ကျွန်ုပ်ထံ၌ ‘ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရ’ လက်ထက်က ထုတ်ဝေခဲ့သော “တွက်ချက်မှု အမျိုးမျိုးနှင့် ပတ်သက်သည့် စံနှုန်းများ” ဆိုသည့် စာအုပ် ရှိ၏။ ဘဏ္ဍာရေးနှင့် အခွန်ဌာနက ထုတ်တာဖြစ်ပြီး ထုတ်ဝေသည့်ခုနှစ် ဖော်ပြမထား။ ကျောဖုံး၌မူ ‘ဗးပ/၄၃/၂၃/၇,၅/၆၇/၇။’ ဟု ဖော်ပြထားရာ ဤစာအုပ်ကို မည်သည့်အမိန့်နှင့် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဖော်ပြထားချက် ဖြစ်ပါလိမ့်မည်။ ဤတွင်ပါသည့် ၆၇ ဆိုသည်မှာ ခုနှစ်ဖြစ်ပြီး ၆၇/၇ ဆိုသည်မှာ ဤစာအုပ် သည် ၁၉၆၇ ခုနှစ်၌ ထုတ်ဝေသည့် ဤအမျိုးအစားစာအုပ်များအနက် ၇ အုပ်မြောက် စာအုပ်ဖြစ်သည်ဟု ဆိုလိုဟန် ရှိ၏။
ကျွန်ုပ်တွေ့ဖူးသည့် နောက်တစ်အုပ်မှာမူ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သီးသန့်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ထုတ်ဝေ၏။ စာအုပ်အမည်မှာ ‘အဆောက်အဦလုပ်ငန်း အခြေခံ စံနှုန်းများ’ ဖြစ်၏။
“တွက်ချက်မှု အမျိုးမျိုးနှင့် ပတ်သက်သည့် စံနှုန်းများ” စာအုပ်မှာ စိတ်ဝင်စားစရာ ကောင်းပါ၏။ သို့သော် လိုအပ်သည်ထက် မလိုအပ်သည်တို့ အလွန်များလှ၏။ အမှားလည်း မကင်း။ နောက်ပြီး မြန်မာအခေါ်အဝေါ်များကို အင်္ဂလိပ်လို စာလုံးပေါင်းပြထားသည်များမှာလည်း လိုအပ်သည်ဟု ကျွန်ုပ် မထင်ပါ။
ဥပမာ - လမြူ = Lemyus, လမယ် = La-mes,
ရီစရာတောင် ကောင်းပါသေးသည်။
ထိုစာအုပ်၌ ရှေးယခင်က မြန်မာအတိုင်းအတာများဖြစ်သည့် ဆံခြည်၊ နှမ်း၊ မုယော၊ လက်သစ်၊ မိုက်၊ ထွာ၊ တောင်၊ လံ၊ တာ၊ ဥဿဘ၊ ကောသ၊ ဂါဝုတ်၊ ယူဇနာ စသည်တို့ကိုပါ ဖော်ပြထားသဖြင့် စိတ်ဝင်စားစရာ ကောင်းပါသည်။
ယခင်ကရှိခဲ့သည့် အတိုင်းအတာ အတော်များများမှာလည်း ယခု အသုံးမများလှတော့ပါ။
ယခင်က မီလီမီတာ၊ စင်တီမီတာ၊ ဒက်စီမီတာ၊ မီတာ၊ ဒက်ကာမီတာ၊ ဟက်တိုမီတာ၊ ကီလိုမီတာ စသည်ဖြင့် ရှိခဲ့ပါ လိမ့်မည်။ သို့သော် ယခုခေတ်တွင်မူ မီလီမီတာ၊ စင်တီမီတာ၊ မီတာ၊ ကီလိုမီတာ တို့သာ အသုံးများပါသည်။ ဒက်စီမီတာ၊ ဒက်ကာမီတာ၊ ဟက်တိုမီတာ၊ မီရီယာမီတာ၊ မက်ဂါမီတာ စသည်တို့ကို မသုံးတော့ပါချေ။
နောက်ပြီး Unit Conversion ၌ -
၁ ဆံခြည် = ၀.၀၇၉၃၇၅ မီလီမီတာ = ၀. ၀၀၇၉၃၇၅ စင်တီမီတာ = ၀.၀၀၀၇၉၃၇၅ ဒက်စီမီတာ = ၀.၀၀၀၀၇၉၃၇၅ မီတာ = ၀.၀၀၀၀၀၇၉၃၇၅ ဒက်ကာမီတာ = ၀.၀၀၀၀၀၀၇၉၄ ဟက်တိုမီတာ = ၀.၀၀၀၀၀၀၀၇၉၄ ကီလိုမီတာ = ၀.၀၀၀၀၀၀၀၀၀ မီရီယာမီတာ = ၀.၀၀၀၀၀၀၀၀၀ မဂ္ဂါမီတာ
- ဟု ဖော်ပြထားသည်ကို ကျွန်ုပ်ကတော့ လိုအပ်သည် မထင်ပါ။ သုတေသနသမားများအတွက် ရည်ရွယ်ထားလျင်တော့ မပြောတတ်ပါ။
ဤကဲ့သို့သော ဖော်ပြချက်များ အတော်များပါသည်။ ဆိုရလျှင် ပထမ စာမျက်နှာ ၁၂၀ ကျော်မှာ ဤကဲ့သို့သော Unit conversion ချည်းများ ဖြစ်၏။ Computer နှင့် calculator များ မပေါ်သေးသည့် ထိုခေတ်က ဤ ကိန်းဂဏန်းများ ရအောင် အတော့်ကို လုပ်ယူခဲ့ရပါလိမ့်မည်။ ယခုခေတ်တွင်မူ unit conversion အတွက် ဤမျှ ဒုက္ခများနေစရာ မလိုတော့ပါ။ ကိုယ်လိုသည့် ယူနစ်ကို အလွယ်တကူ ပြောင်းလို့ ရနေပါပြီ။
စိတ်ဝင်စားစရာက စာမျက်နှာ ၁၂၆၊ အပိုင်း (စ) ကျမှ စ၏။
အပိုင်း (၈)
၁။ ပစ္စည်းအမျိုးမျိုး၏ ထုထယ်နှင့် အလေးချိန် နှိုင်းယှဉ်ချက် စံနှုန်းများ။
၂။ သစ်တိုင်းတာပုံ။
၃။ သစ်အမျိုးမျိုး၏ တကုဗပေ အလေးချိန်စံနှုန်းများ။
၄။ ထင်းအမျိုးအစားအလိုက် တိုင်းတာပုံ အရေအတွက်နှင့် ညီမျှသောအလေးချိန်။
၅။ မီးသွေးတိုင်းတာပုံ အရေအတွက်နှင့် ညီမျှသောအလေးချိန်။
၆။ ကုန်ပစ္စည်းအမျိုးမျိုး၏ အလေးချိန်များ။
၇။ ကောက်ပဲသီးနှံအမျိုးမျိုး၏ တတင်းနှင့် ညီမျှသော အလေးချိန်များ။
၈။ ကောက်ပဲသီးနှံအမျိုးမျိုး၏ မြန်မာ၊ အင်္ဂလိပ်၊ ဥရောပ အလေးချိန်တွင်ရှိသောတင်းရေ။
၉။ ဆန်အခြင်အတွယ်နှင့် ညီမျှသော အလေးချိန်များ။
၁၀။ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ တတင်းတွင်ရှိသော အလေးချိန်များ နှိုင်းယှဉ်ချက်။
၁၁။ စာရေးစက္ကူနှင့် ပုံနှိပ်စက္ကူတို့၏ အလေးချိန်များ။
၁၂။ ပြည်သူ့ရေနံလုပ်ငန်း (P.O.I.) တွင်အသုံးပြုသည့် အခြင်အတွယ်များ။
၁၃။ ဝါး အမျိုးမျိုးတို့၏ အလျားနှင့် အချင်းစံနှုန်းများ။
ဤဇယားများတွင် ဖော်ပြထားသည်တို့မှာမူ လက်တွေ့ တွက်ချက်မှုများအတွက် အလွန် အသုံးတည့်ပါလိမ့်မည်။ သို့တိုင် ဤဖော်ပြထားချက်များအားလုံး မှန်ပါရဲ့လားဆိုတာ ပြန်လည်စစ်ဆေးကြည့်ဘို့ လိုပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချို့ဖော်ပြချက်များမှာ မှားယွင်းနေပါသည်။
ဥပမာ -
စာမျက်နှာ ၁
အလေးချိန်စံနှုန်းများ ဖော်ပြရာ၌ -
၂ ရွေးလေး = ၁ ရွေးကြီး
၃ ၃/၄ ရွေးကြီး = ၁ ပဲသား
၁ ကျပ်သား = ၁၂၀ ရွေးလေး = ၆၀ ရွေးကြီး
- ဟုဖော်ပြထားသည်ကို ကျွန်ုပ်ကတော့ မှန်သည်ဟု မထင်မိပါ။
ယခုခေတ်တွင် ၁ ပဲသား = ၈ ရွေး
၁ ကျပ်သား = ၁၆ ပဲ = ၁၂၈ ရွေး ဟု သုံးကြပါသည်။
စာမျက်နှာ ၁၂၇
ရေ၏ အလေးချိန်ကို ၁ ကုဗမီတာတွင် ၉၉၃.၁၅ ကီလိုဂရမ်
၁ ကီလိုဂရမ်လျှင် ၁၀၀၆.၉၂ ကုဗစင်တီမီတာ - စသဖြင့် ဖော်ပြထားတာ မှားပါသည်။
ရေ၏ အလေးချိန်မှာ ၁ ကုဗမီတာလျှင် ၁၀၀၀ ကီလိုဂရမ်
၁ ကီလိုဂရမ်လျှင် ၁၀၀၀ ကုဗစင်တီမီတာ - ဖြစ်၏။
စာမျက်နှာ ၁၂၈
ဘိလပ်မြေ
၁ တန်ကို ၂၆ ကုဗပေ
၁ ကုဗမီတာကို ၁၃၇၇ ကီလိုဂရမ်
စာမျက်နှာ ၁၃၁
ကွန်ကရစ်
၁ ကုဗမီတာကို ၁၉၂၂ ကီလိုဂရမ် - စသည်တို့မှာ မှန်သည်မထင်ပါ။
စာမျက်နှာ ၁၄၃ ၌ သစ်လုံး၏ ထုထည် ပုံသေနည်းကို ဖော်ပြထားသည်မှာ ဆိုးရွားစွာ မှားယွင်းနေပါသည်။ သစ်လုံး၏ ထုထည် ဆိုသည်မှာ ဆလင်ဒါ၏ ထုထည်ပင် ဖြစ်၏။ ဆလင်ဒါ ထုထည်ကို ၈ တန်းကျောင်းသား (အမှန်တကယ် ကျောင်းတက် လေ့လာခဲ့သည့် ကျောင်းသားကို ဆိုလိုပါသည်။ အဖြေလွှာပေါ်တွင် နာမည်နှင့်ခုံနံပါတ်သာ ရေးပြီး အတန်းအောင်လာသည့် ကျောင်းသားများ မပါ။) ပင် တွက်တတ်ပါသည်။
ဤစာအုပ်ကို ပြင်ဆင်သည်မှာ ပညာတတ် လူကြီးများက ပြုစုခဲ့သည်ဆိုခြင်းမှာ ယုံမှားသံသယ ဖြစ်စရာ မလိုပါ။
သဟာဖြင့် အဘယ်ကြောင့် ဤမျှ မှားယွင်းရပါသနည်း။
ဝမ်းနည်းစရာကောင်းသည်မှာ သည်မျှ အသေးစိတ် ကိန်းဂဏန်းများ အများအပြား ဖော်ပြထားသည့်တိုင် တင်း၊ တောင်းများ၏ အတိုင်းအတာများကို ဖော်ပြမထားခြင်း ဖြစ်၏။
စာမျက်နှာ ၁၆၂ တွင် စပါးတစ်တင်းလျှင် ၁၂.၇ ပိဿာ၊ ၄၆ ပေါင်၊ ၂၀.၈၆ ကီလိုဂရမ်
စာမျက်နှာ ၁၆၅ တွင် ပိဿာ ၁၀၀ ၌ စပါး ၇.၈၂၆ တင်း၊ တတန်တွင် ၄၈.၆၉ တင်း - စသဖြင့် ဖော်ပြထား၏။
စာမျက်နှာ ၁၆၇ တွင် ဆန် တပြည် ကို ၁.၃ ပိဿာ၊ ၄.၆ ပေါင်၊ ၂.၁၂ ကီလိုဂရမ် ဟု ဖော်ပြထားသည်များမှာ ကျွန်တော် တိုင်းတာတွက်ချက်ထားသည့် ရလဒ်များနှင့် ကွာဟ နေ၏။
နောက် စိတ်ဝင်စားစရာတစ်ခုမှာ ထိုခေတ်က ရှိခဲ့သည့် ငွေကြေးယူနစ်များ ဖြစ်၏။
စာ ၂၁၂
မလေးရှားနိုင်ငံ သုံးငွေ - ဒေါ်လာ (ယခုအချိန်တွင် မလေးရှား ရင်းဂစ်)
စင်ကာပူပိုက်ဆံ - မလေးရှားဒေါ်လာ (ယခုအချိန်တွင် စင်ကာပူဒေါ်လာ)
ဗီယက်နမ် - ပီယက်စတား (ယခုအချိန်တွင် ဗီယက်နမ် ဒေါင်)
စာမျက်နှာ ၂၁၁ ၌ ရွှေဈေးများကို ဖော်ပြထား၏။
မြန်မာငွေ ၁ ကျပ် ပေးလိုက်လျှင် ရွှေ ၀.၁၈၆၆၂၁ ဂရမ် ရမည်။ ရွှေ ၁ ကျပ်သားလျှင် ၁၆.၃၃ ဂရမ် ရှိ၏။
ထို့ကြောင့် ရွှေ ၁ ကျပ်သားလျှင် မြန်မာငွေ ၈၇ ကျပ်ခွဲ (မြတ်စွာဘုရား) ဖြစ်၏။ (ဘှာ - ဒဂယ်ကျောတာ)
(သဟာကြောင့် ကျွန်တော်တို့ ငယ်ငယ်က လခ ၂ ခါထုတ်ပြီးရင် ရွှေ ၁ ကျပ်သား စုလို့ရတယ် ဟု ဆရာဦးမြသန်းက ပြောခဲ့တာ ဖြစ်ပါသည်။)
ဟောင်ကောင် ၁ ဒေါ်လာ = မြန်မာငွေ ၀.၇၈ ကျပ်
ဂျပန် ၁ ယန်း = မြန်မာငွေ ၀.၀၁၃ ကျပ်
မလေးရှား ၁ ဒေါ်လာ = မြန်မာငွေ ၁.၅၅ ကျပ်
ယိုးဒယား ၁ ဘတ် = မြန်မာငွေ ၀.၂၂ ကျပ်
ဗြိတိသျှ ၁ ပေါင် = မြန်မာငွေ ၁၁.၄၂ ကျပ် (OMG)
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၄.၇၆ ကျပ် (LMD = let me die)
ဤကဲ့သို့သော စာအုပ်မျိုး ယခု ထုတ်ဝေသေးသလား ကျွန်ုပ်မသိပါ။
ထုတ်ဝေခြင်း မရှိ ဆိုလျှင် သေသေချာချာ သုတေသနလုပ်၊ တိုင်းတာ၊ တွက်ချက်ပြီး စံနှုန်းစာအုပ် ပြုစုကြပါရန် ကျွန်ုပ်က အလေးအနက် တိုက်တွန်းပါ၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၁ မေလ၊ ၂၀၂၅
မနက် ၁၀း၃၉ နာရီ
No comments:
Post a Comment