Sunday, May 31, 2020

Design for Safety ဆိုတာဘာလဲ အပိုင်း (၁)

နိဒါန်း

DfS ကို စမပြောခင် နည်းနည်း နိဒါန်းပျိုးပါမယ်။
ရန်ကုန်မှာ မကြာခင်မိုးကျတော့မယ်။
မိုးကျရင် ရေကြီးတာ ထုံးစံ။ မိုးလေးမို့နည်းနည်း မရွာလိုက်လေနဲ့။ လမ်းပေါ်မှာ ရေလျှံပြီ။
ရေက လမ်းပေါ်မှာတင်နေတာမဟုတ်ဘဲကို ခင်ဗျ။
အိမ်ကြိုအိမ်ကြားတွေပါ အကုန်ဝင်တာကိုး။
အဲဒီမှာ ဘာတွေရှိတယ်။ အီအီးကန်တွေရှိတယ်။ သောက်ရေကန်တွေရှိတယ်။
ရှေ့မှာ သောက်ရေကန်၊ နောက်ဘက်မှာ အီအီးကန်။
ခုနကရေတွေ ဘယ်ထဲစီးတုံး။
အီအီးကန်တွေထဲရော သောက်ရေကန်တွေထဲပါ မစီးဘူးလား ပိတ်သတ်ကြီး။
ကိုင်း - ကောင်းကြရောပေါ့ကွာ။
အီအီးကန်ထဲကထွက်လာတဲ့ရေတွေ သောက်ရေကန်ထဲရောက် - ဝေါ့။
ရန်ကုန်မှာ ကောင်းမွန်တဲ့၊ စနစ်ကျတဲ့ သောက်ရေပေးဝေရေးစနစ် မရှိသလို -
ကောင်းမွန်တဲ့၊ စနစ်ကျတဲ့ အီအီးစွန့်ပစ်ရေးစနစ်လည်း မရှိကြောင်းပါခင်ဗျာ။
သောက်ရေသုံးရေတွေ အန္တရာယ်ကင်းဘို့အတွက် ကောင်းမွန်မှန်ကန်တဲ့ ရေပေးဝေရေးစနစ်နဲ့ မိလ္လာစနစ် ရှိဘို့ လိုကြောင်းပါ။ 

Design for Safety.
Design the water distribution system for safe drinking water.

၁။ Design for Safety ဆိုတာ ဘာလဲ

DfS မှာ နှစ်ပိုင်းရှိတယ်။

၁။ Design နဲ့ ၂။ Safety

DfS = Safety + Design

What is Safety/ Why Safety
What is Design/ Why Design

Safety ရဲ့ အန္တိမရည်မှန်းချက်ကတော့ Zero incident ပဲ။
Design ကရော ဘာဖြစ်လို့ ဒီဇိုင်းလုပ်ရသတဲ့လဲ။
ဒီဇိုင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိမိထုတ်ကုန်ကို အန္တရာယ်ကင်းကင်းသုံးနိုင်ဘို့ ပစ္စည်းနည်းနိုင်သမျှ အနည်းဆုံး သုံးပြီး တည်ဆောက်တာပဲ။ အဲဒီအတွက် ဒီလောက်ဝန်ကို ခံနိုင်ဘို့ ဘယ်ပစ္စည်းကို ဘယ်အရွယ်အစား သုံးမယ်ဆိုတာကို engineering data တွေ သုံးပြီး တွက်ရချက်ရတယ်။ 
ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ အနုပညာ၊ အလှအပတွက် cubisim ကို ပါထည့်တွက်လာတယ်။ အဲဒါက ပိသုကာတွေရဲ့ အလုပ်။ စင်ကာပူမှာ အဲဒါတွေကို နေရာတော်တော်များများမှာ တွေ့နိုင်တယ်။ ဆိုလိုတာက မလိုအပ်ဘဲ သံတိုင်အကြီးကြီးတွေကို ထုနဲ့ထည်နဲ့ သုံးထားတာ။ အဲဒါကျတော့ ခိုင်ဘို့တစ်ခုတည်းမဟုတ်တော့ဘူး။ အလှအပအတွက်ပါ သုံးထားတာ။
Design for Safety ရဲ့ အဓိက concept ကတော့ -
§  ဘာအန္တရာယ်တွေဖြစ်နိုင်သလဲ ကြိုတွက်ပြီးတော့ 
§  အဲဒီအန္တရာယ်တွေကို ဘယ်လို ဖျောက်ဖျက်ရမလဲ/ဖျောက်ဖျက်မပစ်နိုင်တောင် ဘယ်လို အနည်းဆုံးကို လျှော့ချမလဲ ဆိုတာပဲ။

၂။ WSH (Design for Safety) Regulations_Singapore

စင်ကာပူက Design for Safety Regulations မှာတော့ လူတိုင်းကို တာဝန်ပေးပြီး လုပ်ခိုင်းထားတယ်။
အဲဒီမှာ တာဝန်ရှိတဲ့သူ (၅) ယောက်ရှိတယ်။
·       Developers/Clients
·       Designers
·       Contractors
·       Registered Proprietors and Subsidiary Management Corporations
·       DfS Professional

ဥပဒေမှာ သူတို့ကို ဒါတွေလုပ်ပါလို့ ညွှန်ကြားထားတယ်။ နောက်လိုအပ်ချက်တစ်ခုက Regulations 6: DfS review meeting လုပ်ဖို့။ 
အဲဒီ စည်းဝေးပွဲမှာ လုပ်ရမှာ နှစ်ခုရှိတယ်။
§  ပထမတစ်ခုက ပရောဂျက်က ထင်သာမြင်သာရှိတဲ့ design risk အားလုံးကို ဖော်ထုတ်ဘို့။
§  နောက်တစ်ခုက အဲဒီ risk တွေကို ဘယ်လိုဖျောက်ဖျစ်ပစ်ရမလဲ။ တကယ်လို့ ဖျောက်မပစ်နိုင်ရင် အနည်းဆုံးဖြစ်အောင် ဘယ်လို လျှော့ချမလဲ။

အပေါ်မှာလဲ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ 
အဲဒါသည်ပင်လျှင် DfS ရဲ့ အဓိကအသက်ပါဘဲ။
၁။ ဘာအန္တရာယ်တွေရှိသလဲ
၂။ အဲဒီအန္တရာယ်တွေမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

နောက် Regulations 7. က အဲသလိုလုပ်ထားတာတွေကို မှတ်တမ်းတင်ဘို့။ DfS Register
Regulations 8. ကတော့ Developer နဲ့ DfS Professional တွေရဲ့ တာဝန်
Regulations 9. က Designer တွေရဲ့ တာဝန်
Regulations 10. က ကန်ထရိုက်တာတွေရဲ့ တာဝန်
Regulations 11. က registered proprietors and subsidiary management corporations တွေရဲ့တာဝန်
-      စသဖြင့် ဖော်ပြထားပါတယ်။
Regulations 12. ကတော့ ဥပဒေကို မလိုက်နာရင် ချမှတ်မယ့်ပြစ်ဒဏ် ဖြစ်ပါတယ်။

ဥပဒေက အများကြီးမဟုတ်ဘူး။ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပြစ်ဒဏ်တွေအပါအဝင် စုစုပေါင်းမှ regulation ၁၂ ခုပဲရှိတယ်။ တကယ်လိုအပ်တာတွေကို သိပ်သိပ်သည်းသည်း၊ ကျစ်ကျစ်လျစ်လျစ် နဲ့ဖော်ပြထားတာ။

၃။ DfS & WSH Good Practice Guide

ဟင် - ဥပဒေကြီးသာပြီးသွားတယ်၊ ဘာလုပ်ရမှန်း မသိလိုက်ဘူး။
ဟုတ်ကဲ့၊ ဘာတွေလုပ်ရမယ်ဆိုတာ သီးသန့်ရှိပါတယ်။

ဒါဆို ဘာတွေလုပ်ရမလဲ တဲ့။
အဆောက်အဦကို နမူနာထား ပြောရရင်တော့-
§  ဆောက်တဲ့နေရာမှာ အန္တရာယ်ကင်းဘို့
§  နေတဲ့သူတွေ အန္တရာယ်ကင်းဘို့
§  ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့အခါမှာ အန္တရာယ်ကင်းဘို့
§  စွန့်ပစ်တဲ့အခါ/ဖြိုဖျက်တဲ့အခါမှာ အန္တရာယ်ကင်းဘို့ - လိုတယ်။

DfS အတွက် လမ်းညွှန်ချက်
§  အန္တရာယ်ကင်းရေးအတွက် ငါတို့လုပ်စရာရှိတာတွေ အပြည့်အဝလုပ်ပေးမယ်ဆိုတဲ့ စိတ်စေတနာရှိရမယ်။
§  ဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာနဲ့ တကယ်ဆောက်မဲ့ ကန်ထရိုက်တာတို့ ပူးပေါင်းဆောင်ရွက်ရမယ်။ ညီညွတ်ရမယ်။
§  ဒီဇိုင်းဆွဲတဲ့အဆင့်မှာကတည်းက ဖြစ်နိုင်တဲ့အန္တရာယ်အားလုံးကို ရှာဖွေဖော်ထုတ်ရမယ်။ အဲဒီ အန္တရာယ်တွေကို ဖျောက်ပစ်/လျှော့ချရမယ်။
§  ဒီဇိုင်းဆွဲတဲ့အခါ ဒီအဆောက်အဦကြီးရဲ့ သက်တမ်းတလျှောက်လုံးအတွက် ထည့်သွင်းစဉ်းစားရမယ်။
§  ဘာကြောင့်ဒီလိုဒီဇိုင်းဆွဲရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားရှိရမယ်။ ဘာကိုမှ​ ဖုံးကွယ်မထားရဘူး။ အဲဒါကိုလည်း ပိုင်ရှင်နဲ့ ကန်ထရိုက်တာတွေကို အသိပေးထားရမယ်။
§  အဆောက်အဦအိုမင်းလာတဲ့အခါ ရှိလာမယ့် အန္တရာယ်တွေပါ ကြိုတွက်ထားရမယ်။
§  တတ်ကျွမ်းလိမ္မာတဲ့ဒီဇိုင်နာဟာ DfS ပရော်ဖက်ရှင်နယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။

နောက်အရေးတကြီးလုပ်ရမယ့်အလုပ်က ဖြစ်နိုင်တဲ့အန္တရာယ်အားလုံးကို ဖော်ထုတ်ဘို့ရယ်၊ အဲဒီအန္တရာယ်တွေ ကို ဖျောက်ဖျက်/လျှော့ချဘို့ရယ်ပဲ။

အဲဒီအပိုင်းကတော့ အတော့်ကို များသလို လုပ်ရမယ့် အရေးကြီးဆုံး အပိုင်းလည်း ဖြစ်တယ်။ အန္တရာယ် ဆိုတာမှာ ၂ ပိုင်း ခွဲနိုင်တယ်။ တစ်ခုက အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် အန္တရာယ် နဲ့ နောက်တစ်ခုက အဲဒီ အဆောက်အဦမှာနေမယ့် လူတွေအပေါ်ကျမယ့် အန္တရာယ် ပဲ။

§  ပထမအန္တရာယ်က ဆောက်လုပ်ဆဲကာလက အန္တရာယ်
§  နောက်အန္တရာယ်က ဆောက်ပြီးသွားလို့ တိုက်ပေါ် လူတက်နေတဲ့အခါ ဖြစ်နိုင်တဲ့ အန္တရာယ်

အန္တရာယ်ကင်းရေးကို နှစ်ပိုင်းထပ်ခွဲရရင် ပစ္စည်းတွေအတွက်ရယ်၊ လူအတွက်ရယ်ဆို နှစ်မျိုးရမယ်။

ဥပမာ - ဘွိုင်လာ ဆိုကြပါစို့။
၁။ အဲဒီဘွိုင်လာဟာ ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ကနေ ကင်းဝေးကြောင်း သေချာစေရမယ်။
၂။ အဲဒီဘွိုင်လာမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ အန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်ရမယ်။ (အပူဟပ်တာ၊ ခါးပတ်ကြိုးထဲညပ်တာ စတဲ့အန္တရာယ်တွေကနေ ကာကွယ်ပေးထားရမယ်)

ဆိုတော့ အဲဒီအန္တရာယ်တွေကို ကာကွယ်ပေးဘို့ အရေးကြီးဆုံးက ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို အတိအကျ လေးစားလိုက်နာဘို့ပဲ။ အဲဒါတွေကို လက်တွေ့ လုပ်ငန်းထဲမှာ အကောင်အထည် ဖော်ဘို့ကျတော့ အန္တရာယ်ကင်းရေး အရာရှိတွေ လိုလာတယ်။
အန္တရာယ်ကင်းရေးအရာရှိတော့ ရှိပါရဲ့။ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူးဆိုရင်လည်း အလကားပဲ။ သူ့ကို လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့်တချို့ ပေးထားဘို့လိုတယ်။ နောက်ပြီး သူတစ်ယောက်ထဲ မဟုတ်ဘူး။ တခြား သက်ဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အန္တရာယ်ကင်းရေး ကော်မတီဖွဲ့ပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရေးကိစ္စတွေ လုပ်ဖို့လိုတယ်။ 
အဲသလိုလုပ်ရာမှာ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အထောက်အပံ့လည်း လိုတယ်။ ပစ္စည်းဝယ်ဘို့ ငွေရေးကြေးရေးကိစ္စ၊ ကန်ထရိုက်တာတွေကို အရေးယူတဲ့ကိစ္စက သူတို့မှ လုပ်နိုင်မှာကိုး။ လုပ်သားများ အန္တရာယ်ကင်းရေးနဲ့ကျန်းမာရေး အတွက် စီမံခန့်ခွဲမှုအဖွဲ့က လုပ်ပေးရမှာတွေက -

§  အလုပ်သမားတွေရဲ့ အန္တရာယ်ကင်းရေး၊ ကျန်းမာရေး၊ တခြား အထောက်အပံ့တွေ ပံ့ပိုးပေးရေး
§  အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရေး
§  ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်၊ အချိန်မီပြီးစီးမှု၊ သတ်မှတ်ထားတဲ့ အရည်အသွေးတွေကို ပြည့်မီမှု၊ လုပ်ငန်းခွင်မှာ အထိအခိုက်၊ အသေအပျောက် အနည်းဆုံးဖြစ်အောင်၊ ဆုံးရှုံးလေလွင့်မှုအနည်းဆုံး လုပ်ပြနိုင်ရေး

ကန်ထရိုက်တာတွေရဲ့ စွမ်းဆောင်ရည်

၁။ ကန်ထရိုက်တာတွေ ဘယ်လောက် စွမ်းဆောင်ရည်ရှိသလဲ ဆိုတာတွေကို ဆန်းစစ်ကြည့်ဘို့လိုတယ်။ ဒါဆို ဘယ်လို ဆန်းစစ်ကြည့်ကြမလဲ တဲ့။ အောက်မှာ ဆန်းစစ်ရာမှာ သုံးရမယ့်လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။
§  သူတို့ရဲ့ နောက်ကြောင်းရာဇဝင် (track record) - သူတို့ရဲ့ အရင်တုံးက လုပ်ခဲ့တာတွေ ဘယ်လောက် အောင်မြင်ခဲ့သလဲ၊​ မအောင်မြင်ခဲ့ဘူးလဲ ဆိုတာ ကြည့်ရမယ်။
§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး မူဝါဒ (Safety Policy) - ကန်ထရိုက်တာမှာ ခိုင်မာတိကျတဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မူဝါဒ ရှိရမယ်။ အဲဒီမူဝါဒက အုပ်ချုပ်ရေးပိုင်းဟာ ကုမ္ပဏီရဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေးအပေါ် ဘယ်လောက် စိတ်ဝင်တစားရှိသလဲ/ဘာကတိကဝတ်တွေထားသလဲ ဆိုတာ ပြရမယ်။
§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေးအတွက် အစီအမံတွေရှိရမယ်။ အဲဒီအစီအမံမှာ လုပ်ငန်းခွင်က တာဝန်ရှိသူတွေရဲ့ တာဝန်ဝတ္တရားတွေကို ပြဌာန်းထားရမယ်။ အဲဒီအစီအမံဟာ သူတို့လုပ်ငန်းအတွက် ခြုံမိငုံမိ ရှိရမယ်။
§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေးမှတ်တမ်းများ - အန္တရာယ်ကင်းရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လို ဆုတွေရခဲ့ဖူးသလဲ။ ဘယ်လို အပြစ်ပေး အရေးယူမှုတွေခံခဲ့ရဖူးသလဲ။ မတော်တဆမှုတွေ၊ လူသေမှု တွေ ဘယ်လောက်ဖြစ်ခဲ့ဖူးသလဲ။
§  မတော်တဆမှုကာကွယ်ရေး အစီအမံများ - ကုမ္ပဏီဟာ မတော်တဆမှုကာကွယ်ရေး အတွက် ဘယ်လို အစီအမံတွေများ လုပ်ထားတာရှိသလဲ။ အဲဒါတွေကို လက်တွေ့အကောင်အထည်ဖော်ထားတဲ့ မှတ်တမ်းတွေ ရော ရှိသလား။
§  သင်တန်း - ကန်ထရိုက်တာဟာ သူတို့ လုပ်သားတွေကို အလုပ်နဲ့ပတ်သက်လို့ သင်တန်းတွေပေးမယ့် အစီအမံတွေ ရှိရဲ့လား။ (၁။ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း ၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေး သင်တန်း) လုပ်သားတွေ သင်တန်းတက်ထားတဲ့ မှတ်တမ်းတွေ ရှိရဲ့လား။
§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေး အစီအမံများ - လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ရှိသလား။ JSA – Job Safety Analysis တွေ ရှိရဲ့လား။
§  မတော်တဆမှု စီမံခန့်ခွဲရေး - မတော်တဆမှုဖြစ်ရင် ဘယ်လိုသတင်းပို့ရမလဲ၊ ဘယ်လို ဆေးကုသမှု ပေးမလဲ၊ ဘယ်လို စုံစမ်းစစ်ဆေးမလဲ၊ အရေးပေါ်တုံ့ပြန်ရေး အစီအမံတွေရှိသလား။ နောင်ကို အလားတူ မတော်တဆမှု တွေမဖြစ်အောင် ဘယ်လို စီမံခန့်ခွဲမလဲ။
§  လုပ်ငန်းခွင်အခြေအနေတွေကို စောင့်ကြည့်ရေး - လုပ်ငန်းခွင်မှာ လုပ်ကိုင်နေမှုတွေဟာ ဥပဒေစည်းမျဉ်းစည်း ကမ်းတွေနဲ့ ကိုက်ညီရဲ့လား။ ဘာဥပဒေချိုးဖောက်မှုတွေ ရှိသလဲ။ လုပ်ငန်းခွင်စစ်ဆေးရေးနဲ့ Audit အစီအစဉ် တွေ ရှိရဲ့လား။ တကယ်ရောလုပ်ရဲ့လား။ စစ်ဆေးချက်မှတ်တမ်းတွေ၊ Audit record တွေ ရှိသလား။

၂။ ကန်ထရိုက်တာတွေအတွက် အညွှန်းကိန်း

§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေးကို စောင့်ကြည့်လေ့လာမှု အနည်းဆုံးအကြိမ်အရေအတွက်
§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေး စစ်ဆေးမှု အနည်းဆုံးအကြိမ်အရေအတွက်
§  စီမံခန့်ခွဲရေးအဖွဲ့ရဲ့ လုပ်ငန်းခွင်ထဲ သွားရောက်စစ်ဆေးမှု အကြိမ်အရေအတွက်
§  JSA ကို အကောင်အထည်ဖော်မှု
§  မတော်တဆမှုတွေကို သတင်းပို့မှုနဲ့ သင်ခန်းစာယူမှု၊ ပြန်လည်ဝေမျှမှု
§  ဝန်ထမ်းတွေရဲ့ အန္တရာယ်ကင်းရေး၊ ကျန်းမာရေးစည်းမျဉ်းတွေကို လေးစားလိုက်နာမှု
§  သင်တန်းတွေအတွက် ဘတ်ဂျက်လျာထားမှု
§  လုပ်ငန်းခွင်အန္တရာယ်ကင်းရေး နဲ့ ကျန်းမာရေး မြှင့်တင်ရေး လှုပ်ရှားမှုများ နဲ့ အသိအမှတ်ပြုမှုများ

၄။ Risk Based Thinking

DfS ဟာ Risk Based Thinking နဲ့တိုက်ရိုက်ဆက်စပ်နေတယ်။ ဒါလုပ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို တစ်ခါတည်းစဉ်းစားပြီးလုပ်တာဟာ Risk Based Thinking ပါ။ အဲဒီ ဆိုးကျိုးဖြစ်နိုင်ချေက Risk ပါ။

Risk Based Thinking ကလည်း အကျယ်တဝင့်ရှင်းပြမှ နားလည်မှာ။ ဒါပေမယ့် ဒီမှာရှင်းပြဘို့တော့ မဖြစ်နိုင် ဘူး။ အချိန်အများကြီး စားသွားမယ်။ အသေးစိတ်သိချင်တဲ့သူတွေ WSH Myanmar ဂျာနယ်က ကျွန်တော့်ဆောင်းပါးကို ဖတ်ကြည့်နိုင်ပါတယ်။ ၂၀၁၉၊ ဧပြီလထုတ် ဂျာနယ်ပါ။


ဒီမှာ ကျွန်တော် ထင်သာမြင်သာရှိအောင် အလွယ်ဆုံးဥပမာလေးနဲ့ ရှင်းပြပါမယ်။ ခင်ဗျားတို့က အင်္ဂလိပ်လို ပြောမှ အထင်ကြီးကြတော့ အင်္ဂလိပ်လို ပြောရတာကိုးဗျ။
အမှန်က ခင်ဗျားတို့ပြောတဲ့ Risk Based Thinking က ကျွန်တော်တို့ယဉ်ကျေးမှုမှာရှိနေတာ နှစ်ပေါင်း ၂၅၅၀ ကျော်ပြီ။ Risk Based Thinking ကို ပထမဆုံးစပြောခဲ့တာ မြတ်စွာဘုရားပဲ။ သူက Risk control ကို တစ်ဆင့်ချင်း ပြောပြသွားတယ်။
ကျွန်တော်က ဗုဒ္ဓဘာသာမို့လို့ ဗုဒ္ဓဘာသာကျမ်းစာကို ကိုးကားရတာကိုး။ တခြားဘာသာတွေမှာလည်း ရှိချင်ရှိပါမယ်။ ဒီမှာ တခြားဘာသာဝင်တွေလည်း အများကြီးပါပါလိမ့်မယ်။ ဗုဒ္ဓဘာသာကျမ်းစာကို ကိုးကားလို့ ကျွန်တော့်ကို ဗုဒ္ဓဘာသာကို promotion လုပ်တယ်လို့ မထင်စေလိုပါ။ 
မြတ်စွာဘုရားက သေခါနီးတော့ အရှင်အာနန္ဒာကိုမှာတယ်။
အာနန္ဒာ - မာတုဂါမတွေနဲ့ မဆက်ဆံနဲ့။ (မာတုဂါမ ဆိုတာ မိန်းမကိုခေါ်တာ။)

သွေးမတော် သားမစပ် ယောက်ျားနဲ့မိန်းမ အတူနေရင် ဖောက်ပြန်တတ်တယ်။ ရဟန္တာကလွဲလို့ ယောက်ျား မှန်သမျှမှာ ဖောက်ပြန်တတ်တဲ့သဘာဝ ကိန်းအောင်းနေတယ်။ ယောက်ျားနဲ့မိန်းမ ဆိတ်ကွယ်ရာမှာ အတူနေရင် ဖောက်ပြန်မိမယ်။ အဲဒါ risk။ မြတ်စွာဘုရားက အဲဒါကိုတွေးမိလို့ ရှင်အာနန္ဒာကိုမှာတာ။ အဲဒါဟာ risk based thinking ပဲ။ 
အာနန္ဒာ - မာတုဂါမတွေနဲ့ မဆက်ဆံနဲ့ တဲ့။
အဲဒါက ပထမဆုံးနဲ့ အရေးအကြီးဆုံး risk control အဆင့်ဖြစ်တဲ့ elimination ပဲ။ 

မိန်းမနဲ့ မတွေ့မှတော့ ဖောက်ပြန်စရာအကြောင်းကို မရှိတော့ဘူး။
အဲဒါကြောင့် -
အာနန္ဒာ - မာတုဂါမတွေနဲ့ မဆက်ဆံနဲ့။
အာနန္ဒာက ပြန်ပြောတယ်။
အရှင်ဘုရား - မဆက်ဆံလို့ မဖြစ် ဆက်ဆံလာခဲ့ရရင်ရော။
မကြည့်နဲ့လကွ။
အရှင်ဘုရား - မကြည့်လို့ မဖြစ် ကြည့်လာခဲ့ရရင်ရော။
မပြောနဲ့လကွ။
အရှင်ဘုရား - မပြောလို့ မဖြစ် ပြောလာခဲ့ရရင်ရော။
အာနန္ဒာ - သူတို့နဲ့စကားပြောရ၊ ကြည့်လာရမယ်ဆိုရင် ကိုယ့်ရဲ့အမိ၊ ကိုယ့်ရဲ့ နှမလေးတွေလို သဘောထား ဆက်ဆံပါ တဲ့။

ဒီမှာ မြတ်စွာဘုရားရဲ့ risk control ကို တွေ့ပါလိမ့်မယ်။ တစ်ဆင့်ချင်းသွားတာ။

နောက်ဥပမာတစ်ခု ထပ်ပြပါမယ်။ 
အခု ကိုဗစ်ကာလ။
ရောဂါရှိတဲ့သူနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ရောဂါကူးနိုင်တယ်။ အဲဒီအတွက် ရောဂါရှိတဲ့သူနဲ့ အတူရှိနေတာ risk ပဲ။ 
ဒါပေမယ့် ပြဿနာက ဘယ်သူ့မှာ ဒီရောဂါရှိနေနိုင်တယ်ဆိုတာ မသိတာဘဲ။ ဒီတော့ ဘာလုပ်မတုံး။
လွယ်ပါတယ်။ ဘယ်မှမသွားနဲ့။ ဘယ်သူနဲ့မှ မဆက်ဆံနဲ့။
ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မဆက်ဆံရင် ဘာမှ ရောဂါကူးစရာအကြောင်းမရှိတော့ဘူး။ နောက်တဆင့် -
မသွားမနေရ သွားရတော့မယ်ဆိုရင် -
သူတို့နဲ့ တတ်နိုင်သမျှ ခွာနေပါ။ ၆ ပေ ခွာနေပါ။
ခွာနေလို့မရဘူး။
သူတို့နဲ့ စကားမပြောပါနဲ့။
မပြောလို့မဖြစ်ဘူး။
မျက်နှာဖုံးတပ်ပါ။
လက်ဆေးပါ။

အဲဒါဟာ risk control measure တွေကို တစ်ဆင့်ခြင်း ကျင့်သုံးသွားတာ။ တော်ပြီ၊ သိပ်များလို့မဖြစ်ဘူး။
ပြောစရာတွေ အများကြီးကျန်သေးတယ်။

အပိုင်း (၂) သို့ဆက်ရန်

No comments: