Friday, May 17, 2019

ကျွန်ုပ် ဘိလပ်ကိုပြန်ချင်ရခြင်း အကြောင်း


တောင်ဒဂုံဝတ်ပြုဆုတောင်းပွဲ ဖြစ်ရပ်မှာ သွေးရိုးသားရိုးမဟုတ်။

ဤပြဿနာမှာ ဗုဒ္ဓဘာသာဝင်တို့က အစ္စလာမ်ဘာသာဝင်တို့ကို မတရားပြုခြင်းလည်းမဟုတ်။
တစ်နည်းအားဖြင့် ထိုလူစုမှာ ဤကဲ့သို့သော လုပ်ရပ်များလုပ်ခြင်းအားဖြင့် ဗုဒ္ဓဘာသာ၏ မျက်နှာကို အိုးမည်းသုတ်နေသူများသာ ဖြစ်၏။

ဤသည်မှာ ယခုမှမဟုတ်။ ယခင်ကလည်း အလားတူဖြစ်ရပ်များ ဖြစ်ခဲ့သေးသည် မဟုတ်လော။
ဤလူစုမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို နည်းအမျိုးမျိုးဖြင့် အနှောက်အယှက်ပြုနေသူများဖြစ်၏။
ဤကဲ့သို့သော အဓိပ္ပာယ် ယတ္ထာယမရှိသော အလုပ်များကို လုပ်ခြင်းဖြင့် အစိုးရအား အလုပ်ရှုပ်စေ၏။
ပြည်သူအများကို စိတ်ညစ်ညူးစေ၏။ ပြည်သူအများ၏စိတ်တွင် နေရထိုင်ရ စိတ်မဝံ့မရဲဖြစ်လာစေ၏။ ငါ့များ ဘယ်အချိန် ဘာလုပ်လိုက်လေမလဲဟု နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ် နေရအောင်လုပ်၏။ ပြည်သူတို့၏ စိတ်ဓာတ်ကို ချောက်ခြားစေ၏။

၎င်းတို့သည် ပြဿနာကို မီးထွန်းရှာနေသူများဖြစ်ကြ၏။
အမျိုးသားရေးလှုပ်ရှားသူများ ဆိုကတည်းက ၎င်းတို့မှာ မည်ကဲ့သို့သော အတန်းအစားထဲကဖြစ်သည်ဆိုသည်ကို ခန့်မှန်းနိုင်၏။
၎င်းတို့နောက်တွင် မည်သူတို့ရှိနေမည်ကို ခန့်မှန်းနိုင်၏။
သည်ကိစ္စတွင် ဟိုတစ်နေ့က ကျွန်ုပ်ရေးခဲ့သည့် ကျွန်ုပ် ပါးရိုက်ချင်သူ (ဟုတ်ပေါင်) ဖနောင့်နှင့်ပေါက်ချင်သူလည်း ပါမည်မလွဲ။
သည်ကိစ္စ တစ်နိုင်ငံလုံးသိသည်။
သည်အထဲတွင် သင်္ကန်းပတ်များလည်း ပါသည်ဆို၏။ သာသနာ့ဂုဏ်ကိုညှိုးနွမ်းစေသည့် အနှီ အယုတ်တမာများအားလည်း ထေရဝါဒနိုင်ငံတော်ဂျီးသည် ဘာမှမလုပ်နိုင်ဘဲ သည်အတိုင်း လက်ပိုက်ကြည့်နေရခြင်းကို ကျွန်ုပ် အလွန်သနားလှဘိ၏။

သည်ကဲ့သို့သော ကိစ္စများမှာ ယခုမှ ပေါ်လာတာမဟုတ်။
ခေတ်အဆက်ဆက်၌ သည်လိုကဖျက်ကယက်လူတန်းစားများသည် ရှိခဲ့သည်ချည်း ဖြစ်၏။
သည်လို အဖျက်သမားလူတန်းစားများကို အာဏာရှိသူတချို့က မွေးထားခြင်းဖြစ်ကြောင်း မင်းတုန်းမင်းလက်ထက်က တိုင်တားမင်းကြီးကိုကြည့်၍ သိနိုင်၏။ တိုင်တားမင်းကြီးသည်လည်း လူဆိုးဂိုဏ်းချုပ်ဖြစ်ခဲ့လေသည်။

အနှီဖြစ်ရပ်များက တရားဥပဒေစိုးမိုးရေး ဟူသော စကားလုံးကို လျှာထုတ်ကာ သရော်လှောင်ပြောင်ပြလျက် ရှိ၏။

ထိုကဲ့သို့သော ဖြစ်ရပ်များဖြစ်ပွားမှု၌ ထိုဖြစ်ရပ်တွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးအပြစ်ပေးရုံမျှနှင့် ထိုဖြစ်ရပ်များ နောက်ထပ် မဖြစ်ပွားရလေအောင် တားဆီးနိုင်လိမ့်မည် မဟုတ်။

စင်ကာပူမှ WSH Act 2006 ရေးဆွဲရာတွင် လမ်းညွှန်မူဘောင်သုံးရပ် ချမှတ်ခဲ့၏။ ထိုအထဲမှ ပထမဆုံးတစ်ခုမှာ -
Reduce the risk at source.
- ဖြစ်၏။
ဤသီအိုရီလေးကို ကျွန်ုပ် အလွန်သဘောကျလှ၏။
မည်သည့်ပြဿနာကိုမဆို အရင်းအမြစ်မှ မဖြေရှင်းနိုင်သရွေ့ကာလပတ်လုံး ပြေပျောက်မသွားနိုင်။

ကြွက်နို့အကြောင်း မိတ်ဆွေတို့ သိပါသည်။
ကြွက်နို့မကြီးတစ်လုံးရှိပါက ဟိုနား ကြွက်နို့တစ်လုံးထွက်၊ သည်နား ကြွက်နို့တစ်လုံးထွက်နှင့် တစ်ကိုယ်လုံး ကြွက်နို့များနှင့် ပြည့်နှက်သွားလိမ့်မည်။ ထိုကြွက်နို့ကလေးများကို တစ်လုံးချင်းလိုက်သတ်နေပါက အဘယ်မှာလျှင် ကုန်နိုင်ပါလိမ့်မည်နည်း။ သည်နားက အလုံးသတ်လိုက်လျှင် ဟိုအနားမှာ တစ်လုံးပေါ်လာလိမ့်မည်။ ဟိုအနားက အဲသည်တစ်လုံးသတ်လိုက်ပြန်လျှင် ဘိုးဘိုးအောင့် ဝလုံးလို ဟောဟိုအနားမှာ နောက်ထပ် တစ်လုံးထပ်ပေါ်လာလိမ့်မည်။
ထို့ကြောင့် အရင်းအမြစ်ဖြစ်သည့် ကြွက်နို့အမကြီးကိုရှာကာ သတ်ရသည်။ သို့မှ ကျန် ကြွက်နို့ပေါက်စနအားလုံး ပြုတ်ပြုတ် ပြုန်းကုန်မှာ ဖြစ်၏။

ဆိုတော့ သည်ဖြစ်ရပ်များအားလုံး အမြစ်ပြတ်စေရန်၊ အနှီ မကောင်းဆိုးရွားများအားလုံးကို သုတ်သင်ပစ်ရန်မှာ ဂိုဏ်းချုပ်ကြီးကို ရှာဖွေဖော်ထုတ်ကာ ရှင်းပစ်ရန်လို၏။ အရင်းလဲတော့ အဖျားထင်းဖြစ်ဆိုသလို အနှီငရဲသားများမှာ ဘာမှ လုပ်စရာမလိုဘဲ အော်တိုမက်တစ် အလိုလို ပြိုလဲကုန်လိမ့်မည်။

သို့သော် ပြောတော့ လွယ်လွယ်လေးခင်ဗျာ။ အနှီ ကြွက်နို့မကြီးကို ရှာဖွေဖော်ထုတ် ရှင်းလင်းရေးဆိုသည်မှာ ပြောသလောက် မလွယ်မှန်း ကျွန်ုပ်တို့သိပါသည်။ ကြွက်နို့အမကြီး မည်သူဆိုတာ သိနေသည့်တိုင် ဖမ်းရခက်နေသည့်ကိစ္စများ ရှိနေနိုင်ပါသည်။ (တိုင်တားမင်းကြီး ဥပမာကို ကြည့်ပါ။) အဘယ်ကြောင့် ဖမ်းရခက်နေသည်ဆိုခြင်းကိုမူ ကျွန်ုပ်ဦးဏှောက် တစ်မိုက်လောက်နှင့် ဉာဏ်မမီပါ။ နားမလည်နိုင်ပါ။

သို့သော် ပရဆေးဥယျာဉ်ထဲ၌ အရှင်လတ်လတ် ကိုယ်ရောင်ဖျောက်နိုင်ခြင်းကို ထောက်ရှု၍ ၎င်းတို့၏ အစွမ်းသတ္တိကို လျှော့တွက်လို့မရမှန်း ခင်ဗျားတို့၊ ကျွန်ုပ်တို့ ကောင်းကောင်း သဘောပေါက်ပါ၏။

ပြောရတာ မောလည်း မောလှပါပြီ။

အိုဗျ - ကိုနှင်းမောင်တို့ အိုင်ပီဦးအောင်သင်းတို့ -

မောင်မင်းတို့လုပ်ပုံနဲ့ ကျွန်ုပ်တို့ ပုလိပ်အဖွဲ့ကြီးတစ်ဖွဲ့လုံး သိက္ခာကျကုန်ပြီ။
ကျွန်ုပ် ဘိလပ်ကိုပြန်ချင်တယ် မောင်မင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၇ မေလ၊ ၂၀၁၉

No comments: