
‘နောက်ထပ်မေးစရာ/ဆွေးနွေးစရာများ ဆိပါသေးလားဆင်’ ဟု ခပ်ချောချော အခမ်းအနားမှူး မမလေးက ကြေငြာ လေသော် ကျွန်ုပ်သည် နေရာမှထလျက်-
ပုဆိုးကိုလည်း ပြင်ဆီး၏။
အညောင်းအညာလည်း အနည်းငယ် ဆန့်၏။
အဟမ်း အဟမ်းဟု ချောင်းလည်းအနည်းငယ် ဟန့်၏။
ထို့နောက် မျက်နှာကို ပြုံးသည်လည်းမဟုတ်၊ မပြုံးသည်လည်းမဟုတ်၊ အနေတော်ဖြစ်အောင် ပြင်ပြီးသကာလ -
ဟုတ်စ်၊ ကျွန်တော့်နာမည်ကတော့ ဦးအေးငြိမ်းလို့ ခေါ်ပါသဗျ။ လူကြီးမင်းတို့ တင်ပြခဲ့တဲ့ စံချိန်စံညွှန်းများဟာတော့ဖြင့် အလွန်အင်မတန့်ကို အားရစရာ ကောင်းပါတယ်ခင်ဗျ။ တကယ်လို့များ ကျွန်တော့်အနေနဲ့ မြန်မာစံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ဆွေးနွေးလို့များ ရခဲ့ရင် နည်းနည်းလောက် ဆွေးနွေးခွင့်ပြုပါခင်ဗျ . . . ဟု စကားခံလိုက်၏။ (သို့တိုင် ဤကဲ့သို့ စကားခံခြင်းမှာ အသားကုန် သုတ်တော့မည့် ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ၎င်းတို့ မရိပ်မိသည့်အတွက် ထိုလူကြီးလူကောင်း အပေါင်းကို ကျွန်ုပ်မှာ အားနာမိသလိုလိုတော့ ဖြစ်မိသေး၏။)
ဟုတ်၊ ဟုတ်၊ ရပါတယ်ဆင့်၊ ဆွေးနွေးပါဆင့်။
ဟုတ်၊ ကျွန်တော် ၃ ခုလောက် ဆွေးနွေးချင်ပါတယ် ခင်ဗျ။
ပထမတစ်ခုက ကျွန်တော်တို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စိုက်ထားတဲ့ မိုင်တိုင်တွေ ကြည့်လိုက်တော့ မိုင်တိုင်နဲ့ ကီလိုမီတာတိုင်တွေကို တစ်တိုင်ခြားစီလောက် ထူထားတာ တွေ့ရပါသဗျ။
အဲဒီအတွက် ကျွန်တော်တို့နိုင်ငံမှာ FPS စနစ်ကို သုံးနေတာလား၊ CGS, MKS, SI စနစ်ကို သုံးနေတာလား ဆိုတာ သိချင်ပါတယ်ခင်ဗျ။
နောက်ပြီး ဆောက်လုပ်ရေးလောကမှာ သဲတို့ ထုံးတို့ကိုတော့ ပုံးနဲ့မှာတယ်၊ ကွန်ကရိဖျော်တော့ ကုဗမီတာနဲ့ သုံးတယ်။ ကျန်တဲ့အတိုင်းအတာတွေကိုတော့ ပေ၊ လက်မနဲ့ တိုင်းတာကြတော့ ကျွန်တော်တို့ဟာ ဘယ်သူ့ကို အဖေခေါ်နေသလဲ ဆိုတာ ပြတ်ပြတ်သားသား သိပါရစေခင်ဗျ။
ဒုတိယတစ်ခုက -
ကောက်ပဲသီးနှံတွေ ရောင်းဝယ်ကြတဲ့နေရာမယ် တင်းတွေတောင်းတွေ သုံးကြပါသဗျ။
အဲဒီတင်းတွေတောင်းတွေကို တစ်တင်းဟာ ကုဗပေမည်မျှ၊ တစ်ပြည်ဟာ ကုဗလက်မ မည်မျှ သတ်မှတ်ထားတာများ ရှိပါသလားခင်ဗျ။
နောက်ပြီး ဈေးထဲမှာ ဆီချင်တဲ့ခွက်တွေကို ၁၀ သားခွက်၊ ၅၀ သားခွက်၊ တစ်ပိဿာခွက်ဆိုပြီး သံဖြူခွက်တွေ ဝယ်လို့ ရပါတယ်ခင်ဗျ။ အဲဒီအတွက် ဆီတစ်ပိဿာကို ဘယ်နှစ်လီတာလို့များ သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။
နောက်ပြီးတော့ ဈေးထဲမှာ သုံးနေတဲ့ ပိဿာလေးတို့၊ ၅၀ သားလေးတို့ဟာ တကယ့် တစ်ပိဿာ၊ ၅၀ သား ရှိသလား ဆိုတာ ဘယ်လိုသိနိုင်မလဲ ခင်ဗျ။
တတိယတစ်ခုက -
ရောင်းတဲ့ဝယ်တဲ့အခါမယ် အလေး၊ ချိန်ခွင်၊ တင်းတောင်းတွေ သုံးကြပါတယ်။ အဲဒီအလေးချိန်ခွင် တင်းတောင်းတွေ မှန်/မမှန် ဘယ်သူကများ ချိန်ကိုက်ပေးပါသလဲ။ ချိန်ကိုက်တဲ့စနစ်များ ရှိပါသလားခင်ဗျ။ အဲဒီ အလေးချိန်ခွင် တင်းတောင်းတွေအားလုံးကို တပြေးညီဖြစ်အောင် ချိန်ကိုက်ပေးဘို့လား စဉ်းစားထားကြပါသလားခင်ဗျ
ဟုတ်ကဲ့။ ကျွန်တော်သိချင်တာ အဲသလောက်ပါပဲ ခင်ဗျ။
ဒန်တန့်တန်
ထိုအခါ အခန်းတွင်း ရှိသမျှသော လူအပေါင်းတို့၏ မျက်နှာများသည် ကျွန်ုပ်ထံ လှည့်လာတာ တွေ့ရလေ၏။
သူတို့မျက်နှာများတွင် -
အင်း၊ ငါတို့ စိန်ကောင်းကျောက်ကောင်း ရောင်းနေကြတဲ့နေရာမယ်၊ ဘယ်က ဆေးရိုးသည်ကများ လာ ဂလန့်တိုက်နေပါလိမ့် ဟူသော မေးခွန်းများ အထင်းသားပေါ်နေကြောင်း ကျွန်ုပ် ဖတ်ရှုတွေ့ရှိရလေ၏။
ယူနီဖောင်းဝတ်ထားသူ အသက် ၄၀ လောက်ရှိမည့် အမျိုးသမီးတစ်ဦး ကျွန်ုပ်အနီးချဉ်းကပ်လာလျက် ကျမကတော့ ဘယ်ဌာကပါ။ အခု ဦးအေးငြိမ်းပြောတာတွေ လုပ်ဖို့လို့ စီစဉ်နေပါတယ်ဆင့် . . . ဟု ဆိုလာလေ၏။
ကျွန်ုပ်မှာ မချိပြုံးကလေးပြုံးလျက် ဪ ဟုတ်လား။ အခုလိုသိရတာဖြင့် ဝမ်းသာပါပေရဲ့ခင်ဗျာ ဟု တုံ့ပြန်လိုက်လေ၏။ (ဗိုက်ထဲကတော့ ငါသိပါတယ် သာလိကာရယ်၊ ပေါက်တတ်ကရတွေ လျှောက်မပြောပါနဲ့ဟယ် ဟု ရေရွတ်နေမိလေ၏။)
ကျွန်ုပ်သည်ကား အလွန်ဂွကျသူ ဖြစ်ပေ၏။
အခြားသူများ ဘာစတင်းဒတ်၊ ညာစတင်းဒတ်စသည်ဖြင့် အကြီးကြီးများ ပြောနေကြချိန်၌ ကျွန်ုပ်က ဘာမဟုတ်သည့် အလေးချိန်ခွင် တင်းတောင်းကိစ္စများ ပြော၏။ ကျွန်ုပ်လောက် ဂွကျသူ ရှိပါမည်လား။
စင်ကာပူကို ရန်ကုန်တိုင်း ဝံကြီးဂျုပ်စ် ဦးဖြိုးမင်းသိန်းတို့ လာတုံးကလည်း လူကြားသူကြားထဲ တုပ်ထည့်လိုက်သေးသည် မဟုတ်ပါလော။
နောင်ကို အသင်တို့လုပ်မည့် ပွဲများ၌ ကျွန်ုပ်ကို မဖိတ်ပါလင့်။ အသင်တို့ နောင်တရမည့်ကိစ္စ ကျွန်ုပ် မလိုလားပါ။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၈ မေလ၊ ၂၀၂၅
No comments:
Post a Comment