Monday, May 26, 2025

သိန်း (၃၀) ပျောက်ဆုံးမှု၌ မောင်စံရှား စုံထောက်ပုံ

တစ်နေ့သ၌ ကျွန်ုပ်သည် ဇော်မဲလုံး၏ လိမ်လည်မှုပေါင်း ၅၈၉ မှုအနက် ၂၃၈ ခုမြောက် လိမ်လည်မှုအတွက် စာရွက်စာတမ်းများ စစ်ဆေးရန်သွားရာ လမ်းကြုံသဖြင့် ကျွန်ုပ်မိတ်ဆွေကြီး ကိုစံရှားရှိရာသို့ ကော်ဖီလေးဘာလေး သောက်ရင်း၊ စကားစနေပြောရန် ဝင်ခဲ့လေ၏။

 

၎င်းအခန်းသို့ရောက်ရှိ၊ တံခါးကို ခေါက်လိုက်လျင်ပင် -

 

မောင်စံရှား။       ။ ကိုနှင်းမောင်၊ ဝင်ခဲ့ဗျို့၊ တံခါးကို စေ့ရုံစေ့ထားတာ။

 

ကိုနှင်းမောင်။      ။ အဲဒါကြောင့် ကျွန်တော်က ကိုစံရှားကို ချစ်နေရတာ။ နေစမ်းပါအုံးဗျာ။ ကျွန်တော်က အောက်ဘလောက်က လာခဲ့တာ။ ခင်ဗျားမမြင်နိုင်ဘူး။ ကျွန်တော်မှန်း ဘယ်လိုသိသလဲ။

 

ရှား။          ။ ကိုနှင်းမောင်က တံခါးခေါက်ရင် ဖြည်းဖြည်းနဲ့မှန်မှန် အသံကျယ်ကျယ်ခေါက်တယ်။ နောက်ပြီး တံခါးကို ၃ ချက်ထက် ပိုမခေါက်ဘူးလေဗျာ။ ဒါထက် ခင်ဗျား ဇော်မဲလုံး အခြေအနေ ဘယ်နှယ်လဲဗျို့။

 

နှင်း။          ။ မဟန်ပါဘူးဗျာ။ ကျုပ်က တစ်မှုဖော်မယ်လုပ်လိုက်၊ သူက နောက်တစ်ခါ ထပ်လိမ်လိုက်နဲ့။ အဲဒါနဲ့ကျုပ်လည်း မသင်္ကာလို့ ဂျင်မခါနာသွားစုံစမ်းတော့ ဒီကောင်က မွေးကတည်းက ချက်ကြိုးက လည်ပင်းကို လိမ်ပြီး မွေးလာတာတဲ့ဗျ။ ခင်ဗျားပဲ စဉ်းစားကြည့်ပါဗျာ။ အမကကျောင်းပေါ် ဗုံးကျဲတာ ဒီလောက်ထင်ရှားနေတဲ့ကိစ္စ အတင်းလိမ်နေတယ်။ ကျွန်တော်တော့ ဒီကောင့်ဇက်ကို လိမ်ချိုးလိုက်တော့မလား အောက်မေ့တယ်။

 

ရှား။          ။ အာ မလုပ်နဲ့ဦးဗျို့။ မြန်မာ့အသံကလည်း ဟာဒယရွှင်ဆေးမလွှင့်တာကြာပြီဆိုတော့ ကျုပ်တို့မှာ ဇော်မဲလုံးနဲ့ အပန်းဖြေနေရတာ။ 

 

နှင်း။          ။ ဒါနဲ့ ကိုစံရှားရယ် ဘောက်ချာတွေ၊ ပြေစာတွေ၊ အလှူခံဖြတ်ပိုင်းတွေကလည်း မနည်းလှပါကလားဗျာ။

 

ရှား။          ။ အင်း - ခင်ဗျားမလည်း ဇော်မဲလုံးနဲ့တိုင်ပတ်။ ကျုပ်လည်း မီးကင်တဲ့ကိစ္စ လိုက်ရှင်းနေရသဗျို့။ 

 

နှင်း။          ။ ဘာလဲဗျ။ မီးကင်တယ်ဆိုတာ။ ကင်ဆာဖြစ်လို့ ဓာတ်ကင်တာကို ပြောတာလား။

 

ရှား။          ။ ဘယ်ကလာဗျာ။ ဟိုအမျိုးသမီးတစ်ယောက်က ဘာတဲ့ သူ့ပိုက်ဆံ သိန်း ၃၀ ကို မှားလွှဲမိလို့တဲ့။ မှားမဲ့မှား ကျုပ် အကောင့်ထဲပဲ မှားလွှဲပါတော့ဗျာ။ အခုတော့ ဟို ပလဟိတမီးကင်ကြီးဆိုလား။ အဲဒီဆီရောက်သွားလို့တဲ့။ သူ့ဆီ ငွေ အပေးအယူလုပ်တဲ့မှတ်တမ်းတွေ လိုက်စစ်နေတာ။ 

 

နှင်း။          ။ ခင်ဗျားတို့ဟာကလည်း အမျိုးမျိုးပါလားဗျာ။ တော်ကြာ မြန်မာပြည်ရဲ့ ပထမခွဲမီးကင်လိုက်၊ ဒုတိယ မီးကင်လိုက်။ တော်ကြာ ငင် - သူက ခေါင်းဆောင်မင်းသမီးလည်း မဟုတ်၊ သရုပ်ဆောင်ကြေးက ဘယ်လောက် သူရိုက်တဲ့ကားနဲ့ ဒီလောက် ပိုက်ဆံတွေ ချမ်းသာရပါမလား အတင်းတုတ်လိုက်။ 

ဟိုကလည်း ဘယ်ကိုဖြင့် သိန်းသုံးသောင်းလောက် (အောင်မငီး) လှူပြီးပြီ။ အဲဒါ နောက်ထပ် သိန်းတစ်သောင်းလှူဘို့ ဘယ်သွားမလို့ လုပ်လိုက်။

ဒါနဲ့ နေပါအုံး ကိုသိန်းမောင်တစ်ယောက်လည်း မတွေ့ပါလားဗျ။

 

ရှား။          ။ အာ ကိုသိန်းမောင် စစ်ကိုင်းကို ပြန်သွားသဗျို့။ အနို့ သူက နေ့တိုင်း လွယ်တဲ့ စည်သွပ်ဘူးချည်း ဝယ်ချက်နေတာကိုးဗျ။ အဲဒါ ဟိုတစ်နေ့က ဖေ့စ်ဘုတ်မှာ စည်သွပ်ဘူးပေါ်က သက်တမ်းကုန်တဲ့ရက်စွဲတွေကို မယုံရဘူးလို့ ဖတ်လိုက်ရတာနဲ့ စိတ်လေပြီး ပြန်သွားချည်ရဲ့။

 

နှင်း။          ။ ကိုင်းကိုင်း စကားလည်းကောင်းရဲ့၊ ကျွန်တော် သွားလိုက်အုံးမယ်။ ဟို အေဘေးမဲလုံး၊ ဘာတွေ လျှောက်လိမ်နေပြန်ပြီမသိဘူး။

 

ရှား။          ။ ဟားဟား၊ ကျုပ်လည်းမီးဆက်ကင်လိုက်အုံးမဗျို့။

 

မီလာလည်းပျော်၊ ရေလာလည်းပျော်၊ ကမ္ဘာ့အပျော်ဆုံးနိုင်ငံ၌နေသော အသင်သူတော်ကောင်း အပေါင်းတို့သည် အသားကုန် ပျော်နိုင်ကြပါစေကုန်သတည်း။

 

တူနယ်တဲ့နယ်

 

အေးငြိမ်း

၂၆ မေလ၊ ၂၀၂၅

Saturday, May 24, 2025

နာမည်ကြီးလေ ဂျင်းကြီးလေ ဆိုခြင်းအကြောင်း

အယ်ကိုတို့နော် - စည်သွတ်ဘူးတွေဝယ်ဒယ်၊ အအေးဘူးတွေ ဝယ်ဒယ်နော်၊ အိတ်စ်ပါဒိတ်တွေ ကြည့်တယ်နော်။

လဂါးပဲ၊ မကြည့်နဲ့။ အကုန် ဂျင်းတွေချည်းပဲလို့ ကျော်ပြောမယ်နော်။

 

ဟိုက် ရှာလပတ်ရည်

ကြည့်ကျက်လဲလုပ်ပါ ကိုရင်ရယ်။ သူတို့က ဆိုင်ကြီးတွေ၊ နာမည်ကြီးတံဆိပ်တွေနော

 

အော် - အာကိုတို့၊ အဲသဟာခက်တာပဲ။ နာမည်ကြီးတယ်နော်၊ နာမည်ကြီးလေ ဂျင်းကြီးလေပဲခည 

 

နေပါအုံး၊ ကိုရင့်နာမည်နဲ့ ကုမ္ပဏီနာမည်လေး တဆိတ်လောက်။ တော်ကြာ ကိုယ်က မဟုတ်တမ်းလျားတွေ လျှောက်ရေးတယ် ဖြစ်နေမယ်။

 

အာ၊ အဲ့တာတော့ ဘီပြောလို့ ဖြစ်မလဲ အယ်ကိုရဲ့၊ တော်နေကြာ ကျော့် လာဖမ်းသွားလို့ ဘယ်နှယ်လုပ်မလဲ

 

++++++++++++++++++++++++++

 

တစ်နေ့သ၌ ကျွန်ုပ် သုတ်သီးသုတ်ပြာနှင့် သင်တန်း ရောက်သွားစဉ် မစ္စတာတစ်ယောက် အနားကပ်လာကာ ဟောဒီမှာ စိတ်ဝင်စားစရာလေးရှိတယ်၊ ခဏစောင့် ဆိုသည်နှင့် ကျွန်ုပ်လည်း ဘုမသိ ဘမသိနှင့် ကော်ဖီသောက်ရင်း ထိုင်စောင့်နေရလေသော ဟူသတတ်။

 

၎င်းက အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် တိုင်းရင်းသားတစ်ယောက်ကို ခေါ်လာပြီးသကာလ သူက ဘယ်စက်ရုံမှာ လုပ်တာ။ သူပြောတာဖြင့် ကြောက်စရာကြီးပါလားဗျို့။ အဲဒါ သူများတွေလည်း သိရအောင် ရေးစမ်းပါဗျာဟု မ,သည်နှင့် ကျွန်ုပ်လည်း အနှီငနဲကလေး (အဲလေ) ငနဲလတ်ကို အင်တာဗျဲကာ ရေးလိုက်ခြင်းဖြစ်ကြောင်း။

 

++++++++++++++++++++++++++

 

ထိုငနဲကလေးမှာ ထိုင်း၊ မလေးရှားတို့တွင်လည်း လုပ်ခဲ့ဖူးကြောင်း၊ ယခုမှ စင်ကာပူ ရောက်လာတာ ဖြစ်ကြောင်း

 

အနို့ ကိုရင်ရယ်၊ ဒီသင်တန်းကို ကိုရင်တက်စရာမှ မလိုတာ၊ ဘယ့်နှာကြောင့် လာတက်ရတာလဲ။

ကုမ္ပဏီကတော့ မလွှတ်ပါဘူး၊ အသိအမှတ်လည်း မပြုပါဘူး။ သူများတွေက အလုပ်လုပ်ရင် SOC ကတ်လိုတယ် ပြောလို့ ကိုယ့်ဘာသာ လာတက်တာ။

 

ငင့်စ်

ထားပါတော့၊ ကိုင်း ပြော

 

ကျော်က စလုပ်ပါပြီဆိုကတည်းက ဒီလိုစက်ရုံမျိုးတွေမှာချည်း လုပ်လာတာ၊ အဲဒါကြောင့် ဒီကိစ္စတွေကို သေသေချာချာ သိတယ်။

အစ်ကိုရယ်၊ စူပါမားကက်ကြီးတွေဆိုတာ ပစ္စည်းတွေ အများကြီးတင်တဲ့ဟာ၊ သူတို့ အဲဒီစည်သွပ်ဘူး/အအေးဘူးတွေကို ဘယ်လိုလုပ် အကုန်ရောင်းမလဲ။

 

သက်တမ်းကုန်ခါနီးပြီဆိုရင် သူတို့က စက်ရုံကို ပြန်ပို့တယ်။ စက်ရုံတွေက ပြန်ရောက်လာတဲ့ အဲဒီဘူးတွေပေါ်က ထုတ်တဲ့ရက်စွဲတွေ၊ သက်တမ်းကုန်မဲ့ရက်တွေကို အကုန်ပြန်ဖျက်ပြီး ထုတ်တဲ့ရက်စွဲအသစ်၊ သက်တမ်းကုန်မယ့် ရက်အသစ်တွေ အကုန်ပြန်ရိုက်ပြီး ပြန်ပို့လိုက်တော့တာပဲ။

ဆိုတော့ အစ်ကိုတို့ ဒီစည်သွတ်ဘူးနဲ့ အအေးဘူးတွေဟာ ဘယ်ဟာဖြင့်အသစ်၊ တစ်ခါမှ မလဲရသေးတဲ့ သက်တမ်း မကုန်သေးတဲ့ဟာ၊ ဘယ်ဟာကတော့ စက်ရုံမှာ သက်တမ်းကို ပြန်ရိုက်ထားတဲ့ဟာလို့ ဘယ်လိုခွဲမလဲ ပြော။

 

ဒါ့ထက်ဆိုးတာရှိသေးတယ်။

 

ဖျား ဖျား

 

ဖရိုဇင်မိ (frozen meat) ဆိုတာ တစ်နှစ်အတွင်း အကုန်စားရတာ။ တစ်နှစ်မဟုတ်ဘူး။ ၈ လ ဆိုရင် အဲဒီအသားဟာ ဟောဒီဒွန္နယာကြီးမှာ ရှိကို မနေရတော့ဘူး။

အဲတော့ ဘာဖြစ်သလဲ တဲ့။

 

သက်တမ်းကုန်ခါနီးအသားတွေက ပိုပြီး ဈေးသက်သာတယ်။ အဲဒီတော့ ကုမ္ပဏီတွေက သက်တမ်း တစ်လလောက် လိုတော့တဲ့ အသားတွေကို ဝယ်တယ်။ နောက်ပြီး အဲဒါတွေကို ပုံစံပြောင်းတယ်။ အသားတွေကို လွှာတယ်။ အတုံးလေးတွေ တုံးတယ်။ ကြိတ်တယ်။ အသားလုံး လုပ်တယ်။ ဟော နောက်ပြီးတော့ သူတို့ထုတ်တဲ့ရက်နဲ့ သက်တမ်း ကုန်တဲ့ရက်ကို ကပ်တယ်။ အဲဒါကို အစ်ကိုတို့က အဟုတ်ကြီးမှတ်ပြီး တယ်လတ်တဲ့အသားပါလားလို့ ဝယ်စားတယ်။

တူနယ်တဲ့နယ်

 

ဒါ ကျော်က ပေါက်ကရတွေ ပြောနေတာမဟုတ်ဘူး။ ကျော်တို့ကိုယ်တိုင် နေ့ရှိသရွေ့ အဲဒီအလုပ်တွေကို လုပ်နေရတာ။ ကျော့် စူပါဗိုက်ဆာလည်း မြန်မာပဲ။ အဲသလိုလုပ်နေကြတာ ဒီမှာတင်မဟုတ်ဘူး။ မလေးမှာလည်း အဲသလိုပဲ။ ထိုင်းမှာလည်း အဲသလိုပဲ။

 

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက လာမစစ်ဘူးတဲ့လား။ 

စစ်သပေါ့ခင်ဗျာ။ အဖွဲ့တော်တော်များများ လာစစ်တယ်။

ဒါပေမယ့် သူဌေးက သူတို့ထက်ပိုလည်တယ်ခင်ဗျ။ ဘယ်ဟာတွေကို စစ်မယ်ဆိုတာ သိတယ်။ သိတော့ အဲဒါတွေကို အစစ်တွေ ပြထားသပေါ့။ ဒါပေမယ့်ဗျာ။ စစ်တယ်ဆိုတာ အကုန်လုံးကို အသေးစိတ် ဘယ် စစ်စစ်ပေါက်ပေါက် လိုက်စစ်နိုင်မလဲ။ သိတဲ့အတိုင်းပေါ့။

 

နောက်ပြီးတော့ ဟိုကုမ္ပဏီကထုတ်တယ်။ ဒီစက်ရုံက ထုတ်တယ်နဲ့။ လဂါးပြောတာ။ ဘာနာမည်မှမရှိတဲ့ ကျော်တို့ စက်ရုံတွေက ထုတ်တယ်နော်။ သူတို့လိုချင်တဲ့ တံဆိပ် ကပ်ပေးလိုက်တယ်။​ တူနယ်တဲ့နယ်

 

နောက်ပြီး အလွန်အင်မတန့်ကိုဆိုးတာ ပြောရအုံးမယ်။ စာထဲတော့ ထည့်မရေးပါနဲ့နော်၊ မကောင်းပါဘူး။ ဟို အသံဖမ်း ထားတာကြီးလည်း ပိတ်လိုက်အုံး။

 

ဟုတ်၊ ဟုတ်၊ ဟုတ်စ်ကဲ့ပါ ခည

 

တစ်နေ့တော့ အလုပ်သမားလေးတွေ အသားတွေထည့်ထားတဲ့ ပဲလက် (pallet) တစ်ခုကို အပြင် အအေးခန်းမဟုတ်တဲ့ စင်ပေါ် မှား တင်ထားလိုက်တယ်။ လူတွေလည်း အဲဒီအနား ဖြတ်သွားနေကြတာပဲ။

တစ်ပတ်လောက်ကြာတော့ ဒီနား ပုပ်စော်နံပါတယ်လို့ လိုက်ရှာတော့ စူပါဗိုက်ဆာက ဒီပဲလက်ဖြစ်မယ်ကွ၊​ ချစမ်း ဆိုပြီး ချကြည့်၊ ဖွင့်လိုက်တော့ ကြက်သားတွေ၊ ပုပ်နေပြီ။

အဲဒါ လွှင့်ပစ်မယ်များ မှတ်နေသလား။ အကုန်ရေတွေဆေး။ အသားတွေဖဲ့ထုတ်။ အနံ့ပျောက်ဆေးတွေထည့်။ ကြိတ်ပြီး အသားလုံးလုပ်။ ထုပ်ပိုးပြီး တံဆိပ်တွေရိုက်ပြီး ဆိုင်တွေကို ပို့တာ

 

အောင်မငီး

 

အဲဒါ သူပြောတာပါခညာ

 

အိမ်ကမွေးမကို အစိမ်းဈေးပဲ သွားခိုင်းတော့မယ်။ ယခွမ်းဒဲ့မှ

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၄ မေလ၊ ၂၀၂၅

၁း၀၄ ပီအမ်

 





 

Saturday, May 10, 2025

ဝတ္ထုဖတ်သောကျွန်ုပ်နှင့် ကျွန်ုပ် ဝတ္ထုဖတ်ခြင်းအကြောင်း

လူ့အဖွဲ့အစည်းတစ်ခု၏ လူနေမှုပုံစံ၊ အလေ့အထ၊ သူတို့၏ဘဝများ၊ ယဉ်ကျေးမှု၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ စသည်တို့ကို သိရန် အကောင်းဆုံးမှာ ဝတ္ထုဖတ်ခြင်း ဖြစ်၏။

ဝတ္ထုကောင်းတို့သည် ဝတ္ထုရေးသည့် အချိန်ကာလမှ လူနေမှုဘဝများကို ထင်ဟပ်ဖော်ပြနေ၏။ လူတို့၏ လူနေမှုစရိုက်၊ ၎င်းတို့၏ အတွေးအခေါ် အယူအဆ၊ ပညာရေးအခြေအနေ၊ ပတ်ဝန်းကျင်၊ ပြောဆိုသည့်ဘာသာစကားမှအစ၊ နည်းပညာ၊ အသုံးအနှုန်းတို့သည် အချိန်နှင့်အမျှ ပြောင်းလဲနေ၏။ ထို့ကြောင့် ယခင်ခေတ်ကလူတွေ မည်ကဲ့သို့ နေသည်ထိုင်သည် များကို သိလိုပါက ထိုခေတ်က ဝတ္ထုများကို ဖတ်ရ၏။

များမကြာသေးမီက ကျွန်ုပ် ခင်နှင်းယု၏ ဥဩတွန်တဲ့ လရာသီကို ဖတ်၏။ ဇာတ်အိမ်ကို စင်ကာပူနောက်ခံထားပြီး ဖွဲ့ထား၏။ ထိုဝတ္ထုကိုဖတ်ပြီး ကျွန်ုပ်တို့ စင်ကာပူမရောက်ခင်ကာလများဆီက စင်ကာပူသို့ လာရောက် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာလုပ်သားများ၏ ဘဝကို သိရ၏။ သူတို့ ပတ်စ်ပို့မရှိဘဲ မည်ကဲ့သို့ စင်ကာပူနိုင်ငံအတွင်း ခိုးဝင်လာကြရ ပုံ၊ မည်သည့် workpass မှ မရှိဘဲ စင်ကာပူနိုင်ငံအတွင်း၌ အလုပ်လုပ်ကြရပုံ၊ မည်ကဲ့သို့ အခက်အခဲ၊ ဒုက္ခသုက္ခများကို ရင်ဆိုင် ဖြေရှင်းကြရပုံများကို သိရ၏။

(စကားစပ်၍ ပြောရလျှင် ကျွန်ုပ်က ဖတ်ခဲ့သော ဝတ္ထုများ၊ ကြည့်ခဲ့သောရုပ်ရှင်များ၊ ရေးခဲ့သော စာအုပ်နှင့် ဆောင်းပါးများ၊ ကြိုက်ခဲ့ဖူးသောကောင်မလေးများ (ဟုတ်ပေါင် မွှားကုန်ပြီ၊ ယခွမ်း) တို့ကို စာရင်းလုပ်ထားလေ့ရှိ၏။ သဟာတောင် တချို့ရုပ်ရှင်များကို နှစ်ခါပြန် ကြည့်မိသည်များလည်း ရှိသေး၏။)

ဝတ္ထုနှင့် ဆောင်းပါးသည် အလွန်ကွာ၏။ ဆောင်းပါးက ဒါကဒီလိုရှိတယ် လိုရင်းတိုရှင်း ပြောပြသွား၏။ အချက်အလက်များကိုသာ ပေး၏။ ဘာ ဖွဲ့တာနွဲ့တာ၊ စကားပြောတာမှ မပါ။ စာ၏ သဘာဝကိုက ဖွဲ့သည့်နွဲ့သည့် အမျိုးအစား မဟုတ်သဖြင့် ဖွဲ့လို့နွဲ့လို့လည်း မရ။ ဖွဲ့လိုက်နွဲ့လိုက်လျှင် ဆောင်းပါးမဟုတ်တော့။

ဝတ္ထုကျတော့ ဟော - လေနုအေးက တနွဲ့နွဲ့ နော့နေဆဲကို . . . လို့ လုပ်လို့ရသည်။ လကြီးက သာလိုက်တာမောင် . . . ဟု နွဲ့လို့ရ၏။ ဟင်းလင်းပွင့်၍နေသော ဝါးရုံပင်ထက် တစ်ခုဝယ် တစ်ကောင်သော ဥသြငှက်သည် မြောက်လေနှင့် နှင်းထုကို ပြက်ရယ်ပြုကာ နွေ၏နှုတ်ခွန်းဆက်တေးဂီတကို ဖွဲ့နွဲ့ သီကုံးလျက်ရှိလေပြီ။ . . . ဟု ဖွဲ့လို့ရ၏။

မြန်မာဝတ္ထုများ၌ အလွန်ကောင်းသည့် ဝတ္ထုများသည် ရှိ၏။

အောင်လင်း၏ အရိုင်းစပယ်
လင်းယုန်သစ်လွန်၏ ဓမ္မဝိလာသ
မောင်သိန်းဆိုင်၏ ရေနံ့သာခင်ခင်ကြီး တို့ကို ကျွန်ုပ်ကတော့ ဂန္ထဝင်ဝတ္ထုများစာရင်းသို့ ထည့်သွင်းလို၏။ ဤသည်မှာ ကျွန်ုပ်က နမူနာမျှသာ ပြခြင်းဖြစ်၍ အခြား ဂန္ထဝင်မြောက် ဝတ္ထုများ အများအပြား ရှိပါသေး၏။

ထိုဝတ္ထုများ၌ လူနေမှုစရိုက်များကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထား၏။ ဝတ္ထုကောင်းဟူသည် လူတို့၏ စရိုက်သဘာဝ၊ သူတို့၏ စိတ်ထားနှင့်အမူအကျင့်တို့ကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် သရုပ်ဖော်ထားသည်ဖြစ်ရာ ဤကဲ့သို့ သရုပ်ဖော်နိုင်မှလည်း ဝတ္ထုကောင်း မည်၏။

ဝတ္ထု၌ လူဆိုးကို သရုပ်ဖော်ရာတွင် အနီးရှိ တစ်ခုခုနှင့် ကောက်ပေါက်လိုက်ချင်လောက်အောင် သရုပ်ပါရ၏။ နန်းဟာဗီးမှ အဝါ့ကို ‘ကို’ သည် အတင်းရော အဓမ္မပါ ဟဝှာလုပ်ဖို့ကြိုးစားရာ၌ လည်းကောင်း၊ ထို အဝါ ဆိုသော ဘာမှ အားကိုးစရာမရှိသည့် ခိုကိုးရာမဲ့ မိန်းကလေးကို ရဲ ဆိုသော မသတီစရာ သတ္တဝါတို့သည် သမင်မလေးကို အမဲဖျက်ရန် လိုက်သော ကျားငစဉ်းလဲကဲ့သို့ ဝိုင်းလိုက်ကြလေရာ ကျွန်ုပ်မှာ အသည်းတထိတ်ထိတ်၊ ရင်တဖိုဖိုနှင့် ဘုရား ဘုရား တ,နေမိသော ဟူ၏။

ကျွန်ုပ်သည် ငယ်စဉ်ကတည်းက ဝတ္ထုများကို တရှိုက်မက်မက် ဖတ်ခဲ့၏။
၉ တန်း၊ ၁၀ တန်း ကျောင်းသားဘဝက လေးမျက်နှာရှိ ကျွန်ုပ်တို့ အိမ်အနီးတွင် ငုဝါ အမည်ရသော စာအုပ်ဆိုင်လေး ရှိ၏။ သို့သော် ကျွန်ုပ်တို့၌ ဝတ္ထုငှားဖတ်နိုင်လောက်သည်ထိ ပိုက်ဆံပေါပေါများများ မရှိလေရကား မမရွှေရွှေတို့ ငှားထားသည့် ဝတ္ထုများကိုသာ တဆင့်ပြန်ယူ ဖတ်ရ၏။

ထိုစဉ်က ဖတ်ခဲ့သော ဝတ္ထုများတွင် ယုဝတီခင်စိန်လှိုင်၊ ကလျာ (ဝိဇ္ဇာသိပ္ပံ)၊ တက္ကသိုလ်ဘုန်းနိုင်တို့၏ ဝတ္ထုများပါ၏။ အခြားဝတ္ထု အများအပြားလည်း ရှိပါသေးသည်။ ကောင်းကောင်း မမှတ်မိတော့ပါ။

ကျော်မြသန်း၏ ကန္နားစီး မောင်မောင်လတ် နှင့် နုနုရည်(အင်းဝ) ၏ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါတို့တွင် မြန်မာပြည်၏ နတ်ကတော်လောက၊ နတ်ကိုးကွယ်မှု အလေ့အထတို့ကို ပယ်ပယ်နယ်နယ် သိရ၏။ ကျွန်ုပ် ‘ကန္နားစီးမောင်မောင်လတ်’ ကို ဖတ်ဖြစ်တာ ဆရာဦးမြသန်း ညွှန်း၍ ဖြစ်ပါ၏။ မောင်အေးငြိမ်း - အဲဒီဝတ္ထုဖတ်ကြည့်၊ ကောင်းတယ်ကွဟု ဆရာကဆို၏။ ခုနှစ်ကိုတော့ သေသေချာချာ မမှတ်မိတော့ပါ။ ၁၉၈၀ ခုနှစ် လောက်က ထင်ပါသည်။

ကြူမွှေး၏ ဟာသဝတ္ထု အတော်များများကို ဖတ်ခဲ့ရာ ‘မမှားတဲ့ဖိတ်စာ’ ကို ယခုထိ မှတ်မိနေပါသေး၏။ ထိုဝတ္ထုထဲ၌ လက်ဝဲမောင်း စနစ်မှ လက်ယာကပ်မောင်းစနစ် ပြောင်းခြင်းအား လှောင် ထားတာလည်းပါ၏။ နောက်ပြီး တင့်ဆန်း ၏ တောင်ဇလပ်ပန်းနီနီကို ဖတ်ပြီး လွမ်းရ၏။ 

နောက်ပြီး မြစကြာ၏ စုန်း၊ ကဝေဝတ္ထု တော်တော်များများလည်း ဖတ်ဖူးခဲ့ပါသည်။

ဦးနေဝင်းက စုန်း၊ ကဝေဝတ္ထုများကို အဆိပ်အတောက်စာပေဆိုပြီး ပိတ်လိုက်တော့ ကျွန်ုပ်တို့မှာ မဆတ်တငံ့ကြီး ဖြစ်သွားရလေ၏။ ကျွန်ုပ်မှာ ကျွန်းတပင်က လွန်းခင် နှင့် လေးအိမ်စုက မိချောတို့ကို ‘လွမ်းလို့ကျန်ရစ်မှာကို အားနာပါတယ်လေ’ လုပ်လိုက်ရတော့၏။ စုန်း၊ ကဝေဝတ္ထုများကို အဆိပ်အတောက်ဟုဆိုလျှင် Train to Bhutan နှင့် ဇွန်ဘီရုပ်ရှင်များကို အဘယ်သို့ ဆိုမည်နည်း။ စုန်း၊ ကဝေဝတ္ထုများသည် အပျော်ဖတ် စာပေများဖြစ်၏။ ဘာဗဟုသုတ ရစေဘို့မှ မဟုတ်။ စိတ်ပျော်ရွှင်မှုတစ်ခုအတွက်သာ ရေးတာ ဖြစ်၏။ သိုင်းဝတ္ထု၊ Marvel ရုပ်ရှင်, Thor, Iron Man, Superman, Spiderman, BlahBlahman စသည်အားလုံးမှာ ဖျော်ဖြေရေးအတွက် သက်သက်သာ ဖြစ်ဘိ၏။ ဟယ်ရီပေါ်တာကရော ဘာထူးပါသနည်း။ အနုစားနှင့် အကြမ်းစားသာ ကွာပါသည်။ ဦးနေဝင်းသည်ကား အတော်ဒူသည့် အေဘေးကြီး ဖြစ်သတည်း။

 

ကျွန်ုပ် စက်မှုတက္ကသိုလ်ကျောင်းသားဘဝတွင် ဖတ်ခဲ့သည်တို့မှာ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မောင်သာရ၊ တက္ကသိုလ်ဘုန်းနိုင် စသည့်ဆရာတို့၏ ဝတ္ထုများ ဖြစ်၏။ စမ်းစမ်းနွဲ့ (သာယာဝတီ) ၏ ‘တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့’ ကိုလည်း ထိုကာလများက ဖတ်ခဲ့တာ ထင်ပါသည်။

နောက်ပြီးတော့ လူတွေ၏စရိုက်မျိုးစုံကို ဝတ္ထုများထဲ၌ တွေ့နိုင်၏။

ဆရာမကြီး ခင်နှင်းယု၏ ဘိန်းစားရေချမ်း ဝတ္ထုမှ -
မိမိအိမ်၌ မွေးထားသည့် ကလေးမကလေးကို မုဒိန်းကျင့်သော မနက်တိုင်း သဗ္ဗေသတ္တာ ရွတ်နေသူ ဘုရားဒဂါကြီး နှင့် မိမိချစ်သူကလေး နာမည်ပျက်မည့်အရေးကြောင့် ကိုယ့်ကိုယ်ကိုယ် စတေးခံကာ တစ်သက်လုံး လူယုတ်မာကြီး ပြယုဂ်နှင့် နေသွားခဲ့သော ကိုရေချမ်း

ဆရာမကြီး၏ ဝတ္ထုတွင် ကိုရေချမ်းကွယ်လွန်သည့် ရက်၊ လ၊ နှစ်တို့ကို ဖော်ပြထားရာ ဤသည်မှာ ပုံပြင်မဟုတ်။ တကယ့်အဖြစ်အပျက်ဖြစ်ကြောင်း သိရ၏။ ဤဝတ္ထုပါ အများတကာ ကြည်ညိုလေးစားနေသည့် ကျောင်းဒဂါကြီး နှင့် အများတကာက ဝိုင်းဝန်းရှုံ့ချ ဝိုင်းပယ်ထားသည့် ကိုရေချမ်းတို့ မည်သူက မြင့်မြတ်ပါသနည်း။ ဤကဲ့သို့ အဖြစ်အပျက်များ လူ့လောက၌ မည်မျှများပါသနည်း။

မောင်သာရ၏ ငြုပ်မှန်လျင် စပ်ရမည်နှင့် တွဲထုတ်သော မစန္ဒာ ၏ မစပ်သောငရုတ်မှ အင်ဂျင်နီယာဘွဲ့ရတစ်ဦး၏ အဖြစ်အပျက်နှင့် အလားတူစွာ ကျွန်ုပ်ကိုယ်တိုင် တစ်ကြိမ်သောအခါက ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ဖူးပါ၏။

မိုးမိုး (အင်းလျား) ၏ ‘မြန်မာပြည်တွင် နေကြသည်’ နှင့် နေဝင်းမြင့်၏ ‘မြို့ပြပိုးမွှားများ’ က မြန်မာပြည်ရှိ အောက်ခြေ လူတန်းစားများ၏ ဘဝကို လှစ်ဟပြနေ၏။

နိုင်ဝင်းဆွေ၏ ‘မသိန်းရှင်ဆီ ပို့ပေးပါ’ ကို ဖတ်ကြည့်ပါ။ တနင့်တပိုး ခံစားသွားရမည်။ မြန်မာပြည်တွင် ဤကဲ့သို့သော ဘဝများ သန်းနှင့်ချီရှိ၏။

ရန်ကုန်ဘဆွေ၏ နန်းဟာဗီးကို ကြားဖူးသည်မှာ ကြာပါပြီ။ သို့သော် မဖတ်ဖြစ်။ ယခုမှ ဖတ်ဖြစ်၏။

နန်းဟာဗီးသည် ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်၏။

နန်းဟာဗီး၌ ပညာနိမ့်ကျ၍ လူလုံးမလှ ဖြစ်နေရရှာသော တိုင်းရင်းသားများအကြောင်းကို သရုပ်ဖော်ထားသည်မှာ ပြောင်မြောက်လှ၏။
ထို သနားစရာ သတ္တဝါများအပေါ် ၎င်းတို့၏ မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး ယုတ်မာကြကုန်သော လူကြီးလူမကောင်းအပေါင်းတို့သည် ဤလောက၌ တကယ်ရှိကြကုန်၏။ မြန်မာပြည်အတွင်း၌ အများအပြားကို ရှိကြကုန်၏။ ထို လူကြီးလူမကောင်းတို့သည် ၎င်းတို့ရရှိထားသော အာဏာပါဝါကို အသုံးချလျက် သာမန် နင်းပြား ပြည်သူများကို ဖြဲခြောက်ကာ ထင်တိုင်းကြဲကြကုန်၏။ တကယ်တတ်သိနားလည်သူ၊ ၎င်းတို့ကို ပြန်တုတ်မည့်သူ မပေါ်မချင်း ၎င်းတို့သည် အာဏာပါဝါ ပြကြ၏။

ပို၍ဆိုးသည်မှာ ငါတို့ကို မတရားလုပ်နေသည်။ သူတို့ကို တွန်းလှန်ပြီး ငါတို့အခွင့်အရေးကို ရအောင်ယူမည်ဟု ဆိုသူမှာ အလွန့်အလွန် နည်းပါးလျက် အနှီ လူကြီးလူမကောင်းအပေါင်းကို မြှောက်ထိုးပင့်ကော်လုပ်ကာ ကိုယ်ကျိုးစီးပွား ရှာနေသူ များလျက် ရှိနေခြင်း ဖြစ်၏။

နန်းဟာဗီးသည် မတရားမှုကို တော်လှန်၏။
သူ့၌ ဘာကျောထောက်နောက်ခံမှ မရှိ။ သူ့၌ ဘာပစ္စည်းဥစ္စာမှ မရှိ။ သူ့၌ ဘာ ပါဝါ အာဏာမှ မရှိ။
သို့သော် သူ့မှာ မဟုတ်တာကို ငြိမ်ခံမနေတတ်သော စိတ်ဓာတ်ရှိ၏။
မတရားတာကို အသက်အသေခံပြီး တွန်းလှန်မည်ဟူသော ခံယူချက်သည် ရှိ၏။
ထိုလူယုတ်မာများကို ရှိသမျှအင်အားနှင့် ခုခံ၏။


အမှန်စစ်စစ် -
နန်းဟာဗီးသည် ယခုခေတ်ကာလကို သရုပ်ဖော်လျက်ရှိ၏။


နန်းဟာဗီးမှ မသိနားမလည် ခေတ်နောက်ကျလျက်ရှိသော လူမျိုးစုသည် -
ယခုခေတ်တွင် မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြုလျက်ရှိ၏။
သို့မို့ကြောင့်သာ အသင်တို့ကို မိုင်၃၀၀၀ နဂါး၊ အစ်မတော် မြနန်းနွယ်၊ ဘာဘိုးတော်၊ ညာမယ်တော် စသည်တို့ဖြင့် ဂျင်းထည့်နိုင်ခြင်း ဖြစ်၏။

နန်းဟာဗီးမှ မိမိတို့ရထားသည့် ရာထူးဂုဏ်ထူးများကို တလွဲသုံးလျက် အာဏာပါဝါပြကြကုန်သော လူကြီးလူမကောင်း တို့သည် -
ယခုခေတ်တွင်လည်း မိမိတို့ရထားသည့် ရာထူးဂုဏ်ထူးများကို တလွဲသုံးလျက် အာဏာပါဝါပြကြကုန်သော လူကြီးလူမကောင်းတို့ကို ကိုယ်စားပြု၏။

နန်းဟာဗီးမှ ‘မတရားမှုကို မိမိရှိသမျှခွန်အားနှင့် တွန်းလှန်လျက်ရှိသော နန်းဟာဗီး’ သည် -
ယခုခေတ်၌ နိုင်ငံတော်အာဏာကို မတရားရယူထားသည့် MyanNoe တစ်သိုက်ကို အစွမ်းကုန် တော်လှန်လျက်ရှိသော တော်လှန်ရေး ဘက်တော်သားများကို ကိုယ်စားပြုလျက်ရှိ၏။

နန်းဟာဗီးမှ ‘ရာထူးရာခံများကို အသုံးချလျက် လူမျိုးစုအပေါ် မတရား ထင်တိုင်းကျဲလျက်ရှိသော လူကြီး လူမကောင်းများကို မြှောက်ထိုးပင့်ကော်လုပ်ကာ မိမိတို့စည်းစိမ် တည်မြဲရေးကို လုပ်နေကြသူများ’ သည် -
ယခုခေတ်တွင် ဟိုမြေနိုးများ၏ ဘောကို အပြုံလိုက်မ,နေကြကုန်သော $ဂမြင်းမသားများကို ကိုယ်စားပြု၏။

မိမိတို့ရထားသည့် ရာထူးဂုဏ်ထူးများကို တလွဲသုံးလျက် အာဏာပါဝါပြကြကုန်သော လူကြီးလူမကောင်း အပေါင်းတို့သည် အမြန်ဆုံး ကျဆုံးကြပါစေကုန်သတည်း။

နိုင်ငံတော်အာဏာကို မတရားရယူထားသည့် MyanNoe တစ်သိုက်ကို အစွမ်းကုန် တော်လှန်လျက်ရှိသော တော်လှန်ရေး ဘက်တော်သားများသည် အကျအဆုံးအနည်းဆုံးနှင့် အောင်ပွဲများဆက်တိုက်ရကာ ပြည်သူ့အာဏာကို ပြန်လည် တည်ဆောက်နိုင်ပါစေသတည်း။


ဟို မြေနိုးတသိုက်သည် ရုရှားမှအပြန် လေယာဉ်ပျက်ကျကာ အကုန်လုံး မာလက ဈာန်ကြွ ကြပါစေကုန်သတည်း။


ကျေးဇူးတင်ပါသည်။


အေးငြိမ်း
၁၀ မေလ၊ ၂၀၂၅

Wednesday, May 7, 2025

ကဗျာဖတ်သောကျွန်ုပ်နှင့် ကျွန်ုပ် ကဗျာဖတ်ခြင်းအကြောင်း (၂)

(၄)

အချို့လူများသည် အလွန်ထူးဆန်းလှ၏။ ၎င်းတို့သည် စာလည်းမဖတ်၊ ကဗျာလည်းမဖတ်။ အဲလေ၊ ကဗျာဆိုတာ ချိုနဲ့လား ဟုတောင် မေးမည့်သူများ ဖြစ်၏။

နေပါအုံးဗျာ။ ခင်ဗျား ကဗျာ မဖတ်တော့ ဘာဖြစ်သွားမှာ မို့လို့တုံး။
အဲဗျ။

ကျုပ် စာမဖတ်တော့ အသက်ရှင်မနေရတော့ဘူးတဲ့လား။
အာ့ဗျဲ။

ဟဲဟဲ၊ အဲလိုတော့လဲ ဟုတ်ဘူးပေါ့လဗျာ။

သို့သော် ကျွန်ုပ်အဖို့မူ တစ်နေ့ကို ကဗျာလေးတစ်ပုဒ်လောက်တော့ ဖတ်လိုက်ရမှ နေသာထိုင်သာ ရှိလေ၏။

ကဗျာသည် နှလုံးသား၏ အာဟာရဖြစ်၏။ ကျွန်ုပ်နှလုံးသားလေး နုပျိုနေစေဘို့ရာ ကျွန်ုပ်သည် ကဗျာဖတ်လေ၏။

((ဟေ့ယောင်၊ ငါ ဘာကဗျာမှ မဖတ်ပါဘူးကွာ။ ဒါပေမယ့် ငါ့နှလုံးသားက မင်းထက်ပိုနုသေးတယ်။))
< အသာနေစမ်းပါဗျာ၊ ခညားကလဲစ် >

အမှန်ဆို ကျွန်ုပ်တို့သည် ကျောင်းစတက်ပါပြီဆိုကတည်းက ကဗျာနှင့် စခဲ့ကြတာ ဖြစ်၏။

က ကညစ်၊ ပေမှာခြစ်
ခ ခရာ၊ အသံသာ
ဂ ဂဏန်း၊ ရေမှာဖမ်း
င ငရုပ်စိမ်း၊ စပ်ရှိန်းရှိန်း။

အိမ်လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း
စုပေါင်း အမှိုက်သိမ်း။

ပါပီကလေး ပုတုတု
သူ့စကားက ဝုဝုဝု၊ . . .

ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်၊ . . .

ကဗျာသည် အသံသာ၏။ ဆိုလို့ကောင်း၏။ မှတ်ရလွယ်၏။ ကလေးတိုင်း ကဗျာလေးများကို ချစ်သည်သာ ဖြစ်၏။ သည်အတိုင်း စာကို အတုံးလိုက် သင်သွားလျှင် တတ်ဖို့မလွယ်။ ဟော - ကဗျာလေးနှင့် တွဲလိုက်တော့ တတ်ဘို့ အင်မတန် လွယ်သွားလေသည်။

နည်းနည်းလေး အတန်းကြီးလာတော့ -
မြသားငယ်တဲ့ ရေယမုန်
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြ ဒိုက်ပုံ။

အလို . . .
ကျွန်ုပ်တို့ ငယ်ဘဝတလျှောက်လုံး ကဗျာတွေနဲ့ချည်း ထိတွေ့လာခဲ့ရပါကလား။

ကျွန်ုပ်ငယ်ငယ်က အတော်ချစ်ခဲ့ရသော ကဗျာစာအုပ်ကလေးနှစ်အုပ်သည် ရှိ၏။

တစ်အုပ်မှာ ကျွန်ုပ်တို့ အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ရသည့် အဖုံးစိမ်းစိမ်းနှင့် အလယ်တန်း မြန်မာကဗျာ လက်ရွေးစင် စာအုပ်ကလေးဖြစ်ပြီး နောက်တစ်အုပ်မှာ ကျွန်ုပ်အစ်ကို ကိုတင်ထူး အထက်တန်း ကျောင်းသားဘဝ၌ သင်ခဲ့ရသော အထက်တန်း ကဗျာလက်ရွေးစင် စာအုပ်တို့ ဖြစ်၏။ အနို့ တောဆိုတော့ ဘယ်မှာလျင် ကဗျာစာအုပ် ကောင်းကောင်းကန်းကန်း ရပါမည်နည်း။ ကွင်းကောက် မြောက်ဘက်ကမ်း ဈေးထဲမှ တစ်ခုတည်းသော စာအုပ်ဆိုင်ကလေး၌ ရွှေသွေး၊ တေဇ စသည့် ဂျာနယ်၊ စာစောင်ကလေးများသာ အရောင်းများပြီး တူတူတန်တန် စာအုပ်ဆိုလို့ တစ်အုပ်ကမှ မရှိပါ။ 




ကျွန်ုပ်တို့ သင်ခဲ့ရသည့် အလယ်တန်းကဗျာစာအုပ်မှာ အလယ်တန်းဆိုပေမင့် မဖြစ်ညစ်ကျယ်လေးမဟုတ်။

ကဗျာပုဒ်ရေ စုစုပေါင်း ၁၁၂ ပုဒ်ပါ၏။
ကဗျာများကို အပိုင်း - ၁၊ ရှေးခေတ်။ အပိုင်း - ၂၊ ကိုလိုနီခေတ်။ အပိုင်း - ၃၊ ခေတ်သစ် ဟု သုံးပိုင်းခွဲထား၏။
တကယ့်အနှစ်တွေချည်း ရွေးထားသမို့ ကျွန်ုပ် အလွန်နှစ်သက်သော ကဗျာများချည်း ဖြစ်၏။

အချို့ကဗျာများမှာ ရင်တွင်း၌ တသသ စွဲကျန်ရစ်သော ကဗျာများ ဖြစ်၏။ ဥပမာပြရလျှင် မင်းသုဝဏ်၏ ဖိုးမောင်လာပြီ ကဗျာမှာ ရင်ထဲကို ထိခိုက်လှ၏။ ဖိုးမောင်သည် သာမန်တံငါကလေး တစ်ဦးသာ ဖြစ်၏။ ဖိုးမောင်သည် အလွန် ဆင်းရဲပါလိမ့်မည်။ သို့သော် ဖိုးမောင်၏ စိတ်ဓာတ်ကား မြင့်မြတ်လှ၏တကား။ ဤကဲ့သို့သော ဖိုးမောင်များ ကျွန်ုပ်တို့တိုင်းပြည်၏ ချောင်ကြိုမြောင်ကြား၌ အများအပြားရှိပါလိမ့်မည်။

နောက်တစ်ပုဒ်မှာ ဇော်ဂျီ၏ တို့တိုင်းပြည် ဖြစ်၏။
ဆရာဇော်ဂျီ၏ ကဗျာကိုဖတ်ပြီး အားမာန်တို့ဖြစ်ရ၏။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး

ဆရာဇော်ဂျီကား မြန်မာပြည်တိုးတက်ကြီးပွားရေးအတွက် နှိုးဆော်ခဲ့၏။ တိုက်တွန်းခဲ့၏။ အားမပျော့ကြနှင့်။ လုံ့လ မလျှော့ကြနှင့် ဟု အားပေးခဲ့၏။ သို့သော် . . .

သည်ကနေ့ မြန်မာပြည်ကြီး၏ အခြေအနေကို အသင်တို့အသိ ဖြစ်၏။

သူများတကာတွေ အင်္ဂါဂြိုဟ်သွားပြီး ဟန်းနီးမွန်း ထွက်ဘို့ လုပ်နေချိန်မှာ ကျွန်ုပ်တို့မှာတော့ မိုင်၃၀၀၀ရှည်တဲ့ နဂါးတွေ ဂဠုန်တွေနှင့် ခုထိ တိုင်ပတ်နေတုံးရှိသေး၏။ ဝမ်းနည်းဖွယ် ကောင်းလေစွ။ ကျွန်ုပ်မှာ လွန်ခဲ့သော အနှစ် ၅၀ လောက်က တိုက်တွန်းခဲ့သော ဆရာကြီးကို အားနာလှပါ ဘိတော့သည်။ (အရေးထဲ ဟိုဟာမကလည်း သူ ဒေါသထွက်လို့ပဲ ငလျင်လှုပ်ရသလိုလို။ ရှောက်ခယိုးနဲ၊ ဆေး မှန်မှန် တိုက်လိုက်ကြပါအုံး ဗျာတို့။)

သည်ကဲ့သို့သော ကဗျာများ အလယ်တန်း မြန်မာကဗျာလက်ရွေးစင်စာအုပ်မှာ အများအပြား ပါ၏။

ကျွန်ုပ်သည် ဆီးဘန်နီဆရာတော်၏ ‘သေသော်မှတည့် ဪကောင်း၏’၊ ဦးကျော်လှ၏ ဝံသာနုအထည် သံချိုလေးချိုး၊ ဇော်ဂျီ၏ တို့တိုင်းပြည်၊ ဇော်ဂျီ၏ လှိုင်းကလေးသင်၊ မင်းသုဝဏ်၏ ဝါတွင်းချိန်၊ ငွေတာရီ၏ အလှရှိရာ တို့ကို ရင်ထဲ၌ အစဉ်အမြဲ သိမ်းဆည်းထားမိ၏။

ထို့ပြင်တဝ ထွဏ်းနေနွယ်က . . .

‘ပန်းပွင့်မှဖွား၊ ပန်းဖြစ်ငြားလည်း
သူ့အားသူ့မာန်၊ သူ့ဟန်ပန်ဖြင့်
တာဝန်သူကျေ၊ ထမ်းဆောင်လေခဲ့
ချစ်ဆွေလူသား၊ မြေမှာဖွားငဲ့
သင်ကားသင့်မြေ၊ တာဝန်ကျေဖို့
ဘာတွေဆောင်ရွက်ပြီးပြီနည်း။ ။ . . . မေးခဲ့၏။

မိတ်ဆွေ - စာဖတ်နေတာ ခဏနားပြီး ထွဏ်းနေနွယ်၏ မေးခွန်းလေးကို တဆိတ် ဖြေကြည့်စမ်းပါဘိ။




ကျွန်ုပ် အလယ်တန်းကျောင်းသားဘဝကပင် အထက်တန်း ကဗျာ လက်ရွေးစင်စာအုပ် တစ်အုပ်လုံးကို ဖတ်ပြီးနေပါပြီ။ အနို့ တခြားလည်း ဘာကဗျာစာအုပ်မှ ဖတ်စရာမရှိတော့ ကျောင်းပြဋ္ဌာန်းစာအုပ်တွေပဲ ဖတ်ရ၏။ သို့သော် ကျောင်း၌ သင်ရသော ကဗျာများကိုလည်း ကျွန်ုပ် ချစ်ခင်နှစ်သက်ပါ၏။

ထိုစဉ်က အထက်တန်း ကဗျာ လက်ရွေးစင်မှာ ခမောက်ကလေးများ ကြားညှပ်ပြီး စာအုပ်ကလေးများ စီထားသည့် အဖုံးနှင့် ဖြစ်၏။ အလယ်တန်း ကဗျာစာအုပ်က အဝါရောင်၊ အထက်တန်း ကဗျာစာအုပ်က အုတ်ခဲရောင် ဖြစ်၏။

အထက်တန်းကဗျာများကို ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံပြည် နှင့် ဖွင့်ထား၏။

ကျွန်ုပ်သည် ရှေးခေတ်ပုဂံပြည်ကို အလွန်ကြိုက်နှစ်သက်လှ၏။ ရှေးခေတ်ပုဂံပြည်ကို ဘယ်နှစ်ခါဖတ်ဖတ် ရိုးမသွား။ သည်ကဗျာကိုဖတ်ပြီး ကျွန်ုပ်၌ ဇာတိသွေး၊ ဇာတိမာန် ဆိုတာကြီးတို့သည် မွေးဖွားလာခဲ့၏။ မြန်မာ့မြေကို ကျူးကျော် လာသူများအားလည်း ဓားနှင့်တက်ပိုင်းချင်စိတ်များ ပေါ်လာခဲ့၏။

ဤ အလွန်ကောင်းလှသည့် ရှေးခေတ်ပုဂံပြည်ကို ပထမနှစ်မြန်မာစာ စာအုပ်၌ ဖျက်လိုဖျက်ဆီးလုပ် ရေးထားသည်ကို တွေ့ရသည့်အခါ ကျွန်ုပ်သည် အလွန်ဒေါသထွက်မိ၏။ ဤကဗျာကို ဖျက်ရေးသည့် ABay အားလည်း ကျွန်ုပ်သည် နရင်းကို နာနာလေး အုပ်ချင်မိလှ၏။ ဤကဗျာပျက်ကို စာအုပ်ထဲ၌ ပုံနှိပ်ရန် တာဝန်ပေးသည့် ဂမြင်းမသားအားလည်း အီးပန်းသေပါစေဟု ကျိန်စာတိုက်မိလေ၏။

အထက်တန်း ကဗျာ လက်ရွေးစင်ပါ ကဗျာများမှာလည်း တကယ့် လက်ရွေးစင်ချည်း ဖြစ်၏။

ဗန်းမော်ညိုနွဲ့၏ လက်ဖက်ရည်ကြမ်းဝိုင်းနှင့် မင်းသုဝဏ်၏ ဗြောသံသည် ကျွန်ုပ်အား ရွာလွမ်းသည့် ဝေဒနာကို ဖြစ်ပေါ်စေ၏။

ငွေတာရီ၏ သူရဲကောင်းသုံးယောက်နှင့် ခရီးသည် သည် ယောက်ျားကောင်းတို့၏ စွမ်းရည်သတ္တိကို လှစ်ဟပြ၏။

တင်မိုး ၏ အလှကိုယ်စီ သည် အရာမှန်သမျှ၊ လူမှန်သမျှ သူ့အစွမ်းနှင့်သူ ရှိကြောင်း သိမြင်စေ၏။ ရာထူးကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘာရာထူးမှ မရှိသည်ဖြစ်စေ၊ အမှိုက်လှည်းသူဖြစ်စေ၊ လယ်သမား၊ ယာသမားဖြစ်စေ၊ လယ်ကူလီဖြစ်စေ၊ အိမ်ထောင်ရှင်မ ဖြစ်စေ၊ မည်သူဖြစ်ဖြစ် သူ့တန်ဘိုးနှင့်သူ ရှိကြသူချည်း ဖြစ်၏။ ဘာမှ နှိမ်ချ ဆက်ဆံ စရာမလို။ ဘာမှ နှာခေါင်းရှုံ့စရာ၊ အထင်သေး အမြင်သေးဖြစ်စရာ အကြောင်းမရှိ။

အကယ်၍သာ ထိုကဗျာစာအုပ်ပါ ကဗျာများကို တစ်ပုဒ်ချင်းလိုက် ဝေဖန်ရပါလျင် စာအုပ်ကြီးတစ်အုပ် ဖြစ်သွားလောက်စရာ ရှိ၏။ ဆိုတော့ သည်မျှနှင့် ရပ်ပါရစေ။

ဆက်ပါဦးမည်။

အေးငြိမ်း
၇ မေလ၊ ၂၀၂၅

Monday, May 5, 2025

ISO လက်မှတ်ယူတာ ကောင်းသလား

ဟိုတစ်နေ့က ကျွန်ုပ်နှင့် အလွန်ရင်းနှီးသော ကိုရွှေသန်းက အောက်ပါအတိုင်း message ပို့လာပါ၏။

 

သူ အိန္ဒိယသွားစဉ်က Hero နှင့် Honda စက်ရုံနှစ်ခုကို ရောက်ခဲ့၏။ ထိုစက်ရုံများမှာ အလွန် သန့်ပြန့်လျက် အင်မတန် စနစ်တကျရှိကြောင်း။ သို့တိုင် ၎င်းတို့သည် မည်သည့် ISO လက်မှတ်တစ်ခုကိုမှ ယူမထားကြောင်း။

 

တရုတ်ပြည်ရောက်တော့လည်း စက်ရုံများမှာ သားနားသန့်ပြန့်လျက် ပန်းခြံကြီးတစ်ခုထဲ ရောက်နေသလို ခံစားရကြောင်း။ သို့တိုင် ၎င်းတို့သည်လည်း မည်သည့် ISO လက်မှတ်တစ်ခုကိုမှ ယူမထားကြောင်း။

 

ISO လက်မှတ်ယူထားသူနှင့် ယူမထားသူ မည်သူက များပါသနည်း။

ISO လက်မှတ်ယူထားသူနှင့် ယူမထားသူတို့ ဘာတွေကွာပါသနည်း။

ISO လက်မှတ်မယူဘဲ ကိုယ့်မူနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင်ရော လုပ်လို့မရဘူးလား။

 

အီလွန်မတ်၊ ဘီလ်ဂိတ်နှင့် စတိဂျော့တို့ရော ISO လက်မှတ် ယူထားသလား။ 

 

ဆိုတော့ ကျွန်ုပ်နားလည်သလို ရှင်းပြပါမည်။

 

ISO သည် စံနှုန်းများကို ရေးဆွဲပေးသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်၏။ 

၎င်းတို့ အဘယ်ကြောင့် ဤစံနှုန်းများကို ရေးဆွဲရသနည်းဆိုသော် လူအများ အလုပ်လုပ်ရာ၌ လွယ်ကူမြန်ဆန်ပြီး စနစ်တကျလုပ်တတ်စေရန် စံများ ပြုစုပေးခြင်း ဖြစ်၏။

 

သို့သော် -

ISO လက်မှတ်များရပြီဆိုရုံမျှဖြင့် ကုမ္ပဏီတစ်ခုသည် ISO စံချိန်စံညွှန်းများကို အပြည့်အဝလိုက်နာပါသည်ဟု အာမ မခံနိုင်။ ISO က လမ်းညွှန်ချက်များကို ချပေးရုံမျှသာဖြစ်ပြီး တကယ်လိုက်နာလုပ်ကိုင်သည် မလုပ်ကိုင်သည်ဆိုခြင်းမှာ သက်ဆိုင်ရာ ကုမ္ပဏီများနှင့်သာ သက်ဆိုင်၏။ 

 

ISO သည် ၎င်းတို့ကိုယ်တိုင် လက်မှတ်ထုတ်ပေးခြင်းမဟုတ်။ Third Party က Audit လုပ်ပြီး ကုမ္ပဏီ၏ စီမံခန့်ခွဲရေး စနစ်သည် ISO စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း သက်သေပြလျက် Certification Body တစ်ခုခုက လက်မှတ်ထုတ်ပေးတာ ဖြစ်၏။ 

 

Ref:

https://www.linkedin.com/pulse/corporate-sustainability-value-iso-standards-net-pos-yqsef/

https://www.dnv.com/assurance/articles/iso-accreditation-vs-iso-certification/#:~:text=ISO%20certification%20is%20an%20attestation,a%20'ticket%20for%20trade'.

 

အကယ်၍သာ ကုမ္ပဏီများသည် ISO စံနှုန်းများကို လိုက်နာလုပ်ကိုင်မည်ဆိုပါက -

 

ကုန်ထုတ်လုပ်ရာတွင် ပိုမိုထိရောက်လာမည်။ အလေအလွင့်နည်းလာမည်။

ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည်။ အမှိုက်များကို လျှော့ချနိုင်မည်။

လုပ်ငန်းခွင် ထိခိုက်ရှနာမှုများကို လျှော့ချနိုင်မည်။

စွမ်းအင်သုံးစွဲမှုကို ချွေတာနိုင်မည်။

အစားအသောက်များ ညစ်ညမ်းမှုကို ကာကွယ်နိုင်မည်။

သတင်းအချက်အလက် ပေါက်ကြားမှုကို ကာကွယ်ပေးနိုင်မည်။

 

Ref:

https://www.iso.org/standards.html

 

ISO လက်မှတ်ယူခြင်းသည် ကောင်း၏။ 

သို့သော် အချို့ကုမ္ပဏီများသည် ISO လက်မှတ်ကို အလွဲသုံးစား လုပ်ကြ၏။

ISO လက်မှတ်ကြီးသာ ယူထားသည်။ စာရွက်စာတမ်းကိစ္စလေးများတောင်မှ စနစ်တကျ မလုပ်နိုင်။

 

အတိတ်ကာလတစ်ခုဆီက ကျွန်ုပ် တက္ကသိုလ်ကြီး တစ်ခုဆီရောက်ခဲ့၏။ 

တက္ကသိုလ်ဝင်ပေါက်တွင် ISO 9001 Certified ဆိုသည်ကို ရွှေရောင်စာလုံးအကြီးကြီးဖြင့် ရေးထား၏။ 

သို့သော် အိမ်သာတက်ဖို့မပြောနှင့်၊ သေးတောင် ပေါက်စရာနေရာ ကောင်းကောင်းမရှိ။ 

 

ဟိုတက္ကသိုလ်ကြီးတစ်ခုကျတော့ ထို ISO 9001 Certified ဆိုင်းဘုတ်ကြီးမှာ ခြေထောက်တစ်ချောင်းကျိုးနေ၍ သစ်သား နှင့် ကူထောက်ပေးထားရသေး၏။

 

သို့ဆိုလျှင် သူတို့ အဘယ်နည်းနှင့် ထို ISO လက်မှတ်ကြီးကို ရယူပါသနည်း။

ISO လက်မှတ်ရဘို့ criteria တွေရှိ၏။ ထိုအချက်များနှင့်ကိုက်ညီကြောင်း သက်သေ စာရွက်စာတမ်းများ တင်ပြရ၏။

အေးဂျင့်များသည် ISO လက်မှတ်ရဘို့ ဘယ်လိုစာရွက်စာတမ်းတွေလိုတယ်ဆိုတာ သိ၏။ ထိုအတိုင်းပြင်ပေး၏။ ထိုအခါ ပြင်ပ လက်တွေ့ဘဝမှာ ဘယ်လိုပဲ ဖြစ်နေနေ လက်မှတ်ရတော့၏။

သည်အကြောင်း ယခင်ကလည်း ကျွန်ုပ် ရေးခဲ့ဖူးပါသည်။ 

 

သို့ဆိုလျှင် ကုမ္ပဏီများသည် အဘယ်ကြောင့် ISO လက်မှတ်များ ယူကြရဘိသနည်း။

၎င်းတို့သည် ISO လက်မှတ်ရထားသဖြင့် သူတို့၏ ကုန်ပစ္စည်း/ဝန်ဆောင်မှုအရည်အသွေး ကောင်းကြောင်း ပြလို၍ ဖြစ်ပါလိမ့်မည်။ ISO လက်မှတ်ပြကာ ဈေးကွက်ရှာလို၍ ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသည်ကိုမူ ကာယကံရှင် ၎င်းတို့မှသာ တပ်အပ်သေချာ သိပါလိမ့်မည်။ ကျွန်ုပ် သေသေချာချာမသိပါ။

 

ဆိုတော့ ကိုရွှေသန်း၏ မေးခွန်းများကို ဖြေပါမည်။

 

၁။ ISO လက်မှတ်ယူထားသူနှင့် ယူမထားသူ မည်သူက များပါသနည်း။

ISO လက်မှတ်ယူထားသည့် ကုမ္ပဏီများ ကမ္ဘာ့နိုင်ငံများတွင် အတော်များပါသည်။ သို့သော် ယူမထားသူဦးရေက ပိုများပါသည်။ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နေသည့် ကုမ္ပဏီများအနေနှင့် ISO လက်မှတ် ယူကောင်း ယူပါလိမ့်မည်။ သို့သော် သင်္ကန်း၊ ပရိက္ခရာဆိုင်အနေနှင့် ISO လက်မှတ်ယူဘို့ လိုပါမည်လား။ ရှင်းပါသည်။ မလိုပါ။ အဲလေ သူတို့တံဆိပ်ပေါ်မှာ ISO တံဆိပ်ကလေးပြချင်လျှင်တော့ ယူကြပါလိမ့်မည်။ သို့တိုင် ထိုတံဆိပ်ထည့်ထားခြင်း အားဖြင့် သင်္ကန်း၊ ပရိက္ခရာ ရောင်းအားပိုတက်လာမည်။ ၎င်းတို့၏ သင်္ကန်း၊ ပရိက္ခရာများ အရည်အသွေး ပိုကောင်းလာမည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။ ဤသည်မှာ ကျွန်ုပ်က ရိုးရိုးသားသား ပြောခြင်း ဖြစ်ပါသည်။

 

၂။ ISO လက်မှတ်ယူထားသူနှင့် ယူမထားသူတို့ ဘာတွေကွာပါသနည်း။

ဘာမှမကွာပါဟု ယေဘူယျ ပြောလို့ရပါသည်။ 

အထက်တွင် ပြောခဲ့သလို ငါတို့က ISO Certified ကွ ဟု ကြွားရုံသက်သက်အတွက်သာ လက်မှတ်ယူမည်ဆိုလျှင်တော့ ထိုလက်မှတ်သည် ဘာတန်ဘိုးမှ မရှိပါ။ ISO လက်မှတ်မယူဘဲလည်း ISO ၏ စနစ်ကို လိုက်နာသုံးစွဲလို့ ရသည်သာ ဖြစ်၏။ 

 

ISO လက်မှတ်ယူပြီး ISO စနစ်များကို မကျင့်သုံးသူသည် ငါးပါးသီလယူပြီး လုပ်ချင်ရာ လျှောက်လုပ်နေသူနှင့်တူ၏။

ISO လက်မှတ်မယူဘဲ ISO စနစ်များကို ကျင့်သုံးနေသူသည် ဘာ ပါဏာတိပါတာ ဝေရာမဏိသိက္ခာပဒံ မှ ရွတ်မနေဘဲ ကိုယ့်သီလကိုယ် လုံအောင် စောင့်ထိန်းနေသူနှင့်တူ၏။ 

 

တကယ်လုပ်ချင်သူသည် မည်သည့်အခြေအနေရောက်နေပါစေ၊ မိမိသီလကို လုံအောင် ထိန်းမည်သာဖြစ်၏။ ဘုရားရှေ့သွားပြီး ပါဏာတိပါတ ဝေရာမဏိ လုပ်နေစရာ လိုကိုမလို။

 

ကျွန်ုပ်က ဘုရားရှိခိုးနေသူများကို စော်ကားတာမဟုတ်ပါ။ နမူနာပြတာသာ ဖြစ်ပါသည်။ စိတ်မဆိုးကြပါကုန်လင့်။

 

၃။ ISO လက်မှတ်မယူဘဲ ကိုယ့်မူနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင်ရော လုပ်လို့မရဘူးလား။

ရသပေါ့ခင်ဗျာ။ ကျွန်ုပ် အထက်မှာ ပြောခဲ့ပါပြီ။ ကိုယ့်မူနှင့်ကိုယ့်စံနှင့် လုပ်လို့ရပါသည်။ 

သို့သော် ISO စံချိန်စံညွှန်းတွေဆိုတာ မဖြစ်ညစ်ကျယ် ဖြစ်ကတတ်ဆန်း လုပ်ထားတာတွေမဟုတ်။ နိုင်ငံပေါင်းများစွာက ပညာရှင်တွေ အချိန်ယူပြီး ညှိနှိုင်းရေးဆွဲ၊ အထပ်ထပ် စိစစ်ကာ ပြဋ္ဌာန်းပေးထားသည့် စံနှုန်းများ ဖြစ်၏။ သူတို့က ပိုက်ဆံရှာဘို့ လုပ်နေတာမဟုတ်ဘဲ ကမ္ဘာလောကကြီး ပိုကောင်းလာစေဘို့၊ လူတွေအလုပ်လုပ်ရတာ သက်တောင့်သက်သာ ဖြစ်စေဘို့၊ အဆင်ပြေပြေ လုပ်နိုင်ဘို့ ရည်ရွယ်ချက်နှင့် လုပ်ကြတာ ဖြစ်၏။ သို့အတွက် သူတို့စံနှုန်းကို လိုက်နာခြင်းဖြင့် ကိုယ့်အတွက် ကောင်းလာစရာပဲ ရှိသည်။ အကျိုးယုတ်သွားစရာ၊ ဆုတ်ယုတ်သွားစရာ အကြောင်းမရှိ။

 

၄။ အီလွန်မတ်၊ ဘီလ်ဂိတ်နှင့် စတိဂျော့တို့ရော ISO လက်မှတ် ယူထားသလား။ 

မယူဟု ထင်ပါသည်။ ကျွန်ုပ်မသိပါ။ ၎င်းတို့ လုပ်ပုံကိုင်နည်းများ၊ စီမံခန့်ခွဲမှုစနစ်များ နေရာကျနေသဖြင့်သာ အောင်မြင်နေခြင်း ဖြစ်ပါလိမ့်မည်။ သို့အတွက် ISO လက်မှတ်မယူဘဲလဲ သူတို့အတွက် အဆင်ပြေနေပါလိမ့်မည်။

 

ချုပ်ရလျှင် -

ISO လက်မှတ် ယူလို့ရပါသည်။ မယူဘဲ နေလို့လည်း ရပါသည်။

အရေးကြီးသည်မှာ ကိုယ့်သီလကိုယ် ခါးဝတ်ပုဆိုးလို မြဲအောင်ထိန်းထား ထား . . . အာ . . . မွှားကုန်ပြီ။

အရေးကြီးသည်မှာ လက်မှတ်ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ၊ ISO စံနှုန်းတွေကို လိုက်နာလုပ်ဆောင်ကာ မိမိတို့အဖွဲ့အစည်း၊ စနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာအောင် လုပ်ကြဘို့သာ ဖြစ်ပါသည်။

 

ဟဲဟဲ အဲသလို အရေးအသားတွေကြောင့်လည်း လူ $$မြင်ကပ်တာ။ သိဘာ့စ်

 

ကိုရွှေသယမ်းရေ့ - အဲသလောက်ဆို ခညား အတော် ကျေလည်လောက်ပြီ ထင်ပါသဗျာ။

ဒါမှ မကျေလည်သေးရင် တောင်သာကို လာပါ့မယ်ဗျာ။ ထန်းပင်အောက်မှာ ရှင်းပြတာပေါ့။ မြေကြွက်ကင်လေးတော့ ရှာထားပေါ့နော။ အဟိ

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃ မေလ၊ ၂၀၂၅

 

 

ISO နောက်ဆက်တွဲ


 

ISO ဆိုတော့ ရင်ထဲ ကျလိကျလိ ဖြစ်လာလို့ နည်းနည်းလောက် ကလိလိုက်ပါရစေဦး။

 

စာရွက်ပေါ်မှာတော့ ကောင်းပါသည်။ သို့သော် လက်တွေ့ဘဝ၌ မည်သူတို့ လိုက်နာ လုပ်ဆောင်ပါသနည်း။

ဥပမာ ဆိုကြပါစို့။

 

စင်ကာပူတွင် High risk work များအတွက် Permit To Work (PTW) လျှောက်ရ၏။

PTW လျှောက်ရာ၌ PTW မလျှောက်မီ supervisor လုပ်သူသည် PTW ၌ ဖော်ပြထားသည်တို့ကို လုပ်ငန်းခွင်၌ အားလုံး လုပ်ထားရ၏။ လုပ်ပြီးပြီဆိုမှ PTW မှ checklist ၌ tick လုပ်ရတာ ဖြစ်၏။ 

 

ထို့နောက် PTW ကို Safety Assessor ကို ပေးရ၏။ Safety Assessor သည် ထို PTW ကိုယူ၍ supervisor နှင့်အတူ ၎င်းအလုပ်လုပ်မည့်နေရာသို့ သွားကာ PTW ၌ ဖော်ပြထားသည်တို့ကို တကယ်လုပ်ထားမထား စစ်ဆေးရ၏။ အားလုံး လုပ်ထားပြီးပြီ။ သေချာပြီဆိုမှာ PTW ၌ လက်မှတ်ထိုးရ၏။ 

 

သို့သော် . . . သို့စ်သော် . . .

 

အဘယ် Supervisor သည် PTW ၌ ဘာတွေရေးထားသည်ဆိုတာ ဖတ်ပါသနည်း။ PTW အရ ဘာတွေ ပြင်လို့ ဘာတွေ လုပ်ထားရမည်ဆိုတာ သိပါသနည်း။ လုပ်ဖို့မပြောပါနှင့်။ ဘာတွေပါတယ်ဆိုတာတောင် သိပါလေစ။ Just anyhow tick လိုက်ကြသည်ချည်းသာ ဖြစ်၏။

 

ဒါဆို Safety Assessor ကရောတဲ့။ PTW လာပေးသည့် Supervisor မျက်နှာကို တစ်ချက်လောက်မော့ကြည့်ပြီး အော် - အင်း ဟု လက်မှတ်ထိုးပေးလိုက်တာသာ ဖြစ်၏။ Site ထဲ လိုက်စစ်ဘို့ ဝေးစွ။ သူလက်မှတ်ထိုးပေးလိုက်သည့် PTW သည် ဘယ့်အတွက်၊ ဘယ်နေရာမှာ ဘာလုပ်ဖို့ဆိုတာတွေတောင် သိပါလေရဲ့လားမသိ။

 

ဒါ ကျွန်ုပ်က လူတကာလိုက် အပုပ်ချနေတာမဟုတ်ပါ။ ကျွန်ုပ်၏ မျက်စိရှေ့၌ တကယ်ဖြစ်ပျက်နေသည်များကို အတင်းတုတ် (ဟုတ်ပေါင်) ဖောက်သည်ချတာသာ ဖြစ်ပါ၏။ အဲလေ ခညားတို့လည်း သိပြီးဖြစ်ပါလိမ့်မည်။

 

အနို့ နေပါအုံး။ မင်း အဲဒါတွေသိလျက်နဲ့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေသလား။

ဟုတ်၊ ဒီအတိုင်းတော့ ထိုင်ကြည့်မနေပါဘူးခညာ။ ညောင်းလာရင် မတ်တပ်ရပ် ကြည့်ပါသေးတယ်။

 

စင်ကာပူမှာ Safety အတွက် MOM က bizSafe ဟု လုပ်ပေးထား၏။ အဆင့် ၅ ဆင့်ရှိ၏။ ကျွန်ုပ် အသေးစိတ် ရှင်းမပြတော့ပါ။ ပုံ၌ ကြည့်ကြပါဘိ။ 

 




 

 BizSafe ဟူသည် လုပ်သားများ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် စီမံခန့်ခွဲရေးအဖွဲ့က တာဝန်ယူတတ် လာစေရန် MOM က လုပ်ပေးထားတာဖြစ်၏။ တကယ်လိုက်နာမည်ဆို တကယ်အကျိုးရှိပါလိမ့်မည်။ 

 

BizSafe ၌ အမြင့်ဆုံးမှာ BizSafe Star ဖြစ်၏။ BizSafe Star လက်မှတ်ယူမည့် ကုမ္ပဏီများသည် WSH Management System ရှိရ၏။ ISO45001 Audit လုပ်ရ၏။

 

ဟုတ်စ်၊ WSH Management System လည်း ရှိပါ၏။ ISO45001 Audit လည်း လုပ်ပါ၏။ သို့စ်သော် -

 

၂၀၁၇ က ကျွန်ုပ်နောက်ဆုံးလုပ်ခဲ့သည့် ပရောဂျက်၌ ဆပ်ကွန်းတစ်ခုသည်ရှိ၏။ BizSafe Star လက်မှတ်ရှိ၏။ သို့သော် ၎င်း၏ အလုပ်သမားမှာ safety shoe က အောက်ကခွာ ကော်မကပ်တော့ဘဲ ဘတ်လပ် ဘတ်လပ်နှင့် ဒရွတ်တိုက် ဆွဲနေလေ၏။ ကျွန်ုပ်က ကိုယ့်လူရယ်၊ safety shoe မကောင်းတာ သွားလဲလိုက်ပါလားကွာ ဆိုတော့ ငါတို့ PPE လဲရတာ မလွယ်ဘူးကွ။ ဘော့စ်က ဆဲ ဆဲလွှတ်တယ်။ နောက်ပြီး PPE လဲရင် လခကလည်း ဖြတ်သေးတယ် ဆို၏။

 

ထို ဘော့စ်ဆိုသူနှင့် ကျွန်ုပ် ရင်းနှီး၏။ ထို့ကြောင့် အနှီဘော့စ်လာသည့်အခါ ကျွန်ုပ်က ထိုအလုပ်သမားကိုခေါ်၊ ၎င်း၏ safety shoe ကိုပြလျက် ငါ့လူရယ်၊ ဒါဟာဖြစ်သင့်သလားဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပါကွာ ဆိုတော့ သူက အလုပ်သမားကို Safety shoe မလဲရကောင်းလားဟု ဟောက်လေ၏။ နောက်ပြီး သူ့ဒလိုင်ဘာဆီဖုန်းဆက်ကာ safety shoe မှာပေး၏။ 

 

အမှန်က ဒါတွေကို ကျွန်ုပ် အသက် ၁၀၀ ပြည့်လို့ မြန်မာပြည် အပြီးပြန်လာသည့်အခါကျမှ ရေးမည် ကြံထားတာ ဖြစ်ပါ၏။ အနို့ ဇာတာသက်က ၁၂၀ ဆိုတော့ အသက် ၁၀၀ ပြည့်မှ မြန်မာပြည်ပြန်လာသည့်တိုင် နောက်ထပ် အနှစ် ၂၀ လောက် ညလေးနှင့် အသာနှပ်နေလို့ရသေးသည် မဟုတ်ပါလော။

 

သို့သော် အသက် ၁၀၀ မနေရ၊ အမှု ၁၀၀ တွေ့ရ ဆိုသည့်စကားအတိုင်း နောင် ဘာဖြစ်လာမည်ဆိုသည် မသိနိုင်သော ကြောင့်တကြောင်း၊ ရင်ထဲက ကျလိကျလိကို ဖွင့်အံမထုတ်လိုက်ရလျင် အိပ်စက်အနားယူခြင်းကို အနှောက်အယှက် ဖြစ်မည်စိုး၍တကြောင်း ရေးလိုက်ရခြင်း ဖြစ်ချေ၏။

 

ISO လက်မှတ်ကို အဘယ်သို့ယူသနည်း။

ယခင်ကလည်း ရေးခဲ့ဖူးပါပြီ။

အကျဉ်းရုံးရလျှင် Auditor များ၌ ISO လက်မှတ်အတွက် Audit checklist ကြီးသည်ရှိ၏။ ဒါ ရှိသလား၊ ဟိုဟာ လုပ်ပြီးပြီလား၊ ဟဝှာလုပ်ထားတဲ့ အထောက်အထားတွေ ရှိသလား စသဖြင့် ဖြစ်၏။ အသင်တို့သည် မိမိဘာသာ internal checklist ဖြင့် audit လုပ်နိုင်၏။ Checklist ကို လဂါးတော့မရပါ။ ISO အဖွဲ့ကြီး၌ $$ ပေး ဝယ်နိုင်၏။

 

3rd Party Audit ဆိုလျှင်တော့ သူတို့မှာ အဲဒီ tool ကြီးရှိပါသည်။ ကိုယ်ဝယ်စရာ မလိုပါ။ $$ ပေးလိုက်လျင် သူတို့ဘာသာ ကျုပ်ကျက်လိ သွားပါလိမ့်မည်။ ဟိုဟာရှိသလား။ ဟုတ်၊ ရှိပါသည်။ လက်မှတ်ထိုး။

ဒီဟာရှိသလား။ ဟုတ်၊ ရှိပါသည်။ လက်မှတ်ထိုး။ 

ဟိုဟာလုပ်ထားတဲ့ အထောက်အထား ရှိသလား။ အဟဲ အဲသဟာတော့ ဟို ဟို . . . ။ ဘာမှ ဟိုမနေနဲ့၊ ရော့ အဲဒီစာရွက်မှာ လက်မှတ်ထိုး။ ဟုတ်ဟုတ် ကျေးကျေးပါခည။

 

အဲသဟာနဲ့ လက်မှတ်ရရော။ တူနယ် တဲ့စ်နယ်

 

နေပါအုံး၊ သူများတွေ လျှောက်ပြောနေရအောင် မင်းကရော တကယ်လုပ်လို့လား။

 

ငင့် . . အဲလိုတော့ နောက်နဲ့လေဗျာ . . .

ကျော်လည်း လူထဲက လူပေကပဲ။ ဟဲဟဲ 

 

 

ကျေးဇူးတင်ပါသည်။

(ဘယ်သူ့မှ လျှောက်မပြောနဲ့နော။ ဖွဘုတ်မှာ ဖြန့်ချင်ဖြန့်၊ အဟိ)

 

အေးငြိမ်း

၅ မေလ၊ ၂၀၂၅